News @ M-Media

Blog

  • အိန္ဒိယ အမျိုးသားနိုင်ငံရေးသမားတစ်ဦး မုဒိမ်းမှုဖြင့် တရားစွဲခံရ

    အိန္ဒိယ အမျိုးသားနိုင်ငံရေးသမားတစ်ဦး မုဒိမ်းမှုဖြင့် တရားစွဲခံရ

    ဇူလိုင် ၁၂၊ ၂၀၁၈
    M-Media

    တရားရုံးသို့ ရောက်လာသည့် ဆန်ဂါ

    – အမျိုးသမီးငယ်တစ်ယောက်ကို အဓမ္မပြုကျင့်မှုနဲ့ အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP က နိုင်ငံရေးသမားတစ်ယောက်ကို အိန္ဒိယရဲတပ်ဖွဲ့က တရားစွဲဆိုလိုက်ပါတယ်။

    ကူလ်ဒီပ် ဆင်း ဆန်ဂါဖြစ်ပြီး ၂၀၁၇ ခုနှစ်က အူတာပရာဒက်ရှ်ပြည်နယ်မှာ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်တစ်ယောက်ကို အဓမ္မပြုကျင့်ခဲ့တာ ဖြစ်ပါတယ်။ ဆန်ဂါဟာ BJP ပါတီက သြဇာရှိတဲ့ ပြည်နယ်လွှတ်တော်အမတ်လည်း ဖြစ်ပါတယ်။

    ဒီအမှုကို ရဲတပ်ဖွဲ့နဲ့ နိုင်ငံရေးသမားတွေက ဖုံးကွယ်ခဲ့ကြပြီး အဓမ္မပြုကျင့်ခံရသူရဲ့ ဖခင်ဖြစ်သူဟာ အမှုမှန်ပေါ်ပေါက်ရေး ကြိုးစားရင်း အဖမ်းခံရကာ အချုပ်ထဲမှာ အရိုက်ခံရတဲ့ ဒဏ်ရာတွေကြောင့် သေဆုံးသွားခဲ့ပါတယ်။

    အဓမ္မကျင့်ခံရသူ အမျိုးသမီးငယ်က ဧပြီလမှာ သူ့ကိုယ်သူ မီးရှို့သတ်သေဖို့ ကြိုးစားခဲ့ပြီးတဲ့နောက် ဒီအမှုကို လူတွေက အာရုံစိုက်လာခဲ့ပြီး ရဲတပ်ဖွဲ့က ဆန်ဂါကို ဖမ်းဆီးခဲ့ပါတယ်။

    အိန္ဒိယ ထောက်လှမ်းရေးအဖွဲ့ CBI က ပြောရေးဆိုခွင့်ရှိသူ အဘီရှက် ဒါယာလ်က ဆန်ဂါကို အဓမ္မမှု၊ ပူးပေါင်းကြံစည်မှု၊ အသက်မပြည့်သေးသူအပေါ် လိင်စော်ကားမှုတွေနဲ့ တရားစွဲဆိုတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အဓမ္မပြုကျင့်ခံရသူရဲ့ ဖခင်ကို သတ်ဖြတ်မှုအတွက် ဆန်ဂါရဲ့ညီနဲ့ အခြား ၄ ဦးကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီး တရားစွဲဆိုထားပါတယ်။

    အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP က ပါတီဝင်တွေ၊ နိုင်ငံရေးသမားတွေ ရာဇ၀တ်မှု ကျူးလွန်တဲ့အခါ အရေးယူခံရမှုကနေ လွတ်ကင်းနေလေ့ရှိပြီး မေလတုန်းကလည်း ဂျာမူးဒေသမှာ မိန်းကလေးငယ်တစ်ဦးကို ဟိန္ဒူအစွန်းရောက်အုပ်စုက ဖမ်းဆီးကာ အုပ်စုဖွဲ့အဓမ္မပြုကျင့်မှု ကျူးလွန်တဲ့သူတွေကို BJP ပါတီဝင်တွေက ကာကွယ်ပေးမှုကြောင့် ပြည်သူတွေက ဝေဖန်ရှုတ်ခဲ့ကြပါတယ်။

    Ref: Alarabiya

  • ပါလက်စတိုင်းအား အစ္စရေး၏ကျူးကျော်မှုကို တုန့်ပြန်သော ဥပဒေကို အိုင်ယာလွှတ်တော် အတည်ပြု

    ပါလက်စတိုင်းအား အစ္စရေး၏ကျူးကျော်မှုကို တုန့်ပြန်သော ဥပဒေကို အိုင်ယာလွှတ်တော် အတည်ပြု

    ဇူလိုင် ၁၂၊ ၂၀၁၈
    M-Media

    – ပါလက်စတိုင်းပိုင်နက်တွေမှာ အစ္စရေးက ဆောက်လုပ်ထားတဲ့ ကျူကျော်အိမ်ယာတွေက ထုတ်လုပ်တဲ့ ကုန်စည်တွေ ပိတ်ပင်ရေး ဥပဒေမူကြမ်းကို အိုင်ယာလန် အထက်လွှတ်တော်က မနေ့မှာ အတည်ပြုလိုက်ပါတယ်။

    Control of Economic Activity (Occupied Territories) Bill 2018 ( (ကျူးကျော်ပိုင်နက်များမှ) စီးပွားရေးကို ထိန်းချုပ်တားဆီးခြင်း ဥပဒေ – ၂၀၁၈) လို့ အမည်ပေးထားတဲ့ အဲဒီမူကြမ်းကို လွှတ်တော်အတွင်း မဲခွဲရာမှာ ထောက်ခံမဲ ၂၅ ကန့်ကွက်မဲ ၂၀ နဲ့ အတည်ပြုခဲ့ပြီး အာဏာရ Fine Gael ပါတီကလွဲလို့ အိုင်ယာလန်က တစ်ခြား နိုင်ငံရေးပါတီကြီးတွေရဲ့ ထောက်ခံမှုကို ရရှိခဲ့ပါတယ်။

    အထက်လွှတ်တော်မှာ အတည်ပြုနိုင်တာကြောင့် အောက်လွှတ်တော်မှာ ဆွေးနွေးကာ မဲခွဲရမှာဖြစ်ပြီး ထပ်မံ အတည်ပြုနိုင်မယ်ဆိုရင် သုံးသပ်မှုတွေ၊ ပြင်ဆင်ဖြည့်စွက်မှုတွေလုပ်ကာ ဥပဒေအဖြစ် အသက်ဝင်လာမှာ ဖြစ်ပါတယ်။

    ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ PLO က အကြီးတန်းခေါင်းဆောင် ဆအစ်ဘ် အီရီကတ်က အိုင်ယာလန်အထက်လွှတ်တော်ရဲ့ ဒီဆုံးဖြတ်ချက်ဟာ သမိုင်းဝင်ဆုံးဖြတ်ချက်ဖြစ်ပြီး တစ်ခြားတိုင်းပြည်တွေလည်း ဒီလိုလိုက်လုပ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

    ပါလက်စတိုင်းပိုင်နက်တွေဖြစ်တဲ့ အရှေ့ဂျေရုစလင်နဲ့ အနောက်ဖက်ကမ်းတွေမှာ အစ္စရေးက ကျူးကျော် ဆောက်လုပ်ထားတဲ့ အိမ်ယာပေါင်း ၇၅၀၀၀ လောက်ရှိပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းက ဒီလို ကျူးကျော်မှုကို ကန့်ကွက်ရှုတ်ချထားပါတယ်။

    အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အီမန်နျူယဲလ် နဟ်ရွှန်က အိုင်ယာလန်ရဲ့ ဒီမဲခွဲမှုဟာ အရှေ့အလယ်ပိုင်း သံတမန်လုပ်ငန်းအပေါ် အနှုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှု ရှိလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

    Ref: Aljazeera

  • ဘော့စ်နီးယားတွင် ဆာ့ဘ်တို့၏ လူမျိုးတုန်းသတ်ဖြတ်မှု ၂၃ နှစ်ပြည့်ပြီ

    ဘော့စ်နီးယားတွင် ဆာ့ဘ်တို့၏ လူမျိုးတုန်းသတ်ဖြတ်မှု ၂၃ နှစ်ပြည့်ပြီ

    ဇူလိုင် ၁၁၊ ၂၀၁၈
    M-Media

    ဆရီဘရီနီနာကာမှ သုဿန်

    – ၁၉၉၀ ပြည့်နှစ်တွေမှာ ဆာ့ဘ်တွေရဲ့ မျိုးဖြုတ်သတ်ဖြတ်မှုကို ခံခဲ့ရတဲ့ ဘော့စနီးယား မွတ်စလင်တွေထဲက ဘယ်သူဘယ်ဝါဆိုတာ ဖော်ထုတ်နိုင်ခဲ့သူ ၃၅ ဦးအတွက် ဒီကနေ့မှာ ဈပနာအခမ်းအနား ကျင်းပခဲ့ပါတယ်။

    ဒီကနေ့ဟာ ဘော့စနီးယား မွတ်စလင်တွေနဲ့ ခရိုအက်တွေကို ဆာ့ဘ်စစ်သားတွေက လူမျိုးတုန်းသတ်ဖြတ်မှု ၂၃ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်ပြီး ဘော့စနီးယား-ဟာဇီဂိုဗီနာနိုင်ငံ ဆရီဘရီနီကာမှာ ကျင်းပတဲ့ ဒီဈာပနအခမ်းအနားကို လူထောင်ချီ တက်ရောက်ခဲ့ပါတယ်။

    သတ်ဖြတ်ခံရသူတွေထဲက မည်သူမည်ဝါမှန်း ဖော်ထုတ်နိုင်ခဲ့တဲ့ အမျိုးသားနဲ့ ကလေးငယ် ၃၅ ဦးရဲ့ ရုပ်ကြွင်းတွေကို အခေါင်းထဲထည့်ကာ အပေါ်က အစိမ်းရောင်အ၀တ် ဖုံးအုပ်ထားပြီး ဆရီဘရီနီကာ လူမျိုးတုန်းသတ်ဖြတ်မှုအတွင်း သေဆုံးခဲ့သူတွေကို မြှုပ်နှံထားတဲ့ သုဿာန်မှာ မြှုပ်နှံခဲ့ပါတယ်။ အဲဒီ သုဿန်မှာ မြှုပ်နှံထားသူအရေအတွက်ဟာ ၆၆၀၀ ကျော်လာပြီ ဖြစ်ပါတယ်။

    ၁၉၉၂-၉၅ ဘော့စနီးယားစစ်ပွဲမှာ ဆရီဘရီနီကာကို ဗိုလ်ချုပ် ရက်ကိုမလာဒစ် ဦးဆောင်တဲ့ ဆာ့ဘ်စစ်သားတွေက ၀န်းရံပိတ်ဆို့ကာ အစ္စလာမ်ဘာသာဝင် ဘော့စနီယက်လူမျိုး အမျိုးသားနဲ့ ယောက်ျားလေး စုစုပေါင်း ၈၀၀၀ လောက်ကို သတ်ဖြတ်ခဲ့ပါတယ်။ ဆာ့ဘ်တွေလက်ချက်ကြောင့် လူပေါင်း ၃ သောင်းလောက်ဟာလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

    “ဆရီဘရီနီကာဟာ ကမ္ဘာ့ လူမျိုးတုန်းသတ်ဖြတ်မှု ပြယုဂ်ဖြစ်ပြီး၊ ကမ္ဘာ့ ဘယ်နေရာမှာမဆို နောက်ထပ် လူမျိုးတုန်းသတ်ဖြတ်မှုတွေ ထပ်မဖြစ်သင့်တော့ဘူးဆိုတဲ့ သတိပေးချက်လည်း ဖြစ်ပါတယ်” လို့ အောင့်မေ့ဖွယ်အခမ်းအနား ကျင်းပရေး ကော်မတီရဲ့ ဥက္ကဌ နာရ်မင် အလီဗူကိုဗစ်က ပြောကြားခဲ့ပါတယ်။

    ကျွမ်းကျင်သူတွေဟာ ဘော့စနီးယားနိုင်ငံတစ်ဝှမ်း ဆာ့ဘ်တွေရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကြောင့် သေဆုံးသွားသူတွေရဲ့ ရုပ်ကြွင်းတွေ၊ အစုလိုက်အပြုံလိုက် မြှုပ်နှံထားရာ နေရာတွေကို ဆက်လက်ရှာဖွေနေကြပါတယ်။

    ရုပ်ကြွင်းတော်တော်များများဟာ ပြန့်ကျဲနေတဲ့အတွက် DNA စစ်ဆေးကာ မည်သူမည်ဝါဖြစ်တယ်ဆိုတာ ဖော်ထုတ်နေရပါတယ်။

    ဆရီဘရီနီကာအဖြစ်အပျက်ကို လူမျိုးတုန်း သတ်ဖြတ်မှုအဖြစ် နိုင်ငံတကာက သတ်မှတ်ထားပြီး ဆာ့ဘ်တွေကတော့ သူတို့ ဒီကိစ္စကို မကျူးလွန်ခဲ့ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

    ဘော့စနီးယားစစ်ပွဲအတွင်း သတ်ဖြတ်မှုတွေလုပ်ခဲ့တဲ့ ဆာ့ဘ်တပ်ဖွဲ့တွေရဲ့ ခေါင်းဆောင်တွေကို နိုင်ငံတကာ ရာဇ၀တ်ခုံရုံးတင်ကာ စစ်ဆေး ပြစ်ဒဏ်ပေးခဲ့ကြပါတယ်။

    Ref: USNews

  • ခြစားမှုဖြင့် ကာကွယ်ရေးတာဝန်ရှိသူတစ်ဦးကို ဆော်ဒီဖမ်းဆီး

    ခြစားမှုဖြင့် ကာကွယ်ရေးတာဝန်ရှိသူတစ်ဦးကို ဆော်ဒီဖမ်းဆီး

    ဇူလိုင် ၁၁၊ ၂၀၁၈
    M-Media

    ဆော်ဒီ ပြည်ထဲရေးဝန်ကြီးဌာန အဆောက်အဦး

    – ကာကွယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးကို ခြစားမှုနဲ့ ဖမ်းဆီးလိုက်တယ်လို့ ဆော်ဒီ ရှေ့နေချုပ် ရှိခ် ဆာအွဒ် ဘင် အဘ်ဒူလာဟ် အလ်-မူအာဂျဘ်က မနေ့မှာ ပြောကြားလိုက်ပါတယ်။

    စုံစမ်းစစ်ဆေးမှုတွေအရ အဲဒီတာဝန်ရှိသူဟာ ကုမ္ပဏီတစ်ခုထံကနေ မသမာတဲ့နည်းလမ်းနဲ့ ငွေကြေးတွေကို ရယူခဲ့တယ်ဆိုတာ တွေ့ရကြောင်း ရှေ့နေချုပ်က ဆိုပါတယ်။ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကိုတော့ ထုတ်ပြန်ခြင်း မပြုပါဘူး။

    ရှေ့နေချုပ်က အာဏာကို အလွဲသုံးစားလုပ်ပြီး ကန်ဒေါ်လာ ၂၆၀၀၀၀ လာဘ်စားခဲ့တဲ့ အဲဒီသူဟာ ‘ယုံကြည်မှုကို ဖောက်ဖျက်ခဲ့တယ်’ လို့ ပြောကြားခဲ့ပါတယ်။

    အဲဒီ တာဝန်ရှိသူနဲ့ ဆက်စပ်ပြီး နောက်ထပ် လူ ၂ ဦးကိုလည်း ဆော်ဒီအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။

    အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန် ဦးဆောင်တဲ့ ခြစားမှုတိုက်ဖျက်ရေး ကော်မရှင်ဟာ ဆော်ဒီ တော်ဝင်မင်းသားတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို ခြစားမှုစွဲချက်နဲ့ ပြီးခဲ့တဲ့နှစ်မှာ ဖမ်းဆီး စစ်ဆေးခဲ့ပါတယ်။

    တစ်ချို့တွေက သူတို့တွေ မသမာတဲ့နည်းလမ်းနဲ့ ရယူထားတဲ့ ငွေကြေးတွေကို နိုင်ငံတော်ကို ပြန်ပေးဖို့ သဘောတူချက်နဲ့ လွတ်မြောက်လာကြပြီး၊ တစ်ချို့တွေကတော့ တရားစွဲဆို ခံခဲ့ရပါတယ်။

    Ref: Alarabiya

  • ဥရောပကို ရုရှားရန်မှ ကာကွယ်ပေးရမှု မထိုက်တန်ဟု ထရမ့် ထုတ်ပြော

    ဥရောပကို ရုရှားရန်မှ ကာကွယ်ပေးရမှု မထိုက်တန်ဟု ထရမ့် ထုတ်ပြော

    ဇူလိုင် ၁၁၊ ၂၀၁၈
    M-Media

    နေတိုးအတွင်းရေးမှူးနှင့် ထရမ့်တို့ တွေ့ဆုံမှု

    – ရုရှားထံကနေ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ ၀ယ်ယူထားတာကြောင့် ဂျာမနီဟာ ရုရှားရဲ့ ထောင်ချောက်ထဲ မိနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဝေဖန်လိုက်ပါတယ်။

    ဒီကနေ့မှာ စတင်မယ့် နေတိုးအဖွဲ့ အစည်းအဝေးမတိုင်ခင် အဖွဲ့အတွင်းရေးမှူး ဂျန်စ် တိုလ်တန်ဘာ့ဂ်နဲ့ တွေ့ဆုံစဉ်မှာ ထရမ့်က ဒီလိုပြောကြားလိုက်တာပါ။

    ဂျာမနီဟာ ရုရှားဆီကနေ ဒီလို စွမ်းအင်တွေ ၀ယ်နေတဲ့အချိန် ဥရောပကို ရုရှားရန်ကနေ ကာကွယ်ရေးအတွက် အမေရိကန်က အကုန်အကျခံနေရတာ မသင့်လျော်ဘူးလို့လည်း ထရမ့်က ဆိုပါတယ်။

    “သူတို့က ရုရှားကို ဒေါ်လာ ဘီလီယံချီ ပေးနေပြီး ကျွန်တော်တို့က သူတို့ကို ရုရှားရန်ကနေ ကာကွယ်ပေးနေရတယ်။ ကျွန်တော်သိသလောက်ဆိုရင် သူတို့ရဲ့ စွမ်းအင်အများစုကို ရုရှားဆီကနေ ရနေတာကြောင့် ဂျာမနီဟာ ရုရှားရဲ့ ထောင်ချောက်ထဲ ကျရောက်နေပါတယ်”

    ဂျာမနီနဲ့ ရုရှားအကြား သဘာဝဓာတ်ငွေ့ပိုင်လိုင်း သွယ်တန်းမှု ကိစ္စအတွက် နေတိုအဖွဲ့ဝင်တွေအကြေား သဘောထားမတိုက်ဆိုင်မှု ဖြစ်နေတယ်ဆိုတာ စတိုလ်တန်ဘာ့ဂ်က ၀န်ခံခဲ့ပါတယ်။

    ရုရှားက ဓာတ်ငွေ့ကို ဘော့လ်တစ်ပင်လယ်ကိုဖြတ်ပြီး သယ်ယူမယ့် ဒုတိယမြောက်ပိုက်လိုင်း တည်ဆောက်ရေးအတွက် ဂျာမနီက စီစဉ်နေပြီး ဒီအတွက် ဥရောပမှာရှိတဲ့ အခြားနိုင်ငံတွေက ကန့်ကွက်ထားပါတယ်။

    ဒီစံကိန်းကိုသာ ဆက်လုပ်မယ်ဆိုရင် ပိတ်ဆို့မှုတွေ လုပ်မယ်လို့ အမေရိကန်ကလည်း သတိပေးထားပါတယ်။

    Ref: Aljazeera