News @ M-Media
Blog
  • အင်ဒိုနီးရှားတွငိ မိကျောင်း ၃၀၀ နီးပါးကို လက်တုန့်ပြန် သတ်ဖြတ်မှု ဖြစ်ပွား
    အင်ဒိုနီးရှားတွငိ မိကျောင်း ၃၀၀ နီးပါးကို လက်တုန့်ပြန် သတ်ဖြတ်မှု ဖြစ်ပွား
    ဇူလိုင် ၁၆၊ ၂၀၁၈
    M-Media
    – အင်ဒိုနီးရှားနိုင်ငံက ရွာတစ်ရွာမှာ အမျိုးသားတစ်ဦး မိကျောင်းကိုက်ခံရတာကို မကျေနပ်တဲ့အတွက် ရွာသားတွေဟာ မိကျောင်း ၃၀၀ နီးပါးကို လက်တုန့်ပြန် သတ်ဖြတ်ခဲ့ပါတယ်။
    နိုင်ငံအရှေ့ပိုင်း အနောက်ပါပူအာပြည်နယ် ဆိုရောင်ခရိုင်က မိကျောင်းသားပေါက်စခန်းမှာ ဖြစ်ပွားခဲ့တာပါ။
    အသက် ၄၈ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ နွားစာအတွက် အဲဒီ သားပေါက်စခန်းကို ၀င်ရောက်ပြီး မြက်ရိတ်တဲ့အချိန် မိကျောင်းက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
    စနေနေ့ အဲဒီအမျိုးသားကို သင်္ဂြီုဟ်ပြီးတဲ့အချိန်မှာ ရွာသားတွေဟာ သားပေါက်စခန်းကို လာရောက်ကာ မိကျောင်းအားလုံးကို ဓားတွေ၊ ပေါက်တူးတွေနဲ့ သတ်ဖြတ်ခဲ့ပါတယ်။
    အင်ဒိုနီးရှား သဘာဝရင်းမြစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး အေဂျင်စီအကြီးအကဲ ဘာဆာ မာနူလန်က အဲဒီ မိကျောင်းသားပေါက်စခန်းဟာ လိုင်စင်ရထားပြီး နိုင်ငံတော်က ကာကွယ်ဖို့ သတ်မှတ်ထားတဲ့ ရေငံနဲ့ နယူးပါပူအာ မိကျောင်းတွေကို မွေးထားတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    လက်ရှိ သူတို့အေဂျင်စီက စုံစမ်းစစ်ဆေးရေးလုပ်ဖို့အတွက် ရဲတပ်ဖွဲ့နဲ့ ညှိနှိုင်းဆွေးနွေးနေတယ်လို့လည်း မာနူလန်က ဆိုပါတယ်။
    “ဒါမျိုး နောက်ထပ် မဖြစ်ဖို့အတွက် လိုင်စင်ရ မွေးမြူရေးလုပ်ငန်းတွေအနေနဲ့ ပတ်ဝန်းကျင်ကို လုံခြုံအောင် ဆောင်ရွက်ဖို့ လိုပါတယ်။ မိကျောင်းတွေဟာ ဘုရားသခင် ဖန်ဆင်းထားတဲ့ သတ္တ၀ါတွေဖြစ်ပြီး ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်ပါတယ်”
    Ref: Aljazeera
  • ထရမ့်နဲ့ပူတင်တို့ ဟယ်လင်စကီးမှာ ဘာတွေဆွေးနွေးကြမလဲ
    ထရမ့်နဲ့ပူတင်တို့ ဟယ်လင်စကီးမှာ ဘာတွေဆွေးနွေးကြမလဲ
    ဇူလိုင် ၁၆၊ ၂၀၁၈
    M-Media
    – အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတ ဗလာဒီမီရ်ပူတင်တို့ဟာ ဖင်လန်နိုင်ငံ ဟယ်လင်စကီးမှာ ဒီကနေ့ စတင်တွေ့ဆုံနေကြပြီး ‘ကုန်သွယ်ရေးကိစ္စကနေစပြီး စစ်ရေး၊ ဒုံးကျည်အရေးနဲ့ တရုတ်အရေးအထိ’ ဆွေးနွေးဖို့ ရှိနေပါတယ်။
    ပူတင်က အခုအချိန်ဟာ နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ကမ္ဘာပေါ်က ကိစ္စတွေအကြောင်းကို စေ့စေ့စပ်စပ် ဆွေးနွေးရမယ့်အချိန်လို့ ထရမ့်ကို ပြောခဲ့ပြီး၊ ထရမ့်ကလည်း သမိုင်းတစ်လျှောက် အကောင်းဆုံး ကမ္ဘာ့ဖလားပွဲတွေထဲကတစ်ခုကို ရုရှားနိုင်ငံက အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူကြောင်း ပြောကြားခဲ့ပါတယ်။
    ရုရှားနဲ့ မိတ်ဖက်ဖြစ်မှုဟာ ကောင်းမွန်တဲ့ကိစ္စဖြစ်ပြီး၊ မကောင်းတဲ့ကိစ္စမဟုတ်ကြောင်း၊ ဆွေးနွေးမှုအတွင်း ကုန်သွယ်ရေး၊ စစ်ရေး၊ ဒုံးကျည်အရေး၊ နျူလက်နက်အရေးနဲ့ တရုတ်အရေးတို့ ပါဝင်မှာဖြစ်ကြောင်း ဆိုပါတယ်။
    “(သမ္မတအဖြစ်) ကျွန်တော် ရည်ရှည်ရှိမှာ မဟုတ်ပါဘူး။ ၂ နှစ်ပြည့်တော့မယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ ထူးခြားတဲ့ ဆက်ဆံရေး ရှိလာမှာဖြစ်ပါတယ်။ မျှော်လည်း မျှော်လင့်ပါတယ်”
    အမေရိကန်ရွေးကောက်ပွဲမှာ ရုရှားက ၀င်ရောက်စွက်ဖက်ခဲ့တဲ့ကိစ္စအတွက် ပူတင်ကို ဖိအားပေးမလားလို့ ဆွေးနွေးမှုမတိုင်ခင် ထရမ့်ကို သတင်းထောက်တွေက မေးရာမှာ “အေးဆေးဖြစ်သွားမှာပါ” လို့ ပြန်ဖြေခဲ့ပါတယ်။
    ပြီးခဲ့တဲ့တစ်ပတ်မှာ အမေရိကန်အာဏာပိုင်တွေဟာ ရုရှား စစ်ထောက်လှမ်းရေး ၁၂ ယောက်ကို ၂၀၁၆ ရွေးကောက်ပွဲမှာ ၀င်ရောက်စွက်ဖက်မှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။
    Ref: Aljazeera
  • အာကာသခရီးသွားလက်မှတ် ဒေါ်လာ ၂ သိန်းမှ ၃ သိန်းအထိ ရှိနိုင်
    အာကာသခရီးသွားလက်မှတ် ဒေါ်လာ ၂ သိန်းမှ ၃ သိန်းအထိ ရှိနိုင်
    ဇူလိုင် ၁၅၊ ၂၀၁၈
    M-Media
    Amazon ပိုင်ရှင် ဘီဇော့စ်
    – လာမယ့်နှစ်မှာ စတင်ဖို့ စီစဉ်ထားတဲ့ အာကာသ အလည်ခရီးစဉ်အတွက် လက်မှတ်တစ်စောင်ကို ကန်ဒေါ်လာ ၂ သိန်းကနေ ၃ သိန်းအထိ သတ်မှတ်ဖို့ Amazon ပိုင်ရှင် ဂျက်ဖ် ဘီဇော့စ်ရဲ့ အာကာသကုမ္ပဏီ Blue Origin က စီစဉ်နေကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
    ၂၀၀၀ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ Blue Origin ကုမ္ပဏီက သူတို့ဟာ New Shepard အာကသယာဉ်နဲ့ ခရီးစဉ်တွေကို ပျံသန်းပြေးဆွဲဖို့ ရှိနေပြီး လာမယ့်နှစ်မှာ လက်မှတ်တွေ ရောင်းချသွားမယ်လို့ ပြီးခဲ့တဲ့လမှာ ကြေငြာခဲ့ပါတယ်။
    ဒါ့ကြောင့် အာကာသကို သွားရောက်လိုသူတွေနဲ့ အာကာသဈေးကွက်က လက်မှတ်ဈေးနှုန်းတွေကို စုံစမ်းလာခဲ့ကြပါတယ်။
    Blue Origin ဟာ အာကသကိုသွားမယ့် ဒုံးကျည်တွေ၊ ယာဉ်ငယ်တွေကို ထုတ်ဖော်ပြသခဲ့ပေမယ့် ဒါတွေ ထုတ်လုပ်မှုအခြေအနေနဲ့ လက်မှတ်ဈေးကိုတော့ ထုတ်ပြန်ကြေငြာခြင်း မရှိပါဘူး။
    ဒီစီမံကိန်းနဲ့ နီးစပ်သူတွေရဲ့ ပြောကြားမှုကို ကိုးကားကာ ရိုက်တာက လက်မှတ်ဈေးနှုန်းကို ဖော်ပြခဲ့တာဖြစ်ပြီး Blue Origin တာဝန်ရှိသူတွေကတော့ မှတ်ချက်ပေးခဲ့ခြင်း မရှိပါဘူး။
    ဘီဇော့စ်ကလည်း လက်မှတ်ဈေးနှုန်းကို သတ်မှတ်ရခြင်း မရှိသေးဘူးလို့ မေလမှာ ပြောကြားခဲ့ပါတယ်။
    ဈေးနှုန်းကိစ္စနဲ့ပတ်သက်ပြီး ပထမဆုံးသိခဲ့တယ်လို့ဆိုတဲ့ ကုမ္ပဏီဝန်ထမ်းတစ်ဦးက လက်မှတ်တစ်စောင်ဟာ ကန်ဒေါ်လာ ၂ သိန်းကနေ ၃ သိန်းအထိ ရှိလိမ့်မယ်လို့ ဆိုပါတယ်။ ဒုတိယတစ်ဦးကလည်း အနိမ်ဆုံး လက်မှတ်ဈေးနှုန်းက ဒေါ်လာ ၂ သိန်းကျမယ်လို့ ပြောကြားခဲ့ပါတယ်။
    Blue Origin ရဲ့ New Shepard အာကာသယာဉ်ငယ်ကို ကမ္ဘာမြေပြင်အထက် ၆၂ မိုင်အထိ ရောက်နိုင်အောင် ဒီဇိုင်းဆွဲထားပြီး လိုက်ပါသွားသူတွေဟာ ကမ္ဘာ့ဆွဲအားလွတ်ကင်းမှုကို ခံစားနိုင်မှာ ဖြစ်သလို၊ ကမ္ဘာဂြိုဟ်ကြီးကိုလည်း ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အဲဒီ အာကာသယာဉ်ငယ်ဟာ လေထီးနဲ့ ကမ္ဘာ့လေထုထဲ ပြန်လည်ဝင်ရောက်လာမှာ ဖြစ်ပါတယ်။
    အခုအချိန်အထိ ယာဉ်ငယ်ကို ၈ ကြိမ်အထိ စမ်းသပ်ထားပေမယ့် လူလိုက်ပါပြီး စမ်းသပ်မှုတော့ မပြုလုပ်ရသေးပါဘူး။
    Ref: Arab News
  • မံမီပြုလုပ်နည်းကို ဖော်ထုတ်နိုင်မည့် ရှေးဟောင်းနေရာတစ်ခု အီဂျစ်တွင် တွေ့ရှိ
    မံမီပြုလုပ်နည်းကို ဖော်ထုတ်နိုင်မည့် ရှေးဟောင်းနေရာတစ်ခု အီဂျစ်တွင် တွေ့ရှိ
    ဇူလိုင် ၁၅၊ ၂၀၁၈
    M-Media
    – အီဂျစ်က ရှေးဟောင်း သုတေသန ပညာရှင်တွေဟာ ရှေးဟောင်း ဂူသင်္ချီုင်းတစ်ခုနဲ့ အလုပ်ခန်းတစ်ခုကို တွေ့ရှိခဲ့ပြီး အဲဒီကပစ္စည်းတွေကို လေ့လာမှုကနေတစ်ဆင့် မံမီရုပ်ပြုလုပ်မှုရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်နိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။
    မြို့တော် ကိုင်ရိုတောင်ဘက် ပိရမစ်ကြီးတွေရှိရာ နေရာအနီးမှာ တွေ့ရှိခဲ့တာဖြစ်ပြီး နှစ်ပေါင်း ၂၅၀၀ သက်တမ်းရှိမယ့် ဂူသင်္ချီုင်းထဲမှာ မံမီရုပ်တွေ အပါအ၀င် မံမီရုပ်ပြုလုပ်ရာမှာ အသုံးပြုတဲ့ မျက်နှာဖုံးတွေ၊ အဆီတွေကိုပါ တွေ့ရှိခဲ့ကြပါတယ်။
    ပညာရှင်တွေကတော့ ဒါဟာ အရေးပါတဲ့ တွေ့ရှိမှုတစ်ခု ဖြစ်တယ်လို့ ပြောကြားခဲ့ကြပါတယ်။
    ကျောက်ဆစ်ရုပ်ထုငယ်လေးတွေ၊ ခရား၊ မြေအိုးတွေကိုလည်း ဂူရဲ့အခန်းတွေထဲမှာ တွေ့ခဲ့ရပါတယ်။ ဒါတွေအားလုံးဟာ မံမီရုပ်လုပ်ရာမှာ အသုံးပြုတာတွေ ဖြစ်ပါတယ်။
    “မြေအိုးတွေကို အစုလိုက် တွေ့ရှိရမှုက ဒီဆီတွေထဲမှာ ဓာတုဗေဒအရ ဘာတွေပါဝင်နေလဲဆိုတာကို အတိအကျသိရဖို့ ကျွန်တော်တို့ရဲ့ လေ့လာဆန်းစစ်မှု လုပ်ငန်းအတွက် အခွင့်အလမ်းတစ်ခု ဖြစ်ပါတယ်” လို့ ဂူသင်္ချီုင်းများ ဖော်ထုတ်ရေး စီမံကိန်းအကြီးအကဲ ရာမဒန် ဘဒ်ရီ ဟူစိန်က ပြောကြားခဲ့ပါတယ်။
    မံမီရုပ်လုပ်တဲ့ အလုပ်ခန်းဟာ အခုအချိန်အထိ တွေ့ရှိရသမျှထဲမှာ အကြီးဆုံးနဲ့ တန်ဖိုးအမြင့်ဆုံးဖြစ်ပြီး မံမီရုပ်တွေကို ဘယ်လိုလုပ်ဆောင်လဲဆိုတာ သိဖို့အတွက် အချိန်တစ်ခု လိုအပ်တယ်လို့လည်း သူက ဆိုပါတယ်။
    သေဆုံးသူတွေကို မံမီရုပ်တွေအဖြစ် အသွင်ပြောင်းရာမှာ ရှေးဟောင်းအီဂျစ်တွေ အသုံးပြုတဲ့ ဆီတွေရဲ့ ဓာတုဗေဒဆိုင်ရာ ပါဝင်မှုတွေကို လေ့လာဖို့ အခုတွေ့ရှိတဲ့ အလုပ်ခန်းက အထောက်အကူ ဖြစ်စေမယ်လို့ ပညာရှင်တွေက မျှော်လင့်နေပါတယ်။
    Ref: Press TV
  • ချန်ပီယံပွဲအတွက် လေ့ကျင့်သည့်ပစ္စည်းများကို ပက်ကွီအိုက မလေးရှားကို လှူဒါန်း
    ချန်ပီယံပွဲအတွက် လေ့ကျင့်သည့်ပစ္စည်းများကို ပက်ကွီအိုက မလေးရှားကို လှူဒါန်း
    ဇူလိုင် ၁၅၊ ၂၀၁၈
    M-Media
    – ကမ္ဘာ့ WBA ၀ယ်သာဝိတ်ချန်ပီယံဆုကို ပူပူနွေးနွေး ရရှိထားတဲ့ ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအိုဟာ သူအသုံးပြုခဲ့တဲ့ လေ့ကျင့်ရေးပစ္စည်းတွေကို မလေးရှားအစိုးရထံ လှူဒါန်းမယ်လို့ သိရပါတယ်။
    အသက် ၃၉ နှစ်အရွယ် လွှတ်တော်အမတ် ပက်ကွီအိုဟာ ဒီကနေ့ထိုးသတ်ခဲ့တဲ့ ချန်ပီယံလုပွဲမှာ အာဂျင်တီးနား လက်ဝှေ့သမား လူးကက်စ် မက်သိုင်စီကို ၇ ချီမြောက်မှာ အလဲထိုး အနိုင်ယူနိုင်ခဲ့ပါတယ်။
    အခု မလေးရှားကို လှူဒါန်းမယ့် လေ့ကျင့်ရေး ကိရိယာတွေဟာ Fight of the Champions လို့ အမည်ပေးထားတဲ့ သူနဲ့ လူးကက်စ်တို့ ပွဲအတွက် လေ့ကျင့်ခဲ့တာတွေ ဖြစ်ပါတယ်။ ပက်ကွီအိုက မလေးရှားနိုင်ငံရဲ့ ဘောက်ဆင်လောက တိုးတက်စေဖို့ ရည်ရွယ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    “ကျွန်တော်ဟာ ၀န်ကြီးချုပ် မဟာသီယာ မိုဟာမက်နဲ့ တွေ့ဆုံခဲ့ပါတယ်။ အခုပစ္စည်းတွေဟာ ကွာလာလမ်ပူမှာ လေ့ကျင့်စဉ်အတွင်း အသုံးပြုခဲ့တာတွေဖြစ်ပြီး လှူဒါန်းသွားမှာပါ။ ကျွန်တော်တို့ဟာ မလေးရှားနိုင်ငံမှာ ဘောက်ဆင်အားကစားနည်း တိုးတက်ဖို့အတွက်လည်း ဆွေးနွေးခဲ့ကြပါတယ်။ စပြီး လုပ်ဆောင်တော့မှာပါ” လို့ ပက်ကွီအိုက ပြောကြားခဲ့ပါတယ်။
    ပက်ကွီအိုဟာ မလေးရှားမှာ ဘောက်ဆင်အကယ်ဒမီတစ်ခုလည်း ဖွင့်လှစ်ဖို့ စီစဉ်နေပြီး နောက်ထပ် ပွဲကြီးပွဲကောင်းတွေကို မလေးရှားမှာ ကျင်းပဖို့ စီစဉ်သွားမယ်လို့ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
    ဒီကနေ့ ရရှိခဲ့တဲ့ WBA ၀ယ်သာဝိတ် ချန်ပီယံဘွဲ့ဟာ ပက်ကွီအိုဘ၀မှာ ရရှိတဲ့ ၁၂ ခုမြောက် ဆုတံဆိပ်ဖြစ်ပါတယ်။
    အဆက်မပြတ် ထိုးချက်တွေကြောင့် “ယန္တယား” လို့ နာမည်ကျော်တဲ့ လူးကက်စ်ဟာ ဇန်န၀ါရီလကမှ ထိုင်းနိုင်ငံသား တီဝါ ကီရမ်ကို အနိုင်ယူပြီး ၀ယ်သာဝိတ် ချန်ပီယံ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။
    Ref: CNA