News @ M-Media
Blog
  • ထိုင်းကလေးများကို ဂူပြင်ထုတ်ဖို့ လချီကြာနိုင်
    ထိုင်းကလေးများကို ဂူပြင်ထုတ်ဖို့ လချီကြာနိုင်
    ဇူလိုင် ၃၊ ၂၀၁၈
    M-Media
    ဂူထဲတွင်တွေ့ရသည့် ကလေးများ
    – ထိုင်း-မြန်မာ နယ်စပ်က လှိုဏ်ဂူတစ်ခုထဲမှာ လွန်ခဲ့တဲ့ ၁၀ ရက်က ပျောက်သွားတဲ့ လူငယ်ဘောလုံးအသင်းနဲ့ နည်းပြတို့ကို မနေ့က အသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့ပေမယ့် ကယ်ထုတ်ဖို့ လချီကြာနိုင်တယ်လို့ ထိုင်းစစ်တပ်က ပြောကြားခဲ့ပါတယ်။
    ဗြိတိန် ရေငုပ်သမားနှစ်ဦးက လှိုင်ဂူရဲ့တစ်နေရာမှာ ဒီလူငယ်တွေကို ပြန်တွေ့ခဲ့တာ ဖြစ်ပါတယ်။ ကလေးတွေက သူတို့ အထဲရောက်နေတာ ဘယ်လောက်ကြာပြီလဲ၊ အခုထွက်လို့ရမလား စသဖြင့် မေးမြန်းခဲ့ကြပြီး ဗိုက်အရမ်းဆာနေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
    ကလေးတွေရှိနေတဲ့ ထန်လျန်ဂူဟာ အောက်တိုဘာလအထိ ကြာတတ်တဲ့ မိုးရာသီအမှာ အမြဲတမ်း ရေလျှံလေ့ရှိပြီး အဲဒီနောက်ပိုင်းမှ ရေကျတတ်ပါတယ်။ ဒါ့ကြောင့် ဒီအချိန်မတိုင်ခင် ကယ်ထုတ်ဖို့ဆိုရင် ကလေးတွေကို ရေကူးသင်ပေးဖို့ လိုနေပါတယ်။
    ဒါပေမယ့် ရွှံ့နွံထူပြီး၊ မြင်နိုင်စွမ်းနည်းတဲ့ ရေထဲမှာ အတွေ့အကြုံမရှိတဲ့သူတွေကို ရေငုပ်ခိုင်းတာဟာ အန္တရာယ်များတယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။
    လက်ရှိ ဂူထဲကရေတွေကို ရေစုပ်စက်တွေနဲ့ စုပ်ထုတ်နေပေမယ့် သိသိသာသာ လျော့ကျသွားခြင်း မရှိပါဘူး။ ကလေးတွေကို အနည်းဆုံး လေးလစာ ရိက္ခာတွေပေးဖို့ လိုအပ်နေပြီး၊ ဆေးအဖွဲ့ကလည်း ၀င်ရောက်ကာ ကျန်းမာရေးစစ်ဆေးဖို့ လုပ်ဆောင်နေပါတယ်။
    ဒီအတိုင်း ရေကျသွားချိန်ကို စောင့်မယ်ဆိုရင်တော့ ကလေးတွေဟာ အောက်တိုဘာလလောက်မှ အပြင်ရောက်မယ့်အနေအထား ရှိနေပါတယ်။
    Ref: BBC
  • ဂူထဲတွင် ပျောက်သွားသည့် ထိုင်းကလေးငယ်များအား အသက်ရှင်လျက် ပြန်တွေ့ (မြန်မာစာတမ်းထိုး)
    ဇူလိုင် ၃၊ ၂၀၁၈
    M-Media
    – ထိုင်း-မြန်မာနယ်စပ်အနီးက ဂူထဲမှာ လွန်ခဲ့တဲ့ ၁၀ ရက်လောက်က ၀င်ရောက်ပျောက်ဆုံးသွားတဲ့ ထိုင်း လူငယ်ဘောလုံးသမား ၁၂ ဦးနဲ့ သူတို့ရဲ့ နည်းပြကို ဗြိတိန် ရေငုပ်သမားတွေက မနေ့မှာ အသက်ရှင်လျက် ပြန်တွေ့ခဲ့ပါတယ်။
    Source – BBC
  • ကလေးသူခိုး ကောလဟာလကြောင့် အိန္ဒိယတွင် လူ ၅ ဦး ရိုက်နှက် သတ်ဖြတ်ခံရ
    ကလေးသူခိုး ကောလဟာလကြောင့် အိန္ဒိယတွင် လူ ၅ ဦး ရိုက်နှက် သတ်ဖြတ်ခံရ
    ဇူလိုင် ၂၊ ၂၀၁၈
    M-Media
    သေဆုံးသွားသူများ၏ မိသားစုများကို ရွာလူကြီးက စကားပြောဆိုနေစဉ်
    – အိန္ဒိယနိုင်ငံ အနောက်ပိုင်း မဟာရက်ရှ်ထရာပြည်နယ်မှာ ကလေးသူခိုးဆိုတဲ့ ကောလဟာလ WhatsApp ကနေ ပြန့်နှံ့ပြီးတဲ့နောက် လူအုပ်စုရဲ့ ရိုက်နှက်သတ်ဖြတ်မှုကြောင့် မနေ့က အမျိုးသား ၅ ဦး သေဆုံးခဲ့ပါတယ်။
    ရိုက်နှက်သတ်ဖြတ်ခံရသူတွေဟာ ရွာတကာလှည့်ကာ နေထိုင်စားသောက်ကြတဲ့ နော်မာဒစ် လူမျိုးစုက ဖြစ်ပါတယ်။ ရွာတစ်ရွာမှာ သူတို့ ၅ ယောက်အုပ်စု မိန်းကလေးတစ်ဦးနဲ့ စကားပြောစဉ် ရွာသားတွေက စုလာပြီး သူတို့ကို မေးမြန်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
    “သူတို့ဖြေတာတွေကို ရွာသားတွေက ဘ၀င်မကျတဲ့အခါမှာ အခန်းတစ်ခုထဲထည့်ပြီး ၀ါးရင်တုတ်တွေနဲ့ရိုက်နှက်တာ၊ အုတ်ခဲတွေနဲ့ ထုတာတွေ လုပ်ခဲ့ကြပါတယ်” လို့ ရဲအရာရှိတစ်ဦးဖြစ်တဲ့ အမ် ရမ်ကူးမားရ်က ပြောကြားခဲ့ပါတယ်။
    အဲဒီအဖြစ်အပျက်ကို လာရောက်တားဆီးတဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုပါ လူအုပ်ကြီးက ရိုက်နှက်ခဲ့ကြပါတယ်။ ပြည်နယ်ရဲတပ်ဖွဲ့ဟာ လက်ရှိမှာ ကျူးလွန်သူ ၁၂ ဦးကို ဖမ်းဆီးထားပါတယ်။
    အိန္ဒိယနိုင်ငံတစ်ဝှမ်း ကလေးသူခိုးဆိုတဲ့ ကောလာဟာလတွေ Whatsapp ကနေ ပြန့်နှံ့ကာ လူစိမ်းတွေကို ရိုက်နှက်သတ်ဖြတ်မှုတွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းမှာ ခပ်စိပ်စိပ် ဖြစ်ပွားခဲ့ပြီး အာဏာပိုင်တွေအနေနဲ့ ဒီ ကောလဟာလတွေကို ထိထိရောက်ရောက် တားဆီးနိုင်ခြင်း မရှိပါဘူး။
    တမီလ်နာဒူးပြည်နယ်၊ အန်ဒရာပရာဒက်ရှ်ပြည်နယ်၊ တီလန်ဂါနာပြည်နယ်၊ ဘန်ဂလောရ်ပြည်နယ်၊ အာသံပြည်နယ်၊ ရာဂျက်စ်တန်ပြည်နယ်၊ ထရီပူရာတို့မှာ ဒီလို ကောလဟာလကြောင့် လူအုပ်စုရဲ့ ရိုက်နှက်သတ်ဖြတ်မှုကို ခံရပြီး သေဆုံးသူဟာ ဧပြီလကနေ အခုအချိန်အထိ အနည်းဆုံး ၁၂ ဦးအထိ ရှိလာပါတယ်။
    Ref: BBC
  • လီဗာပူးလ်တိုက်စစ်မှူး ဆာလာဟ် အသင်းနှင့် နှစ်ရှည်စာချုပ်ချုပ်
    လီဗာပူးလ်တိုက်စစ်မှူး ဆာလာဟ် အသင်းနှင့် နှစ်ရှည်စာချုပ်ချုပ်
    ဇူလိုင် ၂၊ ၂၀၁၈
    M-Media
    လီဗာပူးလ်အသင်း တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်
    – လီဗာပူးလ်အသင်းရဲ့ အီဂျစ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်ဟာ အသင်းနဲ့ ၅ နှစ် သက်တမ်းတိုးစာချုပ်တစ်ခုကို ချုပ်ဆိုလိုက်ပါတယ်။
    အသက် ၂၆ နှစ်အရွယ် ဆာလာဟ်ဟာ ပြီးခဲ့တဲ့နှစ်က ရိုးမားကနေ ပေါင် ၃၄ သန်းနဲ့ လီဗာပူးလ်ကို ပြောင်းရွှေ့လာခဲ့ပြီး ပွဲဦးထွက်ရာသီမှာပဲ အသင်းအတွက် ၅၂ ပွဲ ပါဝင်ကစားကာ ၄၄ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
    ၂၀၂၃ ခုနှစ်အထိ သက်တမ်းရှိမယ့် အခုစာချုပ်သစ်မှာ အသင်းကနေ ထွက်ခွာနိုင်မယ့် ခြွင်းချက် ထည့်သွင်းထားတာ မရှိပါဘူး။
    “သူကလည်း အသင်းကိုယုံတယ်၊ အသင်းကလည်း သူ့အပေါ် ယုံတယ်ဆိုတာကို ဒီအချက်က ရှင်းရှင်းလင်းလင်း ဖော်ပြနေပါတယ်” လို့ နည်းပြ ယာဂန်ကလော့ပ်က ပြောကြားခဲ့ပါတယ်။
    ဆာလာဟ်ဟာ ၃၈ ပွဲကစားတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ တစ်ရာသီ သွင်းဂိုးအများဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကိုလည်း ရရှိခဲ့ပါတယ်။ ဒါ့အပြင် PFA ရဲ့ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်ဆုံး ကစားသမားဆု၊ FWA ရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုတွေကိုလည်း ရရှိခဲ့ပါတယ်။
    “အသင်းနဲ့ သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ခဲ့တဲ့အတွက် အရမ်းကို ပျော်ရွှင်မိပါတယ်။ ပွဲဦးထွက်ရာသီမှာ ကျွန်တော်နဲ့ ကျွန်တော့်မိသားစုအတွက် မယုံနိုင်လောက်တဲ့ အတွေ့အကြုံကို ရရှိခဲ့ပြီး အသင်းသားတွေအားလုံးနဲ့ ပရိတ်သတ်တွေရဲ့ ကျေးဇူးကြောင့် ဖြစ်ပါတယ်။ ကျွန်တော်တို့ အတူတကွ အောင်မြင်မှုတွေရမယ်ဆိုတာ သိနေပါတယ်” လို့ ဆာလာဟ်က ပြောကြားခဲ့ပါတယ်။
    Ref: BBC
  • မလေးရှား လူငယ်နိုင်ငံရေးသမား တိုင်းပြည်၏ အသက်အငယ်ဆုံးဝန်ကြီးအဖြစ် စာရင်းဝင်
    မလေးရှား လူငယ်နိုင်ငံရေးသမား တိုင်းပြည်၏ အသက်အငယ်ဆုံးဝန်ကြီးအဖြစ် စာရင်းဝင်
    ဇူလိုင် ၂၊ ၂၀၁၈
    M-Media
    မလေးရှား၏ အသက်အငယ်ဆုံးဝန်ကြီး ဖြစ်လာသည့် ဆယဒ် ဆာဒစ် အဘ်ဒူလ် ရဟ်မန်
    – မလေးရှား နိုင်ငံရေးနယ်ပယ်မှာ သိပ်မကြာခင်ကမှ ထင်ရှားလာတဲ့ အသက် ၂၅ နှစ်အရွယ် ဆယဒ် ဆာဒစ် အဘ်ဒူလ် ရဟ်မန်ဟာ တိုင်းပြည်သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ၀န်ကြီးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
    ပြီးခဲ့တဲ့လ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီးတဲ့နောက် မဟာသီဦးဆောင်တဲ့ Pakatan Harapan ညွန့်ပေါင်းအဖွဲ့ရဲ့ အစိုးရသစ်ဟာ ဒီကနေ့ ဘုရင် ဆူလ်တန် မိုဟာမက် ၅ ရဲ့ ရှေ့မှောက်မှာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။
    ဒီဝန်ကြီးဌာနကို တာဝန်ယူခဲ့တဲ့ ၀န်ကြီးဟောင်း ခိုင်ရီ ဂျမာလွတ်ဒင်ဟာလည်း ၂၀၁၃ ခုနှစ် ၀န်ကြီးတာဝန်ထမ်းဆောင်စဉ် အသက် ၃၇ နှစ်သာ ရှိသေးပြီး အသက်အငယ်ဆုံး ၀န်ကြီးအဖြစ် စာရင်းဝင်ခဲ့ပါတယ်။
    ခိုင်ရီက အဘ်ဒူလ် ရဟ်မန်အနေနဲ့ ၀န်ကြီးဌာနကို အောင်မြင်မှုရအောင် စွမ်းဆောင်နိုင်လိမ့်မယ်လို့ Twitter စာမျက်နှာမှာ ချီးကျူး ရေးသားခဲ့ပါတယ်။
    အဘ်ဒူလ် ရဟ်မန်က သူ့ကို ဒီလိုခန့်အပ်မှုဟာ Pakatan Harapan အနေနဲ့ မလေးရှားလူငယ်တွေရဲ့ အမြင်နဲ့ အသံကို အသိအမှတ်ပြုလိုက်တာဖြစ်ပြီး၊ လူငယ်တွေရဲ့ အပြုအမူနဲ့ အခြေအနေတွေကို ပြောင်းလဲသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
    တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်မှာ လူငယ်တွေဟာ အဓိကအာရုံစိုက်ခံရတဲ့ အုပ်စုဖြစ်လာအောင် လုပ်သွားမယ်လို့လည်း သူ့ရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
    မလေးရှား နိုင်ငံတကာ အစ္စလာမ့်တက္ကသိုလ်ကနေ ဥပဒေဘွဲ့ရထားတဲ့ ဆယဒ် ဆာဒစ် အဘ်ဒူလ် ရဟ်မန်ဟာ Asian British Parliamentary (ABP) Debating Championship မှာ ၃ နှစ်ဆက်တိုက် အာရှရဲ့ အကောင်းဆုံး ဆွေးနွေးထောက်ပြနိုင်သူဆုကို ရရှိထားသူလည်း ဖြစ်ပါတယ်။
    သူဟာ ၀န်ကြီးချုပ် မဟာသီယာ မိုဟာမက် ဦးဆောင်တဲ့ Pribumi Bersatu ပါတီက လူငယ်အကြီးအကဲအဖြစ် တာဝန်ယူထားသူပါ။ အောက်စဖို့ဒ်တက္ကသိုလ်က Public Policy မဟာဘွဲ့တက်ရောက်ဖို့ ကမ်းလှမ်းမှုကို ၂ ကြိမ်တိုင်တိုင် ပယ်ချခဲ့ပြီး ‘မလေးရှားပြည်သူတွေအတွက် အလုပ်အကျွေးပြုသွားရအုံးမယ်’ လို့ ပြောကြားခဲ့ပါတယ်။
    1MDB ပြဿနာမှာ ၀န်ကြီးချုပ် နာဂျစ်ရာဇတ်ရဲ့ ဦးဆောင်ဖြေရှင်းမှုကို ၂၀၁၆ ခုနှစ်မှာ ကန့်ကွက်ခဲ့တဲ့ မလေးရှား ထိပ်တန်းလူငယ် ၂၄ ဦးမှာ ပါဝင်ခဲ့ပြီးနောက် သူဟာ လူသိများလာခဲ့ပါတယ်။ ဇွန်လ ၁၄ ရက်နေ့ ရွေးကောက်ပွဲမှာ မွှားဒေသကနေ လွှတ်တော်အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။
    Ref: CNA