News @ M-Media

Blog

  • သောကြာနေ့ ကမ္ဘာ့ဖလားသတင်းများ

    သောကြာနေ့ ကမ္ဘာ့ဖလားသတင်းများ

    ဇူလိုင် ၆၊ ၂၀၁၈
    M-Media

    ဂူထဲတွင် ပိတ်မိနေသည့် ထိုင်းလူငယ် ဘောလုံးအသင်း

    အခွင့်အရေးကို အမိအရဖမ်းဆုပ်ရန် အင်္ဂလန်နည်းပြ တိုက်တွန်း
    =============
    ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်တာဟာ ရတောင့်ရခဲ အခွင့်အရေးတစ်ခု ဖြစ်ပြီး အမိအရ ဆုပ်ကိုင်ကြဖို့ အင်္ဂလန်နည်းပြ ဆောက်ဂိတ်က အသင်းသားတွေကို တိုက်တွန်းလိုက်ပါတယ်။ အင်္ဂလန်ဟာ ကွာတားဖိုင်နယ်အဖြစ် မနက်ဖြန်မှာ ဆွီဒင်နဲ့ ကစားရမှာဖြစ်ပြီး ၂၀၀၆ ခုနှစ်နောက်ပိုင်း အင်္ဂလန်အသင်းရဲ့ ပထမဆုံး ကမ္ဘာ့ဖလား ကွားတားဖိုင်နယ် ဖြစ်ပါတယ်။ ဆောက်ဂိတ်က အသင်းဟာ ၂ နှစ်အတွင်းမှာ ပိုကောင်းလာမှာ ဖြစ်ပေမယ့် ဒီလိုအခွင့်အရေးမျိုး ထပ်မရနိုင်ဘူးလို့ ဆိုပါတယ်။ အင်္ဂလန်ဟာ အနိုင်ရရင် ရုရှား ဒါမှမဟုတ် ခရိုအေးရှားနဲ့ ဆီမီးဖိုင်နယ် ကစားရမှာ ဖြစ်ပါတယ်။

    ဂူထဲတွင် ပိတ်မိသည့် ထိုင်းကလေးများကို ကမ္ဘာ့ဖလား ဗိုလ်လုပွဲကြည့်ရန် ဖီဖာ ကမ်းလှမ်း
    ==========
    ထိုင်း-မြန်မာ နယ်စပ်က ဂူထဲမှာ ပိတ်မိနေတဲ့ ဘောလုံးသမား လူငယ် ၁၂ ဦးနဲ့ နည်းပြတို့ကို ကမ္ဘာ့ဖလားဗိုလ်လုပွဲ လာရောက်ကြည့်ရှုဖို့အတွက် ဖီဖာဥက္ကဌ ဂီယန်နီ အင်ဖန်တီနိုက ဖိတ်ကြားလိုက်ပါတယ်။ သူတို့အဖွဲ့ဟာ ၁၀ ရက်ကြာ ဂူထဲမှာ ပိတ်မိနေခဲ့ပြီးတဲ့နောက် တနင်္လာနေ့မှာ ပြန်တွေ့ခဲ့တာ ဖြစ်ပါတယ်။

    ထိုင်းဘောလုံးအဖွဲ့ချုပ်ကို ပေးပို့တဲ့ အင်ဖန်တီနိုရဲ့စာမှာ ဒီကလေးတွေကို ပြန်တွေ့တဲ့အတွက် စိတ်သက်သာရ ရခဲ့ကြောင်း၊ မိမိရဲ့ ဒီစာဟာ ဒီကလေးတွေအတွက် အားတစ်ခု ဖြစ်စေမယ်လို့ မျှော်လင့်ကြောင်း၊ သူတို့လေးတွေသာ ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို လာကြည့်နိုင်မယ်ဆိုရင် အမှတ်ရစရာ အချိန်တစ်ခု ဖြစ်လာမှာဖြစ်ကြောင်း ရေးသားဖော်ပြထားပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေက အားသွန်ခွန်စိုက် ကြိုးစားနေပေမယ့် အခုရက်ပိုင်းအတွင်း ကလေးငယ်တွေ အပြင်ရောက်ဖို့ အလားအလာ နည်းနေပါတယ်။

    အာဖရိကအသင်းများ ကျရှုံးမှုအတွက် ဘောလုံးအဖွဲ့ချုပ်များကို ယာယာတိုးယေး အပြစ်တင်
    ==========
    ကမ္ဘာ့ဖလားမှာ အာဖရိကအသင်းတွေ အခြေအနေဆိုးရွားရခြင်းဟာ ဘောလုံးအဖွဲ့ချုပ်တွေရဲ့ အပြစ်ကြောင့်ဖြစ်တယ်လို့ အိုက်ဗရီကို့စ်ကွင်းလယ်လူ ယာယာတိုးယေးက ပြောကြားလိုက်ပါတယ်။ ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားဟာ အာဖရိကအသင်းတွေရဲ့သမိုင်းမှာ အဆိုးဝါးဆုံးဖြစ်ပြီး အီဂျစ်၊ မော်ရိုကို၊ တူနီးရှား၊
    နိုက်ဂျီးရီးယားနဲ့ ဆီနီဂေါလ် ၅ သင်းစလုံး အုပ်စုကနေ လှည့်ပြန်ခဲ့ရပါတယ်။ တိုးယေးက အာဖရိက ဘောလုံးအဖွဲ့ချုပ်တွေအနေနဲ့ ဆင်ခြေဆင်လက်တွေ ပေးနေမယ့်အစား အပြောနဲ့အလုပ်ညီအောင် ဆောင်ရွက်ဖို့လိုကြောင်း ထောက်ပြခဲ့ပါတယ်။

    Ref: Goal, BBC

  • အမေရိကန်နှင့် တရုတ် ကုန်သွယ်ရေးစစ်ပွဲ စတင်

    အမေရိကန်နှင့် တရုတ် ကုန်သွယ်ရေးစစ်ပွဲ စတင်

    ဇူလိုင် ၆၊ ၂၀၁၈
    M-Media

    – တရုတ်နိုင်ငံက အမေရိကန် ကုန်ပစ္စည်းတွေအပေါ် တန်ပြန်အခွန်ကောက်မယ်လို့ ဒီကနေ့မှာ ကြေငြာလိုက်တာကြောင့် ကမ္ဘာ့ စီးပွားရေးအင်အားကြီး နိုင်ငံနှစ်ခုအကြား ကုန်သွယ်ရေးစစ်ပွဲ စတင်လာပြီ ဖြစ်ပါတယ်။

    အမေရိကန်ဟာ တရုတ်ကသွင်းတဲ့ ကုန်ပစ္စည်း ကန်ဒေါ်လာ ၃၄ ဘီလီယံဖိုးအပေါ် အခွန်တိုးကောက်မယ်လို့ ကြေငြာပြီး နာရီပိုင်းအကြာမှာပဲ တရုတ်က ဒီလို တုန့်ပြန်လိုက်တာပါ။

    တရုတ် ကုန်သွယ်ရေးဝန်ကြီးဌာနက အမေရိကန်ရဲ့ ဒီလုပ်ရပ်ဟာ မဖြစ်မနေတုန့်ပြန်ဖို့ လိုအပ်လာလိမ့်မယ်လို့ စောစောပိုင်းက ပြောကြားခဲ့ပါတယ်။

    တရုတ်က အခွန်တိုးကောက်မယ့် အမေရိကန်ကုန်ပစ္စည်းတွေထဲမှာ ပုဇွန်၊ ပဲပိစပ်၊ လျှပ်စစ်ကားနဲ့ လယ်ယာသုံး စက်ကိရိယာတွေ ပါဝင်ပြီး ၂၅ ရာခိုင်နှုန်းအထိ တိုးကောက်မှာ ဖြစ်ပါတယ်။

    တရုတ်ဝန်ကြီးချုပ် လီကီကျန်းက ဒီလို ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုတွေကြောင့် ဘယ်သူမှ အမြတ်ထွက်မှာမဟုတ်ဘူးလို့ သတိပေးထားပါတယ်။

    အမေရိကန်ရဲ့ ဒီလုပ်ရပ်ဟာ ကမ္ဘာ့ ကုန်သွယ်ရေးစည်းမျဉ်းတွေကို ချိုးဖောက်တာဖြစ်ပြီး စီးပွားရေးသမိုင်းမှာ အကြီးမားဆုံး ကုန်သွယ်ရေးစစ်ပွဲကို စတင်လိုက်တာဖြစ်တယ်လို့ တရုတ် စီးပွားကူးသန်း ၀န်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

    တရုတ် နိုင်ငံပိုင်သတင်းဌာန Xinhua က အမေရိကန်ဟာ တရုတ်အပေါ် ကုန်သွယ်ရေးအရ အနိုင်ကျင့်တာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

    အမေရိကန်က အခွန် ၂၅ ရာခိုင်နှုန်းအထိ တိုးကောက်မယ့် တရုတ်သွင်းကုန်တွေမှာ မော်တော်ယာဉ်၊ ကွန်ပျူတာ Hard Disk တွေ၊ ရေစုပ်စက်အစိတ်အပိုင်းတွေ၊ ပရင်တာနဲ့ အခြား စက်မှုဆိုင်ရာ ပစ္စည်းတွေ ပါဝင်ပါတယ်။

    Ref: Ajazeera

  • ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း ခြစားမှုဖြင့် ထောင် ၁၀ နှစ်ချခံရ

    ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း ခြစားမှုဖြင့် ထောင် ၁၀ နှစ်ချခံရ

    ဇူလိုင် ၆၊ ၂၀၁၈
    M-Media

    ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း နာဝက်ဇ်ရှရစ်ဖ်

    – ၀န်ကြီးချုပ်ဟောင်း နာဝဇ်ရှရစ်ဖ်ကို ခြစားမှုနဲ့ အပြစ်ရှိတယ်ဆို့ ဆုံးဖြတ်ပြီး ပါကစ္စတန် ခြစားမှုတိုက်ဖျက်ရေးခုံရုံးက ဒီကနေ့မှာ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ပါတယ်။

    ၂၀၁၆ ခုနှစ်က ပေါက်ကြားခဲ့တဲ့ ‘Panama Papers’ အရ ရှရစ်ဖ်နဲ့ သူ့မိသားစုဟာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး အကြီးအကျယ် လာဘ်စားခဲ့တယ်လို့ တွေ့ခဲ့ရပြီးနောက်ပိုင်း ရှရစ်ဖ်ဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာ ၀န်ကြီးချုပ်အဖြစ်ကနေ ထုတ်ပယ်ခံခဲ့ရပြီး တရားရုံးချုပ်ကလည်း သူနဲ့ သူမိသားစုကို စုံစမ်းစစ်ဆေးဖို့အတွက် ခြစားမှုတိုက်ဖျက်ရေးအဖွဲ့ကို အမိန့်ပေးခဲ့ပါတယ်။

    ရှရစ်ဖ်ကိုဆွဲတဲ့အမှုဟာ လန်ဒန်က တိုက်ခန်း ၄ ပိုင်ဆိုင်မှုနဲ့ ဆက်နွယ်နေပြီး ၀န်ကြီးချုပ်တာဝန်ထမ်းဆောင်စဉ် ၂၀၀၇ ခုနှစ်က မသမာတဲ့နည်းလမ်းနဲ့ ရယူခဲ့တာ ဖြစ်ပါတယ်။

    တရားသူကြီး မိုဟာမက် ဘရှီးရှ်က ထောင်ဒဏ် ၁၀ နှစ်အပြင် ဒဏ်ငွေ ကန်ဒေါ်လာ ၁၀.၅ သန်း ပေးဆောင်ဖို့လည်း အမိန့်ချခဲ့ပါတယ်။

    ရှရစ်ဖ်ရဲ့ သမီးဖြစ်သူ နိုင်ငံရေးသမား မရ်ယမ်လည်း ခြစားမှုအတွက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရပြီး ထောင်ဒဏ် ၇ နှစ်နဲ့ ဒဏ်ငွေ ဒေါ်လာ ၂.၆ သန်း ပေးဆောင်ဖို့ အမိန့်ချမှတ်ခံခဲ့ရပါတယ်။ သူမရဲ့ခင်ပွန်း မိုဟာမက် ဆက်ဖ်ဒါရ်က ထောင်ဒဏ်တစ်နှစ် ချမှတ်ခံခဲ့ရပါတယ်။

    ဒီပြစ်ဒဏ်တွေကြောင့် သူတို့ ဇနီးမောင်နှံနှစ်ဦးစလုံးဟာ မကြာခင်ကျင်းပတော့မယ့် ရွေးကောက်ပွဲမှာ ၀င်ရာက်ယှဉ်ပြိုင်ခွင့်ရတော့မှာ မဟုတ်ပါဘူး။

    လန်ဒန်က သူတို့တိုက်ခန်းတွေကိုတော့ သိမ်းဆည်းကာ ပါကစ္စတန်အစိုးရထံလွှဲပြောင်းဖို့ တရားသူကြီးက ဆုံးဖြတ်ခဲ့ပါတယ်။

    နာဝက်ဇ် ရှရစ်ဖ်ရဲ့ ညီဖြစ်ပြီး လက်ရှိ PML-N ပါတီရဲ့ ဥက္ကဌလည်းဖြစ်တဲ့ ရှဟ်ဘက်ဇ် ရှရစ်ဖ်က ဒီပြစ်ဒဏ်ကို လက်မခံကြောင်း၊ ဥပဒေကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌာန်းချက်တွေနဲ့အညီ ဆန့်ကျင်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    ရှရစ်ဖ်ဟာ ဒီနေ့ဆုံးဖြတ်ချက်အတွက် တရားရုံးချုပ်ကို အယူခံဝင်ဖို့ ရှိနေပါတယ်။

    Ref: Aljazeera

  • ချင်းလူမျိုးများကို ဒုက္ခသည်အဖြစ်သတ်မှတ်မှု ကုလ ရပ်ဆိုင်းမည်

    ချင်းလူမျိုးများကို ဒုက္ခသည်အဖြစ်သတ်မှတ်မှု ကုလ ရပ်ဆိုင်းမည်

    ဇူလိုင် ၆၊ ၂၀၁၈
    M-Media

    မလေးရှားရှိ ချင်းလူမျိုးများ ဆန္ဒပြမှု မြင်ကွင်း

    – ချင်းပြည်နယ်မှာ အခြေအနေတွေဟာ တည်ငြိမ်ပြီး လုံခြုံလာတာကြောင့် ချင်းလူမျိုးတွေကို ဒုက္ခသည်အဖြစ် သတ်မှတ်မှုကို ရပ်ဆိုင်းသွားမယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ပြီးခဲ့တဲ့တစ်ပတ်မှာ ကြေငြာခဲ့ပြီး ချင်းလူမျိုးတွေကတော့ ဒါကို ကန့်ကွက်ခဲ့ပါတယ်။

    မလေးရှားနိုင်ငံမှာရှိတဲ့ UNHCR အဖွဲ့က သူတို့ဟာ သြဂုတ်လကစပြီး ချင်းလူမျိုးတွေကို ဒုက္ခသည်အဆင့်ကနေ ပယ်ဖျက်တော့မယ်လို့ ဇွန်လ ၁၃ ရက်နေ့မှာ ကြေငြာခဲ့ပါတယ်။ ချင်းလူမျိုးတွေဟာ မလေးရှားမှာ ဒုတိယအများဆုံး ဒုက္ခသည်အုပ်စု ဖြစ်ပါတယ်။

    ချင်းလူမျိုးတွေကတော့ UNHCR ရဲ့ ဒီကြေငြာချက်ကို ကန့်ကွက်ခဲ့ပြီး ဇွန်လ ၂၉ ရက်နေ့က UNHCR ရုံးရှေ့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ပါတယ်။ ဆန္ဒပြမှုကို ချင်းဒုက္ခသည်များ မဟာမိတ်အဖွဲ့ ACR က ဦးဆောင်တာဖြစ်ပြီး ကျောင်းသားကလေးငယ်တွေလည်း ပါဝင်ပါတယ်။

    “ကျွန်တော်တို့ဟာ ဒုက္ခသည်တွေဖြစ်ပြီး ရွှေ့ပြောင်းလုပ်သားတွေ မဟုတ်ပါဘူး။ နောက်တစ်ပတ်မှာ ကမ္ဘာလုံးဆိုင်ရာ ဒုက္ခသည်များအစည်းအဝေး ကျင်းပဖို့ ရှိနေပြီး ကျွန်တော်တို့အခြေအနေကို သူတို့ အာရုံစိုက်လာစေဖို့ ဒီဆန္ဒပြမှုကို ပြုလုပ်တာဖြစ်ပါတယ်” လို ACR အဖွဲ့ရဲ့ ညှိနှိုင်းဆွေးနွေးရေးမှူး James Bawi Thang Bik က ပြောကြားခဲ့ပါတယ်။

    UNHCR ကတော့ မြန်မာနိုင်ငံ ချင်းပြည်နယ်က နိုင်ငံရေ၊ လူမှုရေး၊ လုံခြုံရေးဆိုင်ရာ တိုးတက်မှုတွေကို သုံးသပ်ခဲ့ပြီး ရေရှည်တည်တံ့မယ့် အနေအထားကို မြင်နေရတဲ့အတွက် ဒီလို ဆုံးဖြတ်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ချင်းဒုက္ခသည်တွေဟာ မြန်မာအစိုးရရဲ့ ကာကွယ်ပေးမှုကို ရရှိကာ အန္တရာယ်ကင်းမှာ ဖြစ်တဲ့အတွက် UNHCR ရဲ့ ကာကွယ်ပေးမှုကို မလိုအပ်တော့ဘူးလို့ UNHCR က ယူဆပါတယ်”

    သြဂုတ်လကစလို့ UNHCR မှာ သက်တမ်းလာတိုတဲ့ ချင်းဒုက္ခသည်တွေအနေနဲ့ အင်တာဗျူးဖြေစရာမလိုဘ ၂၀၁၉ ခုနှစ် ဒီဇင်ဘာအထိ ဒုက္ခသည်ကဒ်ကို သက်တမ်းတိုးပေးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၂၀ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့ကနေစပြီး ဒီကဒ်တွေရဲ့ အကျုံးဝင်မှုကို ရပ်ဆိုင်းမှာဖြစ်ပြီး နောက်ထပ် ထုတ်ပေးမှာ မဟုတ်တော့ပါဘူး။

    ဒီဆုံးဖြတ်ချက်ဟာ တစ်ကမ္ဘာလုံးနဲ့ သက်ဆိုင်တဲ့အတွက် မလေးရှား၊ ထိုင်းနဲ့ အိန္ဒိယတို့က ချင်းဒုက္ခသည်တွေအပေါ် သက်ရောက်မှုရှိမှာ ဖြစ်ပါတယ်။

    Ref: The Star

  • ပိတ်မိ ထိုင်းကလေးများအား ကယ်ဆယ်ရင်း ရေတပ်သားဟောင်း သေဆုံး

    ပိတ်မိ ထိုင်းကလေးများအား ကယ်ဆယ်ရင်း ရေတပ်သားဟောင်း သေဆုံး

    ဇူလိုင် ၆၊ ၂၀၁၈
    M-Media

    သေဆုံးသွားသည့် ထိုင်းရေတပ်သားဟောင်း ဆာမန် ဂူနန်

    – ထိုင်း-မြန်မာနယ်စပ်က ထမ်လွန်ဂူထဲမှာ ပိတ်မိနေတဲ့ ကလေး ငယ် ၁၂ ယောက်နဲ့ နည်းပြည်တို့ကို ကယ်ထုတ်ရေးလုပ်ငန်းမှာ ထိုင်းရေတပ်က ရေငုပ်သမားတစ်ဦး သေဆုံးသွားခဲ့ပါတယ်။

    ဆာမန် ဂူနန်ဆိုသူဖြစ်ပြီး ဂူအတွင်း အောက်ဆီဂျင်ဘူး သွားပို့ပြီး ပြန်အထွက်မှာ အောက်ဆီဂျင်ပြတ်ကာ မေ့မြောသွားခဲ့တာ ဖြစ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေက ရှေးဦးသူနာပြုနည်းနဲ့ ကုသပေးခဲ့ပေမယ့် သတိပြန်မလည်လာတော့ပါဘူး။

    ကလေးငယ်တွေ ရောက်ရှိနေတဲ့ နေရာဟာ ဂူအတွင်းပိုင်း တော်တော်ကျပြီး ပုံမှန်အားဖြင့် အောက်ဂျီဂျင် ၂၁ ရာခိုင်နှုန်း ရှိပေမယ့် အခုအချိန်မှာ ၁၅ ရာခိုင်နှုန်းပဲ ရှိတယ်လို့ အာဏာပိုင်တွေက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    အသက် ၃၈ နှစ်အရွယ် ဂူနန်ဟာ အရာရှိငယ်ဘ၀မှာပဲ ရေတပ်ကနေ ထွက်ခဲ့ပေမယ့် အခု ကယ်ဆယ်ရေးလုပ်ငန်းမှာ ပြန်လည်ပါဝင်လာခဲ့တာပါ။

    သူ့ရဲ့ ဈာပနအခမ်းအနားကို ထိုင်းဘုရင်ကိုယ်တိုင်က ဦးစီးကျင်းပပေးမယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

    လက်ရှိမှာ ဂူအတွင်း ရေကြီးတာကြောင့် ကလေးတွေကို ရေငုပ်သင်ပေးပြီး အပြင်ထုတ်ဖို့ စီစဉ်နေပမယ့် သူတို့နဲ့အနီးဆုံးနေရာကနေ လှိုင်တူးကာ ခေါ်ထုတ်ဖို့အပါအ၀င် အခြားနည်းလမ်းတွေကိုလည်း အာဏာပိုင်တွေက စဉ်စားနေပါတယ်။ ဒီလိုမှအဆင်မပြေရင် ကလေးတွေဟာ ဂူထဲမှာပဲ ၄ လလောက် နေရဖို့ရှိနေပြီး မိုးကုန်မှ အပြင်ထုတ်နိုင်မှာ ဖြစ်ပါတယ်။

    လက်ရှိ ကယ်ဆယ်ရေးလုပ်ငန်းမှာ ရေတပ်က ရေငုပ်သမားတွေ၊ စစ်သားတွေ၊ အရပ်သား စေတနာ့ဝန်ထမ်းတွေ အပါအ၀င် လူပေါင်း ၁၀၀၀ လောက် ပါဝင်နေပါတယ်။

    Ref: BBC