News @ M-Media

Blog

  • ကမ္ဘာ့အချမ်းသာဆုံးစာရင်းတွင် ဇက်ကာဘတ် အဆင့် ၃ ရောက်လာ

    ကမ္ဘာ့အချမ်းသာဆုံးစာရင်းတွင် ဇက်ကာဘတ် အဆင့် ၃ ရောက်လာ

    ဇူလိုင် ၇၊ ၂၀၁၈
    M-Media

    – Facebook ကို တည်ထောင်သူဖြစ်ပြီး စီအီးအိုလည်းဖြစ်တဲ့ မာ့ခ် ဇက်ကာဘာ့ဂ်ဟာ အသားတင် ကြွယ်ဝမှု ကန်ဒေါ်လာ ၈၁.၆ ဘီလီယံနဲ့ ကမ္ဘာ့ တတိယမြောက် အချမ်းသာဆုံး ဖြစ်လာပါတယ်။

    Bloomberg က ထုတ်ပြန်တဲ့ Billionaires Index အညွှန်းကိန်းမှာ ဇက်ကာဘာ့ဂ်ဟာ နာမည်ကြီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင် ၀ါရင် ဘက်ဖက်ထက် ဒေါ်လာ ၃၇၃ သန်း ပိုများကာ တတိယနေရာကို ရောက်လာတာဖြစ်ပါတယ်။

    အချမ်းသာဆုံးက Amazon ပိုင်ရှင် ဂျက်ဖ် ဘီဇို့စ်ဖြစ်ပြီး ကြွယ်ဝမှု ၁၄၁ ဘီလီယံရှိကာ၊ မိုက်ခရိုဆော့ဖ်ကို တည်ထောင်သူ ဘီလ်ဂိတ်က ဒုတိယနေရာမှာ ရှိနေပါတယ်။

    သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို ကာကွယ်ပေးမှု အားနည်းခဲ့တဲ့အတွက် ဝေဖန်မှုကို ခံခဲ့ရပေမယ့် အခုနှစ်အတွင်း Facebook ရဲ့ ရှယ်ယာဟာ ၁၅ ရာခိုင်နှုန်း တက်လာပါတယ်။ နည်းပညာလုပ်ငန်းတွေရဲ့ ရှယ်ယာတွေဟာ ၂၀၁၈ ခုနှစ်မှာ သိသိသာသာကို မြင့်တက်လာခဲ့ပါတယ်။

    အရင်းအနှီးဈေးကွက်ကိုသာ အဓိကအာရုံစိုက်တဲ့ ဘက်ဖက်ဟာ အခုနှစ်အစောပိုင်းမှာ Apple ရဲ့ ရှယ်ယာ ၇၅ သန်း ၀ယ်ယူခဲ့ကာ စုစုပေါင်း Apple ရှယ်ယာ ၁၆၅ သန်း ရှိလာပြီ ဖြစ်ပါတယ်။ ဘက်ဖက်ဟာ Apple ရဲ့ ရှယ်ယာတွေ ၀ယ်ယူမှုကို လွန်ခဲ့တဲ့ ၂ နှစ်ကမှ ထုတ်ဖော်ပြောဆိုခဲ့တာပါ။

    နှစ်စဉ် ပရဟိတလုပ်ငန်းတွေအတွက် ဘက်ဖက်ဟာ ဒေါ်လာ ဘီလီယံချီ လှူဒါန်းလေ့ရှိပြီး ဇက်ကာဘက်ကလည်း သူရဲ့ Facebook ရှယ်ယာ ၉၉ ရာခိုင်နှုန်းကို စွန့်လွှတ်သွားမယ်လို့ ကြေငြာထားပါတယ်။

    Ref: CNN

  • ဂျပန်ရေကြီးမှု လူ ၃၀ ကျော်သေဆုံးပြီး ပျောက်ဆုံးသူ အများအပြား ရှိနေ

    ဂျပန်ရေကြီးမှု လူ ၃၀ ကျော်သေဆုံးပြီး ပျောက်ဆုံးသူ အများအပြား ရှိနေ

    ဇူလိုင် ၇၊ ၂၀၁၈
    M-Media

    ရေကြီးမှုမြင်ကွင်း

    – ဂျပန်နိုင်ငံ အနောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပွားတာကြောင့် လူ ၂၀ လောက်သေဆုံးကာ ဒါဇင်နဲ့ချီ ပျောက်ဆုံးနေပါတယ်။

    မိုးရွာမှုကြောင့် မြေပြိုမှုတွေလည်း ဖြစ်ပွားနေပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးကြန့်ကြာနေပါတယ်။

    ဒေသခံ အာဏာပိုင်တွေက လူ ၂၀ လောက်သေဆုံးတယ်လို့ ထုတ်ပြန်ခဲ့ပေမယ့် NHK သတင်းဌာနက သေဆုံးသူ အရေအတွက်ကို ၃၈ ဦးလို့ ဖော်ပြပါတယ်။ လူပေါင်း ၁.၆ သန်းလောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ အမိန့်ထုတ်ထားတယ်လို့လည်း သတင်းဌာနက ဆိုပါတယ်။ ပျောက်ဆုံးနေသူတွေကတော့ တော်တော်များများ ရှိနေပါတယ်။

    ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ထိခိုက်ခံစားရသူတွေကို အားသွန်ခွန်စိုက် ကယ်ဆယ်ကြဖို့အတွက် ၀န်ကြီးတွေကို တိုက်တွန်းခဲ့ပါတယ်။

    လာမယ့်ရက်တွေမှာ မိုးထပ်ရွယ်မယ်လို့ ဂျပန် မိုးလေသဌာနက ခန့်မှန်းထားပြီး အစိုးရကလည်း ရေကြီးမှုတွေ ဖြစ်လာနိုင်တဲ့ ဒေသတွေမှာ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

    Ref: Aljazeera

  • တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်အတွက် နားလည်မှုစာချွန်လွှာကို နှစ်နိုင်ငံ သဘောတူ

    တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်အတွက် နားလည်မှုစာချွန်လွှာကို နှစ်နိုင်ငံ သဘောတူ

    ဇူလိုင် ၇၊ ၂၀၁၈
    M-Media

    – တရုတ်နိုင်ငံရဲ့ One Belt One Road စီမံကိန်း တစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်တစ်ခု တည်ထောင်ရေး အချက် ၁၅ ချက်ပါဝင်တဲ့ နားလည်မှု စာချွန်လွှာတစ်ခုကို နှစ်ဖက်အာဏာပိုင်တွေက သဘောတူခဲ့ကြပါတယ်။

    အဲဒီ နားလည်မှုစာချွန်လွှာကို ဖဖော်ဝါရီလ အလုပ်အဖွဲ့ဆွေးနွေးပွဲမှာ အပြီးသတ်ခဲ့ပြီးတဲ့နောက် မြန်မာအစိုးရအဖွဲ့က သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။

    စီးပွားရေးစင်္ကြန်ဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကနေ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးအထိ၊ အရှေ့ဖက်မှာ ရန်ကုန်ကနေ အနောက်ဖက် ကျောက်ဖြူ အထူးစီးပွားရေးဇုန်အထိ ရှိမှာ ဖြစ်ပါတယ်။

    နားလည်မှုစာချွန်လွှာမှာ နှစ်ဖက်အစိုးရဟာ အခြေခံ အဆောက်အဦး တည်ဆောက်မှု၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်မှု၊ စိုက်ပျိုးရေး၊ သယ်ယူပို့ဆောင်ရေး၊ ဘဏ္ဍာရေး၊ လူသားရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ဆက်သွယ်ရေး၊ သုတေသန၊ နည်းပညာတို့ အပါဝအ၀င် ကဏ္ဍအများအပြားမှာ ပူးပေါင်းဆောင်ရွက်ကာ တရုတ်-မြန်မာ စီးပွားရေး ကော်ရစ်ဒါ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ဖို့ သဘောတူခဲ့ကြတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) က ညွှန်ကြားရေးမှူး ဦးမင်းဇော်ဦးက ပြောကြားခဲ့ပါတယ်။

    “အခြေခံအဆောက်အဦး ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွေ (အထူးစီးပွားရေးဇုန်၊ ရထားလမ်း၊ ကားလမ်းနဲ့ စက်မှုဇုန်) ကို သက်ဆိုင်ရာ ၀န်ကြီးဌာနတွေက တာဝန်ယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အစိုးရ စီးပွားရေးကော်မတီအတွက် ကျွန်တော်တို့ (မြန်မာ-တရုတ်) အလုပ်အဖွဲ့တွေ၊ ပူးတွဲကော်မတီတွေ ဖွဲ့စည်းရေး အဆိုပြုဖို့ လိုပါတယ်”

    အခြေခံအဆောက်အဦး စီမံကိန်းတွေအတွက် အနိမ့်ဆုံး ဒုတိယ၀န်ကြီးအဆင့် အစည်းအစည်းအဝေးတွေ လုပ်ဖို့ လိုအပ်တယ်လို့လည်း သူက ဆိုပါတယ်။

    ၂၀၁၇ ခုနှစ် နိုဝင်ဘာလက နေပြည်တော်မှာ နိုင်ငံတော်အတိုပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီးတဲ့နောက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီက တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်တစ်ခု ဖော်ဆောင်ဖို့ အဆိုပြုခဲ့ကြောင်း ကြေငြာခဲ့ပါတယ်။

    အဲဒီ စီးပွားရေးစင်္ကြန်ဟာ One Belt One Road စီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်ကာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံရေးတို့ကို ပိုမိုအားကောင်းလာစေမယ်လို့ ၀မ်ယီက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    Ref: Irrawadday

  • IS အကြမ်းဖက်သမား ၈ ဦးကို အီရန်က ကြိုးပေးကွပ်မျက်

    IS အကြမ်းဖက်သမား ၈ ဦးကို အီရန်က ကြိုးပေးကွပ်မျက်

    ဇူလိုင် ၇၊ ၂၀၁၈
    M-Media

    IS ၏ တိုက်ခိုက်မှုကို တုန့်ပြန်နေကသည့် အီရန်စစ်သားများ

    – ၂၀၁၇ ခုနှစ်က မြို့တော် တီဟီရန်မှာရှိတဲ့ လွှတ်တော်နဲ့ အယာတိုလာ ခိုမေနီ အောက်မေ့ဖွယ် ဂူဗိမာန်တို့မှာ တိုက်ခိုက်မှုတွေ ပြလုပ်ခဲ့တဲ့ IS အဖွဲ့ဝင် ၈ ဦးကို အီရန်က မနေ့မှာ ကြိုးပေးကွပ်မျက်ခဲ့ပါတယ်။

    ဇွန်လ ၇ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ခိုက်မှုအတွင်း သေနတ်သမား ၄ ဦးဟာ အီရန်လွှတ်တော်ကို ၀င်ရောက်ကာ ပစ်ခတ်ခဲ့ပြီး၊ အသေခံဗုံးခွဲသမားတွေနဲ့ သေနတ်သမားတွေကလည်း မြို့တောင်ဘက် ဂူဗိမာန်မှာ တိုက်ခိုက်ခဲ့ကြပါတယ်။

    တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၈ ဦးသေဆုံးခဲ့ပြီး အီရန်နိုင်ငံအတွင်း IS အဖွဲ့ရဲ့ တစ်ခုတည်းသော တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။

    အီရန်ဟာ အီရတ်နဲ့ ဆီးရီးယားတို့မှာ IS အကြမ်းဖက်အဖွဲ့ကို တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ် ဇွန်လမတိုင်ခင်အထိ နိုင်ငံအတွင်း IS ရဲ့ တိုက်ခိုက်မှုတွေကို မကြုံတွေ့ခဲ့ရပါဘူး။

    အဲဒီတိုက်ခိုက်မှုအပြီးမှာ အီရန်ဟာ ဆီးရီးယားအရှေ့ပိုင်းက IS ပစ်မှတ်တွေကို ဒုံးကျည်တွေနဲ့ လက်တုန့်ပြန် တိုက်ခိုက်ခဲ့ပါတယ်။

    Ref: Aljazeera

  • စနေနေ့မနက် နိုင်ငံတကာသတင်းများ

    စနေနေ့မနက် နိုင်ငံတကာသတင်းများ

    ဇူလိုင် ၇၊ ၂၀၁၈
    M-Media

    ဖူးကတ်တွင် သင်္ဘောမှောက်သည့် မြင်ကွင်းတစ်ခု

    ဖူးကတ်တွင် သင်္ဘောမှောက်မှုကြောင့် ခရီးသွား ၃၀ ကျော်သေဆုံး
    ============
    ထိုင်းနိုင်ငံက နာမည်ကျော် ဖူးကတ်ကမ်းခြေမှာ ကြာသာပတေးနေ့က ကမ္ဘာလှည့်ခရီးသည်တွေကို တင်ဆောင်သွားတဲ့ ကြိုပို့ မော်တော်ဘုတ်တစ်စင်း နစ်မြုပ်မှုကြောင့် သေဆုံးသူဟာ ၃၇ ဦး ရှိလာပြီး ၁၈ ဦး ပျောက်ဆုံးနေပါတယ်။ မော်တော်ဘုတ်မှာ တရုတ်ခရီးသွား ၉၃ ဦး၊ ထိုင်း သင်္ဘောဝန်ထမ်းနဲ့ ခရီးသွားလမ်းညွှန် ၁၂ ဦးတို့ လိုက်ပါသွားတာပါ။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းမှာ ပါဝင်ဖို့ တရုတ်က အဖွဲ့တစ်ခု စေလွှတ်ထားပါတယ်။ မော်တော်ဘုတ် တိမ်းမှောက်ရတဲ့ အကြောင်းအရင်းကို ထိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှု ပြုလုပ်နေပါတယ်။

    စပိုက်ဒါမန်းဇာတ်ရုပ်ကို ဖန်တီးသူ အမေရိကန်အနုပညာရှင် ကွယ်လွန်
    =========
    ကမ္ဘာကျော် စပိုက်ဒါမန်း ဇာတ်ရုပ်ကို စတင်ဖန်တီးခဲ့တဲ့ အမေရိကန် အနုပညာရှင် စတီဗ် ဒစ်ကိုကို ဇွန်လ ၂၉ ရက်နေ့က နယူးယောက်မှာရှိတဲ့ သူ့ရဲ့တိုက်ခန်းမှာ သေဆုံးလျက် တွေ့ခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ အသက် ၉၀ အရွယ်ရှိနေပြီဖြစ်တဲ့ ဒစ်ကိုဟာ ၁၉၆၀ ပြည့်နှစ်တွေက Marvel Comics စာအုပ်ထုတ်ဝေရေးမှာ စတန်လီနဲ့ ပူးပေါင်းပြီး စပိုက်ဒါမန်း ကာတွန်းရုပ်ပြစာအုပ်ကို ဖန်တီးကာ နာမည်ကျော်ခဲ့သူ ဖြစ်ပါတယ်။ နောက်ပိုင်း စီအီးအိုဖြစ်လာတဲ့ လီနဲ့ သဘောထားချင်း မတိုက်ဆိုင်တာကြောင့် ၁၉၆၆ ခုနှစ်မှာ ခွဲထွက်ခဲ့ပါတယ်။ သူဟာ The Creeper နဲ့ Doctor Strange တို့လို စူပါဟီးရိုး ဇာတ်ရုပ်တွေကိုလည်း ဖန်တီးခဲ့ပါတယ်။

    တရုတ်၏ မတရားသည့် စီမံကိန်းများအကြောင်း ဘေဂျင်းသွား၍ မဟာသီဆွေးနွေးမည်
    ===========
    နောက်လ တရုတ်ပြည်သွားတဲ့အခါမှာ တရုတ်က ကျောထောက်နောက်ခံပြုထားပြီး မမျှတတဲ့ လုပ်ငန်းတွေကြောင်း အဓိကထား ဆွေးနွေးသွားမယ်လို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က မနေ့မှာ ပြောကြားလိုက်ပါတယ်။ ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်လက်ထက်က စာချုပ်ချုပ်ထားတဲ့ တရုတ်စီမံကိန်း ၃ ခုကို ရပ်ဆိုင်းကြောင်း မလေးရှားအစိုးရက အခုတစ်ပတ်မှာ ကြေငြာခဲ့ပါတယ်။ မဟာသီကတော့ အတိုးနှုန်း အလွန်အမင်း များပြားမှု အပါအ၀င် တရုတ်နဲ့ ဆွေးနွေးစရာတွေ အများအပြား ရှိနေတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဟူသီတို့၏ဒုံးကျည်ကို ပစ်ချခဲ့သည်ဟု ဆော်ဒီထုတ်ပြန်
    ================
    ဂျာဇန်မြို့ကိုဦးတည်ပြီး ယီမင်နိုင်ငံက ဟူသီသူပုန်တွေ ပစ်ခတ်ခဲ့တဲ့ ဒုံးကျည်တစ်စင်းကို ကြားဖြတ် ဟန့်တားခဲ့ရတယ်လို့ ဆော်ဒီက မနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ လူစည်ကားရာနေရာကို ပစ်မှတ်ထားခဲ့တာဖြစ်ပြီး ဒါဟာ အီရန်က ဟူသီတွေကို ဆက်လက် ကူညီအားပေးနေတယ်ဆိုတာကို ပြသနေတာဖြစ်ကြောင်း ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ကာနယ် တာရ်ကီ အလ်-မာလီကီက ပြောကြားခဲ့ပါတယ်။ မဟာမိတ်တပ်ဖွဲ့ဟာ ဟူသီတွေနဲ့ စစ်ဖြစ်နေတဲ့ ယီမင်အစိုးရကို ပံ့ပိုးကူညီနေတာ ဖြစ်ပါတယ်။

    Ref: CNA, Aljazeera, BBc