News @ M-Media

Blog

  • Malala Fund ၏ လက်တင်အမေရိက အကူအညီပေးရေးလုပ်ငန်းတွင် Apple ပူးပေါင်း

    Malala Fund ၏ လက်တင်အမေရိက အကူအညီပေးရေးလုပ်ငန်းတွင် Apple ပူးပေါင်း

    ဇူလိုင် ၁၄၊ ၂၀၁၈
    M-Media

    Apple ရုံးခန်းတွင် တွေ့ရသည့် မာလာလာ

    – ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် မာလာလာ တည်ထောင်ထားတဲ့ Malala Fund ရဲ့ တောင်အမေရိက အကူအညီပေးရေးလုပ်ငန်းမှာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ Apple ကုမ္ပဏီက ဒီကနေ့မှာ ကြေငြာလိုက်ပါတယ်။

    Malala Fund ဟာ ကမ္ဘာတစ်ဝှမ်းက အမျိုးသမီးငယ်တွေ ဘေးအန္တရာယ်ကင်းရေး ၊ အဆင့်မြင့် အလယ်တန်းပညာ သင်ယူနိုင်ရေး၊ အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ရေး ဆောင်ရွက်နေတာဖြစ်ပြီး တောင်အမေရိက အကူအညီပေးရေးလုပ်ငန်းကို ဘရာဇီးလ်မှာ စတင်မှာ ဖြစ်ပါတယ်။

    Apple နဲ့ Malala Fund တို့ဟာ ဘရာဇီးလ်က အမျိုးသမီးငယ်တွေ၊ ဆရာတွေ၊ ပေါ်လစီချမှတ်သူတွေကို ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းတွေ၊ ပညာရေး အသိပညာပေးမှုတွေကနေတစ်ဆင့် စွမ်းဆောင်ရည် မြှင့်တင်ပေးသွားမှာ ဖြစ်ပါတယ်။

    Apple Developer Academy က ဆော့ဖ်ဝဲကျောင်းသားတွေလည်း ဒီအကူအညီပေးရေးလုပ်ငန်းမှာ ပါဝင်မှာဖြစ်ပြီး အမျိုးသမီးငယ်တွေ ပညာရေးအခွင့်အလမ်း ပိုမိုရရှိရေး အထောက်အကူဖြစ်စေမယ့် အက်ပလီကေးရှင်းတွေ ရေးဆွဲပေးသွားမှာ ဖြစ်ပါတယ်။

    ရီယိုဒီဂျနေရိုးက Apple Developer Academy မှာရှိတဲ့ လူငယ် ကျောင်းသားတွေဟာ မနေ့က မာလာလာ ယူဆွဖ်ဇိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ မာလာက ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ အမျိုးသမီးငယ်တွေရဲ့ ပညာရေးအခွင့်အလမ်း တိုးတက်မြင့်မားစေရေး Malala Fund အဖွဲ့ရဲ့ ရည်မှန်းချက်တွေအကို အကောင်အ
    ထည်ဖော်ရာမှာ လူငယ် ဆော့ဖ်ဝဲပညာရှင်တွေရဲ့ အခန်းကဏ္ဍ အရေးပါမှုကို ပြောကြားခဲ့ပါတယ်။

    “ကျွန်မရဲ့ မျှော်မှန်းချက်က ရီယို ဒီဂျနေရိုးကနေ ရီယာ့ဒ်အထိ မိန်းကလေးငယ်တိုင်းဟာ သူတို့ရဲ့ ကိုယ်ပိုင်အနာဂတ်ကို ကိုယ်တိုင် လွတ်လပ်စွာ ရွေးချယ်နိုင်ဖို့ ဖြစ်ပါတယ်” လို့ မာလာလာက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Apple ဟာ ဇန်န၀ါရီလမှာ Malala Fund ရဲ့ ပထမဆုံး မိတ်ဖက်အဖွဲ့အစည်းတစ်ခု ဖြစ်ခဲ့ပါတယ်။ Apple ပါဝင်လာတာကြောင့် Malala Fund ရဲ့ Gulmakai ကွန်ယက်ဟာ လက်တင်အမေရိကနဲ့ အိန္ဒိယတို့မှာ ပညာတော်သင်ဆု အရေအတွက်ကို နှစ်ဆအထိ တိုးမြှင့်လာနိုင်ပြီး၊ လှုပ်ရှားမှုတွေကိုလည်း တိုးချဲ့ ဆောင်ရွက်လာနိုင်ခဲ့ပါတယ်။

    Ref: Khaleej Times

  • မြန်မာ့ငြိမ်းချမ်းရေးတွင် ၀င်ပါမှု မိမိတို့အကျိုးအတွက်မဟုတ်ဟု တရုတ်ပြော

    မြန်မာ့ငြိမ်းချမ်းရေးတွင် ၀င်ပါမှု မိမိတို့အကျိုးအတွက်မဟုတ်ဟု တရုတ်ပြော

    ဇူလိုင် ၁၄၊ ၂၀၁၈
    M-Media

    တရုတ်နိုင်ငံ၏ အာဆီယံရေးရာဆိုင်ရာ အထူးကိုယ်စားလှယ် ဆွန်ဂိုရှန်

    – မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပံ့ပိုးကူညီပေးတာဟာ တရုတ်နိုင်ငံရဲ့အကျိုးအတွက် မဟုတ်ဘူးလို့ တရုတ်အထူးကိုယ်စားလှယ် ဆွန်ဂိုရှန်က ပြောကြားလိုက်ပါတယ်။

    “(သက်ဆိုင်သူတွေ) ညှိနှိုင်းဆွေးနွေးဖို့ ကျွန်တော်တို့က တိုက်တွန်းတာပါ။ ဒါပေမယ့် ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဘာအကျိုးအမြတ်မှ မမျှော်ကိုးပါဘူး” လို့ ဆွန်က ကြာသာတေးနေ့ နေပြည်တော်က Horizon ဟိုတယ်မှာ ပြောကြားခဲ့ပါတယ်။

    တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ အာဆီယံရေးရာဆိုင်ရာ အထူးကိုယ်စားလှယ် ဆွန်ဂိုရှန်ဟာ မြန်မာအစိုးရနဲ့ တရုတ်နယ်စပ်တစ်လျှောက်က တိုင်းရင်းသားလက်နက်ကိုင်တွေအကြား ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကူညီ လုပ်ဆောင်ပေးနေသူ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံသားတွေ အားလုံးအတွက် တိုင်းပြည်ကြီး ငြိမ်းချမ်းဖို့ တရုတ်က တစ်စိုက်မတ်မတ် ပံ့ပိုးပေးနေတာဖြစ်ပြီး ငြိမ်းချမ်းရေးမရရင် တည်ငြိမ်အေးချမ်းမှာ မဟုတ်ဘူးလို့ သူက ပြောကြားခဲ့ပါတယ်။

    ဆွန်ဟာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သောကြာနေ့မှာ တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ နယ်စပ်လုံခြုံရေး၊ ရခိုင်ပြဿနာနဲ့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။

    တရုတ်ဟာ ၂၀၁၃ ခုနှစ်ကတည်းကစပြီး မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ထဲထဲဝင်ဝင် ပါဝင်လာခဲ့တာပါ။

    တရုတ်ရဲ့ ကြားဝင်မှုကြောင့် ၀သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ UWSA ဦးဆောင်ပြီး တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ စုပေါင်းထားတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ FPNCC ဟာ ပြီးခဲ့တဲ့နှစ် မေလက ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးမှာ ပါဝင်ခဲ့ပါတယ်။

    ယခု နေပြည်တော်မှာ ပြုလုပ်နေတဲ့ တတိအကြိမ်မြောက် အစည်းအဝေးကိုလည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့က တက်ရောက်နေပါတယ်။

    မြန်မာအစိုးရနဲ့ စစ်တပ်တို့ဟာ ဗုဒ္ဓဟူးနေ့နဲ့ ကြာသာပတေးနေ့တို့မှာ FPNCC အဖွဲ့ဝင်တွေနဲ့ သီးခြားစီ တွေ့ဆုံခဲ့ကြပါတယ်။

    နိုင်ငံတော် အတိုင်ပင်ခံရုံးရဲ့ ထုတ်ပြန်ချက်မှာတော့ တွေ့ဆုံမှုအတွင်း ပဋိပက္ခလျော့ချရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးမှုနဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအကြောင်းတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

    Ref: Irrawaddy

  • ဂါဇာတွင် အစ္စရေးလက်ချက်ကြောင့် သေဆုံးသူ ၁၄၀ နီးပါးရှိလာ

    ဂါဇာတွင် အစ္စရေးလက်ချက်ကြောင့် သေဆုံးသူ ၁၄၀ နီးပါးရှိလာ

    ဇူလိုင် ၁၄၊ ၂၀၁၈
    M-Media

    ဆန္ဒပြမှု မြင်ကွင်း

    – ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်က ဆန္ဒပြမှုအတွင်း အစ္စရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် အသက် ၁၅ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။

    Great March of Return ချီတက်ပွဲ ရက် ၁၀၀ ပြည့်အဖြစ် မနေ့က ပါလက်စတိုင်းပြည်သူတွေဟာ အစ္စရေးနယ်စပ် ခြံစည်းရိုးနားမှာ ချီတက်ဆန္ဒပြစဉ် အစ္စရေးတပ်ဖွဲ့တွေက ကျည်အစစ်တွေ၊ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

    အစ္စရေးစစ်တပ်ကတော့ ဒဏ်ရာရသူ ၆၈ ဦး ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဂါဇာက ကျန်းမာရေးတာဝန်ရှိသူတွေက သေဆုံးသွားသူ အသက် ၁၅ နှစ်အရွယ် လူငယ်ဟာ အိုသမန် ရာမီ ဟီလစ်ဖြစ်တယ်လို့ ဆိုပါတယ်။

    ဒါ့ကြောင့် Great March of Return ဆန္ဒပြမှု စတင်တဲ့ မတ်လ ၃၀ ရက်နေ့ကတည်းက အစ္စရေးလက်ချက်ကြောင့် သေဆုံးသူဟာ ၁၃၈ ဦး ရှိလာပြီ ဖြစ်ပါတယ်။ ဒဏ်ရာရသူတွေကတော့ ၁၆၀၀၀၀ ကျော် ရှိနေပါတယ်။

    အရှေ့ဥရောပကနေ ၀င်ရောက်လာတဲ့ဂျူးတွေဟာ ပါလက်စတိုင်းပိုင်နက်တွေကို တိုက်ခိုက် သိမ်းပိုက်ပြီး ၁၉၄၈ ခုနှစ်မှာ အစ္စရေးနိုင်ငံ ထူထောင်မှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ပါလက်စတိုင်းမျိုးဆက်တွေ နေရပ်ပြန်နိုင်ရေးအတွက် Great March of Return ဆန္ဒပြမှုကို ပြုလုပ်တာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းက ဘဒူအင် ရွာတစ်ခုကို လုံးဝ ဖြိုဖျက်ဖို့ အစ္စရေး အာဏာပိုင်တွေက ဆုံးဖြတ်ခဲ့ပါတယ်။

    Ref: Aljazeera

  • ပါကစ္စတန်တွင် ရွေးကောက်ပွဲမဲဆွယ်သည့် လူအုပ်အတွင်း အသေခံဗုံးခွဲမှုများ ဖြစ်ပွား

    ပါကစ္စတန်တွင် ရွေးကောက်ပွဲမဲဆွယ်သည့် လူအုပ်အတွင်း အသေခံဗုံးခွဲမှုများ ဖြစ်ပွား

    ဇူလိုင် ၁၄၊ ၂၀၁၈
    M-Media

    ဗုံးခွဲမှုကြောင့် ဒဏ်ရာရသူကို ဆေးရုံသို့ ယူဆောင်လာမှု မြင်ကွင်း

     

    – ရွေးကောက်ပွဲနီးလာတဲ့ ပါကစ္စတန်မှာ အခုရက်ပိုင်းအတွင်း ဗုံးခွဲမှုတွေ ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ ၁၃၀ လောက် သေဆုံးခဲ့ပါတယ်။

    ဘာလိုချစ္စတန်ပြည်နယ်က ဒရ်ဂါမြို့မှာ BAP ပါတီက ရွေးကောက်ပွဲမဲဆွယ်ရေး ချီတက်လမ်းလျှောက်မှုကို လုပ်ဆောင်နေစဉ် မနေ့က အသေခံဗုံးခွဲသမားတစ်ဦးက ဗုံးခွဲခဲ့တာကြောင့် အနည်းဆုံး ၁၂၃ ယောက် သေဆုံးခဲ့ပါတယ်။

    ဒီနေ့မနက် ဘာလိုချစ္စတန်မှာပဲ နောက်ထပ် အသေခံဗုံးခွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူ ၆ ဦး ထပ်မံ သေဆုံး ခဲ့ပါတယ်။

    ပေါက်ကွဲမှုတွေကြောင့် လူအများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။

    ဘာလိုချစ်စ္စတန်ပြည်နယ်မှာ LeJ စစ်သွေးကြွးအဖွဲ့ဟာ အဓိကအားဖြင့် ရှီအာမွတ်စလင်တွေကို ပစ်မှတ်ထား တိုက်ခိုက်လေ့ရှိပြီး၊ ပါကစ္စတန်ကနေ ခွဲထွက်လိုတဲ့ ဘာလို့ခ်ျတိုင်းရင်းသား လက်နက်ကိုင် တွေကလည်း အရင်က ရွေးကောက်ပွဲဝင်မယ့်သူတွေကို တိုက်ခိုက်လေ့ရှိပါတယ်။

    မနေ့ကနဲ့ ဒီနေ့ တိုက်ခိုက်မှုတွေကို ဘယ်အဖွဲ့လုပ်လဲဆိုတာကိုတော့ ထုတ်ပြန်ပြောကြားခြင်း မရှိသေးပါဘူး။

    Ref: Aljazeera

  • တရုတ်နယ်စပ်ရှိ မြို့သုံးမြို့တွင် စီးပွားရေးဇုန် ဖော်ဆောင်မည်

    တရုတ်နယ်စပ်ရှိ မြို့သုံးမြို့တွင် စီးပွားရေးဇုန် ဖော်ဆောင်မည်

    ဇူလိုင် ၁၄၊ ၂၀၁၈
    M-Media

    – ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က တရုတ်နယ်စပ်မှာရှိတဲ့ မြို့သုံးမြို့ကို ‘စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုံ’ တွေ ဖန်တီးဖို့အတွက် မြန်မာအစိုးရက ကြာသာပတေးနေ့မှာ အတည်ပြုလိုက်ပြီး တရုတ်ရဲ့ ရည်မှန်းချက်ကြီးရဲ့ Belt and Road စီမံကိန်း တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။

    စီးပွားကူးသန်းဝန်ကြီး ဦးသန်းမြင့် တရုတ်နိုင်ငံကို မကြာသေးခင်က သွားရောက်ခဲ့ပြီးတဲ့နောက် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် ဗဟိုကော်မတီရဲ့ နေပြည်တော်မှာပြုလုပ်တဲ့ အစည်းအဝေးမှာ ဒီလို အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

    စီးပွားရေးဇုန် နေရာတွေဟာ ကချင်ပြည်နယ် အထူးဒေသ (၁) က ကချင် ဒီမိုကရေစီ တပ်မတော်သစ် ထိန်းချုပ်ရာ ကန်ပိုက်တီမြို့၊ ရှမ်းပြည်နယ် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ လောက်ကိုင်မှာရှိတဲ့ ချင်းရွှေဟော်မြို့နဲ့ ရှမ်းပြည်နယ် မူဆယ်မြို့တို့ ဖြစ်ပါတယ်။

    ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်အောင်က စီမံကိန်းကို မကြာမီ စတင်မှာဖြစ်ပြီး တရုတ်နဲ့ မြန်မာဘက်ခြမ်း နှစ်ခုစလုံးမှာ ဇုန်တွ တည်ထောင်သွားမှာဖြစ်ကြောင်း၊ ကန်ပိုက်တီမှာ နေရာရှင်းလင်းရေး စတင်လုပ်ဆောင်နေကြောင်း မနေ့က ဧရာဝတီသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    တရုတ်အာဏာပိုင်တွေက အဲဒီ စီးပွားရေးဇုန်နေတွေဟာ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက်သာမကဘဲ တည်ငြိမ်အေးချမ်းရေးအတွက်ပါ အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ကြောင်း ၀န်ကြီး ဦးသန်းမြင့်ကို ပြောကြားခဲ့တယ်လို့ ဦးခက်အောင်က ဆိုပါတယ်။ ၀န်ကြီးရဲ့ ခရီးစဉ် အသေးစိတ်ကိုတော့ ထုတ်ပြန်ခြင်း မရှိပါဘူး။

    အခုစီးပွားရေးဇုန်တွေဟာ ဒေသခံတွေကို အလုပ်အကိုင်တွေ ဖန်တီးပေးကာ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေကို ဖွံ့ဖြိုးတိုးတက်စေမှာဖြစ်ကြောင်း ၀န်ကြီးက ကြာသာပတေးနေ့ နေပြည်တော်အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

    အစည်းအဝေးကို ကချင်၊ ရှမ်းနဲ့ ကိုးကန့်ဒေသက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။

    ကန်ပိုက်တီဇုန်မှာ ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၅ သန်းရှိကာ လာမယ့်နှစ်မှာ တည်ဆောက်ရေးလုပ်ငန်း ပြီးစီးမယ်လို့ ခန့်မှန်းထားကြောင်း ဦးခက်အောင်က ပြောကြားခဲ့ပါတယ်။

    Ref: Irrawadday