News @ M-Media
Blog
  • တရားမ၀င်နိုင်ငံခြားသားများဖမ်းဆီးမှု မလေးရှား စတင်
    တရားမ၀င်နိုင်ငံခြားသားများဖမ်းဆီးမှု မလေးရှား စတင်
    ဇူလိုင် ၁၊ ၂၀၁၈
    M-Media
    – နိုင်ငံတစ်ဝှမ်း တရားမ၀င် နိုင်ငံခြားသား အလုပ်သမားတွေ ဖမ်းဆီးမှု စစ်ဆင်ရေးတစ်ရပ်ကို မလေးရှားနိုင်ငံက ဒီကနေ့မှာ စတင်လိုက်ပါတယ်။
    အဲဒီစစ်ဆင်ရေးကို ‘အော်ပရာစီ ၃.၀’ လို့ အမည်ပေးထားပြီး ဇွန်လ ၃၀ ရက်နေ့ ည သန်းခေါင်ယံအချိန်က စတင်တာ ဖြစ်ပါတယ်။
    မလေးရှား လူဝင်မှုကြီးကြပ်ရေး အကြီးအကဲ ဒါတွတ် ဆရီ ဟာဂျီ မူစတာဖာ ဟာဂျီ အလီက နိုင်ငံခြားသား အလုပ်သမားတွေကို တရားဝင် မှတ်ပုံတင်ရေး အစီအစဉ် အဆုံးသတ်ပြီးတဲ့နောက် ဒီဖမ်းဆီးမှုကို စတင်တာဖြစ်ကြောင်း၊ အခြားသော အစိုးရအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပါတယ်။
    မလေးရှားဟာ တရားမ၀င်အလုပ်သမားတွေ မှတ်ပုံတင်ရေး အစီအစဉ်ကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့ကတည်းက စတင် လုပ်ဆောင်ပေးခဲ့ပါတယ်။
    အလီက အခုပြုလုပ်တဲ့ ဖမ်းဆီးရေးမှာ ဘယ်လို ညှိနှိုင်းမှုမျိုးမှ လုပ်မှာမဟုတ်ဘဲ အထောက်အထားမရှိသူတွေအားလုံးကို အိမ်ပြန်ပို့မယ်လို့ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
    ဒီကနေ့တစ်ရက်တည်းမှာပဲ ကွာလာလမ်ပူမှာ နိုင်ငံခြားအလုပ်သမား ၁၆၇၂ ဦးကို စစ်ဆေးခဲ့ပြီး အထောက်မရှိသူ ၃၂၉ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ အထောက်အထားမရှိသူတွေနေနဲ့ ဒဏ်ကြေး ရင်းဂစ် ၅၀၀၀၀၊ ၅ နှစ်ထက်မပိုတဲ့ ထောင်ဒဏ်၊ ၆ ချက်ထပ်မပိုတဲ့ ကြိမ်ဒဏ်တွေ ချမှတ်ခံရဖို့ ရှိပါတယ်။
    Ref: Facebook Page of Malaysia Immigaration
  • မြန်မာအာဏာပိုင်များ၏ ခွဲခြားမှုပေါ်လစီကြောင့် ထိုင်းရောက်မြန်မာမွတ်စလင်များ မှတ်ပုံတင်ရေး အခက်တွေ့
    မြန်မာအာဏာပိုင်များ၏ ခွဲခြားမှုပေါ်လစီကြောင့် ထိုင်းရောက်မြန်မာမွတ်စလင်များ မှတ်ပုံတင်ရေး အခက်တွေ့
    ဇူလိုင် ၁၊ ၂၀၁၈
    M-Media
    ထိုင်း-မြန်မာနယ်စပ် ချောင်းတစ်ခုတွင်တွေ့ရသည့် မြန်မာနိုင်ငံသားများ
    – မြန်မာအာဏာပိုင်တွေ့ရဲ့ ကန့်သတ်ခွဲခြားမှုတွေကြောင့် ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်တွေ ထိုင်းအစိုးရဆီ မှတ်ပုံတင်ရာမှာ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ လူ့အခွင့်အရေးအဖွဲ့တစ်ခုက ပြောကြားလိုက်ပါတယ်။
    ထိုင်းနိုင်ငံဟာ လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်း တစ်စိတ်တစ်ပိုင်းအဖြစ် ရွှေ့ပြောင်းလုပ်သားတွေ တရားဝင် အလုပ်လုပ်ကိုင်နိုင်ရေး ဆောင်ရွက်နေပြီး အထောက်အထားမဲ့ လုပ်သားတွေအနေနဲ့ ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထားကာ မိခင်နိုင်ငံက အသိအမှတ်ပြုစာရွက်စာတမ်းတွေကို တင်ပြရမှာ ဖြစ်ပါတယ်။
    အဲဒီလို မတင်ပြနိုင်ဘူးဆိုရင် တရားမ၀င် ရွှေ့ပြောင်းလုပ်သားအဖြစ် သတ်မှတ်မှာဖြစ်ပြီ ဖမ်းမိရင် ဘတ် ၅ သောင်း (ကျပ် သိန်း ၂၀ ကျော်) ပေးဆောင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တိုင်းပြည်ကနေ နယ်နှင်ခံရမှာဖြစ်သလို ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့်ပါမစ် ၂ နှစ်အထိ လျှောက်လို့ရမှာ မဟုတ်ပါဘူး။
    လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Burma Human Rights Network က မဲဆောက်မှာ ၂၀၁၈ ခုနှစ် မတ်လကနေ မေလအထိ စစ်တမ်းကောက်ယူမှုအတွင်း မြန်မာနိုင်ငံက အစ္စလာမ်ဘာသာဝင် ရွှေ့ပြောင်းလုပ်သားတွေဟာ မှတ်ပုံတင်ရေးလုပ်ငန်းစဉ်မှာ မြန်မာအာဏာပိုင်တွေရဲ့ စနစ်တကျ ခွဲခြားဆက်ဆံမှုကို ခံနေရတယ်ဆိုတာ တွေ့ရကြောင်း ပြောကြားခဲ့ပါတယ်။
    “မြန်မာနိုင်ငံက အစ္စလာမ်ဘာသာဝင်လူ့အဖွဲ့အစည်းမှာ နိုင်ငံမဲ့လိုဖြစ်နေတဲ့ကိစ္စဟာ အခု ထိုင်းနိုင်ငံမှာပါ ပြဿနာတစ်ခု ဖြစ်လာပါပြီ။ အစ္စလာမ်ဘာသာဝင် ရွှေ့ပြောင်းလုပ်သားတွေဟာ ကူရာကယ်ရာမဲ့ဖြစ်လာပြီး ထိုင်းအစိုးရရဲ့ ရွေ့ပြောင်းလုပ်သား မှတ်ပုံရေးလုပ်ငန်းစဉ်ကို ထိုခိုက်စေပါတယ်”
    အထောက်အထားမရှိတဲ့ ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ မိခင်နိုင်ငံက CI လို့ခေါ်တဲ့ အသိအမှတ်ပြု ထောက်ခံချက် တင်ပြဖို့အတွက် ထိုင်းအစိုးရက အမိန့်ုထုတ်ပြန်ပါတယ်။
    အစ္စလာမ်ဘာသာဝင်မဟုတ်တဲ့ မြန်မာနိုင်ငံသားတွေဟာ မြန်မာအာဏာပိုင်တွေဆီက အဲဒီထောက်ခံချက်ရဖို့ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းတွေသာ တင်ပြရပေမယ့် မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်တွေဟာ အဲဒီနှစ်ခုအပြင် သူတို့နေထိုင်ရာဒေသက ရဲစခန်းထောက်ခံစာ၊ ရပ်ကွက်ထောက်ခံစာတွေကိုပါ တင်ပြရပါတယ်။ တစ်ချို့လူတွေဆိုရင် အဲဒါတွေအပြင် မြန်မာအာဏာပိုင်တွေက နောက်ထပ် အထောက်အထားတွေကိုပါ ထပ်ပြီးတောင်းတယ်လို့ ဆိုပါတယ်။
    အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ဒီစွပ်စွဲချက်တွေကို ပယ်ချခဲ့ပြီး မြန်မာနိုင်ငံသားမှန်ရင် ဘာသာမရွေး CI လျှောက်နိုင်တယ်လို့ ဖြေကြားပါတယ်။
    “မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း မရှိရင်တောင်မှ မြန်မာနိုင်ငံမှာ သူတို့နေထိုင်တဲ့ ဒေသက အလုပ်သမားရုံးကိုပြောပြီး CI လျှောက်လို့ရပါတယ်။ မွတ်စလင်၊ ဗုဒ္ဓဘာသာဆိုပြီး မခွဲပါဘူး”
    ထိုင်းနိုင်ငံမှာ အဖမ်းအဆီးတွေ တိုးမြှင့်လုပ်ဆောင်လာနေပေမယ့် သူတို့ တွေ့ဆုံမေးမြန်းခဲ့တဲ့ မြန်မာနိုင်ငံသား အားလုံးနီးပါးဟာ မြန်မာနိုင်ငံကို မပြန်ချင်ဘဲ ထိုင်းမှာပဲ ဆက်နေချင်တယ်လို့ ဖြေကြားခဲ့ကြောင်း BHRN က ဖော်ပြခဲ့ပါတယ်။ ၄ ပုံ ၃ ပုံက သူတို့ဟာ စီးပွားရေးအဆင်မပြေတာကြောင့် မြန်မာနိုင်ငံကနေ ထွက်လာတာဖြစ်ကြောင်း ဖြေကြားခဲ့ပြီး၊ ဘာသာရေးဖိနှိပ်မှု၊ ခွဲခြားဆက်ဆံမှုနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ထွက်ပြေးလာရတယ်လို့ ဖြေကြားသူလည်း အနည်းငယ် ရှိခဲ့ပါတယ်။
    Ref: Frontier Myanmar
  • ရုရှား၏ S-400 ဒုံးခွင်းစနစ်ကို အိန္ဒိယ ၀ယ်ယူမည်
    ရုရှား၏ S-400 ဒုံးခွင်းစနစ်ကို အိန္ဒိယ ၀ယ်ယူမည်
    ဇူလိုင် ၁၊ ၂၀၁၈
    M-Media
    – အမေရိကန်က သတိပေးမှုတွေ ရှိနေပေမယ့် ရုရှားထံကနေ S-400 လေကြောင်းရန် ကာကွယ်ရေးစနစ်တွေကို ၀ယ်ယူဖို့အတွက် အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုလိုက်ပါတယ်။
    အဲဒီဝယ်ယူမှုရဲ့ တန်ဖိုးဟာ ကန်ဒေါ်လာ ၅.၇ ဘီလီယံ ရှိမှာဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုပြီး ဖြစ်တဲ့အတွက် ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ ၀န်ကြီးချုပ်ရုံးတို့က နောက်ဆုံး ခွင့်ပြုချက်ပေးရမှာ ဖြစ်ပါတယ်။
    ၂၀၁၆ ခုနှစ် အောက်တိုဘာလက အိန္ဒိယနိုင်ငံ ဂိုအာမြို့မှာ ပြုလုပ်ခဲ့တဲ့ မိုဒီ-ပူတင် ထိပ်သီးအစည်းအဝေးမှာ S-400 ဒုံးခွင်းစနစ်ကို ၀ယ်ယူဖို့အတွက် ဆွေးနွေးခဲ့ကြတာပါ။ အမေရိကန်ကတော့ ဒီကိစ္စကို ကန့်ကွက်ခဲ့ပြီး နောက်ဆက်တွဲဆိုးကျိုးတွေနဲ့ ကြုံတွေ့ရမယ်လို့ သတိပေးခဲ့ပါတယ်။
    နေတိုးအဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်တဲ့ တူရကီကလည်း ရုရှားရဲ့ ဒီစနစ်ကို ၀ယ်ယူဖို့ ရှိနေပြီး အမေရိကန်က ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပါတယ်။
    ရုရှားထုတ် S-400 Triumf ဒုံးခွင်းစနစ်ဟာ လေကြောင်းက ရွေ့လျားပစ်မှတ်တွေကို အကွာအဝေး ကီလိုမီတာ ၄၀၀ အတွင်း ဟန့်တားနိုင်ပြီး တိုက်ချင်းပစ်ဒုံးကျည်တွေကို ကီလိုမီတာ ၆၀ ပတ်လည်အတွင်း တားဆီးနိုင်ပါတယ်။ တစ်ချိန်တည်း ဒုံးကျည် ၄ လုံး ပစ်လွှတ်နိုင်ပြီး S-400 စနစ်တစ်ခုဟာ ပစ်မှတ် ၃၆ ခုကို အဆက်မပြတ် တားဆီးနိုင်ပါတယ်။
    Ref: RT
  • တရုတ်သိမ်းထားသည့် ရေနက်ဆိပ်ကမ်းကို သီရိလင်္ကာက ရေတပ်ဌာနချုပ် ပြောင်းမည်
    တရုတ်သိမ်းထားသည့် ရေနက်ဆိပ်ကမ်းကို သီရိလင်္ကာက ရေတပ်ဌာနချုပ် ပြောင်းမည်
    ဇူလိုင် ၁၊ ၂၀၁၈
    M-Media
    တရုတ်သိမ်းထားသည့် ရေနက်ဆိပ်ကမ်း
    – တရုတ်နိုင်ငံက သိမ်းထားတဲ့ ရေနက်ဆိပ်ကမ်းကို တောင်ပိုင်းရေတပ်ဌာနချုပ် ရွှေ့ပြောင်းသွားမယ်လို့ သီရိလင်္ကာကနိုင်ငံက မနေ့မှာ ကြေငြာလိုက်ပါတယ်။
    နိုင်ငံတောင်ပိုင်းက ဟမ်ဘန်တိုတာ ဆိပ်ကမ်းဖြစ်ပြီး တရုတ်ဆီကယူထားတဲ့ နှစ်ရှည်ချေးငွေတွေကို ပြန်မဆပ်နိုင်တာကြောင့် သီရိလင်္ကာနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်မှာ ဒီဆိပ်ကမ်းကို နှစ် ၁၀၀ နီးပါး ထိုးအပ်လိုက်ရတာ ဖြစ်ပါတယ်။
    အိန္ဒိယသမုဒ္ဒရာပေါ်က ဒီဆိပ်ကမ်းဟာ အရှေ့-အနောက် ရေလမ်းကြောင်းမှာ အဓိကကျနေပြီး တရုတ်က စစ်ရေးအရ အသုံးပြုလာမှာကို အိန္ဒိယအပါအ၀င် အိမ်နီးချင်းနိုင်ငံတွေက စိုးရိမ်နေကြပါတယ်။
    သီရိလင်္ကာ သမ္မဟောင်း မာဟင်ဒါ ရာဂျာပက္ကဆီလက်ထက်မှာ နိုင်ငံအတွင်း အခြေခံအဆောက်အဦး စီမံကိန်းတွေအတွက် တရုတ်ဆီက ဒေါ်လာ ဘီလီယံချီ နှစ်ရှည်ချေးငွေ ရယူခဲ့ပြီး နောက်ပိုင်းမှာ ပြန်မဆပ်နိုင်တော့ပါဘူး။
    တရုတ်ဟာ သူတို့ရဲ့ Belt and Road စီမံကိန်းအဖြစ် အာရှတစ်ဝှမ်းက နိုင်ငံတွေကို နှစ်ရှည်ချေးငွေတွေ ထုတ်ပေးကာ အခြေခံအဆောက်အဦးတွေ တည်ဆောက်စေပြီး ကျွမ်းကျင်သူတွေက ဒါဟာ တရုတ်ရဲ့ အကြွေးထောင်ချောက် ဒစ်ပလိုမေစီဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။
    Ref: CNA
  • လူမျိုးစွဲ၊ ဘာသာစွဲစိတ်ကို ချွတ်၍ နိုင်ငံသားစိတ်မွေးကြဖို့ မလေးဝန်ကြီးချုပ် တိုက်တွန်း
    လူမျိုးစွဲ၊ ဘာသာစွဲစိတ်ကို ချွတ်၍ နိုင်ငံသားစိတ်မွေးကြဖို့ မလေးဝန်ကြီးချုပ် တိုက်တွန်း
    ဇူလိုင် ၁၊ ၂၀၁၈
    M-Media
    – လူမျိုးစုံဘာသာစုံရှိတဲ့ မိမိတို့တိုင်းပြည်နယ်မှာ လူမျိုးစွဲ၊ ဘာသာစွဲစိတ်ဓာတ်မျိုးမထားဘဲ ‘နိုင်ငံသားစိတ်’ ထားရှိကြဖို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က တိုင်းပြည်က လူငယ်တွေကို တိုက်တွန်းလိုက်ပါတယ်။
    “မလေးရှားဆိုတာ လူမျိုးစုံရုံတင် မဟုတ်ပါဘူး။ ဘာသာစကားလည်း အစုံပြောတယ်၊ ဘာသာတရားလည်းစုံတယ်၊ ယဉ်ကျေးမှုလည်း စုံပါတယ်။ ဒီလို ကွဲပြားမှုတွေ ရှိနေပြီး၊ နည်းနည်းပါးပါး ပွတ်တိုက်မှုတွေရှိနေပေမယ့် ကျွန်တော်တို့ဟာ ငြိမ်းချမ်းစွာ အတူတကွ နေထိုင်နိုင်ပါတယ်။ ဒါကို သူတို့တွေ ဆက်လက် အမွေခံသွားရမှာပါ”
    နောင်လာမယ့် အနာဂတ်မှာ ဘယ်လို မလေးရှားနိုင်ငံမျိုး ဖြစ်လာမယ်လို့ မျိုးဆက်သစ်တွေကို ကတိပြုလဲဆိုတဲ့ CNA ရဲ့ မေးခွန်းကို မဟာသီက အထက်ပါအတိုင်း ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
    မလေးရှားနိုင်ငံသားတွေအနေနဲ့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိအောင် သင်ယူရမယ်လို့လည်း သူက ဆိုပါတယ်။
    “ငါ့လူမျိုးမှ ငါ့လူမျိုး၊ ငါ့ဘာသာမှ ငါ့ဘာသာဆိုတာကို တစ်ဖြည်းဖြည်း မေ့ပစ်ပြီး မလေးရှားနိုင်ငံသားစစ်စစ် ဖြစ်တယ်ဆိုတဲ့ စိတ်မျိုး မွေးကြပါ”
    မလေးရှားနိုင်ငံ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဟာ မလေးလူမျိုး အပါအ၀င် ဌာနေတိုင်းရင်းသားတွေ ဖြစ်ပါတယ်။ တရုတ်လူမျိုးက ၂၃.၂ ရာခိုင်နှုန်း၊ အိန္ဒိယလူမျိုးက ၇.၀ ရာခိုင်နှုန်းနဲ့ အခြား လူမျိုးစုတွေလည်း ရှိနေပါတယ်။
    မလေးရှားမှာ လူမျိုးစုတွေအကြား စကားစစ်ထိုးမှုတွေ ဖြစ်ပေါ်လေ့ရှိပေမယ့် ၁၉၆၉ ခုနှစ် မလေး-တရုတ် အရေးအခင်းနောက်ပိုင်း လူမျိုးရေး တိုက်ခိုက်မှုတွေ မဖြစ်တော့ပါဘူး။
    Reef : CNA