News @ M-Media
Blog
  • ဗြိတိန်တော်ဝင်မိသားစုက ဂျေရုစလင်ရှိ အလ်-အက္ကဆွာ ဗလီကို ပထမဆုံး သွားရောက်လည်ပတ်
    ဗြိတိန်တော်ဝင်မိသားစုက ဂျေရုစလင်ရှိ အလ်-အက္ကဆွာ ဗလီကို ပထမဆုံး သွားရောက်လည်ပတ်
    ဇွန် ၂၉၊ ၂၀၁၈
    M-Media
    အလ်-အက္ကဆွာ ဂေါပကအဖွဲ့နှင့်အတူ တွေ့ရသည့် မင်းသားဝီလီယံ (၀ဲမှ ဒုတိယမြောက်)
    – အရှေ့အလယ်ပိုင်း ခရီးစဉ်အဖြစ် အစ္စရေးကို ရောက်ရှိနေတဲ့ ဗြိတိန် တော်ဝင်မင်းသား ၀ီလီယံဟာ အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ဂျေရုစလင်က အလ်-အက္ကဆွာ ဗလီဝတ်ကျောင်းတော်ကို မနေ့မှာ သွားရောက်လည်ပတ်ခဲ့ပါတယ်။
    မင်းသားဟာ အစ္စရေးလုံခြုံရေးတွေ၊ ဂျော်ဒန်က စီမံနေတဲ့ အလ်-အက္ကဆွာ ဗလီ ဂေါပကအဖွဲ့ တာဝန်ရှိသူတွေနဲ့အတူ ဗလီဝတ်ကျောင်းတော် ပရ၀ုဏ်အတွင်း လှည့်ပတ်ကြည့်ရှုခဲ့ပါတယ်။
    ဗြိတိသျှအာဏာပိုင်တွေက ဒါဟာ ဗြိတိန်တော်ဝင်မိသားစုဝင်တစ်ဦး ပထမဆုံးအကြိမ် အလ်-အက္ကဆွာ ဗလီဝတ်ကျောင်းတော်ကို သွားရောက်လည်ပတ်မှုဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ မင်းသားဟာ အဲဒီမတိုင်ခင် ဂျေရုစလင်က ခရစ်ယာန်တွေ၊ ဂျူးတွေရဲ့ သာသနိက အဆောက်အဦးတွေဆီလည်း သွားရောက် လည်ပတ်ခဲ့ပါတယ်။
    ဗုဒ္ဓဟူးနေ့က မင်းသားဝီလီယံဟာ အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင်နက် အနောက်ဖက်ကမ်းကို သွားရောက်ခဲ့ပြီး ပါလက်စတိုင်း သမ္မတ မဟ်မူးဒ်အဘတ်စ်နဲ့ တွေ့ဆုံခဲ့ပါတယ်။
    “ကျွန်တော်တို့နှစ်နိုင်ငံဟာ အနီးကပ် ပူးပေါင်းဆောင်ရွက်ပြီး၊ ပညာရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့တဲ့ သမိုင်းကြောင်းလည်း ရှိပါတယ်” လို့ မင်းသားက ပါလက်စတိုင်းသမ္မတကို ပြောကြားခဲ့ပါတယ်။
    အနောက်နိုင်ငံတွေဟာ ပါလက်စတိုင်းကို နိုင်ငံတစ်ခုအဖြစ် ရည်ညွှန်းခေါ်ဆိုခြင်းမရှိဘဲ အနာဂတ်မှာ အချုပ်အခြာပိုင် ပါလက်စတိုင်းနိုင်ငံ ဖြစ်လာရေး ထောက်ခံအားပေးတယ်လို့ပဲ ပြောဆိုကြပါတယ်။ မင်းသားဝီလီယံကတော့ ဒီအစဉ်အလာကို ချိုးဖျက်ခဲ့ပါတယ်။
    အင်္ဂါနေ့က မင်းသားနဲ့တွေ့ဆုံစဉ် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပါလက်စတိုင်းတွေ နိုင်ငံတည်ထောင်ရေးကို လက်မခံကြောင်း၊ ပါလက်စတိုင်းပိုင်နက်တွေမှာ တရားမ၀င် အခြေချအိမ်ယာတွေ တည်ဆောက်မှုကို ထောက်ခံကြောင်း ပြောဆိုခဲ့ပါတယ်။
    Ref: Jordantimes
  • အုပ်စုဖွဲ့ ရိုက်နှက်သတ်ဖြတ်မှု ထပ်ဖြစ်၍ အိန္ဒိယတွင် အင်တာနက် ပိတ်ထားရ
    အုပ်စုဖွဲ့ ရိုက်နှက်သတ်ဖြတ်မှု ထပ်ဖြစ်၍ အိန္ဒိယတွင် အင်တာနက် ပိတ်ထားရ
    ဇွန် ၂၉၊ ၂၀၁၈
    M-Media
    အုပ်စုဖွဲ့ ရိုက်နှက်သတ်ဖြတ်မှုကို ဆန္ဒပြနေသည့် အိန္ဒိယ ပြည်သူများ
    – ဖုန်းတွေကနေတစ်ဆင့် ကောလဟာဟလတွေ သတင်းမှားတွေ ပြန့်နှံ့ကာ အုပ်စုဖွဲ့ ရိုက်နှက်သတ်ဖြတ်မှုတွေ ထပ်မံ ဖြစ်ပေါ်လာတာကြောင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ထရီပူရာပြည်နယ်မှာ အာဏာပိုင်တွေဟာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခဲ့ရပါတယ်။
    မနေ့ကတစ်နေ့တည်းမှာပဲ ထရီပူရာမှာ အုပ်စုဖွဲ့ ရိုက်နှက်သတ်ဖြတ်မှု ၃ ခု ဖြစ်ပွားခဲ့တာပါ။
    မြောက်ပိုင်း အူတာပရာဒက်ရှ်ပြည်နယ်က ကားနဲ့ရောက်လာတဲ့ ကုန်သည် ၄ ဦးကို ကလေးသူခိုးလို့ စွပ်စွဲကာ လူ ၁၀၀၀ လောက်ရှိတဲ့ လူအုပ်က ရိုက်နှက်ပြီး နာရီပိုင်းအကြာမှာပဲ အင်တာနက်ကနေ သတင်းမှား ပြန်နှံ့မှုကို မယုံကြဖို့အတွက် လိုက်လံပညာပေးတဲ့ အစိုးရတာဝန်ရှိသူနဲ့ သူ့ရဲ့ကားသမားတို့ ရိုက်နှက်ခံခဲ့ရပါတယ်။
    ပြည်နယ်မြို့တော် အဂါတာလာမှာ ဖြစ်ပွားတဲ့ ဖြစ်စဉ်အတွင်း ကုန်သည် ၄ ဦးဟာ ပြည်သူ့စစ် စခန်းထဲကို ၀င်ရောက်ခိုလှုံခဲ့ပေမယ့် လူအုပ်ကြီးဟာ စခန်းထဲကနေ ဆွဲထုတ် ရိုက်နှက်ခဲ့ပြီး ၁ ဦးသေဆုံးကာ တစ်ခြားလူတွေက ဒဏ်ရာရခဲ့ပါတယ်။ ဒီအဖြစ်အပျက်မဖြစ်ခင် အဂါတာလာမှာ အမျိုးသမီးတစ်ဦးကို ကလေးသူခိုးလို့ စွပ်စွဲကာ လူအုပ်ကာ ရိုက်နှက်ခဲ့ပါသေးတယ်။
    အဂါတာလာကနေ ကီလိုမီတာ ၁၃၀ လောက်ဝေးတဲ့ ဆာဘရွန်မြို့က အဖြစ်အပျက်မှာတော့ သတင်းမှားတွေကို မယုံဖို့ လိုက်လံစည်းရုံးတဲ့ အစိုးရ၀န်ထမ်း သေဆုံးကာ ကားသမားက ဒဏ်ရာရရှိခဲ့ပါတယ်။ သူတို့နှစ်ဦးကို ဘာ့ကြောင့် ဒေသခံတွေက ဒီလို ရိုက်နှက် သတ်ဖြတ်လဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။
    ဒီအဖြစ်အပျက်တွေအတွက် ရဲတပ်ဖွဲ့က ဖမ်းဆီးထားခြင်းမရှိသေးဘဲ စစ်မေးနေတုန်းလို့ ထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိမှာတော့ ထရီပူရာ အာဏာပိုင်တွေဟာ နောက်ထပ် ၄၈ နာရီအတွင်း အင်တာနက်ကို ဖြတ်တောက်ထားပါတယ်။
    ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း Wahtapps ကနေ ကလေးသူခိုး ကောလဟာလ ပြန့်နှံ့မှုကြောင့် အိန္ဒိယနိုင်ငံတစ်ဝှမ်း လူအုပ်ဖွဲ့ကာ ရိုက်နှက်သတ်ဖြတ်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ပါတယ်။
    Ref: Alarabiya
  • သေဒဏ်ကျနေသည့် IS အကြမ်းဖက်သမားများကို ချက်ခြင်းကွပ်မျက်ရန် အီရတ်ဝန်ကြီးချုပ် အမိန့်ထုတ်
    သေဒဏ်ကျနေသည့် IS အကြမ်းဖက်သမားများကို ချက်ခြင်းကွပ်မျက်ရန် အီရတ်ဝန်ကြီးချုပ် အမိန့်ထုတ်
    ဇွန် ၂၉၊ ၂၀၁၈
    M-Media
    – IS အဖွဲ့က အကြမ်းဖက်သမားတွေ ဖြစ်တယ်လို့ တရားရုံးက ဆုံးဖြတ်ပြီး သေဒဏ်ပေးထားသူတွေကို ချက်ခြင်း ကွပ်မျက်ဖို့အတွက် အီရတ်ဝန်ကြီးချုပ် ဟိုက်ဒါ အလ်-အာဘာဒီက မနေ့မှာ အမိန့်ပေးခဲ့ပြီး IS က သူတို့ဖမ်းထားတဲ့ ဓာစားခံ ၈ ဦး သတ်ပစ်လိုက်တာကို လက်တုန့်ပြန်တာ ဖြစ်ပါတယ်။
    “ကျွန်တော်တို့ရဲ့ လုံခြုံရေးတပ်ဖွဲ့နဲ့ စစ်တပ်တို့ဟာ ဒီအကြမ်းဖက်အဖွဲ့တွေကို ပြင်းပြင်းထန်ထန် လက်စားချေသွားမှာပါ။ ရာဇ၀တ်မှု ကျူးလွန်ထားတဲ့ သူတို့လူတွေကို ကွပ်မျက်မယ်၊ ဖမ်းဆီးသွားမယ်လို့ ကျွန်တော်တို့ ကတိပြုပါတယ်” လို့ အာဘာဒီက စစ်တပ်၊ ရဲတပ်ဖွဲ့ အကြီးအကဲတွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။
    IS က ဖမ်းသွားတဲ့ လူ ၈ ဦးရဲ့ ရုပ်အလောင်းတွေကို ဆာလာဟ်ဟက်ဒင်ပြည်နယ် တလ် ရှာရက်ဖ်မြို့မှာ ဗုဒ္ဓဟူးနေ့က တွေ့ရှိခဲ့ပါတယ်။ ဒီလူတွေဟာ အီရတ်ရဲတပ်ဖွဲ့ ဒါမှမဟုတ် ပြည်သူ့စစ်အဖွဲ့ကသူတွေ ဖြစ်တယ်လို့ IS က စောစောပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
    အီရတ်ဟာ နိုင်ငံခြားအမျိုးသမီး ၁၀၀ အပါအ၀င် လူ ၃၀၀ ကို IS နဲ့ဆက်နွယ်မှု၊ အားပေးထောက်ခံမှုအတွက် သေဒဏ် ချမှတ်ထားပြီး၊ တစ်သက်တစ်ကျွန်းချမှတ်ထားသူတွေက ရာနဲ့ချီ ရှိပါတယ်။
    နိုင်ငံရဲ့ ဒုတိယမြို့တော် မူဆိုးလ်ကို ပြန်လည်သိမ်းပိုက်ပြီးတဲ့နောက် IS အကြမ်းဖက်ကို အောင်နိုင်ကြောင်း ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ အီရန်အစိုးရက ကြေငြာခဲ့ပါတယ်။ ဒါပေမယ့် ဆီးရီးယားနဲ့ကပ်နေတဲ့ နယ်စပ်မှာ IS အဖွဲ့ကို တိုက်ဖျက်တဲ့ စစ်ဆင်ရေးတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။
    Ref: Aljazeera
  • မလေးဝန်ကြီးချုပ်ဟောင်း ခြစားမှုဖြင့် မကြာခင် တရားစွဲဆိုခံရမည်
    မလေးဝန်ကြီးချုပ်ဟောင်း ခြစားမှုဖြင့် မကြာခင် တရားစွဲဆိုခံရမည်
    ဇွန် ၂၉၊ ၂၀၁၈
    M-Media
    – ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ကို မကြာခင်မှာ တရားစွဲဆိုသွားဖို့ ရှိတယ်လို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က ပြောကြားလိုက်ပါတယ်။
    မလေးရှားအာဏာပိုင်တွေဟာ ၀န်ကြီးချုပ်ဟောင်းနာဂျစ်ကို နိုင်ငံပိုင် 1MDB လုပ်ငန်းက ငွေတွေ ပျောက်ဆုံးမှု၊ မွန်ဂိုလီးယားမော်ဒယ် အလ်တန်တူယာ ရှာရီဘူ အသတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတာပါ။
    “နာဂျစ်ဟာ မကြာခင်မှာ တရားရုံးကို ရောက်ဖို့ရှိပါတယ်။ အချိန်ဒီလောက် ကြာနေတာတောင် ဘာဖြစ်လို့ အရေးမယူတာလဲလို့ တော်တော်များများက ပြောကြတယ်။ သူ့ကို ၀န်ကြီးချုပ်ဟောင်းတစ်ယောက်လို ကိုင်တွယ်နေလို့ ဖြစ်ပါတယ်။ တရားရုံးတင်ဖို့ဆိုတာ သက်သေအခိုင်အမာလိုအပ်ပြီး ဒါမှ အနိုင်ရမှာပါ” လို့ အင်ဒိုနီးရှားကို တရားဝင်ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ မဟာသီက မလေးရှားသံရုံး တွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။
    1MDB ကိစ္စမှာ နာဂျစ်၊ သူ့ဇနီး၊ စီးပွားရေးလုပ်ငန်းရှင် ဂျိုလိုတို့ ပါဝင်ပတ်သက်နေမှု ကိစ္စအတွက် စုံစမ်းစစ်ဆေးသူတွေဟာ ‘ခိုင်မာတဲ့ အထောက်အထား’ ကို သေသေချာချာ ပြင်ဆင်နေပြီး ဒါမှသာ တစ်ဖက်ကရှေ့နေ့က ပြန်မချေပနိုင်မှာ ဖြစ်ကြောင်း၊ မွန်ဂိုလီးယားမော်ဒယ် အသတ်ခံရမှုကိစ္စကို ပြန်လည်ကြားနာသွားမှာဖြစ် သလို၊ အရင်အစိုးရက အမှားတွေ အများကြီးလုပ်ခဲ့တာကြောင့် ဒါတွေကိုဖြေရှင်းဖို့ သူတို့အစိုးရဟာ အချိန်လိုကြောင်း မဟာသီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    Ref: CNA
  • သောကြာနေ့မနက် နိုင်ငံတကာသတင်းများ
    သောကြာနေ့မနက် နိုင်ငံတကာသတင်းများ
    ဇွန် ၂၉၊ ၂၀၁၈
    M-Media
    ပျောက်ဆုံးထိုင်းကလေးများရှာဖွေမှု မျှော်လင့်ချက်နည်းလာ
    ===============
    ထိုင်းမြန်မာနယ်စပ်က လှိုဏ်ဂူထဲမှာ ပျောက်ဆုံးသွားတဲ့ လူ ၁၃ ဦးကို ရှာဖွေဖို့ ရေငုပ်သမားတွေရဲ့ ဒီကနေ့ ကြိုးစားမှုဟာ ဂူအတွင်း ရေစီးအလွန်သန်နေတာကြောင့် အရာမရောက် ဖြစ်နေပါတယ်။ လူငယ်ဘောလုံးသမား ၁၂ ဦးနဲ့ သူတို့ရဲ့ နည်းပြတစ်ဦး စုစုပေါင်း ၁၃ ဦးပါဝင်တဲ့ သူတို့အဖွဲ့ ပျောက်ဆုံးသွားတာ ၆ ရက်မြောက်လာခဲ့ပါပြီ။ ကယ်ဆယ်ရေးသမားတွေက ဂူအတွင်း ရေတက်လာမှုကြောင့် သူတို့အဖွဲ့ဟာ ဂူအပေါ်က အကန့်တွေမှာ ပိတ်မိနေမယ်လို့ ယူဆနေကြပါတယ်။ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာဟာ ဒီကနေ့မှာ အဲဒီဂူကို လာရောက်ခဲ့ပြီး ပူဆွေးသောကရောက်နေတဲ့ မိသားစုတွေကို နှစ်သိမ့်ခဲ့ပါတယ်။ ရာသီဥတု ဆိုးရွားမှုကြောင့် မနေ့ကလည်း ရှာဖွေမှုကို နာရီအတော်ကြာ ရပ်ဆိုင်းခဲ့ရပါတယ်။
    အမေရိကန် သတင်းစာတိုက်တစ်ခုတွင် ပစ်ခတ်မှုဖြစ်ပြီး လူ ၅ ဦးသေဆုံး
    ==========
    အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ် အန်နာပိုလစ်မြို့က Capital Gazette သတင်းစာတိုက်နဲ့ အခြား သတင်းစာရုံးခန်းတွေရှိတဲ့ အဆောက်အဦးမှာ မနေ့နေ့လည်ပိုင်းက ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ ၅ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ရဲတပ်ဖွဲ့ကတော့ တိုက်ခိုက်သူဟာ အသက် ၃၈ နှစ်အရွယ် ဂျာရိုဒ် ရာမို့စ်ဆိုသူဖြစ်ပြီး အသရေဖျက်မှုကိစ္စအတွက် ၂၀၁၅ ခုနှစ်မှာ Capital Gazette သတင်းစာကို အမှုရှုံးခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ရာမို့စ်ဟာ Capital Gazette က ၀န်ထမ်းတွေကို ပစ်မှတ်ထားကာ ပစ်ခတ်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။
    ထရမ့်-ပူတင် ထိပ်သီးအစည်းအဝေး ဇူလိုင် ၁၇ ရက်နေ့တွင် လုပ်မည်
    ============
    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတ ပူတင်တို့ဟာ ဇူလိုင်လ ၁၆ ရက်နေ့ ဖင်လန်နိုင်ငံ ဟယ်လင်စကီးမြို့မှာ ထိပ်သီးဆွေးနွေးပွဲတစ်ခု ကျင်းပမယ်လို့ အိမ်ဖြူတော်က မနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရုရှားက ပါဝင်ပတ်သက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ ကိစ္စအတွက် နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာနေတဲ့အချိန် ဒီလို ထိပ်သီးဆွေးနွေးပွဲ ပေါ်ပေါ်လာတာပါ။ ဆီးရီးယား၊ ယူကရိန်းနဲ့ အခြားကိစ္စတွေအကြောင်း ဆွေးနွေးဖို့ရှိနေပြီး ရလဒ်က အပြုသဘောဆောင်လိ့မ်မယ်လို့ ထရမ့်က ပြောကြားခဲ့ပါတယ်။
    ဆော်ဒီမှ မလေးရှားတပ်များ ပြန်လည်ရုပ်သိမ်းမည်
    ====================
    အရှေ့အလယ်ပိုင်းပြဿနာမှာ မပါဝင်ချင်တာကြောင့် ဆော်ဒီမှာရှိတဲ့ သူတို့တပ်တွေကို ရုပ်သိမ်းသွားမယ်လို့ မလေးရှားကာကွယ်ရေးဝန်ကြီး မိုဟာမက် ဆာဘူးက ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။ ပဋိပက္ခဖြစ်နေတဲ့ ယီမင်က မလေးနိုင်ငံသားတွေကို ကယ်ထုတ်ဖို့အတွက် ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်လက်ထက် ၂၀၁၅ မှာ မလေးရှားတပ်တွေကို ဆော်ဒီကို ပို့ဆောင်ခဲ့တာပါ။ ဒါပေမယ့် အရေအတွက် ဘယ်လောက်ရှိလဲဆိုတာ မသိရပါဘူး။ ဆာဘူးက မလေးရှားအနေနဲ့ နိုင်ငံခြားရေးပေါ်လစီမှာ ကြားနေ၀ါဒကို အမြဲတမ်းကျင့်သုံးသွားမယ်လို့ ဆိုပါတယ်။
    Ref : Aljazeera, CNA