News @ M-Media

Blog

  • ဒူဘိုင်း၌ ယခုနှစ်အတွင်း စမတ်ရဲစခန်းများ ဖွင့်လှစ်မည်

    ဒူဘိုင်း၌ ယခုနှစ်အတွင်း စမတ်ရဲစခန်းများ ဖွင့်လှစ်မည်

    ဇူလိုင် ၁၅၊ ၂၀၁၈
    M-Media

    – လူသားရဲတွေမပါဘဲ အဆင့်မြင့် နည်းပညာတွေနဲ့သာ လည်ပတ်မယ့် စမတ်ရဲစခန်းတွေကို အခုနှစ်အတွင်း တည်ဆောက်အသုံးပြုသွားမယ်လို့ ဒူဘိုင်းက ကြေငြာလိုက်ပါတယ်။

    ဒူဘိုင်း နည်းပညာရပ်ကွက်ဖြစ်တဲ့ Dubai Silicon Oasis မှာ ထားရှိအသုံးပြုမှာဖြစ်ပြီး ဒူဘိုင်းရဲတပ်ဖွဲ့နဲ့ DSOA တို့အကြား နားလည်မှုစာချွန်လွှာတစ်ခုကို မနေ့မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

    ဒူဘိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဒီစီမံကိန်း အခုနှစ်အတွင်း ပြီးစီးဖို့အတွက် DSOA နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

    “ပြည်သူတွေ၊ အလုပ်သမားတွေ၊ ဧည့်သည်တွေ အလွယ်တကူ အသုံးပြုနိုင်မယ့် စမတ်ရဲစခန်းတွေအတွက် သင့်လျော်တဲ့ နေရာကို DSOA က ဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့က စီမံကိန်းရဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ဆိုင်တဲ့ ကိစ္စတွေကို ကိုင်တွယ်သွားမှာဖြစ်ပြီး စမတ်ရဲစခန်း လည်ပတ်ဖို့အတွက် လိုအပ်တဲ့နည်းပညာနဲ့ ဆော့ဖ်ဝဲတွေကိုလည်း ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်”

    စမတ်ရဲစခန်းတွေကို ၂၄ နာရီပတ်လုံး ဖွင့်လှစ်သွားမှာဖြစ်ပြီး ယာဉ်စည်ကမ်းနဲ့ ရာဇ၀တ်မှုဆိုင်ရာ ၀န်ဆောင်မှု ၂၇ ခု၊ ပြည်သူလူထု လုံခြုံရေးဆိုင်ရာ ၀န်ဆောင်မှု ၃၃ ခု ပေးအပ်သွားမှာ ဖြစ်တယ်လို့ ဒူဘိုင်းရဲတပ်ဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး အဘ်ဒူလ်လာ ခါလီဖာ အလ် မာရီက ပြောကြားခဲ့ပါတယ်။

    အဲဒီ စမတ်ရဲစခန်းတွေမှာ ပြည်သူတွေဟာ အမှုဖွင့်တာ၊ ထောက်ခံစာတွေ၊ ပါမစ်တွေ တောင်းခံတာ၊ ပစ္စည်းပျောက်၊ လူပျောက်တိုင်ကြားတာ စတဲ့လုပ်ငန်းတွေကို လူသားရဲတွေ ၀င်ရောက်စွက်ဖက်မှု မပါဘဲနဲ့ ကိုယ်တိုင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

    “စမတ်ရဲစခန်းတွေကို ပြည်သူတွေ အလွယ်တကူ အသုံးပြုနိုင်မှာဖြစ်ပြီး၊ ဒူဘိုင်းကို ကမ္ဘာပေါ်မှာ ပျော်ရွှင်စရာ အကောင်းဆုံးနဲ့ စမတ်အကျဆုံး မြို့တော်အဖြစ် ဖန်းတီးနေမှုကို ပိုမို အထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်” လို့ ရဲချုပ်က ပြာကြားခဲ့ပါတယ်။

    Ref: Khaleej Times

  • အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာတွင် ဆယ်ကျော်သက် ၂ ဦး သေဆုံး

    အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာတွင် ဆယ်ကျော်သက် ၂ ဦး သေဆုံး

    ဇူလိုင် ၁၅၊ ၂၀၁၈
    M-Media

    သေဆုံးသတစ်ဦး၏ မိခင်

    – ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်မှာ မနေ့က အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ဆယ်ကျော်သက် ၂ ဦး သေဆုံးခဲ့ပါတယ်။

    ပါလက်စတိုင်း အာဏာပိုင်တွေက သေဆုံးသူတွေဟာ အသက် ၁၅ နှစ်အရွယ် အမီရ် အလ်-နင်မရီနဲ့ အသက် ၁၆ နှစ်အရွယ် လူအေ ခါဟီလ်တို့ဖြစ်ပြီး အစ္စရေးက ဂါဇာအနောက်ပိုင်း အလ်-ကူတိုင်ဘာရပ်ကွက်ကို တိုက်ခိုက်မှုအတွင်း ရရှိတဲ့ဒဏ်ရာကြောင့် သေဆုံးတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အဲဒီတိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူ ၁၂ ဦး ရှိခဲ့ပါတယ်။ အဲဒီရပ်ကွက်ဟာ ပါလက်စတိုင်းမိသားစုတွေ နွေရာသီမှာ မကြာခဏ သွားရောက်လေ့ရှိတဲ့ ပန်းခြံတစ်ခုဘေးမှာ တည်ရှိတာကြောင့် အရပ်သားတွေ အထိအခိုက်များခဲ့တာ ဖြစ်ပါတယ်။

    အစ္စရေးစစ်တပ်က အထပ်မြင့်အဆောက်အဦးတွေကို တိုက်ခိုက်ခဲ့တယ်လို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပြီး၊ တိုက်ခိုက်မှုမပြုလုပ်ခင် အရပ်သားတွေ ဘေးလွတ်ရာကိုတိမ်းရှောင်ဖို့ သတိပေးခဲ့တယ်လို့ ဆိုပါတယ်။

    မနေ့က စောစောပိုင်းတိုက်ခိုက်မှုမှာလည်း လူ ၂ ဦး ဒဏ်ရာရခဲ့တာကြောင့် တစ်ရက်အတွင်း အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂ ဦး ဒဏ်ရာရသူ ၁၄ ဦး ရှိခဲ့ပါတယ်။

    ပါလက်စတိုင်းလွတ်မြောက်ရေး ဟားမက်စ်အဖွဲ့က ဒုံးကျည်တွေ ပစ်ခတ်ပြီးတဲ့နောက် ဒီလိုတိုက်ခိုက်တာဖြစ်တယ်လို့ အစ္စရေးက ပြောပါတယ်။

    ဂါဇာဟာ အစ္စရေးနဲ့ အီဂျစ်တို့ရဲ့ ပိတ်ဆို့ထားမှုကြောင့် လဟာပြင်ထောင်လို့ လူသိများပါတယ်။ ၂၀၁၄ ခုနှစ် အစ္စရေးနဲ့ ဟားမက်စ်တို့အကြား စစ်ပွဲအတွင်း အစ္စရေးရဲ့ လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် လူပေါင်း ၂၂၅၁ ဦး သေဆုံးခဲ့ပြီး အများစုက အရပ်သားတွေ ဖြစ်ပါတယ်။

    ဟားမက်စ်ရဲ့ လက်ချက်ကြောင့် အစ္စရေးစစ်သား ၆၆ ဦးနဲ့ အရပ်သား ၆ ဦး သေဆုံးခဲ့ပါတယ်။

    Ref: Aljazeera

  • ဖားကန့်မြေစာပုံပြိုကျမှု သေဆုံးသူ ၁၅ ဦးရှိ

    ဖားကန့်မြေစာပုံပြိုကျမှု သေဆုံးသူ ၁၅ ဦးရှိ

    ဇူလိုင် ၁၅၊ ၂၀၁၈
    M-Media

    – မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် ဖားကန့်မြို့မှာ မနေ့က မြေစာပုံ ပြိုကျမှုကြောင့် အနည်းဆုံး ၁၅ ဦး သေဆုံးခဲ့ပြီး ၄၅ ဦးလောက် ဒဏ်ရာရရှိခဲ့ပါတယ်။

    လုံးခင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးဒဏ်ရာရသူတွေဟာ ရေမဆေးကျောက် ရှာဖွေကြသူတွေဖြစ်ပါတယ်။

    “အလောင်းရှာဖွေမှုကို ညနေ ၅ နာရီခွဲမှာ ရပ်ဆိုင်းခဲ့ပြီး မနက်ဖြန် (တနင်္ဂနွေနေ့) မှာ ဆက်လက်ရှာဖွေမှာ ဖြစ်ပါတယ်” လို့ ဖားကန့် အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က ပြောကြားခဲ့ပါတယ်။

    ပျောက်ဆုံးနေသူတွေ ရှိမယ်ဆိုရင် သူတို့ကို အကြောင်းကြားဖို့ ပြည်သူတွေကို အသိပေးထားတယ်လို့လည်း ဆိုပါတယ်။

    လုံးခင်းမှာ မေလအတွင်းကလည်း မြေစာပုံပြိုကျမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၁၄ ဦး သေဆုံးခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် ဖားကန်းမှာ မြေစာပုံပြိုကျမှုကြောင့် သေဆုံးသူဟာ ၁၀၀ ကျော် ရှိခဲ့ပါတယ်။

    ဖားကန့် NLD ပါတီ အတွင်ရေးမှူး ဦးဟန်သာက မြေစာပုံထဲမှာ သေဆုံးသူတွေ ကျန်ရှိနေအုံးမယ်လို့ ပြောကြားခဲ့ပါတယ်။

    “လူ ၁၀၀ လောက်ရှိမယ်ဗျ။ မြေစာပုံက ရေကန်ထဲ ပြိုကျတဲ့အချိန်မှာ ရေထဲမှာရှိနေတဲ့သူတွေ မြုပ်သွားတာ”

    ၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံက ထုတ်လုပ်တဲ့ ကျောက်စိမ်းတန်ဖိုးဟာ ကန်ဒေါ်လာ ၃၁ ဘီလီယံဖိုး ရှိတယ်လို့ သဘာပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားမှုအဖွဲ့ Global Witness က ခန့်မှန်းပြီး အများစုဟာ တရုတ်နိုင်ငံကို တရားမ၀င် ရောက်ရှိသွားကြတယ်လို့ ဆိုပါတယ်။

    Ref: EWN

  • စနေနေ့ ကမ္ဘာ့ဖလား သတင်းများ

    စနေနေ့ ကမ္ဘာ့ဖလား သတင်းများ

    ဇူလိုင် ၁၄၊ ၂၀၁၈
    M-Media

    အင်္ဂလန်ကိုအနိုင်ယူကာ ဘယ်လ်ဂျီယံအသင်း ကမ္ဘာ့ဖလား တတိယဆု ဆွတ်ခူး
    ==========
    ဒီနေ့ည ကစားခဲ့တဲ့ ဘယ်လ်ဂျီယံနဲ့ အင်္ဂလန်တို့ရဲ့ ကမ္ဘာ့ဖလား တတိယနေရာလုပွဲမှာ ဘယ်လ်ဂျီယံအသင်းက ၂ ဂိုးဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။ ပွဲအစ ၄ မိနစ်မှာပဲ မူနီယာက ဘယ်လ်ဂျီယံအသင်းအတွက် ဦးဆောင်ဂိုးသွင်းပေးပြီး ၈၂ မိနစ်မှာ ဟဇာ့ဒ်က ဒုတိယဂိုး သွင်းယူပေးခဲ့ပါတယ်။ ဘယ်လ်ဂျီယံဟာ သမိုင်းတစ်လျှောက် ကမ္ဘာ့ဖလားမှာ အမြင့်ဆုံးအဆင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန်ကတော့ ၁၉၉၀ ပြည့်နှစ်ကလိုပဲ စတုတ္ထနဲ့ ကျေနပ်ခဲ့ရပါတယ်။

    ကမ္ဘာ့ဖလားဗိုလ်စွဲလျှင် ရာကီတစ် နဖူးတွင် တက်တူးထိုးမည်
    ==================
    ဒီနေ့ညကစားမယ့် ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ သူတို့အသင်းသာ အနိုင်ရခဲ့မယ်ဆိုရင် နဖူးမှာ တက်တူးထိုးမယ်လို့ ခရိုအေးရှားကွင်းလယ်လူ အိုင်ဗန် ရာကီတစ်က အရွှန်းဖောက် ပြောကြားလိုက်ပါတယ်။ သမိုင်းမှတ်တိုင်သစ် စိုက်ထူဖို့ လက်တစ်ကမ်းသာလိုတော့တဲ့ ခရိုအေးရှားအသင်းဟာ အစဉ်အလာကြီးမားတဲ့
    ပြင်သစ်ကို ရင်ဆိုင်ရမှာပါ။ လူကာမိုဒရစ်နဲ့အတူ ခရိုအေးရှားအသင်းရဲ့ အဓိကကစားသမား ဖြစ်နေတဲ့ ရာကီတစ်က ကမ္ဘာတစ်ဝှမ်းက ဘောလုံးပရိသတ်တွေရဲ့ ချီးကျူးစကားတွေကို ရရှိခဲ့ပြီး အလွန်ပျော်ရွှင်ရတယ်လို့ ပြောကြားခဲ့ပါတယ်။

    နေးမာကိုဝေဖန်မှု လွန်လွန်းသည်ဟု ဂီဘာတို ဆေးလ်ဗားပြော
    ===========
    တိုက်စစ်မှူး နေးမားကို ဝေဖန်မှုတွေဟာ လွန်လွန်းတယ်လို့ ဘရာဇီးလ်ကစာသမားဟောင်း ဂီဘာတိုဆေးလ်ဗားက ပြောကြားလိုက်ပါတယ်။ ကမ္ဘာ့ဖလား မတိုင်ခင်လေးမှာမှ ဒဏ်ရာက သက်သာလာတဲ့ နေးမာဟာ ကွာတားမှာပြုတ်သွားတဲ့ ဘရာဇီးလ်အသင်းအတွက် ၅ ပွဲကစားပြီး ၂ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ နေးမာကို ဘရာဇီးလ် ကစားသမားဟောင်းတွေဖြစ်တဲ့ ဘက်ပ်တစ္စတာ၊ ရော်နယ်ဒိုတို့အပါအ၀င် တော်တော်များများက ဝေဖန်ခဲ့ကြပါတယ်။ ဆေးလ်ဗားက နေးမာဟာ တိုးတက်ဆဲကစားသမားဖြစ်ပြီး သင်ယူစရာတွေ အများကြီး ရှိသေးကြောင်း၊ ဝေဖန်တာကို အတိုင်းအတာတစ်ခုအထိ လက်ခံပေမယ့် နေးမာကိစ္စကတော့ လွန်လွန်းနေကြောင်း ပြောဆိုခဲ့ပါတယ်။

    Ref: Goal

  • Malala Fund ၏ လက်တင်အမေရိက အကူအညီပေးရေးလုပ်ငန်းတွင် Apple ပူးပေါင်း

    Malala Fund ၏ လက်တင်အမေရိက အကူအညီပေးရေးလုပ်ငန်းတွင် Apple ပူးပေါင်း

    ဇူလိုင် ၁၄၊ ၂၀၁၈
    M-Media

    Apple ရုံးခန်းတွင် တွေ့ရသည့် မာလာလာ

    – ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် မာလာလာ တည်ထောင်ထားတဲ့ Malala Fund ရဲ့ တောင်အမေရိက အကူအညီပေးရေးလုပ်ငန်းမှာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ Apple ကုမ္ပဏီက ဒီကနေ့မှာ ကြေငြာလိုက်ပါတယ်။

    Malala Fund ဟာ ကမ္ဘာတစ်ဝှမ်းက အမျိုးသမီးငယ်တွေ ဘေးအန္တရာယ်ကင်းရေး ၊ အဆင့်မြင့် အလယ်တန်းပညာ သင်ယူနိုင်ရေး၊ အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ရေး ဆောင်ရွက်နေတာဖြစ်ပြီး တောင်အမေရိက အကူအညီပေးရေးလုပ်ငန်းကို ဘရာဇီးလ်မှာ စတင်မှာ ဖြစ်ပါတယ်။

    Apple နဲ့ Malala Fund တို့ဟာ ဘရာဇီးလ်က အမျိုးသမီးငယ်တွေ၊ ဆရာတွေ၊ ပေါ်လစီချမှတ်သူတွေကို ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းတွေ၊ ပညာရေး အသိပညာပေးမှုတွေကနေတစ်ဆင့် စွမ်းဆောင်ရည် မြှင့်တင်ပေးသွားမှာ ဖြစ်ပါတယ်။

    Apple Developer Academy က ဆော့ဖ်ဝဲကျောင်းသားတွေလည်း ဒီအကူအညီပေးရေးလုပ်ငန်းမှာ ပါဝင်မှာဖြစ်ပြီး အမျိုးသမီးငယ်တွေ ပညာရေးအခွင့်အလမ်း ပိုမိုရရှိရေး အထောက်အကူဖြစ်စေမယ့် အက်ပလီကေးရှင်းတွေ ရေးဆွဲပေးသွားမှာ ဖြစ်ပါတယ်။

    ရီယိုဒီဂျနေရိုးက Apple Developer Academy မှာရှိတဲ့ လူငယ် ကျောင်းသားတွေဟာ မနေ့က မာလာလာ ယူဆွဖ်ဇိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ မာလာက ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ အမျိုးသမီးငယ်တွေရဲ့ ပညာရေးအခွင့်အလမ်း တိုးတက်မြင့်မားစေရေး Malala Fund အဖွဲ့ရဲ့ ရည်မှန်းချက်တွေအကို အကောင်အ
    ထည်ဖော်ရာမှာ လူငယ် ဆော့ဖ်ဝဲပညာရှင်တွေရဲ့ အခန်းကဏ္ဍ အရေးပါမှုကို ပြောကြားခဲ့ပါတယ်။

    “ကျွန်မရဲ့ မျှော်မှန်းချက်က ရီယို ဒီဂျနေရိုးကနေ ရီယာ့ဒ်အထိ မိန်းကလေးငယ်တိုင်းဟာ သူတို့ရဲ့ ကိုယ်ပိုင်အနာဂတ်ကို ကိုယ်တိုင် လွတ်လပ်စွာ ရွေးချယ်နိုင်ဖို့ ဖြစ်ပါတယ်” လို့ မာလာလာက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Apple ဟာ ဇန်န၀ါရီလမှာ Malala Fund ရဲ့ ပထမဆုံး မိတ်ဖက်အဖွဲ့အစည်းတစ်ခု ဖြစ်ခဲ့ပါတယ်။ Apple ပါဝင်လာတာကြောင့် Malala Fund ရဲ့ Gulmakai ကွန်ယက်ဟာ လက်တင်အမေရိကနဲ့ အိန္ဒိယတို့မှာ ပညာတော်သင်ဆု အရေအတွက်ကို နှစ်ဆအထိ တိုးမြှင့်လာနိုင်ပြီး၊ လှုပ်ရှားမှုတွေကိုလည်း တိုးချဲ့ ဆောင်ရွက်လာနိုင်ခဲ့ပါတယ်။

    Ref: Khaleej Times