News @ M-Media

Blog

  • စစ်ကောင်စီက ကျင်းပမည့် အစည်းအ၀ေးကို အာဆီယံနိုင်ငံတစ်ချို့ မတက်

    စစ်ကောင်စီက ကျင်းပမည့် အစည်းအ၀ေးကို အာဆီယံနိုင်ငံတစ်ချို့ မတက်

    စက်တင်ဘာ ၉၊ ၂၀၂၃

    M-Media 


    -စစ်ကောင်စီက ကျင်းပမယ့် အာဆီယံ လေတပ်အကြီးအကဲများ အစည်းအ၀ေးကို တက်ရောက်မှာ မဟုတ်ဘူးလို့ အဖွဲ့၀င်နိုင်ငံအချို့က AFP သတင်းဌာနကို ပြောပါတယ်။ 

    ဒီအစည်းအ၀ေးကို နှစ်စဥ် ပုံမှန်ကျင်းပတာဖြစ်ပြီး ကာကွယ်ရေး၊ အစွန်းရောက်၀ါဒ တိုက်ဖျက်ရေးနဲ့ ဘေးအန္တရာယ် တားဆီးကာကွယ်ရေး အကြောင်းတွေကို အဓိက ဆွေးနွေးကြတာဖြစ်ပါတယ်။ 

    အခုနှစ်အစည်းအ၀ေးကို မြန်မာနိုင်ငံက ဦးစီးကျင်းပရမှာဖြစ်ပြီး စက်တင်ဘာ ဒုတိယပတ်အတွင်း ပြုလုပ်ဖို့ ရှိနေပါတယ်။ 

    မြန်မာစစ်တပ်က လူထုအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေကို ရှုတ်ချတဲ့အနေနဲ့ ဒီအစည်းအ၀ေးကို တက်ရောက်မှာမဟုတ်ဘူးလို့ မလေးရှား၊ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှား တာ၀န်ရှိသူတွေက ပြောပါတယ်။

    မလေးရှား လေတပ်အကြီးအကဲက လုံး၀တက်ရောက်မှာမဟုတ်ဘဲ၊ ဖိလစ်ပိုင်က ဗီဒီယိုမက်ဆေ့သာ ပေးပို့မယ်လို့ ဆိုပါတယ်။ 

    အင်ဒိုနီးရှားက လေတပ်အကြီးအကဲအပါအ၀င် ဘယ်သူ့ကိုမှ စေလွှတ်မှာမဟုတ်ဘူးလို့ AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ 

    အခုတစ်ပတ်အတွင်း ပြုလုပ်တဲ့ အာဆီယံ နိုင်ငံခြားရေး၀န်ကြီးများ အစည်းအ၀ေးမှာ မြန်မာစစ်တပ်က အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေ၊ အာဆီယံက အဆိုပြုထားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဥ်ကို လစ်လျူရှုမှုတွေအကြောင်း ဆွေးနွေးခဲ့ကြပါတယ်။ 

    လွန်ခဲ့တဲ့ ၂ နှစ်ကျော်က ရရှိခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ချက်နဲ့ ပတ်သက်ပြီး ဘာတိုးတက်မှုမှ မရှိဘူးလို့ အင်ဒိုနီးရှား နိုင်ငံခြားရေး၀န်ကြီး ရတ္တနို မာဆူဒီက ဒီအစည်းအ၀ေးမှာ ပြောကြားခဲ့ပါတယ်။

    Ref: AFP 

  • ပူတင်နဲ့ ကင်ဂျုံအွန် အကြီးအကျယ် ပူးပေါင်းတော့မလား

    ပူတင်နဲ့ ကင်ဂျုံအွန် အကြီးအကျယ် ပူးပေါင်းတော့မလား

    စက်တင်ဘာ ၅၊ ၂၀၂၃


    M-Media 

    – မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ဟာ အခုလအတွင်း ရုရှားကို သွားရောက်ကာ သမ္မတပူတင်နဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။ 

    ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်စစ်မှာ မြောက်ကိုရီးယားက လက်နက်ထောက်ပံ့နိုင်ရေး ဆွေးနွေးသွားကြမယ်လို့ အမေရိကန် တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။ 

    ဘယ်နေ့သွားမလဲ၊ ဘယ်နေရာမှာ တွေ့ဆုံကြမလဲဆိုတာ အတိအကျ မသိရပါဘူး။ ရုရှားနဲ့ မြောက်ကိုရီးယားတို့ကလည်း ဒီကိစ္စကို ထုတ်မပြောပါဘူး။ 

    New York Times သတင်းဌာနက ကင်ဂျုံအွန်ဟာ ကျည်ကာရထားနဲ့ သွားရောက်မယ်လို့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြပါတယ်။ 

    ရုရှားနဲ့ မြောက်ကိုရီးယားတို့ဟာ လက်နက်ကိစ္စနဲ့ အကြီးအကျယ် ပူးပေါင်းဆောင်ရွက်ဖို့ စီစဥ်နေကြတယ်လို့ အမေရိကန်က ထုတ်ပြောပြီးနောက်ပိုင်း အခုသတင်း ထွက်ပေါ်လာတာပါ။ 

    မကြသေးခင်က မြောက်ကိုရီးယားကို သွားရောက်ခဲ့တဲ့ ရုရှားကာကွယ်ရေး၀န်ကြီးဟာ အ၀ေးပစ် လက်နက်ကြီးတွေ ထုတ်ရောင်းဖို့ ကင်ဂျုံအွန်ကို စည်ရုံးခဲ့တယ်လို့ အမေရိကန် နိုင်ငံတော်လုံခြုံရေးကောင်စီ တာ၀န်ရှိသူ ဂျွန် ကီရ်ဘီက ထုတ်ပြောထားပါတယ်။ 

    ပူတင်နဲ့ ကင်ဂျုံအွန်တို့ဟာ စစ်ဖက် ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့ သဘောတူထားကြတယ်လို့လည်း ကီရ်ဘီက ပြောပါတယ်။ 

    အမေရိကန်ကတော့ မြောက်ကိုရီးယားနဲ့ ရုရှား နှစ်နိုင်ငံစလုံးကို ပိတ်ဆို့အရေးယူမှုတွေ ထပ်တိုးလုပ်ဆောင်ဖို့ ရှိနေပါတယ်။ 

    Ref: CNN 

    ပုံ ၁ – ပူတင်နှင့် ကင်ဂျုံအွန်

    ပုံ ၂- ရုရှားကာကွယ်ရေး၀န်ကြီးကို လက်နက်များ ပြသနေသည့် ကင်ဂျုံအွန် 

  • ၁၉၉၀ ကတည်းက ဆံပင်မညှပ်ခဲ့သည့် အမျိုးသမီး

    ၁၉၉၀ ကတည်းက ဆံပင်မညှပ်ခဲ့သည့် အမျိုးသမီး

    စက်တင်ဘာ ၅၊ ၂၀၂၃

    M-Media 


    -အမေရိကန်ပြည်ထောင်စု တန်နက်ဆီပြည်နယ်က အမျိုးသမီးတစ်ဦးဟာ ဆံပင်အရှည် ၅ ပေ ၈ လက်မနဲ့ ကမ္ဘာ့ဆံပင်အရှည်ဆုံး အကြေကောက်ဆံပင်အဖြစ် ဂင်းနစ်စံချိန် ၀င်ခဲ့ပါတယ်။ 

    တာမီ မာနစ်ဆိုတဲ့ အဲဒီအမျိုးသမီးဟာ အသက် ၅၈ နှစ် ရှိပါပြီ။ အသက် ၂၅ နှစ်အရွယ် ၁၉၉၀ ကတည်းက ဆံပင်မညှပ်ဘဲ အရှည်ထားခဲ့တာပါ။ 

    လက်ရှိမှာတော့ သူမရဲ့ဆံပင်ဟာ သူမအရပ်ထက်တောင် ရှည်ခဲ့ပြီ ဖြစ်ပါတယ်။  

    ၁၉၈၀ ပြည့်နှစ်တွေက အဆိုတော်တစ်ဦး ကျစ်ဆံမြီးကျစ်ထားတာကို အားကျပြီး ၁၉၉၀ ပြည့်နှစ် ဖေဖော၀ါရီက ၉ ရက်နေ့ကစလို့ ဆံပင်အရှည် စထားဖြစ်တာလို့ သူမက ဆိုပါတယ်။ 

    “ဆံပင်တွေရှည်လာတာကို ကျွန်မနှစ်သက်ခဲ့ပြီး အခုတော့ ကမ္ဘာ့အရှည်ဆုံး အကြေကောက်ဆံပင်အဖြစ် မှတ်တမ်း၀င်ခဲ့ပါပြီ။ ပျော်ရွှင်ရပါတယ်”

    ၂၀၂၀ ခုနှစ် အမေရိကန် အကြေကောက်ဆံပင် ချန်ပီယံရှစ် ပြိုင်ပွဲမှာ မာနစ်ဟာ ဒုတိယဆု ရခဲ့ပါတယ်။ 

    Ref: Sky News 

  • မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်းများကို ထိထိရောက်ရောက် ကိုင်တွယ်ရန် မလေးရှား ထပ်မံတိုက်တွန်း

    မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်းများကို ထိထိရောက်ရောက် ကိုင်တွယ်ရန် မလေးရှား ထပ်မံတိုက်တွန်း

    စက်တင်ဘာ ၅၊ ၂၀၂၃

    M-Media 


    -မြန်မာနိုင်ငံ ငြိမ်းချမ်းအောင် ဆောင်ရွက်မယ့် အာဆီယံရဲ့ အစီအစဥ်ကို စစ်ခေါင်းဆောင်တွေက တားဆီး ဟန့်တားမှုတွေ လုပ်နေတဲ့အတွက် ပြင်းပြင်းထန်ထန် တုန့်ပြန်ဆောင်ရွက်ဖို့ မလေးရှားက တိုက်တွန်းလိုက်ပါတယ်။ 

    အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ဒီကနေ့ စတင်ပြုလုပ်မယ့် အာဆီယံ နိုင်ငံခြားရေး၀န်ကြီးများ နှစ်ပတ်လည် အစည်းအ၀ေးကို တက်ရောက်လာတဲ့ မလေးရှား နိုင်ငံခြားရေး၀န်ကြီးက ပွင့်ပွင့်လင်းလင်း ၀ေဖန်လိုက်တာ ဖြစ်ပါတယ်။

    “စစ်ကောင်စီကို ထိရောက်ပြင်းထန်တဲ့ အရေးယူမှု မလုပ်ရင် ဒါမျိုးတွေက ဆက်ဖြစ်နေမှာပဲဆိုတဲ့ အမြင်မျိုး မလေးရှားနဲ့ အခြား အဖွဲ့၀င်နိုင်ငံတွေက ရှုမြင်နေကြပါပြီ” လို့ မလေးရှား နိုင်ငံခြားရေး၀န်ကြီး ဇမ်ဘရီ အဘ်ဒူလ် ကာဒရ်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ 

    ၂၀၂၁ ခုနှစ် ဖေဖော်၀ါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဒီကိစ္စကို ဖြေရှင်းဖို့အတွက် အာဆီယံက ဘုံသဘောတူညီချက် ၅ ရပ်နဲ့ ဆောင်ရွက်ဖို့ စီစဥ်ခဲ့ပေမယ့် မအောင်မြင်ပါဘူး။ 

    ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်မဖော်နိုင်အောင် မြန်မာစစ်ခေါင်းဆောင်တွေက ပိတ်ဆို့ ဟန့်တားထားတယ်လို့ ဇမ်ဘရီက ပြောပါတယ်။ 

    အာဆီယံနိုင်ငံခြားရေး၀န်ကြီးများ အစည်းအ၀ေးမှာ မြန်မာကိစ္စ၊ တောင်တရုတ်ပင်လယ်က တရုတ်ရဲ့ ပိုင်နက်ခိုးယူမှုကိစ္စတွေကို အဓိက ဆွေးနွေးကြမှာပါ။ 

    အမေရိကန်၊ တရုတ်နဲ့ ဂျပန်နိုင်ငံက ထိပ်တန်းခေါင်းဆောင်တစ်ချို့နဲ့လည်း အာဆီယံ နိုင်ငံခြားရေး၀န်ကြီးတွေက တွေ့ဆုံဖို့ ရှိနေပါတယ်။ 

    Ref: Reuters 

  • ပတ်၀န်းကျင်နိုင်ငံ ပိုင်နက်များကို မိမိတို့ပိုင်အဖြစ် ဖော်ပြထားသည့် တရုတ်၏ မြေပုံအသစ်

    ပတ်၀န်းကျင်နိုင်ငံ ပိုင်နက်များကို မိမိတို့ပိုင်အဖြစ် ဖော်ပြထားသည့် တရုတ်၏ မြေပုံအသစ်

    သြဂုတ် ၃၁၊ ၂၀၂၃

    M-Media 


    (ဓာတ်ပုံ – အိန္ဒိယနှင့် တရုတ်အကြား ပိုင်နက်အငြင်းပွားမှုပြ မြေပုံ)

    -တရုတ် သဘာ၀သယံဇာတ ၀န်ကြီးဌာနက ထုတ်ပြန်တဲ့ ၂၀၂၃  မြေပုံမှာ အငြင်းပွား ပိုင်နက်တွေကို တရုတ်ပိုင်နက်အဖြစ် ထည့်သွင်း ရေးဆွဲထားတဲ့အတွက် ပတ်၀န်းကျင်နိုင်ငံတွေက ၀ေဖန်နေကြပါတယ်။ 

    အထူးသဖြင့် တောင်တရုတ်ပင်လယ်က ပိုင်နက်တွေ၊ ရုရှားနဲ့ အိန္ဒိယနယ်စပ်က ပိုင်နက်တွေ ဖြစ်ပါတယ်။ 

    တောင်တရုတ်ပင်လယ်ကိစ္စမှာ တရုတ်ဟာ မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဘရူနိုင်းတို့နဲ့ ရေပိုင်နက် အငြင်းပွားမှုတွေ ရှိနေတာပါ။ 

    မလေးရှား နိုင်ငံခြားရေး၀န်ကြီး ဇမ်ဘရီ အဘ်ဒူလ် ကာဒရ်က တရုတ်ရဲ့ အခုမြေပုံသစ်နဲ့ပတ်သက်ပြီး တရား၀င် ကန့်ကွက်သွားမယ်လို့ သြဂုတ်လ ၃၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ 

    ဖိလစ်ပိုင်ကလည်း တရုတ်ကို တရား၀င် ကန့်ကွက်ထားပြီးဖြစ်ပါတယ်။ ဖိလစ်ပိုင်ရဲ့ ပိုင်ဆိုင်မှု၊ ရေကြောင်း နယ်နမိတ်ကို တရုတ်က သူတို့ပိုင်နက်အဖြစ် မြေပုံမှာ ဖော်ပြထားတာဟာ နိုင်ငံတကာ ဥပဒေနဲ့ မကိုက်ညီဘူးလို့ ဖိလစ်ပိုင် နိုင်ငံခြားရေး၀န်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။ 

    အင်ဒိုနီးရှားဟာ တောင်တရုတ်ပင်လယ် အငြင်းပွားမှုမှာ မပါ၀င်ပါဘူး။ ဒါပေမယ့် အခု တရုတ်ရဲ့ မြေပုံအသစ်မှာ အင်ဒိုနီးရှား ရေပိုင်နက်အတွင်းရှိနေတဲ့ Natuna ကျွန်းစုတစ်ခုကို တရုတ်က သူတို့ပိုင်တယ်ဆိုပြီး ထည့်သွင်းရေးဆွဲထားပါတယ်။ 

    အင်ဒိုနိုင်ငံခြားရေး၀န်ကြီး ရတ္တနို မာဆူဒီက နယ်နမိတ်ရေးဆွဲမှုတွေဟာ နိုင်ငံတကာက  သတ်မှတ်ပြဌာန်းချက်တွေအတိုင်း ဖြစ်ဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ထိုင်၀မ်ကို တရုတ်ပိုင်အဖြစ် ထည့်သွင်းရေးဆွဲထားမှုကိုလည်း ထိုင်၀မ်ဖက်က ကန့်ကွက်ခဲ့ပါတယ်။ 

    ထိုင်၀မ်နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျက်ဖ်လျူက ထိုင်၀မ်ကို တရုတ်က ဘယ်တုန်းကမှ ပိုင်ဆိုင်ခဲ့တာမဟုတ်ဘဲ ဒါကို နိုင်ငံတကာကလည်း လက်ခံထားကြောင်း တုန့်ပြန်ပြောဆိုခဲ့ပါတယ်။ 

    ပြင်းပြင်းထန်ထန်ကန့်ကွက်

    တရုတ်ရဲ့ ၂၀၂၃ မြေပုံသစ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်သူက အိမ်နီးချင်း အိန္ဒိယနိုင်ငံ ဖြစ်ပါတယ်။ 

    တရုတ်နဲ့ အိန္ဒိယဟာ နယ်စပ်က ကီလိုမီတာ ၃၅၀၀ လောက် ထိစပ်နေတဲ့ နေရာအတွက် ပိုင်ဆိုင်မှု အငြင်းပွားနေကြတာပါ။ 

    အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အရူနာချာလ် ပရာဒက်ရှ်၊ အနောက်မြောက်ပိုင်းက ကက်ရှ်မီးယားဒေသတွေမှာ ဖြစ်ပါတယ်။ ဒီအငြင်းပွားမှုအတွက် နှစ်ဖက် စစ်ပွဲဖြစ်တဲ့အထိ အခြေအနေ ဆိုးခဲ့တာပါ။ 

    အခု တရုတ်ရဲ့ မြေပုံအသစ်မှာ ဒီဒေသတွေက အငြင်းပွား ပိုင်နက် နှစ်ခုစလုံးကို တရုတ်ပိုင်အဖြစ် ဖော်ပြထားပါတယ်။ 

    အိန္ဒိယအာဏာပိုင်တွေက ဒီကိစ္စအတွက် ချက်ခြင်းပဲ ဆန့်ကျင်ကန့်ကွက်ခဲ့ပါတယ်။ အခြေအမြစ်မဲ့တဲ့ ဒီလို လုပ်ရပ်တွေဟာ နှစ်နိုင်ငံ နယ်နမိတ်ကိစ္စ အဖြေရှာမှုကို ပိုမိုရှုပ်ထွေးစေမှာဖြစ်ကြောင်း နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အရင်ဒမ် ဘဂ်ချီက ပြောပါတယ်။ 

    တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာနက အခု မြေပုံအသစ်ကို ဓမ္မဓိဌာန်ကျကျ သုံးသပ်ဖို့၊ ချဲ့ကားမပြောဆို တုန့်ပြန်ပြောကြားခဲ့ပါတယ်။ 

    အိမ်နီးချင်းနိုင်ငံက ပိုင်နက်တွေကို သူတို့ပိုင်တယ်ဆိုပြီး မြေပုံမှာ ထည့်သွင်းရေးဆွဲမှုအတွက် တရုတ်ဟာ အရင်ကလည်း ဆန့်ကျင်ကန့်ကွက်မှုတွေကို ခံခဲ့ရပါတယ်။ 

    Ref: CNA