News @ M-Media

Blog

  • ဆော်ဒီအမျိုးသမီးများ ယနေ့တွင် ပထမဆုံးကားမောင်းခွင့်ရ

    ဆော်ဒီအမျိုးသမီးများ ယနေ့တွင် ပထမဆုံးကားမောင်းခွင့်ရ

    ဇွန် ၂၄၊ ၂၀၁၈
    M-Media

    – အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန် ဦးဆောင်တဲ့ ပြုပြင်ပြောင်းလဲရေး တစ်စိတ်တစ်ပိုင်းအဖြစ် ဆော်ဒီအာရေဗျနိုင်ငံက အမျိုးသမီးတွေဟာ ဒီကနေ့မှာ ပထမဆုံးအကြိမ် ကားမောင်းခွင့်ရခဲ့ပါတယ်။

    “အခုဆိုရင် အမျိုးသမီးတွေဟာ နိုင်ငံတစ်ဝှမ်းမှာ ကားမောင်းခွင့် ရရှိသွားပါပြီ” လို့ မော်တော်ယာဉ်ဆိုင်ရာ အာဏာပိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကာနယ် ဆာမီ ဘင် မိုဟာမက်ရဲ့ ပြောကြားမှုကို နိုင်ငံပိုင် Al-Ekhbariya က ကိုးကားဖော်ပြခဲ့ပါတယ်။

    ဆော်ဒီဟာ ကမ္ဘာပေါ်မှာ အမျိုးသမီးတွေအပေါ် ကန့်သတ်မှုအများဆုံး နိုင်ငံတွေထဲက တစ်ခုဖြစ်ပြီး၊ အရင်က အမျိုးသမီးသမီးတွေကို ကားမောင်းခွင့်မပြုတဲ့ ကမ္ဘာ့ တစ်ခုတည်းသောနိုင်ငံ ဖြစ်ခဲ့ပါတယ်။

    ဒါပေမယ့် အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ဟာ အိမ်ရှေ့အရာ ရရှိပြီးနောက်ပိုင်း နိုင်ငံအတွင်း ပြုလုပ်ပြောင်းလဲမှုတွေ လုပ်ခဲ့ပြီး အမျိုးသမီးတွေကို ကားမောင်းခွင့်ပြုမယ်လို့ ပြီးခဲ့တဲ့လမှာ ကြေငြာခဲ့ပါတယ်။ နောက်ပိုင်းမှာ အမျိုးသမီးတွေအတွက် ကားမောင်းသင်တန်းတွေဖွင့်လှစ်တာ၊ လိုင်စင်ထုတ်ပေးတာတွေကို ဆော်ဒီအစိုးရက စီစဉ်ပေးခဲ့ပါတယ်။

    ကြာသာပတေးနေ့က ‘ဘုရားသခင်အပေါ်ယုံကြည်ပြီး ကားမောင်းပါ’ ဆိုတဲ့ ၃ ရက်တာ လှုပ်ရှားမှုတစ်ခုကို စတင်ခဲ့ပြီး အမျိုးသမီးတွေကို ယာဉ်စည်းကမ်းဆိုင်ရာ အသိပညာပေးဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

    အမျိုးသမီးတွေ ကားမောင်းခွင့် ပိတ်ပင်ထားတာကို ဒီလို ဖြေလျော့လိုက်မှုအပေါ် တက်ကြွလှုပ်ရှားသူတွေက ကြိုဆိုခဲ့ပေမယ့် အတားအဆီး အဟန့်အတားတွေ ရှိနေဆဲပဲလို့ ဆိုပါတယ်။

    လိုင်စင်အတွက် ကားမောင်းသင်တန်းတက်ရင် သင်တန်ကြေးဟာ အမျိုးသားတွေထက် ၆ ဆလောက် များနေတာ၊ အမျိုးသမီးတွေအတွက် ယာဉ်မောင်းသင်တန်းကျောင်းတွေ များများစားစား မရှိသေးတာတွေကို သူတို့က ထောက်ပြခဲ့ကြပါတယ်။

    ဆော်ဒီအမျိုးသမီးတွေဟာ သူ့တို့ရဲ့ ပထမဆုံး ကားမောင်းရမှုအတွေ့အကြုံကို ဓာတ်ပုံတွေ၊ ဗီဒီယိုတွေနဲ့ ဆိုရှယ်မီဒီယာတွေမှာ မျှဝေခဲ့ကြပါတယ်။

    Ref: Aljazeera

  • စနေနေ့ ကမ္ဘာ့ဖလားသတင်းများ

    စနေနေ့ ကမ္ဘာ့ဖလားသတင်းများ

    ဇွန် ၂၃၊ ၂၀၁၈
    M-Media

    ဘလ်ဂျီယံတိုက်စစ်မှူး လူကာကူ

    ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူ စံချိန်သစ်များတင်
    ===============
    တူနီးရှားအသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ ၂ ဂိုးသွင်းယူခဲ့တဲ့ ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၄ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး ဘယ်လ်ဂျီယံကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါ့အပြင် လူကာကူဟာ ကမ္ဘာ့ဖလားနဲ့ ဥရောပဖလားပြိုင်ပွဲမှာ ၇ ဂိုးသွင်းထားပြီး ဘယ်လ်ဂျီယံအသင်း သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းထားသူလည်း ဖြစ်ပါတယ်။ ၁၉၈၆ ခုနှစ် မာရာဒိုနာနောက်ပိုင်း ကမ္ဘာ့ဖလား ၂ ကြိမ်ဆက်တိုက် ၂ ဂိုးစီ သွင်းယူနိုင်တဲ့ ကစားသမားအဖြစ်လည်း လူကာကူက စာရင်းဝင်ထားပါတယ်။

    ဂျာမနီကို ဖြုတ်ချနိုင်မည်ဟု ဆွီဒင်ကွင်းလယ်လူပြော
    ==================
    ဒီနေ့ညတွေ့မယ့်ပွဲမှာ ဂျာမနီကို ဖြုတ်ချနိုင်တယ်လို့ ဆွီဒင်အသင်းကွင်းလယ်လူ အီမာလ် ဖော့စ်ဘာ့ဂ်က ပြောကြားလိုက်ပါတယ်။ အဖွင့်ပွဲမှာ မက္ကဆီကိုကို ၁ ဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ လက်ရှိချန်ပီယံ ဂျာမနီဟာ ဆွီဒင်ကို အနိုင်ကစားဖို့ လိုနေပါတယ်။ ဆွီဒင်ဟာ အုပ်စုအဖွင့်ပွဲစဉ်မှာ တောင်ကိုရီးယားကို အနိုင်ရရှိထားပါတယ်။ ဖော့
    စ်ဘာ့ဂ်က ဂျာမနီနဲ့ပွဲဟာ ခက်ခဲမှာဖြစ်ပေမယ့် အာရုံစိုက်ထားတယ်လို့ ဆိုပါတယ်။

    ကမ္ဘာ့ဖလားအရှုံးမှ ဆာလာဟ် ရုန်းထွက်လာမည်ဟု မာနေးပြော
    ==================
    အီဂျစ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်ဟာ စိတ်ဓာတ်ကြံ့ခိုင်သူဖြစ်တဲ့အတွက် ကမ္ဘာ့ဖလား ရှုံးနိမ့်မှုဒဏ်ကနေ အကောင်းဆုံး ရုန်းထွက်လာနိုင်လိမ့်မယ်လို့ လီဗာပူးလ်အသင်းဖော် ဆီနီဂေါတိုက်စစ်မှူး မာနေးက ပြောကြားလိုက်ပါတယ်။ အီဂျစ်ဟာ ဥရုဂွေးနဲ့ ရုရှားတို့ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခဲ့သွားရပါတယ်။ ဆာလာဟ်ဟာ အုပ်စုဒုတိယပွဲ ရုရှားနဲ့ကျမှ ပါဝင်နိုင်ခဲ့တာပါ။ မာနေးကတော့ ဆာလာဟ်အတွက် အကောင်းဆုံးအနာဂတ်ရရှိစေဖို့ ဆုတောင်းပေးကြောင်း၊ ဘောလုံးပွဲဆိုတာ ဒီလိုပဲ အခက်အခဲတွေ ကြုံရတတ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Goal

  • အီဂျစ်တိုက်စစ်မှူး ဆာလာဟ်ကို ချေချင်းညာက ဂုဏ်ထူးဆောင်နိုင်ငံသားပေး

    အီဂျစ်တိုက်စစ်မှူး ဆာလာဟ်ကို ချေချင်းညာက ဂုဏ်ထူးဆောင်နိုင်ငံသားပေး

    ဇွန် ၂၃၊ ၂၀၁၈
    M-Media

    – အီဂျစ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်ကို ရုရှားနိုင်ငံတောင်ပိုင်း ချေချင်းညာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ဂုဏ်ထူးဆောင်နိုင်ငံသားအဖြစ် ချီးမြှင့်လိုက်ပါတယ်။

    ကမ္ဘာ့ဖလားပြိုင်ပွဲက ထွက်ခွာခဲ့ရတဲ့ အီဂျစ်အသင်းအတွက် မနေ့က နှုတ်ဆက် ညစာစားပွဲ လုပ်ပေးစဉ်အတွင်း ချေချင်းညာခေါင်းဆောင် ရမ်ဇာန် ကာဒီရော့ဗ်က ဒီလို ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

    ဆာလာဟ်ကို နိုင်ငံသားအဖြစ်သတ်မှတ်ကြောင်း ကြေငြာချက် မိတ္တူ၊ အမည်ရေးထိုးထားတဲ့ ငွေသားတံဆိပ်နဲ့ ချေချင်းညာအခြေစိုက် ဘောလုံးအသင်း FC Akhmat Grozny ရဲ့ ဂျာစီအင်္ကျီတစ်ထည်တို့ကို ပေးအပ်ခဲ့ပါတယ်။

    ဂုဏ်ပြုညစာစားပွဲမှာ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီးတဲ့နောက် ကာဒီရော့ဗ်က ချေချင်းညာအလံငယ်ကို ဆာလာဟ်ရဲ့ လေ့ကျင့်ရေးဂျာစီမှာ စိုက်ပေးခဲ့ပါတယ်။

    “မိုဟာမက် ဆာလာဟ်ဟာ ချေချင်းပြည်သူ့သမ္မတနိုင်ငံရဲ့ ဂုဏ်ထူးဆောင်နိုင်ငံသား ဖြစ်သွားပါပြီ။ ဟုတ်ပါတယ်။ ကြီးကျယ်တဲ့ကစားသမားဖြစ်ပြီး အီဂျစ်နဲ့ လီဗာပူးလ်ကစားသမား ဖြစ်သူကို ဒီလိုအမြင့်ဆုံးဆု ချီးမြှင့်တဲ့ အမိန့်တစ်ခုကို ဒီညမှာ ကျွန်တော် လက်မှတ်ထိုးလိုက်ပါပြီ” လို့ ကာဒီရော့ဗ်က Telegram မှာ ရေးသားခဲ့ပါတယ်။

    အီဂျစ်အသင်းဟာ ချေချင်းညာမြို့တော် ဂရိုဇ်နီမှာရှိတ့ ဂျာမေဗလီကြီးက သောကြာနေ့ စုပေါင်း ၀တ်ပြုဆုတောင်းမှုမှာလည်း ပါဝင်ခဲ့ပါတယ်။

    Ref: Aljazeera

  • အံ့မခန်းခြိမ်းခြောက်မှုဟုဆိုကာ မြောက်ကိုရီးယားအပေါ် အမေရိကန် ပိတ်ဆို့မှု ထပ်တိုး

    အံ့မခန်းခြိမ်းခြောက်မှုဟုဆိုကာ မြောက်ကိုရီးယားအပေါ် အမေရိကန် ပိတ်ဆို့မှု ထပ်တိုး

    ဇွန် ၂၃၊ ၂၀၁၈
    M-Media

    – မြောက်ကိုရီးယားဟာ “အံ့မခန်းခြိမ်းခြောက်မှု” တစ်ခု ဖြစ်တယ်လို့ဆိုကာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပိတ်ဆို့မှုကို သက်တမ်းတစ်နှစ် ထပ်တိုးလိုက်ပါတယ်။

    ထရမ့်က မြောက်ကိုရီးယားဟာ နျူခြိမ်းခြောက်တဲ့နိုင်ငံ မဟုတ်တော့ဘူးလို့ ပြီးခဲ့တဲ့ရက်အနည်းငယ်ကပဲ ပြောကြားထားခဲ့တာပါ။ မနေ့ကထပ်တိုးခဲ့တဲ့ မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုဟာ ၂၀၀၈ ခုနှစ်ကတည်းက စတင်ပြုလုပ်ခဲ့ပြီး ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်နဲ့ သမ္မတအဆက်ဆက် သက်တမ်းတိုးခဲ့ကြပါတယ်။

    မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နဲ့ ထရမ့်တို့ဟာ ဇွန်လ ၁၂ ရက်နေ့ စင်ကာပူမှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး နျူကင်းစင်ရေး တိုးတက်မှုတွေကို ထပ်မတွေ့ရမချင်း ပိတ်ဆို့မှုတွေကို ဖယ်ရှားမှာမဟုတ်ဘူးလို့ ထရမ့်က ပြောကြားခဲ့ပါတယ်။

    ဒါပေမယ့် ဆွေးနွေးပွဲအပြီးမှာ ထရမ့်က ကမ္ဘာကြီးဟာ ပိုမိုအန္တရာယ်ကင်းသွားပြီဖြစ်ကြောင်း၊ မြောက်ကိုရီးယားဟာ နျူခြိမ်းခြောက်တဲ့နိုင်ငံမဟုတ်တော့ဘူးလို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    မနေ့ကထုတ်ပြန်တဲ့ ထရမ့်ရဲ့အမိန့်မှာ ကိုရီးယားကျွန်းဆွယ်အတွင်း ဒုံးကျည်ပြန့်ပွားမှုအန္တရာယ် ရှိနေပြီး၊ မြောက်ကိုရီးယားဟာ အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေး၊ နိုင်ငံခြားရေးပေါ်လစီနဲ့ စီးပွားရေးအပေါ် အံ့မခန်းခြိမ်းခြောက်မှု ဖြစ်နေတယ်လို့ ဖော်ပြထားပါတယ်။

    Ref: Ajazeera

  • စစ်တပ်က အာဏာသိမ်းနိုင်ခြေကို ရှောင်လွှဲအောင် ကုလကိုယ်စားလှယ် ဘယ်လိုကြိုးစားခဲ့သလဲ

    စစ်တပ်က အာဏာသိမ်းနိုင်ခြေကို ရှောင်လွှဲအောင် ကုလကိုယ်စားလှယ် ဘယ်လိုကြိုးစားခဲ့သလဲ

    ဇွန် ၂၃၊ ၂၀၁၈
    M-Media

    – မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်ဟာ အရပ်သားအစိုးရ အကြီးအကဲ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အကြား မရည်ရွယ်ဘဲ သင့်မြတ်ရေး ဆောင်ရွက်ပေးသူ ဖြစ်လာခဲ့ပါတယ်။ ရခိုင်ကိစ္စကို အစိုးရက ကိုင်တွယ်မှု၊ အသက်အန္တရာယ်ကြောင့် ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြးသွားရတဲ့ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွ နေရပ်ပြန်လာရေး စတာတွေနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အရင်က ပြုလုပ်ခဲ့တဲ့ လုံခြုံရေးဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲမှာ ဒီခေါင်းဆောင်နှစ်ဦး အကြားထိပ်တိုက် အခြေအတင်ဖြစ်ခဲ့ပြီး တင်းမာမှုလည်း မြင့်တက်လာခဲ့ပါတယ်။

    အဲဒီလို တင်းမာမှုဖြစ်နေတဲ့ အချိန်မှာပဲ ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဆွစ်ဇာလန်သံတမန် ခရစ္စတိုင်း ရှရာနာ ဘာဂီနာဟာ တာဝန်ပေးအပ်ခံရပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံကို လာရောက်ခဲ့ပါတယ်။ ကြာသာပတေးနေ့မှာ အဆုံးသတ်ခဲ့တဲ့ သူမရဲ့ တရားဝင်ခရီးစဉ်မှာ ဘာဂီနာဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ စစ်တပ်အကြီးအကဲတွေ အပါဝအ၀င် အဓိကပုဂ္ဂိုလ် တော်တော်များများနဲ့ တွေ့ဆုံခဲ့ပါတယ်။ ခရီးစဉ်အတွင်း အသေးစိတ် ဒူးတိုက်ဆွေးနွေးမှုတွေ လုပ်ခဲ့ပြီး ခေါင်းဆောင်နှစ်ဦးကြားက တင်းမာမှု လျော့ပါးရေး အကူအညီ ဖြစ်စေခဲ့ပါတယ်။ ကုလနဲ့ မြန်မာနိုင်ငံအကြား ပိုမို အပြုသဘောဆောင်တဲ့ ဆက်ဆံရေး ဖြစ်လာဖို့အတွက် အခြေခံအုတ်မြစ်တွေကို သူမက ချပေးခဲ့ပါတယ်။

    နယ်ခြားစောင့်တပ်ဖွဲ့တွေ သေဆုံးခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုနောက်ပိုင်း ရခိုင်ပြည်နယ်မှာ စစ်တပ်က ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးတွေအတွင်း ကျူးလွန်းခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အမျိုးသား စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းကြောင်း အစိုးရက ကြေငြာပြီးတဲ့နောက်ပိုင်း မကြာခင်မှာပဲ လုံခြုံရေးဆိုင်ရာ ထိပ်သီးအစည်းအဝေးတစ်ခု ပေါ်ပေါက်လာပါတယ်။ ဒုက္ခသည်တွေ ပြန်လာရေး၊ နေရာချထားရးနဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စတွေမှာ ပါဝင်ဆောင်ရွက်နိုင်ဖို့အတွက် မြန်မာအစိုးရက ကုလနဲ့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီး ၂ ရက်အကြာမှာ ဒီအစည်းအဝေး ဖြစ်လာခဲ့တာပါ။

    နားလည်မှုစာချွန်လွှာရဲ့ အသေးစိတ် အချက်အလက်တွေကို ကြေငြာခြင်း မရှိသေးပေမယ့် ဒေသခံ ရခိုင်ပြည်သူတွေနဲ့ စစ်တပ်အကြား ဒီကိစ္စနဲ့ပတ်သက်ပြီး သံသယတွေ၊ ဒေါသတွေ ဖြစ်လာခဲ့ပါတယ်။ ရခိုင်ပြည်နယ်က လူ့အဖွဲ့အစည်းတွေအကြား ခွဲပြဲသွားမှာကို စိုးရိမ်တဲ့အတွက် အစိုးရဟာ အခုအချိန်အထိ အသေးစိတ် အချက်အလက်တွေကို မထုတ်ပြန်သေးပါဘူး။ ဒါပေမယ့် ဒီလိုလျှို့ဝှက်ထားတာဟာ ထင်သလို ကောင်းမလာနိုင်ဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံကို ကုလအထူးကိုယ်စားလှယ်က နားချနိုင်ခဲ့တာကြောင့် လာမယ့်ရက်အနည်းငယ်အတွင်းမှာ နားလည်မှုစာချွန်လွှာ အသေးစိတ်ကို ထုတ်ပြန်မယ်လို့ မျှော်လင့်ရပါတယ်။

    အရပ်သားအစိုးရနဲ့ စစ်တပ်အကြား အဓိက အငြင်းပွားတဲ့ကိစ္စဟာ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းမှုနဲ့ နိုင်ငံခြားကျွမ်းကျင်သူတစ်ဦး ကော်မရှင်မှာ ထည့်သွင်းဖို့ အဆိုပြုတဲ့ကိစ္စ ဖြစ်ပါတယ်။

    “စစ်တပ်က ဒါကို လုံးဝ မနှစ်မြို့ဘူးဗျ” လို့ ကာကွယ်ရေးဦးစီးချုပ်နဲ့ အဆက်အသွယ်ရှိတဲ့ စစ်ဖက် အကြီးတန်းအရာရှိဟောင်းတစ်ဦးက ပြောကြားခဲ့ပါတယ်။

    “ဒါဟာ စည်းဖောက်မှုတစ်ခုပါ” လို့ သူက အပြတ်ကိုပြောပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ရဲ့ တွေ့ဆုံမှုမှာ ဗိုလ်ချုပ်မှုးကြီးဟာ ဒေါသတကြီး တုန့်ပြန်ခဲ့ပြီး အာဏာသိမ်းမယ်လို့တောင် ခြိမ်းခြောက်ခဲ့တယ်လို့ စစ်တပ်အတွင်းစည်းနဲ့ နီးစပ်တဲ့ ရင်းမြစ်တော်တော်များများက ပြောပါတယ်။ ခင်ဗျားအနေနဲ့ အစိုးရကို မစီမံနိုင်ဘူးဆိုရင် အခြေခံဥပဒေမှာ သတ်မှတ်ထားတဲ့အတိုင်း စစ်တပ်က အာဏာပြန်ယူရလိမ့်မယ်လို့ ဗိုလ်ချုပ်မှုကြီးက ပြောခဲ့ကြောင်း သတင်းထွက်ခဲ့ပါတယ်။ ဒါပေမယ့် တစ်နိုင်ငံလုံးကို ပြန်သိမ်းမှာလား၊ ဒါမှမဟုတ် ရခိုင်ပြည်နယ်ကိုပဲ သိမ်းမှာလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ တိုင်းပြည်ရဲ့လုံခြုံရေးဟာ ခြိမ်းခြောက်ခံနေရတယ်လို့ ကာကွယ်ရေးဦးစီးချုပ်က ယူဆရင် အခြေခံဥပဒေအရေ စစ်တပ်ဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖြစ်ဖြစ်၊ ပြည်နယ်အလိုက်ဖြစ်ဖြစ် ‘အုပ်ချုပ်ရေးအာဏာ’ ကို ရယူနိုင်ပါတယ်။ တကယ်တော့ ၂၀၁၂ ခုနှစ် နှောင်းပိုင်းကစပြီး စစ်တပ်ဟာ သမ္မတဦးသိန်းစိန်ရဲ့ သဘောတူညီချက်နဲ့အတူ ရခိုင်ပြည်နယ်ကို အရေးပေါ်အခြေအနေ ခေါင်းစဉ်နဲ့ ထိန်းချုပ်ထားခဲ့တာဖြစ်ပါတယ်။

    ကတိုက်ကရိုက်နဲ့ ပြီးဆုံးသွားတဲ့ အဲဒီးအစည်းဝေး နောက်ပိုင်းမှာ နှစ်ဖက်စလုံးဟာ ထိပ်တိုက်ရင်ဆိုင်ဖို့အတွက် ပြင်ဆင်လာခဲ့ကြပါတယ်။ စစ်တပ်ဟာ အဓိကမြို့ကြီးတွေရဲ့ စစ်မျက်နှာမှာ ချထားတဲ့ တပ်ဖွဲ့တွေကို ပြန်ရုပ်သိမ်းခဲ့ပြီး ရခိုင်ကလွဲလို့ အခြားနယ်စပ်ဒေသတွေက စစ်ဆင်ရေးတွေကိုလည်း ရပ်ဆိုင်းခဲ့ကာ နေပြည်တော်မှာ ထိပ်တိုက်တွေ့ဆုံမှုကို ပိုမိုအာရုံစိုက်နိုင်ရေးအတွက် ဖြစ်ပါတယ်။

    “လနဲ့ချီကြာနိုင်ပေမယ့် စစ်တပ်ကလည်း ပြင်ဆင်ထားရမယ်” လို့ ထိပ်တန်း စစ်ဌာနချုပ်ကို အကြံပေးနေတဲ့ စစ်ဖက်အရာရှိဟောင်းတစ်ဦးက ပြောပါတယ်။

    တပ်မတော်လို့ခေါ်တဲ့ မြန်မာစစ်တပ်ဟာ ကချင်လွတ်မြောက်ရေးတပ် KIA ထိန်းချုပ်ရာဒေသ မြောက်ဖက်စွန်းစွန်းက KIA ရဲ့ အဓိကတပ်မဟာရှိတဲ့နေရာမှာ စစ်ဆင်ရေးကို ရပ်တန့်လိုက်ပြီး တပ်ဖွဲ့တွေကိုလည်း ပြန်ဆုတ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုတပ်ပြန်ဆုတ်တာဟာ တိုက်လို့ခိုက်လို့မကောင်းတဲ့ အနေအထားတွေကြောင့် စစ်တပ်က ပုံမှန်လိုလို စစ်ဆင်ရေး ရပ်ဆိုင်းလေ့ရှိတဲ့ မိုးရာသီကြောင့် ဖြစ်နိုင်တယ်လို့ ဒေသတွင်း စစ်ထောက်လှမ်းရေး ရင်းမြစ်တော်တော်များများက ဆိုပါတယ်။

    ဒါပေမယ့် ကုလအထူးကိုယ်စားလှယ် ကြားဝင်လာတာက အရပ်သားအစိုးရနဲ့ စစ်တပ်တို့အကြား လွန်ဆွဲမှုကို လျော့ပါးသွားစေပါတယ်။ အခုသီတင်းပတ်အစောပိုင်း သူမနဲ့ ဗိုလ်ချုပ်မှူးကြီးတို့ရဲ့ အချိန်အတော်ကြာ ဆွေးနွေးမှုအတွင်း ဗိုလ်ချုပ်မှူးကြီးဟာ အမျိုးသား လူ့အခွင့်အရေး စုံစမ်းစစ်ဆေးမှုအဖွဲ့မှာ နိုင်ငံခြားသား ပါဝင်နိုင်ရေး သဘောတူခဲ့ပါတယ်။ ဒါဟာ ဗိုလ်ချုပ်မှုကြီးရဲ့ သိသာတဲ့ အလျှော့ပေးချက်လို့ ထင်ရပေမယ့် တကယ်တော့ အလွန်ပါးနပ်မှုလို့ ဆိုရပါလိမ့်မယ်။

    တကယ်တော့ ဒီလိုလိုက်လျောလိုက်တာဟာ စုံစမ်းစစ်ဆေးရေးကော်မရှင်အတွက် ပန်းခင်းသောလမ်း ဖြစ်သွားပြီလို့ မဆိုနိုင်ပါဘူး။ မြန်မာနိုင်ငံ အနောက်ခြမ်းမှာ ပြန်လည်ရင်ကြားစေ့ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွေကို ညှိနှိုင်းဖို့နဲ့ နိုင်ငံတကာရဲ့ အကြံဉာဏ် ပါဝင်စေဖို့အတွက် ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာမှာ မြန်မာအစိုးရက ဖွဲ့စည်း ပေးခဲ့တဲ့ အကြံပေးအဖွဲ့ ခေါင်းဆောင် ဆူရာကီယတ် ဆတ်သီရာထိုင်းရဲ့ အကြံပေးမှုနဲ့ စုံစမ်းရေးကော်မရှင်ကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ဆတ်သီရာထိုင်းဟာ ထိုင်း ဒုတိယ၀န်ကြီးချုပ်ဟောင်းနဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်းလည်း ဖြစ်ပါတယ်။

    အစိုးရ ထိပ်တန်းအလွှာက လူတွေနဲ့ ဆွေးနွေးမှု လချီပြုလုပ်ပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာကို ကိုယ်စားပြုမယ့် ပုဂ္ဂိုတစ်ဦးအပါအ၀င် လူ ၃ ဦးပါဝင်မယ့် ဒီအဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ ဒါပေမယ့် ကော်မရှင်ကို နိုင်ငံခြားသားက ဦးဆောင်မလားဆိုတာ မဆုံးဖြတ်ရသေးပါဘူး။ ပါဝင်မယ့် နိုင်ငံခြားသားကို အခုအချိန်အထိ ရှာဖွေနေဆဲ ဖြစ်ပါတယ်။ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်နဲ့ တီမောလက်စ်တေ ၀န်ကြီးချုပ်ဟောင်းဖြစ်ပြီး မကြာသေးခင်ကမှ နေပြည်တော်ကို လာရောက်လည်ပတ်သွားတဲ့ ဟိုဆေး ရာမို့စ် ဟောတာက တာဝန်ယူဖို့ ငြင်းဆန်ခဲ့ပြီးတဲ့နောက် အစိုးရဟာ လက်ရှိမှာ အခြားသူတွေကို တွေ့ဆုံဆွေးနွေးမှုတွေ လုပ်နေပါတယ်။

    “ဒီကိစ္စဟာ ဆုပ်လည်းဆူး၊ စားလည်းရူးမယ့်ကိစ္စလို့ သူကပြောပါတယ်” လို့ မြန်မာနိုင်ငံကနေ ပြန်သွားတဲ့ ဟော်တာနဲ့စကားခဲ့တဲ့ သံတမန်တွေက ဖွင့်ဟခဲ့ပါတယ်။

    မြန်မာနိုင်ငံအခြေစိုက် လေ့လာဆန်းစစ်သူတွေ၊ သံတမန်တွေက “ကြီးတော်နွား အလကားကျောင်းပေးရမယ့် ဒီအလုပ်ကို” တာဝန်ယူမယ့် နိုင်ငံရပ်ခြားပညာရှင်မျိုး ရှာတွေ့မှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။ အစိုးရအတွင်းလူတစ်ဦးက တာဝန်ယူမယ့်လူတွေ ရှိနေတယ်လို့ ဆိုပါတယ်။ မစ္စတာ ဟော်တာကို ပထမဆုံး အကြံပြုခဲ့တာက ဆတ်သီရာထိုင်း ဦးဆောင်တဲ့ အကြံပေးအဖွဲ့ ဖြစ်ပြီး အာရှက ကိုယ်စားလှယ်တစ်ယောက်ကို ခန့်ထားသင့်တယ်လို့ ဆိုပါတယ်။ နိုင်ငံတကာက ပါဝင်ရင် အနောက်နိုင်ငံကလူ ဒါမှမဟုတ် မွတ်စလင်တစ်ယောက် မဖြစ်ရဘူးလို့ ခံယူထားတဲ့ စစ်တပ်ကို လေပြေထိုးတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

    လက်ရှိမှာ စစ်တပ်ဟာ အမျိုးသား စုံစမ်းရေးကော်မရှင် ဖွဲ့စည်းရေးဆိုတဲ့ အယူအဆကို လက်ခံခဲ့ပြီး ဖြစ်တာကြောင့် ဘယ်သူပါရမယ်ဆိုတာက ပြဿနာ မဟုတ်တော့ပါဘူး။ ဒါပေမယ့် ကော်မရှင်မှာ ပါဝင်သူတွေဟာ အစိုးရ၊ စစ်တပ်၊ ရခိုင်ဒေသခံတွေနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်း စသဖြင့် ဘက်ပေါင်းစုံက လက်ခံနိုင်တဲ့သူ ဖြစ်ဖို့လို တယ်လို့ အကြံပြုကာ လူရွေးချယ်မှုမှာ သူတို့ပါဝင်မယ်လို့ တောင်းဆိုဖို့ ရှိနေပြီး အစိုးရကလည်း လုံးဝ လိုက်လျောမယ့်အနေထားဖြစ်ပါတယ်။ စစ်တပ်က ပူးပေါင်းဆောင်ရွက်မှသာ ကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးမှုဟာ အဆုံးမှာ အောင်မြင်ပြီး၊ ယုံကြည်လောက်ဖွယ်ရာ ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒါဟာ နောက်ထပ် စောင့်
    ကြည့်သုံးသပ်ရမယ့် ကိစ္စတစ်ခု ဖြစ်ပါတယ်။

    အရပ်ဖက်နဲ့ စစ်ဖက်ခေါင်းတွေအကြား ဖြစ်လာတော့မယ့် ထိပ်တိုက်တွေ့မှုကို ကုလ ကိုယ်စားလှယ်က အောင်မြင်စွာ လမ်းလွှဲပေးနိုင်ခဲ့ပေမယ့် အာဏာသိမ်းမယ်လို့ စစ်တပ်က အနာဂတ်မှာ ခြိမ်းခြောက်လာနိုင်မှုဟာ လုံးဝ အဆုံးသတ်သွားတာ မဟုတ်ပါဘူး။ ဒီခြိမ်းခြောက်မှုဟာ မပြောင်းလွဲ တည်ရှိနေအုံးမှာ ဖြစ်ပါတယ်။

    “လိုအပ်နေတာက အစိုးရနဲ့ စစ်တပ်အကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်ဖို့ ဖြစ်ပါတယ်” လို့ မြန်မာ စစ်ဖက်အရာရှိဟောင်းတစ်ဦးက ပြောကြားခဲ့ပါတယ်။

    ဒီအချက်ဟာ ကုလ အထူးကိုယ်စားလှယ်အနေနဲ့ ပြေလည်အောင် ဖြေရှင်းရမယ့် ကိစ္စတစ်ခု ဖြစ်ပါတယ်။ အရေးပါတဲ့ ဆောင်ရွက်ချက်တစ်ခုကို သူမ လုပ်ဆောင်နိုင်ခဲ့ပြီး ဒီလုပ်ငန်း ရှေ့ဆက်နိုင်အောင် ဆက်လက်ဆောင်ရွက်သွားမယ်လို့ မျှော်လင့်ရပါတယ်။ သူမဆောင်ရွက်ရမယ့် အခန်းကဏ္ဍတွေထဲမှာ ‘ကုလနဲ့ မြန်မာနိုင်ငံတို့အကြား ပေါင်းကူးတံတားထိုးပေးရေး’ ပါဝင်တယ်လို့ ယုံကြည်ကြောင်း မြန်မာနိုင်ငံခရီးစဉ်အပြီး ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြခဲ့ပါတယ်။

    Ref: Bangkokpost

    (Bnagkokpost တွင်ဖော်ပြထားသည့် UN envoy averts possible military coup in Myanmar ဆောင်းပါးကိုလေးမောင်က ဆီလျော်အောင်ဘာသာပြန်ဆိုသည်။)