News @ M-Media

Blog

  • အစားအစာ အလေအလွင့်ဖြစ်မှုကို တိုက်ဖျက်ရန် ဆော်ဒီ စီစဉ်

    အစားအစာ အလေအလွင့်ဖြစ်မှုကို တိုက်ဖျက်ရန် ဆော်ဒီ စီစဉ်

    ဇူလိုင် ၄၊ ၂၀၁၈
    M-Media

    – ကုလကထုတ်ပြန်တဲ့ ကမ္ဘာပေါ်က အစားအစာ အလေအလွင့်အဖြစ်ဆုံး တိုင်းပြည်စာရင်းမှာ ထိပ်ဆုံးကနေ ပါဝင်နေတဲ့အတွက် ဖြုန်းတီးသူတွေကို ကီလိုအလိုက် ဒဏ်ငွေကောက်ဖို့ ဆော်ဒီ အစားအစာဘဏ် Eta’am က ဆော်ဒီအာဏာပိုင်တွေကို တိုက်တွန်းလိုက်ပါတယ်။

    တိုင်းပြည်မှာ အစားအသောက် လေ့လွင့်မှုဟာ ၄၀ ရာခိုင်နှုန်းလောက် ရှိနေတယ်လို့ ဆော်ဒီ သဘာဝပတ်ဝန်းကျင်၊ ရေနဲ့ လယ်ယာစိုက်ပျိုးရေး ၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

    Eta’am အဖွဲ့ အတွင်းရေမှူး ဖိုက်ဆဲလ် ရှိုရှန်က ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ၊ မင်္ဂလာခန်းမတွေ၊ သဘာဝပတ်ဝန်းကျင်နဲ့ အစားအသောက် ထိန်းသိမ်းရေးစင်တာတွေအနေနဲ့ ဖြုန်းတီးသူတွေအပေါ် ဒဏ်ငွေတပ်ရမယ်ဆိုတဲ့ စည်းကမ်းတစ်ခု ချမှတ်ရေး ဆောင်ရွက်ဖို့ စည်ပင်သာယာရေးနဲ့ ကျေးလက်ဒေသဆိုင်ရာ ၀န်ကြီးဌာနကို အကြံပြုထားကြောင်း ပြောကြားခဲ့ပါတယ်။

    “အခုနှစ် ပထမနဲ့ ဒုတိယ ၃ လပတ်တွေမှာ အစားအသောက်နဲ့ လယ်ယာစိုက်ပျိုရေးအဖွဲ့ဟာ ထမင်းဟင်း အပွဲ ၁.၈ သန်းနဲ့ လတ်ဆတ်တဲ့သစ်သီး ခြင်းပေါင် ၅ သိန်းလောက်ကို စုဆောင်းကာ နိုင်ငံအရှေ့ပိုင်းပြည်နယ်၊ ရီယာ့ဒ်နဲ့ ဂျစ်ဒါတို့က မိသားစု ၂၅၀၀ ကျော်ကို ဝေငှပေးခဲ့ရပါတယ်။ အလေအလွင့်ဖြစ်မှုဟာ ပြီးခဲ့တဲ့နှစ်ကနဲ့ယှဉ်ရင် ၅၁ ရာခိုင်နှုန်း မြင့်တက်လာတာ ဖြစ်ပြီး အစားအသောက်တွေ အလဟသဖြစ်မှုကို တိုက်ဖျက်ဖို့အတွက် ကျွန်တော်တို့အဖွဲ့ ဆက်လက် ဆောင်ရွက်ရအုံးမယ်ဆိုတာ ပြသနေတာလည်း ဖြစ်ပါတယ် ” လို့ ရှိုရှန်က ပြောကြားခဲ့ပါတယ်။

    ၂၀၁၇ ခုနှစ် ကုလရဲ့ စစ်တမ်းကောက်ယူမှုအရ ဆော်ဒီမှာ တစ်နေ့ကို အစားအသောက် အလေအလွင့်ဖြစ်မှုဟာ တန်ပေါင်း ၄၂၇ တန်ရှိပြီး ဆော်ဒီရီယဲလ် သန်း ၇၀ ဖိုး ဖြစ်ပါတယ်။ နိုင်ငံတစ်ဝှမ်းမှာရှိနေတဲ့ အိမ်ထောင်စုတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်မှာ အစားအသောက်တွေ နေ့စဉ် လေလွင့်နေတာဖြစ်ပြီး ဒီပမာဏဟာ တစ်နိုင်ငံလုံးကလူတွေကို ကျွေးမွေးနိုင်တဲ့ ပမာဏလည်း ဖြစ်ပါတယ်။

    Ref: Alarabiay

  • ခေါင်းဆောင်၏သား သေဆုံးပြီဟု IS ထုတ်ပြန်

    ခေါင်းဆောင်၏သား သေဆုံးပြီဟု IS ထုတ်ပြန်

    ဇူလိုင် ၄၊ ၂၀၁၈
    M-Media

    ဟူဒါဖာယာ အလ်-ဘဒ်ရီ၏ ကိုယ်ရေးအကျဉ်း

    – သူတို့ရဲ့ခေါင်းဆောင် အဘူ ဘာကာရ် အလ်-ဘဂ္ဂဒါဒီရဲ့ သားဖြစ်သူ ဟူဒါဖာယာ အလ်-ဘဒ်ရီ သေဆုံးသွားပြီလို့ IS အကြမ်းဖက်အဖွဲ့က မနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

    ဆီးရီးယားနိုင်ငံ ဟုမ်းစ်မြို့မှာ ရုရှားတပ်ဖွဲ့၊ ဆီးရီးယားအစိုးရကို ထောက်ခံတဲ့ တပ်ဖွဲ့တွေနဲ့ ဖြစ်ပွားတဲ့ တိုက်ခိုက်မှုမှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အသေးစိတ်အချက်အလက်ကိုတော့ ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။

    IS အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ဘဂ္ဂဒါဒီ သေဆုံးသွားပြီလို့ မကြာခဏ သတင်းတွေ ထွက်ခဲ့ပေမယ့် အခု IS ရဲ့ ထုတ်ပြန်မှုကိုကြည့်ရင် ဘဂ္ဂဒါဒီ အသက်ရှင်နေသေးတယ်လို့ ယူဆရပါတယ်။ ဒါပမယ့် ဆီးရီးယားနဲ့ အီရတ် ဘယ်နေရာမှာ ရှိနေလဲဆိုတာကို အတိအကျ မသိရပါဘူး။

    ဘဂ္ဂဒါဒီရဲ့ ၄၆ မိနစ်တာကြာတဲ့ နောက်ဆုံးမိန့်ခွန်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ထွက်ခဲ့ပြီး အဲဒီနောက်ပိုင်း ဘယ်ကြေငြာချက်မှ ထွက်မလာတော့ပါဘူး။

    Ref: Alarabiya

  • ထောင်နှစ်ရှည်ကျမည့် စွဲချက် ၄ ခုဖြင့် နာဂျစ်ရာဇတ် တရားစွဲခံရ

    ထောင်နှစ်ရှည်ကျမည့် စွဲချက် ၄ ခုဖြင့် နာဂျစ်ရာဇတ် တရားစွဲခံရ

    ဇွန် ၄၊ ၂၀၁၈
    M-Media

    – မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ကို ခြစားမှု၊ အာဏာအလွဲသုံးစားလုပ်မှုတွေနဲ့ ဒီကနေ့မှာ တရားစွဲဆိုလိုက်ပါတယ်။

    နိုင်ငံပိုင် 1MDB လုပ်ငန်းက ငွေတွေ ဒေါ်လာဘီလီယံချီ ပျောက်ဆုံးမှုအတွက် စုံစမ်းစစ်ဆေးခံနေရတဲ့ နာဂျစ်ကို မလေးရှားရဲတပ်ဖွဲ့က မနေ့မှာ ဖမ်းဆီးခဲ့တာပါ။

    ဒီနေ့ ရုံးထုတ်ရာမှာ ယုံကြည်မှု အလွဲသုံးစားလုပ်မှု စွဲချက် ၃ ခု၊ ရာထူးကိုအသုံးခြပြီး ခြစားမှု စွဲချက် ၁ တစ်ခုတို့နဲ့ တရားစွဲဆိုခဲ့တာပါ။ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အတွင်း ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ အဲဒီ စွဲချက်တစ်ခုချင်းစီဟာ အမြင့်ဆုံး ထောင်ဒဏ် နှစ် ၂၀ အထိ ချမှတ်နိုင်ပါတယ်။ ခြစားမှုအတွက် စွဲချက်မှာ အပြစ်ရှိကြောင်းတွေ့ရရင် ထောင်ဒဏ်အပြင် ခြစားတဲ့ ပမာဏနဲ့ ၅ ဆ ဒဏ်ငွေဆောင်ရဖို့ ရှိပါတယ်။

    နာဂျစ်ကတော့ သူ့အပေါ် ပြုလုပ်ထားတဲ့ စွဲချက်အားလုံးကို ငြင်းဆိုခဲ့ပါတယ်။

    1MDB ကိစ္စအတွက် မနေ့က ခြစားမှုတိုက်ဖျက်ရေး ကော်မရှင်မှာ လာရောက်အစစ်ခံခဲ့တဲ့ မယားပါသား ရီဇာ အဇစ် အပါအ၀င် နာဂျစ်ရဲ့ သားသမီးတစ်ချို့ တရားရုံးကို လာရောက်ခဲ့ကြပါတယ်။

    နာဂျစ်ရဲ့ UMNO ပါတီက အဖွဲ့ဝင်တစ်ချို့လည်း တရားရုံးကို ရောက်ရှိလာခဲ့ပြီး နာဂျစ်ကို ထောက်ခံတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ခဲ့ကာ ကျွေးကြော်သံတွေကို ဟစ်အော်ခဲ့ကြပါတယ်။

    UMNO ပါတီက လူ ၅၀ လောက်ဟာ နာဂျစ်ကို ထောက်ခံကြောင်း မနေ့က ကွာလာလမ်ပူမှာ ဆန္ဒပြခဲ့ကြပါတယ်။

    Ref: CNA

  • နိုက်ဂျီးရီးယားတွင် ခရစ်ယာန်များကို ဒေါသထွက်နေသော လူအုပ်ကြီးရန်မှ ဗလီဆရာက ကယ်တင်

    နိုက်ဂျီးရီးယားတွင် ခရစ်ယာန်များကို ဒေါသထွက်နေသော လူအုပ်ကြီးရန်မှ ဗလီဆရာက ကယ်တင်

    ဇူလိုင် ၃၊ ၂၀၁၈
    M-Media

    ခရစ်ယာန်များကို သက်စွန့်ဆံဖျား ကယ်တင်ခဲ့သည့် ဗလီဆရာ

    – နိုက်ဂျီးရီးယားနိုင်ငံ အလယ်ပိုင်းက ဗလီဆရာတစ်ယောက်ဟာ ရာနဲ့ချီတဲ့ ခရစ်ယာန်တွေကို ဒေါသထွက်နေတဲ့ လူအုပ်ကြီးရဲ့ လက်ကနေ သက်စွန့်ဆံဖျား ကယ်တင်ခဲ့ပါတယ်။

    ဇွန်လ ၂၃ ရက်နေ့ နေ့လည်ပိုင်းက ခရစ်ယာန်အများစုရှိရာ ရွာကို လက်နက်တွေကိုင်ဆောင်ထားတဲ့ မွတ်စလင်လူအုပ်ကြီးက ၀င်ရောက်လာကာ မြင်မြင်သမျှကို ပစ်ခတ်တာ၊ အိမ်တွေကို မီးရှို့တာတွေ လုပ်ဆောင်ခဲ့တာပါ။

    ခိုကိုးရာမဲ့နေတဲ့ ခရစ်ယာန်ရွာသား ၃၀၀ နီးပါးလောက်ဟာ အနီးအနားက မွတ်စလင်ရွာကို ထွက်ပြေးခဲ့ရပါတယ်။ အဲဒီရွာရဲ့ ဗလီရှေ့ဆောင်ဆရာဟာ ခရစ်ယာန်တွေကို သူ့ရဲ့အိမ်နဲ့ ဗလီဝတ်ကျောင်းတော်ထဲမှာ ၀ှက်ထားပြီး အသက်ဘေးကနေ ကယ်တင်ခဲ့ပါတယ်။

    “ပထမဆုံး အမျိုးသမီးတွေကိုရွေးထုတ်ပြီး ကျွန်တော့်အိမ်ထဲမှာ ဖွက်ထားတယ်။ အမျိုးသားတွေကိုတော့ ဗလီထဲမှာ ၀ှက်ထားခဲ့ပါတယ်” လို့ ဗလီဆရာက ပြောကြားခဲ့ပါတယ်။

    နိုင်ငံဂျီးရီးယားနိုင်ငံ အလယ်ပိုင်းဟာ စိုက်ပျိုးရေးသမားတွေနဲ့ မွေးမြူရေးသမားတွေရဲ့ နယ်မြေလူမှု မကြာခဏ ဖြစ်ပွားတဲ့ဒေသ ဖြစ်ပါတယ်။ စိုက်ပျိုးရေးသမားတွေ အများစုဟာ ဘီရွမ်လူမျိုး ခရစ်ယာန်တွေဖြစ်ပြီး၊ မွေးမြူရေးသမားတွေ အများစုကတော့ ဖူလာနီလူမျိုး မွတ်စလင်တွေဖြစ်ပါတယ်။

    ဒီလူ့အဖွဲ့အစည်းနှစ်ခုအကြား လယ်ယာနဲ့ စားကျက်ကိစ္စ အငြင်းပွားမှုကြောင့် အခုနှစ်အတွင်း အပြန်အလှန်တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီး လူရာချီ သေဆုံးခဲ့ကြပါတယ်။

    ပြီးခဲ့တစ်ပတ်ဖြစ်စဉ်မှာ ဒေါသထွက်နေတဲ့လူအုပ်ဟာ ခရစ်ယာန်တွေပုန်းအောင်းရာ မွတ်စလင်ရွာထဲကို ၀င်လာပြီး သူတို့ကိုထုတ်ပေးဖို့ ပြောကြားခဲ့ပေမယ့် ဗလီဆရာက ငြင်းဆိုခဲ့ပြီး၊ ဗလီထဲကိုလည်း ၀င်ရောက်ခွင့် မပေးခဲ့ပါဘူး။

    လူအုပ်က ဗလီနဲ့ သူနေထိုင်ရာအိမ်ကို မီးရှို့ဖျက်ဆီးမယ်လို့ ခြိမ်းခြောက်ခဲ့တဲ့အတွက် ဗလီဆရာဟာ ဒီလူအုပ်ကို ရှစ်ခိုးတောင်းပန်ခဲ့ရပါတယ်။ ရွာထဲက မွတ်စလင်တွေကလည်း ဒီလူအုပ်ကို အေးအေးဆေးဆေးထွက်သွားဖို့ ၀ိုင်းပြီး တောင်းပန်တဲ့အတွက် ဒေါသထွက်နေတဲ့လူအုပ်ဟာ နောက်ဆုံးမှာ ပြန်သွားခဲ့ပါတယ်။ ဒါပေမယ့် အနားက ခရစ်ယာန်ဘုရားကျောင်းနှစ်ခုကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

    ရွာထဲက အခြားမွတ်စလင်ခေါင်းဆောင်တစ်ဦးက သူတို့နေထိုင်ခဲ့တဲ့ သမိုင်းတစ်လျှောက်မှာ ဒီလိုအဖြစ်အပျက်မျိုး တစ်ခါမှ မဖြစ်ခဲ့ဖူးဘူးလို့ ပြောကြားခဲ့ပါတယ်။

    ခရစ်ယာန်တွေကတော့ သူတို့ကိုကယ်တင်ခဲ့တဲ့ ရှေ့ဆောင်အီမာမ်ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

    “ကျွန်တော်တို့ကို ဗလီထဲကို ခေါ်သွားပြီးတဲ့နောက် ထွက်သွားပါလို့ သူတို့ တစ်ခွန်းမပြောပါဘူး။ ဘုရားဝတ်ပြုဖို့ဆိုပြီးတော့တောင် ကျွန်တော်တို့ကို ဗလီအပြင်ကို မထွက်ခိုင်းခဲ့ပါဘူး။ မနက်စာ၊ ညစာတွေလည်း သူတို့က ကျွန်တော်တို့ကို ကြွေးပါတယ်။ အရမ်းကျေးဇူးတင်ပါတယ်” လို့ ခရစ်ယာန်ခေါင်းဆောင်တစ်ဦးက ပြောကြားခဲ့ပါတယ်။

    ခရစ်ယာန်ရွာသားတွေဟာ ဗလီဆရာရဲ့ စောင့်ရှောက်မှုအောက်မှာ ၅ ရက် နေထိုင်ခဲ့ပြီး နောက်ပိုင်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ နေထိုင်တဲ့စခန်းကို သွားရောက်ခဲ့ကြပါတယ်။

    ဖူလာနီခေါင်းဆောင်တစ်ဦးက ခရစ်ယာန်တွေကို တိုက်ခိုက်ခဲ့တဲ့ လူအုပ်ဟာ လူစိမ်းတွေဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဗလီမှာ သူတို့ကို ကျွန်တော်တို့တားတော့ ကျွန်တော်တို့ထဲကတစ်ယောက် ရိုက်နှက်သွားပါတယ်”

    နိုက်ဂျီးရီးယားနိုင်ငံအလယ်ပိုင်းမှာ ဇွန်လ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ခိုက်မှုအတွင်း ရွာ ၅ ရွာ ပစ်မှတ်ထား တိုက်ခိုက်ခံရပြီး လူသေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။

    နိုက်ဂျီးရီးယား လုံခြုံရေးတပ်ဖွဲ့တွေဟာ အဖြစ်အပျက်တွေကို အချိန်မီ ထိန်းသိမ်းနိုင်ခြင်းမရှိတဲ့အတွက် ဝေဖန်မှုတွေ ခံနေရပါတယ်။

    Ref: BBC

  • ဖိလစ်ပိုင်တွင် နှစ်ရက်အတွင်း မြို့တော်ဝန်နှစ်ယောက် လုပ်ကြံခံရ

    ဖိလစ်ပိုင်တွင် နှစ်ရက်အတွင်း မြို့တော်ဝန်နှစ်ယောက် လုပ်ကြံခံရ

    ဇူလိုင် ၃၊ ၂၀၁၈
    M-Media

    မြို့တော်ဝန် ဖာဒီနန်ဘိုတီ လုပ်ကြံခံခဲ့ရသည့် ကား

    – ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း မြို့တစ်မြို့က မြို့တော်ဝန်တစ်ဦးဟာ ဒေသစံတော်ချိန် ယနေ့ ညနေပိုင်းမှာ သေနတ်သမားတွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုကို ခံခဲ့ရပြီး ၂ ရက်အတွင်း ဖိလစ်ပိုင်မှာ မြို့တော်ဝန် ၂ ဦး လုပ်ကြံခံရတာလည်း ဖြစ်ပါတယ်။

    Nueva Ecija ပြည်နယ် General Tinio မြို့က အသက် ၅၇ နှစ်အရွယ် မြို့တော်ဝန် ဖာဒီနန် ဘိုတီဖြစ်ပြီး Cabanatuan မြို့က ဆည်မြောင်းရုံးကနေ ကားနဲ့ထွက်လာချိန်မှာ ဆိုင်ကယ်စီး သေနတ်သမားတွေရဲ့ အနီးကပ် ပစ်ခတ်သတ်ဖြတ်မှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။

    ဘိုတီဟာ လွန်ခဲ့တဲ့ ၂ နှစ် သမ္မတ ဒူတာတေး တက်လာပြီးနောက် မူးယစ်နှိမ်နှင်းရေး စတင်ခဲ့ပြီးကတည်းက လုပ်ကြံခံရတဲ့ ၁၂ ယောက်မြောက် အစိုးရတာဝန်ရှိသူ ဖြစ်ပါတယ်။

    တနင်္လာနေ့ကလည်း Batangas ပြည်နယ် Tanauan မြို့ မြို့တော်ဝန် အန်တိုနီယို ဟာလီလီဟာ မြို့တော်ခန်းမမှာ အလံတင်အခမ်းအနား လုပ်နေစဉ်အတွင်း စနိုက်ပါနဲ့ လုပ်ကြံခြင်းကို ခံခဲ့ရပါတယ်။ ဟာလီလီဟာ မူးယစ်လုပ်ငန်းမှာ ပါဝင်ခဲ့တယ်လို့ အရင်က သတင်းတွေ ထွက်ခဲ့ဖူးပြီး ကာယကံရှင်ကတော့ ငြင်းဆိုခဲ့ပါတယ်။

    ဒီအဖြစ်အပျက် နှစ်ခုစလုံးမှာ ကျူးလွန်ခဲ့သူတွေကို ဖမ်းဆီးရမိခြင်း မရှိသေးဘဲ စုံစမ်းစစ်ဆေးမှု ပြုလုပ်နေတယ်လို့ ဖိလစ်ပိုင် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

    ၂၀၁၇ ခုနှစ် ဇူလိုင်လက စတင်ခဲ့တဲ့ ဒူတာတေးနဲ့ မူးယစ်နှိမ်နှင်းမှုအတွင်း သေဆုံးသူဟာ ၄၂၀၀ ကျော်လာခဲ့ပြီး ဒေသခံအာဏာပိုင်တွေနဲ့ ရဲတပ်ဖွဲ့တို့ဟာ တရားလက်လွတ် သတ်ဖြတ်မှုတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲမှုတွေ ရှိနေပါတယ်။

    Ref: Philstar