News @ M-Media

Blog

  • Amazon က လာမည့်နှစ်တွင် အာကာသ ခရီးသွားလက်မှတ်များ စတင်ရောင်းချမည်

    Amazon က လာမည့်နှစ်တွင် အာကာသ ခရီးသွားလက်မှတ်များ စတင်ရောင်းချမည်

    ဇွန် ၃၀၊ ၂၀၁၈
    M-Media

    – သာမန်လူတွေ အာကာသကို ခရီးသွားနိုင်မယ့် လက်မှတ်တွေကို အစောဆုံးအဖြစ် လာမယ့်နှစ်မှာ စတင်ရောင်းချသွားမယ်လို့ Amazon က ကြေငြာလိုက်ပါတယ်။

    Amazon ပိုင်ရှင် ဘီဇို့စ်ပိုင်ဆိုင်တဲ့ အာကာသခရီးသွားကုမ္ပဏီ Blue Origin ဟာ ၂၀၁၉ ခုနှစ်မှာ သူတို့ ထုတ်လုပ်ထားတဲ့ New Shepard ကမ္ဘာပတ်ယာဉ်ငယ်နဲ့ လူသားတွေကို အာကာသထဲ ခရီးသွားနိုင်အောင် စီစဉ်နေတာပါ။ တက္ကဆက်ပြည်နယ်အနောက်ပိုင်း ကုမ္ပဏီရဲ့စမ်းသပ်ရေးကွင်းက အဲဒီအာကာသယာဉ် စမ်းသပ်ပျံသန်းမှုကို ပြန်လည်ရှင်းလင်းပွဲမှာ အခုလို ကြေငြာချက် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

    “ကျွန်တော်တို့ရဲ့ ပထမဆုံး ခရီးသည် စမ်းသပ်ပြေးဆွဲမှုကို မကြာခင်မှာ စတင်ဖို့ စီစဉ်ထားပါတယ်။ ၂၀၁၉ ခုနှစ်မှာ လက်မှတ်တွေ ရောင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ Blue Origin ရဲ့ ဒုတိယဥက္ကဌဖြစ်သူ ရော့ဘ် မီယာဆန်က ပြောကြားခဲ့ပါတယ်။

    Blue Origin ကို ၂၀၀၀ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး သန်းကြွယ်သူဌေး အေလွန်မက်စ်ရဲ့ အာကာသကုမ္ပဏီ SpaceX နဲ့ ပြိုင်ဘက်ဖြစ်ပါတယ်။ Blue Origin ရဲ့ New Shepard အာကာသယာဉ်ကို လူမပါဘဲ စမ်းသပ်ပျံသန်းမှု အားလုံးဟာ အောင်မြင်ထားပါတယ်။

    SpaceX ကထုတ်လုပ်တဲ့ ဒုံးပျံတွေဟာ နိုင်ငံတကာ အာကာသစခန်း ISS ကို အာကာသယာဉ်မှူးတွေ၊ ကုန်တွေ တင်ပို့နိုင်တဲ့ အနေအထားရှိနေပြီး Blue Origin ကတော့ ဒီအခြေအနေကို မရောက်သေးပါဘူး။

    Ref: RT

  • ကိုရီးယားရှိ ဗုဒ္ဓသာသနိက အဆောက်အဦးများကို ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်စာရင်းသွင်း

    ကိုရီးယားရှိ ဗုဒ္ဓသာသနိက အဆောက်အဦးများကို ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်စာရင်းသွင်း

    ဇွန် ၃၀၊ ၂၀၁၈
    M-Media

    ကိုရီးယားကျွန်းဆွယ်ရှိ ဗုဒ္ဓ သာသနိက အဆောက်အဦးတစ်ခု

    – ကိုရီးယားကျွန်းဆွယ် တောင်ပေါ်ဒေသတွေမှာ ဒေသခံ တိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးတမ်းတွေနဲ့ ပေါင်းစပ်ပြီး ကျင့်သုံးကျတဲ့ ရှေးဟောင်း ဗုဒ္ဓဘာသာ သာသနိကအဆောက်အဦး ၇ ခုကို ကမ္ဘာ့အမွေအနှစ်အဖြစ် ယူနက်စကိုက ဒီကနေ့မှာ စာရင်းသွင်းလိုက်ပါတယ်။

    Seonamsa၊ Daeheungsa၊ Beopjusa၊ Magoksa၊ Tongdosa၊ Bongjeongsa နဲ့ Buseoksa လို့ အမည်တွင်တဲ့ အဆောက်အဦးတွေဖြစ်ပြီး အေဒီ ၇ ရာစုအထိ ကြာရှည်ခဲ့တဲ့ ကိုရီးယား ဘုရင့်နိုင်ငံ ၃ ခု ကာလအတွင်း တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

    ဒီလို ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ကြောင်းကို ဘာရိန်းနိုင်ငံ မာနာမာမြို့မှာ ယူနက်စကိုက ကြေငြာခဲ့တာပါ။

    ဗုဒ္ဓသာသနာဟာ ကိုရီးယားကျွန်းဆွယ်ကို ၄ ရာစုမှာ ရောက်ရှိခဲ့ပြီး ကျွန်းဆွယ်ကို ပိုင်းခြား အုပ်စိုးနေတဲ့ ဘုရင့်နိုင်ငံ ၃ ခုဖြစ်တဲ့ Goguryeo၊ Baekje နဲ့ Silla တို့က လက်ခံကျင့်သုံးခဲ့ကာ နိုင်ငံတော်ဘာသာအဖြစ် နှစ်ပေါင်း ၁၀၀၀ ကျော်အထိ တည်တံ့ခဲ့ပါတယ်။

    ကိုရီးယားကျွန်းဆွယ်မှာ သာသနာအထွတ်အထိပ်ရောက်ခဲ့တဲ့ ၅ ရာစုနဲ့ ၆ ရာစုတွေမှာ ဘုရင်တွေရဲ့ ပံ့ပိုးကူညီမှုနဲ့အတူ ကျွန်းဆွယ်တစ်ဝှမ်း သာသနိက အဆောက်အဦးတွေ ဆောက်လုပ်ခဲ့ပြီး ဗုဒ္ဓဘာသာယဉ်ကျေးမှု၊ ဗိသုကာလက်ရာတွေကို အားပေးအားမြှောက် ပြုခဲ့ပါတယ်။

    ကိုရီးယားလူမျိုးတွေရဲ့ တောင်တွေကို အထွဋ်အမြတ်ထားမှု၊ ဇင်ဗုဒ္ဓဘာသာမှာ တရားအားထုတ်ဖို့အတွက် ဆိတ်ငြိမ်တဲ့ ပတ်ဝန်းကျင် လိုအပ်မှုတို့ကြောင့် ကိုရီးယားကျွန်းဆွယ်မှာ ဗုဒ္ဓသာသနိကအဆောက်အဦးတွေကို တောင်တွေပေါ်မှာ ဆောက်လုပ်ခဲ့ကြပါတယ်။

    ဒါပေမယ့် ၁၄ ရာစုမှာ အုပ်စိုးတဲ့ Chosum မင်းဆက်ဟာ ကွန်းဖြူးရှပ်ဝါဒကို လက်ခံပြီး ဘာသာတရားတွေအပေါ်မှာ နှိပ်ကွပ်မှုတွေ လုပ်ခဲ့တာကြောင့် ဗုဒ္ဓသာသနာဟာ မှေးမှိန်ခဲ့ရပါတယ်။ မြို့ပြမှာရှိတဲ့ ဗုဒ္ဓ သာသနိက အဆောက်အဦးတွေကို အဓမ္မ ပိတ်ပစ်ခဲ့ပြီး တောင်တန်းတွေပေါ်မှာ တည်ရှိတာတွေသာ ကျန်ရစ်ခဲ့ပါတယ်။

    ၂၀၁၅ ခုနှစ်မှာ ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းအရ တောင်ကိုရီးယားမှာ ဘာသာမဲ့ ၅၆.၁ ရာခိုင်နှုန်း၊ ခရစ်ယာန် ၂၇.၆ ရာခိုင်နှုန်း၊ ဗုဒ္ဓဘာသာဝင် ၁၅.၅ ရာခိုင်နှုန်းနဲ့ အခြားဘာသာဝင် အနည်းငယ် ရှိနေပါတယ်။

    Ref: CNA

  • “အစ္စလာမ့် ယဉ်ကျေး လိမ္မာသင်ရိုး မြန်မာမှုပြုရေး – ဖိနှိပ်မှုလား အခွင့်အလမ်းလား”

    “အစ္စလာမ့် ယဉ်ကျေး လိမ္မာသင်ရိုး မြန်မာမှုပြုရေး – ဖိနှိပ်မှုလား အခွင့်အလမ်းလား”

    ဇွန် ၃၀ ၊ ၂၀၁၈

    By မြင်သစ်နှင့် ညီနောင်များ

    ဒီရက်ပိုင်းအတွင်း အာဏာပိုင်တွေဖက်က အစ္စလာမ့်ယဉ်ကျေးလိမ္မာ သင်တန်းတွေနဲ့ ပတ်သက်ပြီး ညွှန်ကြားစာဟာ မြန်မာမွတ်စလင်မ် လူမှုမီဒီယာသုံးစွဲသူတွေ အကြား ပြန့်နှံ့ခဲ့ပြီး ဝေဖန်မှုများ ထောက်ခံမှုအချို့နဲ့ ပွက်လောရိုက်စေခဲ့ပါတယ်။

    ဒီစာမှာ ညွှန်ကြားချက်ကတော့ နှစ်ပိုင်းလို့ မြင်မိပါတယ်။ ပထမအနေနဲ့က ယဉ်ကျေးလိမ္မာသင်တန်းတွေ၊ ဘာသာရေးဆိုင်ရာ စုပေါင်း လုပ်ဆောင်မှုတွေကို အစိုးရက တရားဝင်ခွင့်ပြုထားတဲ့ ဗလီဝတ်ကျောင်းနဲ့ ဘာသာရေးစာသင်ကျောင်းမှာသာ သင်ဖို့နဲ့ လုပ်ဖို့၊ သင်ကြားပို့ချချက်တွေကို မြန်မာလိုသာ ပြုလုပ်ဖို့ပါ။ ဒုတိယအပိုင်းကတော့ ပိုအရေးပါမလားဘဲ၊ သင်တန်းဖွင့်လှစ်ပို့ချမှု မလုပ်ခင်မှာ ပို့ချချက်တွေကို မြန်မာလိုပြန်ဆိုပြီး သက်ဆိုင်ရာကို တင်ပြဖို့နဲ့၊ အဲ့ဒီ့နောက် တိုင်းဒေသပြည်နယ်အဆင့်သက်ဆိုင်ရာက ခွင့်ပြုမှသာ ပို့ချဖို့ဆိုတာ ဖြစ်ပါတယ်။

    ပြည်တွင်းမှာ လူများစုကိုးကွယ်တဲ့ ဘာသာရေးအခြေပြုနိုင်ငံရေးနဲ့ အမျိုးသားရေးဝါဒီ ဦးမော့နေပြီး လူနည်းစုဘာသာတရားကိုးကွယ်သူတွေ ပစ်မှတ်ထားခံနေရချိန်မှာ အခုအမိန့်စာကို မြန်မာမွတ်စလင်မ်အများစုက အာဏာပိုင်တွေရဲ့ မွတ်စလင်မ်တွေအပေါ် အသစ်တိုးလုပ်လာတဲ့ ချုပ်ချယ်မှုလို့ မြင်နေကြပါတယ်။

    ‘လက်ရှိ အစ္စလာမ့်ဘာသာရေးအခြေခံ သင်ကြားခြင်းပုံစံ’

    မွတ်စလင်မ်တွေက သူတို့ရဲ့ သားငယ်သမီးငယ်တွေကို ဘာသာရေးအခြေခံကို စနစ်တကျ သင်ကြားဖို့အတွက် အစ္စလာမ့်ယဉ်ကျေးလိမ္မာသင်တန်းကို ပို့ကြပါတယ်။ အချို့ကတော့ အစိုးရ/ပုဂ္ဂလိက အခြေခံစာသင်ကျောင်းအပြီး ညနေပိုင်းနဲ့ စနေတနင်္ဂနွေကျောင်းပိတ်ရက် ပုံမှန်ပို့ကြပြီး၊ အများစုကတော့ နွေရာသီကျောင်းပိတ်ရက်ရှည်မှာ ပို့ကြပါတယ်။

    အဲ့ဒီ့သင်တန်းတွေဟာ ဗလီဝတ်ကျောင်းတော် သို့မဟုတ် သီးသန့်ဖွင့်ထားတဲ့ ဘာသာရေးအခြေခံ စာသင်ကျောင်းနေရာတွေမှာ ဖွင့်လှစ်ပါတယ်။

    အချို့ ငွေကြေးတတ်နိုင်သူ၊ သားသမီးကို မျက်ကွယ်မပို့လိုသူ စသဖြင့် အကြောင်းအမျိုးမျိုးနဲ့ ဘာသာရေးဆရာ ဆရာမ ကို အိမ်ခေါ် အချိန်ပိုင်း သင်တန်းပေးခိုင်းတာမျိုးလည်း ရှိကြပါတယ်။

    သင်ရိုးက ကွဲပြားမှုတွေ ရှိနေပေမယ့် အဓိကကျောရိုးကတော့ ကုရ်အာန်ကျမ်းမြတ်ကို ဌာန်ကရိုဏ်းကျ ရွတ်ဖတ်နည်း အခြေခံ၊ အစ္စလာမ့်ယုံကြည်ချက်နှင့် ကျင့်ဝတ် အခြေခံများ၊ စနစ်တကျဝတ်ပြုနည်း၊ တမန်တော်မြတ် မုဟမ္မဒ်သခင်(ကိုယ်တော့်အား ငြိမ်းချမ်းပါစေကြောင်း စလာမ်မေတ္တာပို့သအပ်ပါသည်)ရဲ့ အတ္ထုပ္ပတ္တိအကျဉ်းစတာတွေပဲ ဖြစ်ပါတယ်။

    ‘မြန်မာမွတ်စလင်မ်တွေ စိုးရမ်ပူပန်’

    အဲ့တော့ မြန်မာမွတ်စလင်မ်တွေရဲ့ စောဒကက ဘာသာရေးလွတ်လပ်ခွင့်အောက်မှာ အိမ်မှာ ယဉ်ကျေးလိမ္မာသင်တန်းလေးတောင်ပေးလို့ မရဘူးလားပေါ့၊ စိုးရိမ်မှုကတော့ ဒါဟာ ဒီမိုကရေစီခေတ်ပြောင်းမှာ လူနည်းစုမွတ်စလင်မ်တွေအပေါ် ထပ်မံကန့်သတ်ချုပ်ချယ်မှု ဖိနှိပ်မှုတွေရဲ့ ခြေလှမ်းတစ်လှမ်းလား၊ နောက်ခြေလှမ်းတွေက ဘာတွေ ဖြစ်မလဲဆိုတာပါ။

    ‘ညွှန်ကြားချက် နောက်ကွယ်အကြောင်းတရား’

    အစိုးရနဲ့ အာဏာပိုင်တွေရဲ့ ဒီညွှန်ကြားချက်နဲ့ လုပ်ဆောင်ချက်အရွေ့နောက်ကွယ်က ရည်ရွယ်ချက်ကို အတိအကျ မသိနိုင်ပါ။

    မျှမျှတတတွက်ဆကြည့်ရရင်တော့ စိုးရိမ်မှုရော စေတနာရော နှစ်ခုစလုံးပါမယ်လို့ မြင်ပါတယ်။ လူနည်းစုဘာသာတရားတွေ အပေါ် အထူးသဖြင့် အစ္စလာမ်ပေါ့၊ ပိုမို ထိန်းချုပ်လိုပြီး တစ်ဖက်ကလည်း မြန်မာမှုပြု ပုံစံနဲ့ သွားစေလိုတာမျိုး ဖြစ်နိုင်ပါတယ်။

    စိုးရိမ်မှုကတော့ အစ္စလာမ့်နာမည်အောက်မှာ အစွန်းရောက်ခြင်းပေါ့။ လက်ရှိ အမျိုးသားခေါင်းဆောင်လို့ လူအများစု အသိအမှတ်ပြုထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံ အန်တီစု ကိုယ်တိုင်က ကမ္ဘာ့နေရာအချို့မှ ဖြစ်ပျက်နေတဲ့ အစွန်းရောက်အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ဒီမှာလည်း စိုးရိမ်မှုတွေ အထိုက်အလျောက်ရှိနေတယ် ဆိုတဲ့ ပုံစံမျိုး ပြောဖူးပါတယ်။

    စေတနာကတော့ မြန်မာ့မြေက မြန်မာမွတ်စလင်မ်တွေအတွက် မြန်မာမှုပြု အစ္စလာမ်ပုံစံကို ယှဉ်သန်စေလိုတာမျိုးလို့ အကောင်းမြင်ကြည့်ရမှာပါ။

    ‘ချဉ်းကပ်မှု လမ်းကြောင်း မှန်စေ’

    စိုးရိမ်မှုနဲ့ အဲ့ဒီ့အပေါ် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း အမှန်တကယ်အောင်မြင်ဖို့ ဒီစိန်ခေါ်မှုအပေါ်မှာ ချဉ်းကပ်တဲ့ လမ်းကြောင်း မှန်ကန်ဖို့ လိုအပ်ပါမယ်။

    ဘာသာရေး အစွန်းရောက်ခြင်းဟာ လွှဲမှားစွာ ဖွင့်ဆိုကောက်ချက်ဆွဲခြင်းနဲ့ ဘာသာရေးကို နိုင်ငံရေး လက်နက်အဖြစ်အသုံးချခြင်းတို့ဟာ အဓိက အကြောင်းတရားတွေပါ။ အဲ့ဒီအကြောင်းတရားတွေကို ဦးတည်စေတာကတော့ သက်ဆိုင်ရာဘာသာရေးကိုးကွယ်သူတွေရဲ့ နေ့စဉ်ဘဝအပေါ် သက်ရောက်နေတဲ့ နိုင်ငံရေး စီးပွားရေး လူမှုရေးစတဲ့ လူ့ဘဝအခြေခံအကြောင်းအချက်တွေပါပဲ။

    အစိုးရတစ်ရပ် ဒါမှမဟုတ် အာဏာပိုင်အဖွဲ့အစည်းဟာ အယူဝါဒတစ်ခုကနေ အစွန်းရောက်ဝါဒ ရှင်သန်ခြင်း ဒါမှမဟုတ် အစွန်းရောက်ဝါဒီတွေ ပေါ်လာမှာ စိုးရိမ်တယ်၊ အဲ့ဒါကို တားဆီးလိုတဲ့ စေတနာမှန် စေတနာကောင်းရှိတယ်ဆိုရင် အပေါ်က ဖော်ပြထားတဲ့ အကြောင်းတရားတွေဆီကို ရဲရဲဝံ့ဝံ့သွားဖို့ ဖြေရှင်းဖို့လိုပါမယ်။

    ကျွန်တော် မြန်မာနိုင်ငံမှာ ဘယ်ဘုရားမှ မပွင့်ခဲ့ပါ၊ လူများစုသုံး မြန်မာ(ဗမာ)စကားဟာလည်း ဘယ်အလင်းပြပုဂ္ဂိုလ်ရဲ့ မိခင်ဘာသာစကားမှ မဖြစ်ခဲ့ပါ။

    အဲ့လို့အခြေအနေမှာ လူများစုကိုးကွယ်တဲ့ ဗုဒ္ဓဘာသာမှာသည် လူနည်းစု ကိုးကွယ်တဲ့ ဘဟာအီဘာသာထိ ဘာသာတရားကို မြန်မာလို သီးသန့် သင်ကြားဖို့ဆိုတာမျိုးထက် ဘာသာသာသနာရဲ့ အဓိက ဘာသာတရားကို မြန်မာဘာသာနဲ့ တွဲဖက်သင်ကြားရန်ဆိုတာမျိုးက ပိုလက်တွေ့ကျ အပေါင်းဆန်ပါလိမ့်မယ်။

    ပါဠိနဲ့ မြန်မာ၊ လက်တင် သို့မဟုတ် အင်္ဂလိပ်နဲ့ မြန်မာ၊ သင်္ကရိုက်နဲ့ မြန်မာ၊ အရဗီနဲ့ မြန်မာစသည်ပေါ့။

    ဘာသာရေးသင်ရိုးတစ်ခုကို စီစစ်သုံးသပ်တယ်ဆိုရာမှာ စံတစ်ခုလိုလာပါပြီ။ စံကတော့ မှန်ကန်စွာ ဖွင့်ဆိုထားတဲ့ သင်ကြားချက်တွေဆိုတာပေါ့။

    အဲ့ဒီ့မှာ စိန်ခေါ်မှုက ဘာသာသာသနာတွေဟာ တစ်ခုနဲ့ တစ်ခု မတူလို့ဘဲ အမည်တွေကွဲနေပြီ၊ ကျင့်သုံးမှုတွေကွဲနေပြီ၊ ပန်းတိုင်တွေ ကွဲနေပြီ (တူညီတဲ့ အခြေခံကျင့်ဝတ်တွေ ရှိတာကလည်း အမှန်ပါ)။ အစ္စလာမ်က အလ္လာဟ်ရှင်မြတ်ကို ပြောတယ်၊ ခရစ်ယာန်က ထာဝရဘုရားသခင်ကို ပြောတယ်၊ တစ်ဖက်မှာ ထေရဝါဒဗုဒ္ဓဘာသာက အနတ္တကို ပြောတယ်။

    အဲ့တော့ စံနှုန်းနဲ့ ပန်းတိုင် မတူတဲ့ ဘာသာတရားတွေမှာ ကိုယ့်စံနှုန်းနဲ့ သူ့သင်ရိုးကို စီစစ်တာ၊ သူ့စံနဲ့ ကိုယ့်သင်ရိုးကို စီစစ်တာဟာ လက်တွေ့မဆန်ပါ။ ဥပမာ အစ္စလာမ့်ယဉ်ကျေးလိမ္မာသင်ရိုးကို သင်ခွင့်ပြုဖို့ မပြုဖို့ စီစစ်ရာမှာ မှန်ကန်တဲ့ အစ္စလာမ့် ဖွင့်ဆို သင်ကြားချက်တွေကို စံထားဖို့လိုပါမယ်။

    ဒီနှစ်ပိုင်းတွေမှာ ဘာသာတရားနဲ့ အစွန်းရောက်မှု ကျွန်တော်တို့နိုင်ငံအတွက်ရော အရှေ့တောင်အာရှဒေသတွင်းရော ကမ္ဘာမှာပါ ပြဿနာဟောင်းက အသစ်ပြန်ဖြစ်လာတဲ့ ငြင်းလို့မရတဲ့ စိန်ခေါ်မှုပါ။

    လူပြိန်းကြိုက် ဘာသာရေးအခြေပြု နိုင်ငံရေးဆွယ်၊ ဘာသာအသီးသီးရဲ့ တရားပလ္လင်ထက် ဘာသာရေးဝတ်စုံ (အရေ)ခြုံ အမုန်းတရားတွေ ပေါ်ပေါ်ထင်ထင်ဟော အဲ့ဒီ့ရဲ့ နောက်ဆက်တွဲအနေနဲ့ ဘုရားတွေ အမည်ကြွေးကြော် သတ်ဖြတ်မှုတွေ ရှိနေတာဟာ ဝမ်းနည်းစွာနဲ့ အသိအမှတ်ပြုရမယ့် ဖြစ်ရပ်မှန်ပါ။

    တရားဥပဒေစိုးမိုးရေးတာဝန်ခံဖြစ်တဲ့ အစိုးရနဲ့ အာဏာပိုင်ဟာ ပြည်သူကို ကျောသားရင်သား မခွဲခြားဘဲ စိုးရိမ်ဖို့ ဆောင်ရွက်ဖို့လိုပါမယ်။

    လူနည်းစုဘာသာတရားတွေနဲ့ ဘာသာဝင်တွေကို ပစ်မှတ်ထားနေတဲ့ ခြိမ်းခြောက်နေတဲ့ အစွန်းရောက်သင်ကြားမှုတွေ သင်ရိုးတွေကိုလည်း အမှန်တကယ် စီစစ်ဆောင်ရွက်ပေးစေလိုပါတယ်။

    အစိုးရအနေနဲ့ အစ္စလာမ့်ခေါင်းစဉ်အောက် အစွန်းရောက်ခြင်းကို စိတ်ပူကာကွယ်တာ အမှန်ဖြစ်ခဲ့ရင် ဝမ်းအသာဆုံးသူတွေက မြန်မာမွတ်စလင်မ်တွေနဲ့ ကမ္ဘာ့မွတ်စလင်မ်အများစုကြီး ဖြစ်ပါလိမ့်မယ်။

    ကိုယ့်ဘာသာတရားကို တလွှဲအသုံးချပြီး နာမည်ပျက်စေတာကို ဘယ်စစ်မှန်တဲ့ ဘာသာဝင် ကျင့်သုံးသူ မှန်သမျှ မနှစ်မြို့လိုပါပဲ။

    အစိုးရအနေနဲ့ အာဏာပိုင်တွေအနေနဲ့ ပွင့်လင်းမြင့်သာမှုနဲ့ လက်တွေ့ဆန်မှု ပိုချပြနိုင်မယ်ဆို မြန်မာမွတ်စလင်မ်တွေ နားလည်မှုအပြည့်နဲ့ ရင်ဖွင့်ကြို ပူးပေါင်းဆောင်ရွက်မယ်လို့ မြင်မိပါတယ်။

    ‘မြန်မာမွတ်စလင်မ်တို့ အဖြေရှာစို့’

    မြန်မာမွတ်စလင်မ်တွေ အနေနဲ့ အစိုးရရဲ့ ဒီချဉ်းကပ်မှုကို ဘာသာရေးဖိနှိပ်မှုလို့ သတ်မှတ်ဖို့ စောလွန်းပြီး ဒီကောက်ချက်မျိုးဟာ အနုတ်ဆောင်လွန်းနေပါတယ်။

    ရခိုင်ဒေသနဲ့ နေရာအချို့မှာ ပြဿနာကြီးကြီးမားမားတွေ ရှိနေပေမယ့်၊ လက်တွေ့ဘဝရဲ့ အခန်းကဏ္ဍအချို့မှာ ခွဲခြားဆက်ဆံခံရမှုတွေရှိနေပေမယ့် ကျွန်တော်တို့ရဲ့ ယုံကြည်ချက်နဲ့ ဘာသာရေးကျင့်သုံးမှုကို ပွင့်ပွင့်လင်းလင်းနဲ့ ဘောင်တစ်ခုအတွင်းက လွတ်လွတ်လပ်လပ် ကျင့်သုံးလို့ရနေသေးပါတယ်။

    အဲ့တော့ အခုကိစ္စကို ဖိနှိပ်မှုဆိုတာမျိုးထက် အခက်အခဲဆိုတာမျိုးထက် စိန်ခေါ်မှုနဲ့ အခွင့်အလမ်းပုံစံ မျိုး ပြန်လည် ချဉ်းကပ်အဖြေရှာဖို့ လိုပါမယ်။

    အစ္စလာမ့်တမန်တော်ရဲ့ သွန်သင်ချက်ကိုက အဆိုးထဲမှာ ဘာအကောင်းပါလဲ၊ အခက်အခဲထဲမှာ ဘာလွယ်ကူမှုပါလဲ အဲ့ဒီကနေ ချဉ်းကပ်အဖြေရှာတဲ့ ပုံစံမျိုးမို့ပါ။

    အစ္စလာမ်ကို မှန်ကန်စွာ ဖွင့်ဆိုချဉ်းကပ်မှု စံရဲ့ ကျွမ်းကျင်မှုဟာ ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်တွေဆီမှာပဲ ရှိပါတယ်။

    ကျွန်တော့်တို့ လူ့အသိုင်းဝိုင်းအနေနဲ့ ဒီကျွမ်းကျင်မှုကို ပညာရေးလူ့အဆောက်အဦး Institution တစ်ခုပုံစံနဲ့ အစိုးရနဲ့ အာဏာပိုင်တွေကို လက်တွဲဆောင်ရွက်ဖို့ ကမ်းလှမ်းညှိနှိုင်းတာမျိုးအတွက် အဆင့်သင့်ဖြစ်နေပြီလား။

    ကျွန်တော် ရိုးရိုးသားသား သုံးသပ်မိသလောက် ကျောင်းတော်ဝါဒတစ်ခုချင်း တစ်ဦးချင်း ကျွမ်းကျင်မှုတွေ ရှိနေပေမယ့် မြန်မာမွတ်စလင်မ်တစ်ရပ်လုံးအတွက် ကိုယ်စားပြုရပ်တည်နိုင်မယ့် အစိုးရနဲ့ ညှိုနှိုင်းဆောင်ရွက်နိုင်လောက်တဲ့ စနစ်ကျတဲ့ အစ္စလာမ့်ပညာရေးစံ Institution တစ်ခု မတည်ဆောက်ထားရသေးပါ။

    အခုတွန်းအားတစ်ခု လာပါပြီ၊ အဆင့်သင့် မဖြစ်သေးရင် ပြင်ဆင်သင့်ပါပြီ။

    ဒါဝဟ်လို့ ခေါ်တဲ့ အစ္စလာမ့် သတင်းစကားပေးခြင်းဟာ အရှင့်တစ်ဆူတည်း သောဝ်ဟီးဒ်တရားကို သတင်းစကားပေးခြင်းဟာ အလွန်အရေးကြီးတဲ့ တာဝန်တစ်ရပ်ဖြစ်တဲ့ အပေါ် အစ္စလာမ့် အခြေခံသင်ကြားချက်တွေကို မြန်မာမှုပြုပြီး အာဏာပိုင်တွေကို တင်ပြခွင့်ရတာဟာ အင်မတန် ကောင်းမွန်တဲ့ အခွင့်ရေးပါ။ အလ္လာဟ်အရှင်မြတ်အား ကျေးဇူးတင်မိပါတယ်။

    ကျွန်တော်တို့ ဘာသာရေးခေါင်းဆောင် အီမာမ်များနဲ့ ဘာသာရေးဆရာ မော်လဝီ မုဖ်သီ ကာရီ ဟာဖိဇ်များမှာ

    (** အီမာမ် = ရှေ့ဆောင်၊ မော်လဝီ = ကုရ်အာန်ကျမ်းတော်ကိုအဓိပ္ပါယ်နှင့်တကွနားလည် ဘာသာရေး အခြေခံပညာရပ်များ ကျွမ်းကျင်တတ်မြောက်ထားတဲ့ သူ၊

    ** မုဖ်သီ= မော်လဝီတန်းပြီးနောက် အဆင့်မြင့်တန်းတက်ရောက်ပြီး ဘာသာရေးဓမ္မသတ် ဆုံးဖြတ်ချက်များပေးနိုင်သူ၊

    ** ကာရီ = ကုရ်အာန်ကျမ်းတော်ကို တမန်တော်မြတ်မှ ဆရာဆက် ဌာန်ကရိုဏ်းစနစ်တကျ ရွတ်ဖတ်နိုင်အောင် လေ့ကျင့်သင်ကြားထား သူ၊

    ** ဟာဖိဇ်= ကုရ်အာန်ကျမ်းအာဂုံဆောင်ထားသူ)

    ဘာသာရေးရော မြန်မာစာပေပါ ကျွမ်းကျင်စွာ တတ်မြောက် ပြန်လည်ပို့ချ ဟောပြောနိုင်သူ အချို့ရှိသော်လည်း၊ အများစုမှာ လက်ရှိ (အဓိက) အူရဒူနှင့် အရဗီ အသားပေး ဘာသာရေးပညာစနစ်ကြောင့် မြန်မာစာ အားနည်းမှု အထိုက်အလျောက်ရှိနေတာဟာ အမှန်တရားပါ။

    မိမိတို့သင်ကြားတတ်မြောက်ထားတဲ့ ဘာသာရေးအသိပညာကို မိမိတို့ပတ်ဝန်းကျင်အသိုင်းအဝိုင်းကို ဖြန့်ဝေ အလုပ်အကျွေးပြုဖို့ဆိုရာမှာ ကိုယ့်ဒေသ ကိုယ့်ပတ်ဝန်းကျင်မှာ လူများစုကြီး နေ့စဉ်ပြောနေတဲ့ ဘာသာစကားရဲ့ အရေးပါမှုကို မျက်ကွယ်ပြုလို့ မရပါ။

    အကယ်၍ မလွဲမရှောင်သာ မြန်မာဘာသာစကားကို အဓိကထားရမယ်ဆိုရင် bottom up သဘောတရားအရ အခြေခံအဆင့်မှာ တပည့်တွေကို ကလေးငယ်တွေကို သင်ကြားရတော့မယ်ဆိုတော့ အဆင့်မြင့်ပိုင်းမှာ ဆရာတွေ မွေးထုတ်ရေးအပိုင်းမှာ မြန်မာစာပေဟာ မလေ့လာလို့ မရတဲ့ ပုံစံတစ်ခုဖြစ်လာတော့ပါမယ်။

    အဲ့ဒီ့ရဲ့ ကောင်းကျိုးကတော့ ကျွန်တော်တို့ဘာသာရေးဆရာတွေအနေနဲ့ မိမိရဲ့ ပတ်ဝန်းကျင် လူများစုကြီးကို မိမိတို့ရဲ့ ပညာတွေ ပိုမိုဖြန့်ဝေလာနိုင်မယ်၊ ပိုမို အလုပ်အကျွေးပြုလာနိုင်တော့မယ်ဆိုတာပါပဲ။ အလ္လာဟ်အရှင်မြတ်အား ကျေးဇူးတင်မိပါတယ်။

    နိုင်ငံတော်ရဲ့ တရားဥပေဒအစောင့်အရှောက်အတွင်းမှာ ယဉ်ကျေးလိမ္မာကျောင်းတွေကို တရားဝင် ဖွင့်ခွင့်ရလာမယ်။ ကျွန်တော်တို့ ကလေးငယ်တွေကို ဒီတရားဝင်ဖွင့်ခွင့်ရလာမယ့် ကျောင်းတွေမှာ ပုံမှန်တက်ရောက်နိုင်ဖို့ ကျောင်းတက်မှန်စေဖို့ အရင်က အကြောင်းအမျိုးမျိုးနဲ့ ဘာသာရေးအခြေခံတွေနဲ့ ဝေးနေတဲ့ ကလေးငယ်တွေလည်း ပိုမိုတက်ရောက်လာနိုင်ဖို့ အဖက်ဖက်ကနေ အဆင်ပြေအောင် စီစဉ် နှိုးဆော် ဆောင်ရွက်တာတွေ လုပ်ရပါမယ်။ ဒါဟာလည်း အမှန်တကယ်တော့ အခွင့်လမ်းကောင်းတစ်ခုပါ။

    တစ်ဖက်မှာ အိမ်တွေမှာ သင်ခွင့်မရှိဘူးလားဆိုတဲ့ အချက်ပါ။ မိသားစုတွင်း ဘာသာရေးနဲ့ ယဉ်ကျေးလိမ္မာစေဖို့ မိဘနဲ့ သားသမီး၊ အဘိုးအဘွားနဲ့ မြေးမြစ်၊ ဦးလေးအဒေါ်နဲ့ တူ၊တူမကြားကို ကန့်သတ်ချုပ်ချယ်တဲ့ ဥပဒေမျိုး အခုလည်း မရှိပါ နောင်လည်း မရှိပါ။ အဲ့တော့ ဆရာကိုသက်သက်သာ အားကိုးပြီး မိသားစုတွင်း ကိုယ်တိုင် ဘာသာရေးလေ့လာအားနည်း သင်ပေးသင်ယူနည်းနေတဲ့ ကျွန်တော်တို့ မြန်မာမွတ်စလင်မ်အသိုင်းအဝိုင်းအတွက် ဒါဟာ အခွင့်အလမ်းကောင်းပါ။

    ငြီးငြူ အပြစ်ပြောနေမယ့်အစား မိသားစု စာဖတ်ဝိုင်းနဲ့ ဘာသာရေးသင်ပေးသင်ယူခြင်း အလေ့အကျင့်တွေကို ပြန်ရှင်သန်စေဖို့ ဒီနေ့ပဲ စလိုက်ပါ။

    နည်းပညာနဲ့ သတင်းအချက်အလက်ခေတ်ကြီးမှာ ကြီးငယ်လူတိုင်း ဖေစ့်ဘုခ်ပွတ်နေတဲ့ ခေတ်မှာ ရပ်ကွက် ဒေသ နိုင်ငံမပြောနဲ့ ကမ္ဘာဟာ ရွာဖြစ်နေပါပြီ။

    ကမ္ဘာ့ရှေ့ခြမ်းက အိမ်မှာထိုင်နေပြီး ကမ္ဘာ့အနောက်ခြမ်းက ဘွဲ့ကို လှမ်းလေ့လာသင်ယူ ဘွဲ့ယူတဲ့ ခေတ်ကြီးမှာ အိမ်ကို ဆရာခေါ်လို့ မရလို့ ထိုင်ငြီးငြူနေရင်တော့…။

    တွန်းအားတစ်ခု မရှိရင် ထိုင်နေ ငြိမ်နေတတ်တဲ့ လူ့အသိုင်းအဝိုင်းတစ်ခုအတွက် ဒီစိန်ခေါ်မှုဟာ လမ်းသစ်တွေဖောက်ဖို့ အားတွေပါပဲ။

    ‘နိဂုံး သို့မဟုတ် ခြေလှမ်းငယ်’

    ဒီအရေးကိစ္စမှာ အစိုးရအာဏာပိုင်တွေနဲ့ ကျွန်တော်တို့ မြန်မာမွတ်စလင်မ်ပြည်သူတွေနဲ့ အလယ်ဆုံမှတ်မှာ ဆုံကြဖို့ပါပဲ၊ ဆုံမှတ်ကို သူ့နဲ့ နီးရာ ကိုယ်နဲ့ နီးရာ ဆွဲနေရင်တော့ အလုပ်မဖြစ်ပါ။

    အစိုးရအာဏာပိုင်တွေဖက်က ပိုမိုပွင့်လင်းမြင်သာ လက်တွေ့ကျ မျှတမှုနဲ့ ညွှန်ကြားမယ် မြန်မာ မွတ်စလင်မ်ပြည်သူတွေကလည်း စိန်ခေါ်မှုကယူဆောင်လာမယ့် အခွင့်လမ်းပုံစံနဲ့ အပေါင်းဆောင် ချဉ်းကပ်မယ်ဆိုရင် ဒီကိစ္စဟာ အစိုးရနဲ့ ပြည်သူအကြား နီးကပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်လာပြီး ညီညွတ်ငြိမ်းချမ်း သဟဇတဖြစ်မှုတွေနဲ့ ဒီမိုကရေစီပြည့်ဝနိုင်ငံတော်ဆီသွားတဲ့ ခြေလှမ်းငယ် တစ်ခုဖြစ်လာမှာပါ။

     

  • မြန်မာနိုင်ငံကို လူကုန်ကူးမှု အဆိုးဆုံး ကျူးလွန်သူစာရင်းတွင် အမေရိကန် ထည့်သွင်း

    မြန်မာနိုင်ငံကို လူကုန်ကူးမှု အဆိုးဆုံး ကျူးလွန်သူစာရင်းတွင် အမေရိကန် ထည့်သွင်း

    ဇွန် ၂၉၊ ၂၀၁၈
    M-Media

    – အမေရိကန်နိုင်ငံက ထုတ်ပြန်တဲ့ ကမ္ဘာ့ လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာမှာ မြန်မာနိုင်ငံကို အဆိုးရွားဆုံးလူကုန်ကူးမှုကျူးလွန်တဲ့ နိုင်ငံစာရင်းမှာ ထည့်သွင်းထားပြီး ကလေးစစ်သားတွေကို ဆက်လက်အသုံးပြုနေဆဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    Trafficking in Persons လို့ အမည်ပေးထားတဲ့ အဲဒီအစီရင်ခံစာမှာ မြန်မာနိုင်ငံဟာ ‘အဆင့် ၃’ မှာ အိမ်နီးချင်း လာအို၊ တရုတ်၊ မြောက်ကိုရီးယားတို့နဲ့အတူ ပါဝင်နေပါတယ်။ ‘အဆင့် ၃’ ဟာ လူကုန်ကူးမှုကို တားဆီးဖို့ အနိမ့်ဆုံးသတ်မှတ်ချက် မပြည့်တဲ့၊ ပြည့်မီအောင် မလုပ်ဆောင်တဲ့ နိုင်ငံတွေကို ထည့်သွင်းတာ ဖြစ်ပါတယ်။

    လူကုန်ကူးမှုတိုက်ဖျက်ရေး နိုင်ငံတကာစံသတ်မှတ်ချက်တွေနဲ့ ကိုက်ညီအောင် ဆောင်ရွက်မှုရှိလားဆိုတာကို စီစစ်ကာ အမေရိကန်က နိုင်ငံ ၁၈၇ ကို အဆင့်သတ်မှတ်တာ ဖြစ်ပြီး လူကုန်ကူးမှုကိစ္စမှာ အပြည့်စုံဆုံး အစီရင်ခံစာလည်း ဖြစ်ပါတယ်။

    ဒါပေမယ့် ဒီလိုအဆင့်သတ်မှတ်မှုကို အမေရိကန်က နိုင်ငံရေးအရ အသုံးချမှုတွေ ရှိတယ်လို့လည်း လူ့အခွင့်အရေးအဖွဲ့တွေက စွပ်စွဲထားပါတယ်။

    မြန်မာနိုင်ငံ အဆင့်ကျင်ဆင်းသွားရတဲ့ အဓိက အကြောင်းအရင်းတွေထဲမှာ ရခိုင်ပြည်နယ်အတွင်း စစ်တပ်က ပြုလုပ်တဲ့ စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာတွေ သိန်းနဲ့ချီ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးသွားရတာလည်း ပါဝင်ပါတယ်။

    မြန်မာနိုင်ငံအတွင်း စစ်တပ်နဲ့ တပ်မတော်တို့ဟာ ကလေးစစ်သားတွေကို ဆက်လက်စုဆောင်းနေဆဲဖြစ်ကြောင်း၊ ဒီကိစ္စ ရပ်တန့်အောင် ဆောင်ရွက်ရာမှာ အာဏာပိုင်တွေက ကုလရဲ့ ပါဝင်မှုကို တားဆီးကြောင်း၊ မတည်ငြိမ်တဲ့ ဒေသတွေမှာ လုံခြုံရေးဆိုင်ရာ အခြေအနေတွေကြောင့် ကလေးငယ်တွေကို လူသစ်စုဆောင်းမှုဟာ မြင့်တက်လာကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ရိုဟင်ဂျာတွေ၊ ရခိုင်တွေ၊ ရှမ်းတွေ၊ ကချင်တွေဟာ စစ်တပ်ရဲ့ အဓမ္မ လုပ်အားခိုင်းစေမှုကို ခံရနိုင်တဲ့ အန္တရာယ်တွေရှိကြောင်းလည်း အစီရင်ခံစာက ဆိုပါတယ်။

    လိင်ကုန်ကူးမှုနဲ့ လုပ်အားခေါင်းပုံဖြတ်မှုမှာ အစိုးရအာဏာပိုင်တွေ ပါဝင်နေပြီး၊ ကျူးလွန်သူတွေကို ဥပဒေစိုးမိုးရေးအဖွဲ့က ဖမ်းဆီးအရေးယူဖို့ ကြိုးစားမှုတွေ နှောက်ယှက်ခံနေရကြောင်း၊ လူကုန်ကူးမှုမှာ ပါဝင်တဲ့ တာဝန်ရှိသူတွေကို ရာဇ၀တ်မှုဆိုင်ရာ အရေးယူမှုတွေလုပ်ဖို့ အစိုးရက ဆောင်ရွက်မှုတစ်ချို့ ရှိတာကို တွေ့ရပြီး၊ အဓမ္မ လုပ်အားခိုင်းစေမှု၊ ကလေးလုပ်သား ကိစ္စတွေကို ဖြေရှင်းဖို့ အရပ်ဖက်တရားရုံးတွေရဲ့ ကြိုးစားမှုတွေမှာ စစ်တပ်ရဲ့ သြဇာလွှမ်းမိုးမှုက အဟန့်အတားဖြစ်နေကြောင်းလည်း အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

    လူကုန်ကူးမှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က အာရုံစိုက် ဆောင်ရွက်နေတာတွေဟာ လိင်ကုန်ကူးမှု၊ တရုတ်အမျိုးသားတွေနဲ့ အဓမ္မလက်ထပ်ခိုင်းပြီး အိမ်အကူအဖြစ် ခိုင်းစေမှုတွေ ဖြစ်တယ်လို့လည်း အမေရိကန်က ဆိုပါတယ်။

    Ref: Frontier Myanmar

  • ဗြိတိန်တော်ဝင်မိသားစုက ဂျေရုစလင်ရှိ အလ်-အက္ကဆွာ ဗလီကို ပထမဆုံး သွားရောက်လည်ပတ်

    ဗြိတိန်တော်ဝင်မိသားစုက ဂျေရုစလင်ရှိ အလ်-အက္ကဆွာ ဗလီကို ပထမဆုံး သွားရောက်လည်ပတ်

    ဇွန် ၂၉၊ ၂၀၁၈
    M-Media

    အလ်-အက္ကဆွာ ဂေါပကအဖွဲ့နှင့်အတူ တွေ့ရသည့် မင်းသားဝီလီယံ (၀ဲမှ ဒုတိယမြောက်)

    – အရှေ့အလယ်ပိုင်း ခရီးစဉ်အဖြစ် အစ္စရေးကို ရောက်ရှိနေတဲ့ ဗြိတိန် တော်ဝင်မင်းသား ၀ီလီယံဟာ အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ဂျေရုစလင်က အလ်-အက္ကဆွာ ဗလီဝတ်ကျောင်းတော်ကို မနေ့မှာ သွားရောက်လည်ပတ်ခဲ့ပါတယ်။

    မင်းသားဟာ အစ္စရေးလုံခြုံရေးတွေ၊ ဂျော်ဒန်က စီမံနေတဲ့ အလ်-အက္ကဆွာ ဗလီ ဂေါပကအဖွဲ့ တာဝန်ရှိသူတွေနဲ့အတူ ဗလီဝတ်ကျောင်းတော် ပရ၀ုဏ်အတွင်း လှည့်ပတ်ကြည့်ရှုခဲ့ပါတယ်။

    ဗြိတိသျှအာဏာပိုင်တွေက ဒါဟာ ဗြိတိန်တော်ဝင်မိသားစုဝင်တစ်ဦး ပထမဆုံးအကြိမ် အလ်-အက္ကဆွာ ဗလီဝတ်ကျောင်းတော်ကို သွားရောက်လည်ပတ်မှုဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ မင်းသားဟာ အဲဒီမတိုင်ခင် ဂျေရုစလင်က ခရစ်ယာန်တွေ၊ ဂျူးတွေရဲ့ သာသနိက အဆောက်အဦးတွေဆီလည်း သွားရောက် လည်ပတ်ခဲ့ပါတယ်။

    ဗုဒ္ဓဟူးနေ့က မင်းသားဝီလီယံဟာ အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင်နက် အနောက်ဖက်ကမ်းကို သွားရောက်ခဲ့ပြီး ပါလက်စတိုင်း သမ္မတ မဟ်မူးဒ်အဘတ်စ်နဲ့ တွေ့ဆုံခဲ့ပါတယ်။

    “ကျွန်တော်တို့နှစ်နိုင်ငံဟာ အနီးကပ် ပူးပေါင်းဆောင်ရွက်ပြီး၊ ပညာရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့တဲ့ သမိုင်းကြောင်းလည်း ရှိပါတယ်” လို့ မင်းသားက ပါလက်စတိုင်းသမ္မတကို ပြောကြားခဲ့ပါတယ်။

    အနောက်နိုင်ငံတွေဟာ ပါလက်စတိုင်းကို နိုင်ငံတစ်ခုအဖြစ် ရည်ညွှန်းခေါ်ဆိုခြင်းမရှိဘဲ အနာဂတ်မှာ အချုပ်အခြာပိုင် ပါလက်စတိုင်းနိုင်ငံ ဖြစ်လာရေး ထောက်ခံအားပေးတယ်လို့ပဲ ပြောဆိုကြပါတယ်။ မင်းသားဝီလီယံကတော့ ဒီအစဉ်အလာကို ချိုးဖျက်ခဲ့ပါတယ်။

    အင်္ဂါနေ့က မင်းသားနဲ့တွေ့ဆုံစဉ် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပါလက်စတိုင်းတွေ နိုင်ငံတည်ထောင်ရေးကို လက်မခံကြောင်း၊ ပါလက်စတိုင်းပိုင်နက်တွေမှာ တရားမ၀င် အခြေချအိမ်ယာတွေ တည်ဆောက်မှုကို ထောက်ခံကြောင်း ပြောဆိုခဲ့ပါတယ်။

    Ref: Jordantimes