News @ M-Media

Blog

  • စစ်တပ်က ကန့်ကွက်၍ ၂၁ ရာစုပင်လုံတွင် တိုင်းရင်းသားအခွင့်အရေး ဆွေးနွေးခွင့်မရ

    စစ်တပ်က ကန့်ကွက်၍ ၂၁ ရာစုပင်လုံတွင် တိုင်းရင်းသားအခွင့်အရေး ဆွေးနွေးခွင့်မရ

    ဇူလိုင် ၂၊ ၂၀၁၈
    M-Media

    – မြန်မာစစ်တပ်ရဲ့ ကန့်ကွက်မှုကြောင့် ဇူလိုင်လ ၁၁ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ကျင်းပဖို့ စီစဉ်ထားတဲ့ ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေး ညီလာခံ တတိယမြောက်အစည်းအဝေးမှာ လူနည်းစု တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ထည့်သွင်းဆွေးနွေးမှာမဟုတ်ဘူးလို့ သိရပါတယ်။

    နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေး သဘောတူညီချက် NCA မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေက အခုလအတွင်း ပြုလုပ်မယ့် တတိယမြောက်အစည်းအဝေးမှာ လူနည်းစု တိုင်းရင်းသားတွေရဲ့ အခွင့်အရေး၊ ကျားမ တန်းတူညီမျှရေးဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးဖို့အတွက် နေပြည်တော်မှာ သောကြာနေ့ကပြုလုပ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးမှာ တင်ပြခဲ့တာ ဖြစ်ပါတယ်။

    ဒါပေမယ့် တပ်မတော်လို့ခေါ်တဲ့ မြန်မာစစ်တပ်က ကျား မ တန်းတူညီမျှရေးကိုပဲ ဆွေးနွေးဖို့ သဘောတူခဲ့ပါတယ်။

    “နိုင်ငံသားအခွင့်အရေးမှာ တိုင်းရင်းသားအခွင့်အရေးပါ ပါပြီးသားလို့ တပ်မတော်က ပြောပါတယ်။ ဒါပေမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) တွေက တိုင်းရင်းသားအခွင့်အရေး၊ လူနည်းစုအခွင့်အရေးဆိုတာ ရှိရမယ်လို့ ထောက်ပြ ပြောကြားခဲ့ပါတယ်။ နှစ်ဖက် သဘောတူညီမှု မရပါဘူး” လို့ ကချင်ဒီမိုကရေစီပါတီ ဥက္ကဌဖြစ်ပြီး UPDJC ရဲ့ အတွင်းရေးမှူးအဖွဲ့ အဖွဲ့ဝင်လည်းဖြစ်တဲ့ ဒေါက်တာ တူဂျာက ပြောကြားခဲ့ပါတယ်။

    “အကြောင်းအရာကို ဆွေးနွေးဖို့ ကန့်ကွက်တာမျိုးထက် အသုံးအနှုန်းကို ကန့်ကွက်တာမျိုးပါ။ တပ်မတော်က လူနည်းစု တိုင်းရင်းသားဆိုတာ နိုင်ငံသားထဲမှာ အကျုံးဝင်တယ်လို့ ပြောတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ ဆွေးနွေးမှုကို ရပ်တန့်ခဲ့ပါတယ်။ အရေးကြီးတဲ့ ဖက်ဒရယ်ကိစ္စကို အခုအချိန်အထိ မဆွေးနွေးနိုင်သေးပေမယ့် အခြားကိစ္စတွေကိုတော့ ဆွေးနွေးနိုင်မှာပါ” လို့ ဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ဦးစိုင်းကျော်ညွန့်က ပြောကြားခဲ့ပါတယ်။

    ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံရဲ့ ကနဦး နိုင်ငံရေးဆွေးနွေးပွဲတွေကို ဇွန်လ ၂၅ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ပြုလုပ်ခဲ့ပြီး ညီလာခံမှာ ဆွေးနွေးမယ့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ လယ်ယာကိစ္စ၊ လုံခြုံရေးကိစ္စ စတဲ့ အဓိကခေါင်းစဉ် ၅ ရပ်အတွက် အခြေခံ စည်းမျဉ်တွေ ချမှတ်ရေး ညှိနှိုင်းခဲ့ကြပါတယ်။

    ဒါပေမယ့် သဘောတူညီချက် မရတာကြောင့် UPDJC အစည်းအဝေးကို ဇူလိုင်လ ၄ ရက်နေ့ကနေ ၆ ရက်နေ့အထိ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။

    “အချို့ကဏ္ဍတွေမှာ ကျွန်တော်တို့ဟာ သဘောတူညီချက် မရခဲ့ပါဘူး။ ဒါပေမယ့် ထပ်ပြီး ဆွေးနွေးရင် သဘောတူညီချက် ရကောင်းရနိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်” လို့ ချင်းအမျိုးသားတပ်ဦးရဲ့ ဒုတိယဥက္ကဌ ဒေါက်တာ Salai Lian Hmung Sakhong က ပြောကြားခဲ့ပါတယ်။

    သူက တိုင်းရင်းသားတွေဟာ ကိုယ်ပိုင်ပြဌာန်းခွင့် မရမချင်း ဆက်လက်တောင်းဆိုနေမှာဖြစ်ကြောင်း UPDJC အစည်းအဝေးမှာ ပြောကြားခဲ့ပြီး “ခွဲထွက်ခွင့်” ဟာ တိုင်းရင်းသားလူမျိုးစုတွေရဲ့ အခွင့်အရေးဖြစ်တယ်ဆိုတဲ့ သမိုင်းဝင် ပင်လုံစာချုပ်မှာ ဗိုလ်ချုပ်အောင်ဆန်းပေးခဲ့တဲ့ ကတိက၀တ်ကို ထောက်ပြခဲ့ပါတယ်။

    စစ်ခေါင်းဆောင်တွေက ဒေါက်တာ Salai Lian Hmung Sakhong ရဲ့ မှတ်ချက်တွေကို သဘောမကျဘူးလို့ UPKDJC အတွင်းရေးမှူးအဖွဲ့ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ ဦးစိုင်းကျော်ညွန့်က ပြောကြားခဲ့ပါတယ်။

    “ဒီတောင်းဆိုချက်တွေနဲ့ပတ်သက်ပြီး ဆွေးနွေးလို့ မရဘူးဆိုတာကတော့ အရှိတရားပါပဲ”

    Ref: Irrawaddy

  • စပိန်ရှိ ရှေးဟောင်းအာရပ်မြို့တစ်ခုကို ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်စာရင်းသွင်း

    စပိန်ရှိ ရှေးဟောင်းအာရပ်မြို့တစ်ခုကို ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်စာရင်းသွင်း

    ဇူလိုင် ၂၊ ၂၀၁၈
    M-Media

    အက်ဇဟာရာမြို့ပျက်

    – စပိန်နိုင်ငံ ကော်ဒိုဘာမြို့အနီးက ရှေးဟောင်း အာရပ်မြို့ပျက်တစ်ခုကို ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်လိုက်ပါတယ်။

    အလယ်ခေတ်မှာ အာရပ်မွတ်စလင်တွေ တည်ခဲ့ပြီး မဒီနာ အက်ဇဟာရာလို့ အမည်တွင်ခဲ့တဲ့ အဲဒီမြို့ဟာ “အလ်-အန်ဒါလုစ်ဒေသ ဘုန်းတန်းခိုးထွားခဲ့ပြီးနောက်၊ အခုခေတ်မှာ ပျောက်ကွယ်လာတဲ့ အနာက်တိုင်း အစ္စလာမ့်လူ့အဖွဲ့အစည်းရဲ့ ထင်ရှားတဲ့ အမှတ်သညာ” ဖြစ်တယ်လို့  ယူနက်စကိုက ပြောကြားခဲ့ပါတယ်။

    မဒီနာ အက်ဇဟာရာမြို့ဟာ အာရပ်မွတ်စလင်တွေ အုပ်စိုးတဲ့ အလ်-အန်ဒါလုစ်ရဲ့ နန်းစိုက်မြို့ဖြစ်ပြီး စပိန်မှာ အာရပ်အုပ်စိုးမှု အဆုံးသတ်ခဲ့တဲ့ သက္ကရာဇ် ၁၀၀၉-၁၀ ပြည်တွင်းစစ်ဖြစ်ပွားပြီးနောက်ပိုင်း စွန့်ပစ်ခံထားရတဲ့မြို့ ဖြစ်လာပါတယ်။

    အဲဒီနောက် နှစ်ပေါင်း ၁၀၀၀ နီးပါးလောက် မေ့လျော့ခံထားရပြီး ၂၀ ရာစုအစောပိုင်းမှာ ပြန်လည်ဖော်ထုတ်ခဲ့ပါတယ်။

    ဒီမြို့မှာ လမ်းတွေ၊ တံတားတွေ၊ ရေပေးဝေမှုစနစ်တွေ၊ အဆောက်အဦးတွေဟာ စနစ်ကြပြီး ဗိသုကာလက်ရာ အမြောက်အများနဲ့ ရှေးဟောင်းသုတေသနပညာရှင်တွေရဲ့ ရတနာသိုက်ကြီးဖြစ်တယ်လို့ ယူနက်စကိုက ပြောကြားခဲ့ပါတယ်။

    မနေ့က ဘာရိန်းမှာပြုလုပ်ခဲ့တဲ့ ယူနက်စကိုရဲ့ ရှေးဟောင်းအမွေအနှစ်စာရင်း ကြေငြာမှုမှာ အီတလီက စက်မှုမြို့ အိုင်ဗရီယာလည်း ပါဝင်ခဲ့ပါတယ်။ စနေနေ့က ထုတ်ပြန်ကြေငြာမှုမှာတော့ ကိုရီးယားကျွန်းဆွယ်က ဗုဒ္ဓသာသနိက အဆောက်အဦးတွေ၊ အီရန်နိုင်ငံမှာ အစ္စလာမ်မတိုင်ခင်က ရှိခဲ့တဲ့ အဆောက်အဦးတွေ၊ မွမ်ဘိုင်းက Art Deco အဆောက်အဦးတွေလည်း ကမ္ဘာ့အမွေအနှစ်စာရင်း ၀င်ခဲ့ပါတယ်။

    Ref: Alarabiya

  • အိန္ဒိယနိုင်ငံတွင် ဂမ္ဘီရပညာ လိုက်စားနေသည့် မိသားစုလိုက် သေဆုံးမှုဖြစ်ပွား

    အိန္ဒိယနိုင်ငံတွင် ဂမ္ဘီရပညာ လိုက်စားနေသည့် မိသားစုလိုက် သေဆုံးမှုဖြစ်ပွား

    ဇူလိုင် ၂၊ ၂၀၁၈
    M-Media

    – အိန္ဒိယနိုင်ငံ ဒေလီမြို့ ဆင်ခြေဖုံးက နေအိမ်တစ်ခုမှာ မိသားစု ၁၁ ဦး သေဆုံးနေတာကို တွေ့ခဲ့ရပြီး ရဲတပ်ဖွဲ့က သူတို့တွေဟာ ဂမ္ဘီရပညာရပ်တွေကို လိုက်စားနေကြသူတွေဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ကုန်စုံဆိုင်ဖွင့်ထားတဲ့ အဲဒီမိသားစုဟာ ပုံမှန် မနက် ၆ နာရီမှာ ဆိုင်ဖွင့်လေ့ရှိပေမယ့် မနေ့ ၇ နာရီခွဲအထိ ဆိုင်မဖွင့်တာကြောင့် အိမ်နီးချင်းတွေက သွားရောက်ကြည့်ရှုရာမှာ မိသားစုလိုက် ထုပ်တန်းမှာ ကြိုးဆွဲချ သေဆုံးနေတယ်ကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

    သေဆုံးသူတွေအထဲမှာ အမျိုးသမီး ၇ ဦး အမျိုးသား ၄ ဦး ပါဝင်ပြီး မိသားစုတစ်ခုတည်းက ဖြစ်ပါတယ်။

    ဒေလီရဲတပ်ဖွဲ့က မိသားစုဝင် ၁၀ ဦးဟာ ထုပ်တန်းမှာ ကြိုးဆွဲချ သေဆုံးနေပြီး အသက် ၇၅ နှစ်အရွယ် အဖွားအိုတစ်ဦးက ကြမ်းပြင်ပေါ်မှာ သေဆုံးနေတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ သူတို့အားလုံးဟာ မျက်လုံးနဲ့ ပါးစပ်တွေကို တိပ်တွေနဲ့ စည်းထားပါတယ်။

    အိမ်အတွင်း ရှာဖွေရာမှာ လက်ရေးနဲ့ ရေးသားထားတဲ့ စာတစ်ချို့ တွေ့ခဲ့ရပြီး စာတွေအရ တစ်မိသားစုလုံးဟာ ဂမ္ဘီရပညာရပ်တွေကို လေ့လာလိုက်စားနေတယ်ဆိုတာကို သိရှိရကြောင်း၊ စာတွေမှာ ပါးစပ်တွေ၊ မျက်လုံးတွေကို ပိတ်ထားတဲ့အကြောင်းတွေ ရေးသားထားတာကို တွေ့ရကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ဒါပေမယ့် ဘာ့ကြောင့် ဒီလို သတ်သေရသလဲဆိုတာကိုတော့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဆဲပါ။

    သေဆုံးသူတွေထဲမှာ အသက်အငယ်ဆုံးက ၁၅ နှစ်ဖြစ်ပါတယ်။ အိမ်ထားမှာ ဓားပြတိုက်ခံရတဲ့၊ လုယက်ခံရတဲ့ လက္ခဏာကို မတွေ့ရဘူးလို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။

    Ref: CNA

  • တနင်္ဂနွေနေ့ ကမ္ဘာ့ဖလားသတင်းများ

    တနင်္ဂနွေနေ့ ကမ္ဘာ့ဖလားသတင်းများ

    ဇူလိုင် ၁၊ ၂၀၁၈
    M-Media

    နည်းပြဆောက်ဂိတ်၏ ပြုပြင်ပြောင်းလဲရေးကို အင်္ဂလန်ကွင်းလယ်လူ ချီးကျူး
    ==============
    နည်းပြဆောက်ဂိတ်လုပ်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးတွေကြောင့် အသင်းဟာ တိုးတက်လာခဲ့တယ်လို့ အင်္ဂလန်ကွင်းလယ်လူ ဂျီဆီ လင်ဂါ့တ်က ချီးကျူးပြောကြားလိုက်ပါတယ်။ ဆောက်ဂိတ်ဟာ အသင်းမှာ လူငယ်ကစားသမားတွေကို ဦးစားပေး ရွေးချယ်ခဲ့ပြီး ကစားပုံကိုလည်း ၃-၁-၄-၂ ပုံစံ ပြောင်းလဲကာ အုပ်စုအတွင်းမှာ ၈ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ လင်ဂါ့တ်ကတော့ ဒီလို ပြောင်းလဲမှုတွေဟာ အသင်းနဲ့ လိုက်ဖက်ခဲ့ပြီး၊ အသင်းရဲ့ စိတ်ဓာတ်တွေကလည်း အမြင့်ဆုံးကို ရောက်ခဲ့တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    စည်းကမ်းဖောက်သည့် ပရိတ်သတ်များကြောင့် ကမ္ဘာ့ဖလားအသင်းများ ဒဏ်ရိုက်ခံရ
    ===============
    ဥရုဂွေးအသင်းကို ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ပရိတ်သတ်တွေက လူမျိုးရေးခွဲခြားတဲ့ ပိုစတာ ထောင်ပြခဲ့တဲ့အတွက် ရုရှားဘောလုံးအဖွဲ့ချုပ်ကို ဖီဖာက ဆွစ်ဇ်ဖရန့် တစ်သောင်း (ပေါင် ၇၆၄၅) ဒဏ်ရိုက်ခဲ့ပါတယ်။ ဆာဘီးယားအသင်း ဘရာဇီးလ်ကို ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်တဲ့ပွဲမှာ ဆားဘီးယား ပရိတ်သတ်တွေက နိုင်ငံရေးနဲ့ ရန်လိုတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ခဲ့တဲ့အတွက် ဖီဖာက ဆားဘီးယားစအသင်းကို ပေါင် ၁၅၀၀၀ ဒဏ်ရိုက်ခဲ့ပါတယ်။ ဆွီဒင်နဲ့ပွဲမှာ ပရိတ်သတ်တွေ ကွင်းထဲကို ပစ္စည်းတွေပစ်ပေါက်ခဲ့ပြီး အဲဒီအတွက် မက္ကဆီကိုက ပေါင် ၁၁၅၀၀ ဒဏ်ရိုက်ခံရပြီး၊ စပိန်နဲ့ပွဲမှာ ပရိတ်သတ်က နှောက်ယှက်တဲ့ အပြုအမူတွေအတွက် မော်ရိုကိုအသင်းလည်း ဒဏ်ငွေ ပေါင် ၅ သောင်း ရိုက်ခံခဲ့ရပါတယ်။

    နေးမာကိုကျော်၍ ခြေစွမ်းပြနေသည့် ကော်တင်ဟိုကို ကားလို့စ် ချီးကျူး
    ==========
    တိုက်စစ်မှူး ကော်တင်ဟိုဟာ နေးမာရဲ့ လောင်းရိပ်အောက်မှာ ရှိနေပေမယ့် တောက်ပလာခဲ့ပြီး အသင်းရဲ့ အဓိကမောင်းနှင်အားတစ်ခု ဖြစ်လာနိုင်တယ်လို့ ဘရာဇီးလ်နောက်ခံလူဟောင်း ရောဘတ်တိုကားလို့စ်က ပြောကြားလိုက်ပါတယ်။ အုပ်စု ၃ ပွဲကစားပြီး နေးမာက ၁ ဂိုး သွင်းထားချိန်မှာ ကော်တင်ဟိုက ၂ ဂိုး သွင်းထားနိုင်ပြီး ခြေစွမ်းပိုင်းမှာလည်း နေးမာထက် ပိုမိုကောင်းမွန်နေပါတယ်။ ကားလို့စ်က ဖိအားတွေအားလုံး နေးမာအပေါ် ရောက်နေတာကြောင့် ကော်တင်ဟိုက ထင်ရှားလာပြီး ဘရာဇီးလ်ဟာ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ဖို့ အခွင့်အလမ်း အလွန်ကောင်းနေတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Goal, BBC

  • တရားမ၀င်နိုင်ငံခြားသားများဖမ်းဆီးမှု မလေးရှား စတင်

    တရားမ၀င်နိုင်ငံခြားသားများဖမ်းဆီးမှု မလေးရှား စတင်

    ဇူလိုင် ၁၊ ၂၀၁၈
    M-Media

    – နိုင်ငံတစ်ဝှမ်း တရားမ၀င် နိုင်ငံခြားသား အလုပ်သမားတွေ ဖမ်းဆီးမှု စစ်ဆင်ရေးတစ်ရပ်ကို မလေးရှားနိုင်ငံက ဒီကနေ့မှာ စတင်လိုက်ပါတယ်။

    အဲဒီစစ်ဆင်ရေးကို ‘အော်ပရာစီ ၃.၀’ လို့ အမည်ပေးထားပြီး ဇွန်လ ၃၀ ရက်နေ့ ည သန်းခေါင်ယံအချိန်က စတင်တာ ဖြစ်ပါတယ်။

    မလေးရှား လူဝင်မှုကြီးကြပ်ရေး အကြီးအကဲ ဒါတွတ် ဆရီ ဟာဂျီ မူစတာဖာ ဟာဂျီ အလီက နိုင်ငံခြားသား အလုပ်သမားတွေကို တရားဝင် မှတ်ပုံတင်ရေး အစီအစဉ် အဆုံးသတ်ပြီးတဲ့နောက် ဒီဖမ်းဆီးမှုကို စတင်တာဖြစ်ကြောင်း၊ အခြားသော အစိုးရအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပါတယ်။

    မလေးရှားဟာ တရားမ၀င်အလုပ်သမားတွေ မှတ်ပုံတင်ရေး အစီအစဉ်ကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့ကတည်းက စတင် လုပ်ဆောင်ပေးခဲ့ပါတယ်။

    အလီက အခုပြုလုပ်တဲ့ ဖမ်းဆီးရေးမှာ ဘယ်လို ညှိနှိုင်းမှုမျိုးမှ လုပ်မှာမဟုတ်ဘဲ အထောက်အထားမရှိသူတွေအားလုံးကို အိမ်ပြန်ပို့မယ်လို့ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    ဒီကနေ့တစ်ရက်တည်းမှာပဲ ကွာလာလမ်ပူမှာ နိုင်ငံခြားအလုပ်သမား ၁၆၇၂ ဦးကို စစ်ဆေးခဲ့ပြီး အထောက်မရှိသူ ၃၂၉ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ အထောက်အထားမရှိသူတွေနေနဲ့ ဒဏ်ကြေး ရင်းဂစ် ၅၀၀၀၀၊ ၅ နှစ်ထက်မပိုတဲ့ ထောင်ဒဏ်၊ ၆ ချက်ထပ်မပိုတဲ့ ကြိမ်ဒဏ်တွေ ချမှတ်ခံရဖို့ ရှိပါတယ်။

    Ref: Facebook Page of Malaysia Immigaration