News @ M-Media

Blog

  • ဒုတိယမြောက် ငလျင်ဆိုင်ရာဖိုရမ် ရန်ကုန်တွင် ကျင်းပ

    ဒုတိယမြောက် ငလျင်ဆိုင်ရာဖိုရမ် ရန်ကုန်တွင် ကျင်းပ

    ဇူလိုင် ၁၂၊ ၂၀၁၈
    M-Media

    ၂၀၁၁ ခုနှစ်တွင် ရှမ်းပြည်နယ်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်မြင်ကွင်း

    – လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက ဦးစီးကျင်းပတဲ့ ဒုတိယအကြိမ်မြောက် ငလျင်ဆိုင်ရာ ဖိုရမ်ကို ဒီကနေ့ ရန်ကုန်မြို့မှာ စတင်ကျင်းပခဲ့ပါတယ်။

    ၂ ရက်တာကြာမြင့်မယ့် ဒီဖိုရမ်မှာ ငလျင်ဆိုင်ရာ ပြင်ဆင်မှုနဲ့ တုန့်ပြန်မှုတွေအကြောင်း ပြည်သူတွေကို အသိပညာပေးမှု တိုးမြှင့်လုပ်ဆောင်ရေးကိစ္စ ဆွေးနွေးကာ ငလျင်ဆိုင်ရာ သတင်းအချက်အလက်တွေကို မျှဝေသွားမှာ ဖြစ်ပါတယ်။

    ယခုနှစ်အတွင်း မြန်မာနိုင်မှာ အငယ်စားငလျင်တွေ မကြာခဏ လှုပ်ခတ်ခဲ့ပါတယ်။ အင်အားပြင် ငလျင်တွေ လှုပ်ခတ်လာရင် အရေးပေါ် စီမံခန့်ခွဲမှု၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ အလျင်အမြန် လုပ်ဆောင်မှုကနေဆင့် ထိခိုက်ပျက်ဆီးမှု နည်းနိုင်သမျှ နည်းစေရေး ပြင်ဆင်ထားကြဖို့ ပညာရှင်တွေက တိုက်တွန်းခဲ့ကြပါတယ်။

    မြန်မာနိုင်ငံမှာ ငလျင်ပြတ်ရွေ့ကြောတွေ အမြောက်အများ ရှိနေပြီး စစ်ကိုင်း၊ ကျောက်ကြမ်း၊ အနောက်ပဲခူးရိုးမ စတာတွေက ထင်ရှားပါတယ်။

    ၁၉၁၂ ခုနှစ် ရှမ်းပြည်နယ် ကျောက်ကြမ်း ပြတ်ရွေ့ကြောတစ်လျှောက် ပြင်းအား ၈.၂ မဂ္ဂနီကျုရှိတဲ့ ငလျင်ဟာ အကြီးမားဆုံး ဖြစ်ပါတယ် ၂၀၁၆ ခုနှစ် ဧပြီနဲ့ သြဂုတ်လမှာ စစ်ကိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်မှာ ၆.၈ မဂ္ဂနီကျု ပြင်းအားရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကာ အိမ်တွေ၊ စေတီပုထိုးတွေ ပျက်ဆီးခဲ့ပါတယ်။

    အခုနှစ် ဇန်န၀ါရီလက ပဲခူးတိုင်းဒေသကြီး ဖြူးမြို့မှာ ပြင်းအား ၆.၀ မဂ္ဂနီကျုရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါတယ်။

    Ref: Xinhua

  • ဘော့စနီးယား လူမျိုးတုန်းသတ်ဖြတ်မှုအကြောင်း တစ်စေ့တစ်စောင်း (မြန်မာစာတမ်းထိုး)

    ဇွန် ၁၂၊ ၂၀၁၈
    M-Media

    – ယူဂိုဆလားဗီယား ပြိုကွဲပြီးတဲ့နောက် ဆာ့ဘ်လူမျိုးကြီးဝါဒီတွေဟာ ဘော့စနီးယားက ဘော့စနီးယက်တွေ (ဘော့စနီးယား မွတ်စလင်တွေ)နဲ့ ခရိုအက်လူမျိုးတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဟာ ၂၃ နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

    ဘော့စနီးယားစစ်ပွဲနဲ့ လူမျိုးတုန်းသတ်ဖြတ်မှု အကျဉ်းချုပ်ကို M-Media ပရိတ်သတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

    Source – Aljazeera

  • ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီနှစ်ခုက ဘင်္ဂလားဒေ့ရှ်တွင် ဒေါ်လာ ၃ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်

    ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီနှစ်ခုက ဘင်္ဂလားဒေ့ရှ်တွင် ဒေါ်လာ ၃ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်

    ဇူလိုင် ၁၂၊ ၂၀၁၈
    M-Media

    – ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီနှစ်ခုဖြစ်တဲ့ General Electric နဲ့ Mitsubishi Corporation တို့က သူတို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ စွမ်းအင်ကဏ္ဍတွေမှာ ကန်ဒေါ်လာ ၃ ဘီလီယံ ရင်းနှီးမြှုပ်နှံဖို့ သဘောတူညီချက် ရရှိခဲ့တယ်လို့ မနေ့မှာ ကြေငြာလိုက်ပါတယ်။

    ဒီကုမ္ပဏီနှစ်ခုဟာ ဘင်္ဂလားဒေ့ရှ် ပြည်တွင်းကုမ္ပဏီ Summit နဲ့ ပူးပေါင်းကာ မီဂါဝပ် ၆၀၀ စီ ထုတ်လုပ်နိုင်မယ့် ဓာတ်အားပေးစက်ရုံ ၄ ခု၊ သဘာဝဓာတ်ငွေ့နဲ့ ဓာတ်ငွေ့အရည်တို့ သိမ်းဆည်းတင်ပို့နိုင်မယ့် သိုလှောင်ကန်တစ်ခုစီ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။

    ရှယ်ယာကို Summit က ၅၅ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး Mitsubishi က ၂၅ ရာခိုင်နှုန်း GE က ၂၀ ရာခိုင်နှုန်း ပိုင်ဆိုင်မှာ ဖြစ်ပါတယ်။

    ဒီကုမ္ပဏီ ၃ ခုဟာ မနေ့က နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

    Summit Group ရဲ့ ဥက္ကဌဖြစ်သူ မိုဟာမက် အဇစ်ခန်းက စီမံကိန်းကို လာမယ့်နှစ်မှာ စတင်မှာဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာ ပြီးဆုံးမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒီစီမံကိန်းမှာ ကမ္ဘာ့ အထိရောက်ဆုံး၊ ပတ်ဝန်းကျင်နဲ့ သဟဇာတအဖြစ်ဆုံး နည်းပညာကို အသုံးပြုသွားမှာ ဖြစ်ပါတယ်”

    ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ၃၀ ရာခိုင်နှုန်းနီးပါးဟာ လျှပ်စစ်ဓာတ်အား အသုံးပြုနိုင်ခြင်း မရှိသေးပါဘူး။

    GE Power ကုမ္ပဏီရဲ့ ဥက္ကဌနဲ့ စီအီးအိုဖြစ်သူ ရက်ဆဲလ် စတုတ်က သူတို့ရဲ့ ဒီစီမံကိန်းဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ ဓာတ်အား ထုတ်လုပ်နိုင်စွမ်းကို မကြုံစဖူး အဆင့်အထိရောက်အောင် ဖွံ့ဖြိုးစေမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Alarabiya

  • အာဖဂန်တည်ငြိမ်အေးချမ်းရေးဆိုင်ရာ အစ္စလာမ့် ဓမ္မပညာရှင်များညီလာခံ ဂျစ်ဒါတွင်ကျင်းပ

    အာဖဂန်တည်ငြိမ်အေးချမ်းရေးဆိုင်ရာ အစ္စလာမ့် ဓမ္မပညာရှင်များညီလာခံ ဂျစ်ဒါတွင်ကျင်းပ

    ဇူလိုင် ၁၂၊ ၂၀၁၈
    M-Media

    အစည်းအဝေးသို့ တက်ရောက်လာသည့် ပညာရှင်

    – အာဖဂန်နစ္စတန်နိုင်ငံ တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကမ္ဘာ့ အစ္စလာမ့်ဓမ္မပညာရှင်များ ညီလာခံကို ဆော်ဒီအာရေဗျနိုင်ငံ ဂျစ်ဒါမြို့မှာ အခုတစ်ပတ် အစောပိုင်းမှာ ကျင်းပခဲ့ပါတယ်။

    ၂ ရက်တာကြာမြင့်ခဲ့တဲ့ အဲဒီအစည်းအဝေးမှာ ပညာရှင်တွေက အာဖဂန်မှာ ဂိုဏ်းဂနတွေကွဲပြီး တိုက်ခိုက်နေတာတွေကို ရှုတ်ချခဲ့ကာ အပစ်ရပ်ရေးနဲ့ ငြိမ်းချမ်းရေး ဆောင်ရွက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

    တာလီဘန်ကို နိုင်ငံရေးအသင်းအဖွဲ့တစ်ခုအဖြစ် အသိအမှတ်ပြုပြီး၊ ခြွင်းချက်မဲ့ ညှိနှိုင်းဆွေးနွေးမှုလုပ်ဖို့ အာဖဂန်အစိုးရရဲ့ ကမ်းလှမ်းမှုကို ပညာရှင်တွေက ချီးကျူးခဲ့ပါတယ်။ အစည်းအဝေး ဖြစ်မြောက်ရေး စီစဉ်ခဲ့ကြတဲ့ အာဖဂန် အစ္စလာမ့်ဓမ္မပညာရှင်တွေကိုလည်း တက်ရောက်လာသူတွေက ဂုဏ်ပြုခဲ့ကြပါတယ်။

    ညီလာခံကို ကမ္ဘာတစ်ဝှမ်းက အစ္စလာမ့်ဓမ္မပညာရှင်ပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။

    “စစ်ပွဲ၊ သတ်ဖြတ်မှု၊ အကြမ်းဖက်မှု၊ သွေးကွဲမှုတွေကို အခုအချိန်အထိ ခံစားနေရတဲ့ အစ္စလာမ့်ရှေးဟောင်းနိုင်ငံမှာ အစ္စလာမ့်ရေးရာ ပြန်လည်ရင်ကြားစေ့ရေး ဆောင်ရွက်ဖို့၊ ပြဿနာတွေကို ပူးပေါင်းဖြေရှင်းရေးဆီကို ရောက်လာဖို့အတွက် ကမ္ဘာတစ်ဝှမ်းက မွတ်စလင်ပညာရှင်ပေါင်း ၁၀၀ ကျော် တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်” လို့ OIC အတွင်းရေးမှူး ဒေါက်တာ ယူဆက်ဖ် ဘင် အဟ်မဒ် အလ်-အိုသိုင်မန်က ပြောကြားခဲ့ပါတယ်။

    အစည်းအဝေးမှာ ပညာရှင်တွေဟာ အာဖဂန်က အုပ်စုတွေအကြား ဆွေးနွေးညှိနှိုင်းမှုကနေတစ်ဆင့် ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းမှုဖော်ဆောင်ရေး ဆွေးနွေးခဲ့ကြပါတယ်။ နိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ၊ အစွန်းရောက်ဝါဒ၊ အကြမ်းဖက်ဝါဒတွေဟာ အစ္စလာမ်သာသနာနဲ့ ဆန့်ကျင်တဲ့ လုပ်ရပ်တွေ ဖြစ်တယ်လို့လည်း ဓမ္မပညာရှင်တွေက တစ်ညီတစ်ညွတ်တည်း ပြောကြားခဲ့ပါတယ်။

    အာဖဂနစ္စတန် တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ‘မက္ကာ သဘောတူညီချက်’ ကို ပညာရှင်တွေက လက်မှတ်ရေးထိုးကာ အစည်းအဝေးကို မနေ့မှာ အဆုံးသတ်ခဲ့ကြပါတယ်။

    ညီလာခံကို တက်ရောက်လာတဲ့ ပညာရှင်တွေကို ဆော်ဒီဘုရင် ဆလ်မန်က မနေ့မှာ တွေ့ဆုံခဲ့ပြီး ချီးကျူးစကား ပြောကြားခဲ့ပါတယ်။

    Ref: Arab News

  • အိန္ဒိယ အမျိုးသားနိုင်ငံရေးသမားတစ်ဦး မုဒိမ်းမှုဖြင့် တရားစွဲခံရ

    အိန္ဒိယ အမျိုးသားနိုင်ငံရေးသမားတစ်ဦး မုဒိမ်းမှုဖြင့် တရားစွဲခံရ

    ဇူလိုင် ၁၂၊ ၂၀၁၈
    M-Media

    တရားရုံးသို့ ရောက်လာသည့် ဆန်ဂါ

    – အမျိုးသမီးငယ်တစ်ယောက်ကို အဓမ္မပြုကျင့်မှုနဲ့ အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP က နိုင်ငံရေးသမားတစ်ယောက်ကို အိန္ဒိယရဲတပ်ဖွဲ့က တရားစွဲဆိုလိုက်ပါတယ်။

    ကူလ်ဒီပ် ဆင်း ဆန်ဂါဖြစ်ပြီး ၂၀၁၇ ခုနှစ်က အူတာပရာဒက်ရှ်ပြည်နယ်မှာ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်တစ်ယောက်ကို အဓမ္မပြုကျင့်ခဲ့တာ ဖြစ်ပါတယ်။ ဆန်ဂါဟာ BJP ပါတီက သြဇာရှိတဲ့ ပြည်နယ်လွှတ်တော်အမတ်လည်း ဖြစ်ပါတယ်။

    ဒီအမှုကို ရဲတပ်ဖွဲ့နဲ့ နိုင်ငံရေးသမားတွေက ဖုံးကွယ်ခဲ့ကြပြီး အဓမ္မပြုကျင့်ခံရသူရဲ့ ဖခင်ဖြစ်သူဟာ အမှုမှန်ပေါ်ပေါက်ရေး ကြိုးစားရင်း အဖမ်းခံရကာ အချုပ်ထဲမှာ အရိုက်ခံရတဲ့ ဒဏ်ရာတွေကြောင့် သေဆုံးသွားခဲ့ပါတယ်။

    အဓမ္မကျင့်ခံရသူ အမျိုးသမီးငယ်က ဧပြီလမှာ သူ့ကိုယ်သူ မီးရှို့သတ်သေဖို့ ကြိုးစားခဲ့ပြီးတဲ့နောက် ဒီအမှုကို လူတွေက အာရုံစိုက်လာခဲ့ပြီး ရဲတပ်ဖွဲ့က ဆန်ဂါကို ဖမ်းဆီးခဲ့ပါတယ်။

    အိန္ဒိယ ထောက်လှမ်းရေးအဖွဲ့ CBI က ပြောရေးဆိုခွင့်ရှိသူ အဘီရှက် ဒါယာလ်က ဆန်ဂါကို အဓမ္မမှု၊ ပူးပေါင်းကြံစည်မှု၊ အသက်မပြည့်သေးသူအပေါ် လိင်စော်ကားမှုတွေနဲ့ တရားစွဲဆိုတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အဓမ္မပြုကျင့်ခံရသူရဲ့ ဖခင်ကို သတ်ဖြတ်မှုအတွက် ဆန်ဂါရဲ့ညီနဲ့ အခြား ၄ ဦးကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီး တရားစွဲဆိုထားပါတယ်။

    အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP က ပါတီဝင်တွေ၊ နိုင်ငံရေးသမားတွေ ရာဇ၀တ်မှု ကျူးလွန်တဲ့အခါ အရေးယူခံရမှုကနေ လွတ်ကင်းနေလေ့ရှိပြီး မေလတုန်းကလည်း ဂျာမူးဒေသမှာ မိန်းကလေးငယ်တစ်ဦးကို ဟိန္ဒူအစွန်းရောက်အုပ်စုက ဖမ်းဆီးကာ အုပ်စုဖွဲ့အဓမ္မပြုကျင့်မှု ကျူးလွန်တဲ့သူတွေကို BJP ပါတီဝင်တွေက ကာကွယ်ပေးမှုကြောင့် ပြည်သူတွေက ဝေဖန်ရှုတ်ခဲ့ကြပါတယ်။

    Ref: Alarabiya