News @ M-Media
Blog
  • မူးယစ်နှိမ်နှင်းမှုအတွင်း အသတ်ခံရသူများအတွက် တရားမျှတမှုမပေးဟု ဒူတာတေးပြော
    မူးယစ်နှိမ်နှင်းမှုအတွင်း အသတ်ခံရသူများအတွက် တရားမျှတမှုမပေးဟု ဒူတာတေးပြော
    ဇွန် ၁၉၊ ၂၀၁၈
    M-Media
    – သူ့ရဲ့ မူးယစ်နှိမ်နှင်းမှုအတွင်း သေဆုံးသွားသူ ထောင်ချီရဲ့ မိသားစုတွေအတွက် တရားမျှတမှုကို မပေးဘူးလို့ ဖိလစ်ပိုင်သမ္မတ ရော်ဒရီဂို ဒူတာတေးက မနေ့မှာ ပြောကြားလိုက်ပါတယ်။
    ၂၀၁၆ ခုနှစ် ဇွန်လမှာ စတင်ခဲ့တဲ့ အဲဒီ မူးယစ်တိုက်ဖျက်ရေး နှိမ်နှင်းမှုအတွင်း ရဲတပ်ဖွဲ့လက်ချက်ကြောင့် လူပေါင်း ၄၂၀၀ လောက် သေဆုံးခဲ့ပြီး အမည်မသိတဲ့ သေနတ်သမားတွေကြောင့် သေဆုံးမှုဟာလည်း ထောင်ချီရှိခဲ့ပါတယ်။ အာဏာပိုင်တွေကတော့ အဲဒီသေနတ်သမားတွေဟာ ပြည်သူ့စစ်တွေဖြစ်တယ်လို့ ဆိုပါတယ်။
    လူ့အခွင့်အရေးအဖွဲ့တွေနဲ့ လေ့လာဆန်းစစ်သူတွေက အဲဒီမူးယစ်နှိမ်နှင်းမှုအတွင်း သတ်ဖြတ်ခံရသူတစ်ချို့ဟာ သိမ်းကျုံးပြီး ခံလိုက်ရတာဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။
    ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ဒီစွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး သံသယရှိသူတွေဟာ လက်နက်တွေကိုင်ဆောင်ကာ ဖမ်းဆီးမှုကို ခုခံတာကြောင့်ဖြစ်တယ်လို့ တုန့်ပြန်ပါတယ်။
    “မူးယစ်ဆေးသုံးတဲ့ နွားလိုကောင်တွေကို ဆုံးရှုံးရတဲ့အတွက် တရားမျှတမှုကို ရမယ်လို့ထင်နေရင်တော့ ဆောရီးပါ။ ကျွန်တော် ဒါကို ခွင့်ပြုမှာမဟုတ်ပါဘူး” လို့ ဒူတာတေးက ပြောကြားခဲ့ပါတယ်။
    မူးယစ်ဆေးသုံးစွဲသူတွေ၊ ရောင်းချသူတွေကို သတ်ဖြတ်မှုအတွက် ရဲတပ်ဖွဲ့ဝင်တွေ၊ စစ်သားတွေ ထောင်ကျတာမျိုးကို ခွင့်ပြုမှာမဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။
    “မူးယစ်ဘုရင်တစ်ယောက်ကို ကျွန်တော်သာဆိုရင် ၅ ချက်လောက် ဆင့်ပစ်မှာပါ”
    တပ်ဖွဲ့ဝင်တွေရဲ့ လုပ်ရပ်တွေအပေါ် ဝေဖန်မှုတွေ မြင့်တက်လာတဲ့အတွက်ကြောင့် ဒူတာတေးဟာ သူ့ရဲ့ မူးယစ်တိုက်ဖျက်ရေးကို ၂ ကြိမ်တိုင်တိုင် ရပ်တန့်ခဲ့ပါတယ်။
    Ref: CNA
  • မတ်စ်ဂျစ်ဒ်ဟရမ်ဗလီမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦး ခုန်ချသတ်သေ
    မတ်စ်ဂျစ်ဒ်ဟရမ်ဗလီမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦး ခုန်ချသတ်သေ
    ဇွန် ၁၉၊ ၂၀၁၈
    M-Media
    မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်ရှိ ကအ်ဘာကျောင်းတော်
    – ဆော်ဒီအာရေဗျနိုင်ငံ မက္ကာဟ်မြို့မှာရှိတဲ့ မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော် ခေါင်မိုးကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦး ခုန်ချသတ်သေမှုတစ်ခု တနင်္ဂနွေနေ့မှာ ဖြစ်ပွားခဲ့ပါတယ်။
    အာဏာပိုင်တွေက စောင့်ကြည်ကင်မရာ မှတ်တမ်းတွေအရ အဲဒီဘင်္ဂလားဒေ့ရှ်အမျိုးသားဟာ မတော်တဆ ပြုတ်ကျတာမဟုတ်ဘဲ ခုန်ချသတ်သေတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    ဇွန်လ ၉ ရက်နေ့ကလည်း မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော် ခေါင်မိုးပေါ်ကနေ ပြင်သစ်အမျိုးသားတစ်ဦး ခုန်ချသတ်သေခဲ့ပါတယ်။
    ဘာ့ကြောင့် ဒီလိုသတ်သေရသလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။
    Ref: Daiy Times
  • အင်္ဂါနေ့မနက် နိုင်ငံတကာသတင်းများ
    အင်္ဂါနေ့မနက် နိုင်ငံတကာသတင်းများ
    ဇွန် ၁၉၊ ၂၀၁၈
    M-Media
    ပြီးသည့်လအတွင်း ကင်ဂျုံအွန်နှင့် တရုတ်သမ္မတတို့ တွေ့ဆုံမှု
    မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် တရုတ်ပြည်ကို ၃ ကြိမ်မြောက်လာမည်
    =============
    မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ဟာ တရုတ်နိုင်ငံကို ဒီကနေ့မှာ လာရောက်လည်ပတ်ပြီး ၂ ရက်တာ နေထိုင်သွားမယ်လို့ တရုတ်နိုင်ငံပိုင်သတင်းဌာန CCTV က ဖော်ပြပါတယ်။ ရောက်နေပြီလား၊ မရောက်သေးဘူးလား ဆိုတာ တိတိကျကျ မသိရပါဘူး။ ဒါဟာ ကင်ဂျုံအွန်အနေနဲ့ မတ်လကတည်းက တရုတ်ြ
    ပည်ကို ၃ ကြိမ်မြောက် လာရောက်မှုလည်း ဖြစ်ပါတယ်။ တရုတ်ဟာ အရင်က ကင်ဂျုံအွန် ပြန်သွားပြီးမှ သတင်းထုတ်ပြန်လေ့ရှိတာပါ။ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကလည်း သူတို့ရဲ့ ပူးပါင်း စစ်ရေးလေ့ကျင့်မှုကို ရပ်တန့်မယ်လို့ မနေ့မှာ ကြေငြာခဲ့ပါတယ်။
    အီရန်သူလျှိုလုပ်မှုအတွက် အစ္စရေးက ၀န်ကြီးဟောင်းကို တရားစွဲ
    ============
    အီရန်နိုင်ငံအတွက် သူလျှိုလုပ်ပေးတယ်လို့ စွပ်စွဲပြီး စွမ်းအင်ဝန်ကြီးဟောင်း ဂိုနန် ဆီဂဗ်ကို အစ္စရေးက ဖမ်းဆီးတရားစွဲဆိုလိုက်ပါတယ်။ နိုက်ဂျီးရီးယားနိုင်ငံမှာ နေထိုင်နေတဲ့ ဆီဂဗ်ဟာ ဂီနီနိုင်ငံကို လာရောက်စဉ်မှာ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။ သူဟာ အရင်က မူးယစ်ဆေး တရားမ၀င်တင်သွင်းမှုနဲ့ ထောင်ကျခဲ့ဖူးသူပါ။
    အစ္စရေးက စွမ်းအင်ဈေးကွက်၊ လုံခြုံရေးဆိုင်ရာ နေရာတွေနဲ့ ဆက်စပ်တဲ့ သတင်းအချက်အလက်တွေကို အီရန်ဟာ ဆီဂဗ်ကနေတစ်ဆင့် ထောက်လှမ်းခဲ့တယ်လို့ အစ္စရေးက ထုတ်ပြန်ပါတယ်။
    ဆီးရီးယားနယ်စပ်မြို့တွင် ကန်-တူရကီ ပူးပေါင်းကင်းလှည့်
    =============
    ဆီးရီးယားနိုင်ငံမြောက်ပိုင်းက မန်ဘစ်ဂ်ျမြို့ရဲ့ မြို့ပြင်မှာ အမေရိကန်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ကင်းလှည့်မှုတွေ လုပ်နေတယ်လို့ တူရကီစစ်တပ်က မနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဆီရီးယားနိုင်ငံက ကာ့ဒ်တပ်ဖွဲ့ YPG ကို တူရကီက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကာ YPG တွေသိမ်းထားတဲ့ နယ်စပ်က အက်ဖရင်မြို့ကို တူရကီက ပြီးခဲ့နှစ်နှောင်းပိုင်းမှာ ကျူကျော်သိမ်းပိုက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ မန်ဘစ်ဂ်ျမြို့ကိုပါ သိမ်းပိုက်မယ်လို့ ခြိမ်းခြောက်ခဲ့ပြီး YPG ကို ပံ့ပိုးပေးမှုအတွက် အမေရိကန်တပ်ဖွဲ့တွေကိုလည်း ဝေဖန်ပြစ်တင်ခဲ့ဖူးပါတယ်။ အခုတော့ မန်ဘစ်ဂ်ျမှာတပ်စွဲထားတဲ့ YPG တပ်ဖွဲ့တွေ ဆုတ်ခွာပေးဖို့ သဘောတူညီချက် ရရှိခဲ့တယ်လို့ တူရကီသမ္မတ အာဒိုဂန်က ပြီးခဲ့တဲ့တစ်ပတ်မှာ ပြောကြားခဲ့ပါတယ်။
    မနေ့က ဂျပန်ငလျင်ကြောင့် သေဆုံးသူ ၄ ဦးအထိရှိလာ
    ===========
    မနေ့က ဂျပန်နိုင်ငံ အိုဆာကာမှာ လှုပ်ခတ်သွားတဲ့ ငလျင်ကြောင့် သေဆုံးသူဟာ ၄ ဦးအထိ ရှိလာခဲ့ပြီး ဒဏ်ရာရသူကလည်း ၃၈၀ လောက် ဖြစ်လာတယ်လို့ အာဏာပိုင်တွေက ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ သေဆုံးသူတွေဟာ အသက် ၉ နှစ်အရွယ် မိန်းကလေးတစ်ဦး၊ အသက် ၈၁ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၈၀ နဲ့ ၈၄ နှစ်အရွယ် အမျိုးသားနှစ်ဦးတို့ ဖြစ်ကြပြီး အားလုံးဟာ ငလျင်ကြောင့် ပြိုကျတဲ့ပစ္စည်းတွေ ပိမိလို့ သေဆုံးတာ ဖြစ်ပါတယ်။ အစိုးရဟာ လက်ရှိမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေပြီး ငလျင်ကြောင့် ပျက်ဆီးသွားတဲ့ ရေပိုက်လိုင်းတွေ၊ ဓာတ်ငွေ့ပိုက်လိုင်းတွေကိုလည်း ပြင်ဆင်နေပါတယ်။
    Ref: Aljazeera, CNA
  • အင်္ဂါချို့တဲ့မည့်ကလေးကို ဖျက်ချမှု နာဇီလုပ်ရပ်ဟု ပုပ်ရဟန်းမင်းကြီးဝေဖန်
    အင်္ဂါချို့တဲ့မည့်ကလေးကို ဖျက်ချမှု နာဇီလုပ်ရပ်ဟု ပုပ်ရဟန်းမင်းကြီးဝေဖန်
    ဇွန် ၁၈၊ ၂၀၁၈
    M-Media
    – ကိုယ်အင်္ဂါချို့တဲ့တဲ့ကလေး မွေးလာမှာကို ရှောင်ရှားဖို့အတွက် ကလေးဖျက်ချတာဟာ မျိုးသန့်ဖို့ နာဇီတွေရဲ့ ကြိုးပမ်းမှုနဲ့ တူတယ်လို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပြောကြားလိုက်ပါတယ်။
    အီတလီမိသားစုအသင်းက ကိုယ်စားလှယ်ကို စနေနေ့က ရောမမှာတွေ့ဆုံမှုအတွင်း ဒီလို ပြောကြားလိုက်တာဖြစ်ပြီး မိသားစုဆိုတာ အမျိုးသားစစ်စစ်နဲ့ အမျိုးသမီးစစ်စစ်တို့ ပေါင်းစပ်ဖွဲ့စည်းထားခြင်းဖြစ်တယ် ဆိုတဲ့ ရိုမန်ကက်သလစ်အသင်းတော်ရဲ့ ခံယူချက်ကိုလည်း ထပ်လောင်း ပြောဆိုခဲ့ပါတယ်။
    ပုပ်ရဟန်းမင်းကြီး ဒီလိုပြောဆိုတယ်ဆိုတာ မှန်ကန်ကြောင်း ဗာတီကန်ကလည်း အတည်ပြုခဲ့ပါတယ်။
    “ကိုယ်ဝန်နုတဲ့အချိန်မှာပဲ ကလေးက ကျန်းမာလား၊ တစ်ခုခုဖြစ်လားဆိုတာကို စစ်လားဆေးလားလုပ်ပြီး ဖျက်ချတဲ့ အကျင့်တစ်ခုဟာ ရေပန်းစားနေတယ်လို့ ကျွန်တော် ကြားရပါတယ်။ ဒီလိုပြောလို့ စိတ်ထဲကောင်းတယ် မထင်ပါနဲ့။ ပြီးခဲ့တဲ့ရာစုမှာ နာဇီတွေရဲ့ မျိုးသန့်ရေးလုပ်ရပ်ကို ကမ္ဘာကြီးတစ်ခုလုံးက ကဲ့ရဲ့ပြင်တင်ကြတယ်။ ဒီနေ့တော့ ကျွန်တော်တို့ဟာ ဒီလုပ်ရပ်ကို သကာအုပ်ပြီး လုပ်နေကြပါတယ်” လို့ ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့ပါတယ်။
    နာဇီတွေဟာ ကျန်းမာသန်စွမ်းတဲ့ ကလေးတွေကိုသာ မွေးဖွားခွင့်ပေးပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ရှိသူတွေကို ကိုယ်ဝန်ဖျက်ချစေတာ၊ သန္ဓေတားတာတွေ လုပ်ခဲ့ပါတယ်။
    ကိုယ်ဝန်ဖျက်ချတဲ့ကိစ္စအပြင် ပုပ်ရဟန်းမင်းကြီးက လူ့မိသားစုနဲ့ပတ်သက်ပြီး ဘုရားသခင်ရဲ့ ရှုမြင်မှုမှုဟာ အမျိုးသားနဲ့ အမျိုးသမီးတို့ ပေါင်းဖက်ဖြစ်တည်လာမှု တစ်ခုတည်းသာ ဖြစ်တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    ပုပ်ရဟန်းမင်းကြီးရဲ့ နိုင်ငံဖြစ်တဲ့ အာဂျင်တီးနားဟာ ကိုယ်ဝန်ဟာ ၁၄ ပတ်ထက်စောရင် ဖျက်ချခွင့်ပေးရမယ်ဆိုတဲ့ ဥပဒေကို အတည်ပြုပြီးတဲ့နောက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ ဒီလိုမှတ်ချက်မျိုး ထွက်လာတာပါ။
    ဖရန်စစ်ဟာ သြဂုတ်လ အိုင်ယာလန်မှာလုပ်မယ့် ကမ္ဘာ့မိသားစု တွေ့ဆုံဆွေးနွေးပွဲကိုလည်း တက်ရောက်ဖို့ ရှိနေပါတယ်။
    Ref: CNN
  • အီဂျစ်တိုက်စစ်မှူး ဆာလာဟ် ရုရှားနှင့်ပွဲတွင် ပါဝင်ရန် အသင့်ဖြစ်နေ
    အီဂျစ်တိုက်စစ်မှူး ဆာလာဟ် ရုရှားနှင့်ပွဲတွင် ပါဝင်ရန် အသင့်ဖြစ်နေ
    ဇွန် ၁၈၊ ၂၀၁၈
    M-Media
    လေ့ကျင့်ရေးကွင်းတွင် တွေ့ရသည့် ဆာလာဟ်
    – ပုခုံးဒဏ်ရာကြောင့် အနားယူနေရတဲ့ အီဂျစ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်ဟာ မနက်ဖြန်ကစားမယ့် ရုရှားနဲ့ အုပ်စုဒုတိယပွဲစဉ်မှာ ပါဝင်နိုင်မယ်လို့ သိရပါတယ်။
    ဆာလာဟ်ဟာ ပြီးခဲ့တဲ့လ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ရီးယဲလ်နောက်ခံလူ ရာမို့စ်ရဲ့ ကြမ်းတမ်းတဲ့ ဖြတ်ထုတ်မှုကြောင့် ဒဏ်ရာရရှိကာ အနားယူနေရပြီး ဥရုဂွေးကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ အုပ်စုအဖွင့်ပွဲစဉ်မှာလည်း မပါဝင်နိုင်ခဲ့ပါဘူး။
    သူရဲ့အေးဂျင့်နဲ့ အီဂျစ်အသင်းရဲ့ ဆရာဝန်တို့က လက်ရှိ ဆာလာဟ်ရဲ့အခြေအနေဟာ ၁၀၀ ရာခိုင်နှုန်း ကြံ့ခိုင်မှုရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။
    “ဆာလာဟ်ဟာ လေ့ကျင်ရေးတစ်ခုလုံးမှာ အသင်းဖော်တွေနဲ့အတူ ပါဝင်ခဲ့ပြီး၊ ရုရှားနဲ့ပွဲ ကစားဖို့ အဆင်သင့်ဖြစ်နေပြီလို့ နည်းစနစ်ပိုင်းဆိုင်ရာ တာဝန်ရှိသူက ပြောပါတယ်” လို့ အီဂျစ်နည်းပြ အီဟဘ် လီဟီတာက ပြောကြားခဲ့ပါတယ်။
    ဥရုဂွေးနဲ့ အုပ်စုအဖွင့်ပွဲစဉ်မှာ အီဂျစ်ဟာ ၈၉ မိနစ်အထိ ဂိုးမရှိသရေ ကစားနိုင်ခဲ့ပြီးမှ ဂိုးပေးလိုက်ရတာ ဖြစ်ပါတယ်။
    လီဟီတာက ပထမပွဲ ရှုံးထားတာကြောင့် ရုရှားနဲ့ပွဲဟာ မိမိတို့အတွက် အရေးပါကာ ခက်ခဲမယ့်ပွဲဖြစ်ကြောင်း၊ မဖြစ်မနေ အနိုင်ရဖို့လိုကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
    Ref: Arabnews