News @ M-Media

Blog

  • ဗုဒ္ဓဟူးနေ့ ကမ္ဘာ့ဖလား သတင်းများ

    ဗုဒ္ဓဟူးနေ့ ကမ္ဘာ့ဖလား သတင်းများ

    ဇွန် ၂၀၊ ၂၀၁၈
    M-Media

    အုပ်စုပထမဖြင့် နောက်တစ်ဆင့်တက်ချင်သည်ဟု ရော်နယ်ဒိုပြော
    =================
    နောက်တစ်ဆင့်ကို အုပ်စုပထမနဲ့တက်နိုင်အောင် ကြိုးစားသွားမယ်လို့ ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ပြောကြားလိုက်ပါတယ်။ ဒီနေ့ကစားခဲ့တဲ့ မော်ရိုကိုနဲ့ပွဲမှာ ပေါ်တူဂီဟာ ရော်နယ်ဒိုရဲ့ ပွဲအစ ၄ မိနစ်သွင်းဂိုးနဲ့ အနိုင်ရခဲ့ပြီး စုစုပေါင်း ၄ မှတ်ရထားကာ၊ ရော်နယ်ဒိုကလည်း နှစ်ပွဲပေါင်း ၄ ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ မော်ရိုကိုကို ခက်ခက်ခဲခဲ ကစားခဲ့ရကြောင်း၊ ဂိုးသွင်းနိုင်တဲ့အတွက် ပျော်ရွှင်မိပြီး နောက်တစ်ဆင့်တက်ဖို့အတွက် လက်တစ်ကမ်းသာ လိုတော့ကြောင်း ပွဲအပြီးမှာ ဖွင့်ဟခဲ့ပါတယ်။

    မက်ဆီအတွက် ကမ္ဘာ့ဖလားမလိုဟု ခရက်စပိုပြော
    ==============
    မက်ဆီကို ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားအဖြစ် မှတ်ယူဖို့အတွက် ကမ္ဘာ့ဖလားရဖို့ မလိုဘူးလို့ အာဂျင်တီးနားအသင်းရဲ့ ဂန္တ၀င်တိုက်စစ်မှူး ဟာနန် ခရက်စပိုက ပြောကြားလိုက်ပါတယ်။ အသက် ၃၀ အရွယ် မက်ဆီဟာ ဘာစီလိုနာမှာ ၁၄ ရာသီကစားစဉ်အတွင်း ဖလား ၃၂ လုံး၊ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ၅
    ကြိမ် ရရှိခဲ့ပေမယ့် အာဂျင်တီးနားနဲ့ အဓိကပြိုင်ပွဲတွေမှာ အောင်ပွဲမရသေးပါဘူး။ ခရက်စပိုက ကြီးကျယ်တဲ့ကစားသမားတွေဟာ ကမ္ဘာ့ဖလား မရခဲ့ကြဘူးဆိုတဲ့ သမိုင်းတွေရှိကြောင်း၊ မက်ဆီအနေနဲ့ ကမ္ဘာ့ဖလားမရလဲ အကောင်းဆုံးကစားသမား ဖြစ်နေမှာဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဂျာမနီအသင်း မညီမညွတ်ဖြစ်နေသည်ဆိုသည့်သတင်းကို မူလာငြင်းဆို
    =================
    ဂျာမနီအသင်း ကစားသမားတွေကြားမှာ သွေးကွဲမှုတွေရှိနေတယ်ဆိုတဲ့ သတင်းတွေကို တိုက်စစ်မှူး သော
    မတ်စ်မူလာနဲ့ မန်နေဂျာ အိုလီဗာ ဘီရ်ဟော့ဖ်တို့က ငြင်းဆိုလိုက်ပါတယ်။ လက်ရှိချန်ပီယံ ဂျာမနီဟာ အုပ်စုအဖွင်
့ပွဲစဉ်မှာ မက္ကဆီကိုကို ၁ ဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး ဝေဖန်မှုခံနေရသလို၊ ကစားသမားတွေအကြား မညီမညွတ်ဖြစ်ေ
    နယ်တယ်ဆိုတဲ့ သတင်းလည်း ထွက်လာပါတယ်။ မူလာကတော့ မိမိတို့အနေနဲ့ လာမယ့် အုပ်စုလက်ကျန် ၂ ပွဲကို
    အာရုံစိုက်ထားတယ်လို့ ဆိုပါတယ်။

    Ref: Goal, BBC

  • ခရစ္စတီယာနို ရော်နယ်ဒို တင်နိုင်ဖွယ်ရှိနေသည့် စံချိန်သစ် ၁၀ ခု

    ခရစ္စတီယာနို ရော်နယ်ဒို တင်နိုင်ဖွယ်ရှိနေသည့် စံချိန်သစ် ၁၀ ခု

    ဇွန် ၂၀၊ ၂၀၁၈
    M-Media

    ၁။ ကမ္ဘာ့ဖလား ဂိုးသွင်းဘုရင်

    ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလားပြိုင် ၄ ခုမှာ ဂိုးသွင်းနိုင်တဲ့ ကစားသမားတစ်ဦး ဖြစ်လာခဲ့ပြီး ဂျာမနီ ဂန္တ၀င်ကစားသမားကြီးတွေဖြစ်တဲ့ ကလိုစေး၊ ယူဝီ ဆီလာ၊ ဘရာဇီးလ် ဘောလုံးသူရဲကောင်း ပီလီတို့နဲ့ စံချိန်တူနေပါတယ်။ ၂ ၀၀၆၊ ၂၀၁၀ နဲ့ ၂၀၁၄ ကမ္ဘာ့ဖလားတွေမှာ ၁ ဂိုးစီသာ သွင်းယူနိုင်ခဲ့ပေမယ့် အခု ၂၀၁၈ ကမ္ဘာ့ဖလားမှာတော့ ရော်နယ်ဒိုဟာ ပွဲဦးထွက်မှာပဲ ဟက်ထရစ် သွင်းယူထားနိုင်ပြီး ဂိုးအများဆုံးသွင်းနိုင်တဲ့ ကစားသမား ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။

    ၂။ ကမ္ဘာ့ဖလား ဆွတ်ခူးမှု

    လွန်ခဲ့တဲ့ ၂ နှစ် ပဲရစ်မှာ ပေါ်တူဂီဟာ ပြင်သစ်ကို အနိုင်ရပြီး ဥရောပချန်ပီယံ ဖြစ်ခဲ့ပါတယ်။ ဒါဟာ ရော်နယ်ဒိုအတွက် ပထမဆုံး နိုင်ငံတကာ ဆုဖလားလည်း ဖြစ်ပါတယ်။ ယူရို ၂၀၁၆ မှာ ရေပန်းမစားဘဲနဲ့ ချန်ပီယံဖြစ်ခဲ့တဲ့ ပေါ်တူဂီဟာ အခု ကမ္ဘာ့ဖလားမှာလည်း ဒီလို စွမ်းဆောင်နိုင်မလားဆိုတဲ့ စောင့်ကြည့်မှုတွေ ရှိနေပါတယ်။ ရော်နယ်ဒိုကတော့ “ကျွန်တော်တို့ဟာ ရေပန်းစားတဲ့အသင်း မဟုတ်ပေမယ့်၊ ချန်ပီယံဖြစ်နိုင်တဲ့အသင်းပါ” လို့ စပိန်နဲ့ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

    ၃။ နိုင်ငံတကာအဆင့်တွင် ဂိုးအများဆုံး ဥရောပကစားသမား

    ဒီစံချိန်တင်နိုင်ဖို့ သိပ်မကြာတော့ပါဘူး။ စပိန်နဲ့အဖွင့်ပွဲမှာ ၃ ဂိုးသွင်းခဲ့တဲ့ ရော်နယ်ဒိုဟာ နိုင်ငံတကာသွင်းဂိုး ၈၄ ဂိုးအထိ ရှိလာခဲ့ပြီး ဟန်ဂေရီ ဂန္တ၀င်ကစားသမား ဖီရန့်စ် ပွတ်စ်ကက်စ် တင်ထားတဲ့စံချိန်ကို လိုက်မီသွားပြီ ဖြစ်ပါတယ်။ ဒီနေ့ညကစားမည့် မော်ရိုကိုနဲ့ပွဲမှာ နောက်တစ်ဂိုး ထပ်သွင်းလိုက်တာနဲ့ ရော်နယ်ဒိုဟာ နိုင်ငံတကာအဆင့်မှာ ဂိုးအများဆုံးသွင်းနိုင်တဲ့ ဥရောပ ကစားသမားအဖြစ် စံချိန်သစ် တင်နိုင်မှာ ဖြစ်ပါတယ်။ (ပေါ်တူဂီဟာ ရော်နယ်ဒိုရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ မော်ရိုကိုကို အနိုင်ရခဲ့ပါတယ်)

    ၄။ အလီဒါအီ၏ နိုင်ငံတကာသွင်းဂိုးစံချိန်

    ပွတ်စ်ကက်စ်ရဲ့ စံချိန်ကို ချိုးနိုင်သွားပြီးတဲ့နောက် ရော်နယ်ဒိုဟာ ပေါ်တူဂီအတွက် ဂိုး ၁၀၀ သွင်းနိုင်ရေး ပစ်မှတ်ထားလာပါတယ်။ ဒါဆိုရင်တော့ အီရန်တိုက်စစ်မှူးဟောင်း အလီဒါယီရဲ့ နိုင်ငံတကာ သွင်းဂိုးစံချိန် ၁၀၉ ဂိုးကို လိုက်မီဖို့လည်း ရှိနေပါတယ်။ လက်ရှိမှာ ၂၅ ဂိုး လိုနေသေးပေမယ့် နောက်ထပ် ၂ နှစ် နိုင်ငံတကာပွဲတွေ ဆက်ကစားမယ်ဆိုရင်တော့ ဒီစံချိန်ကို ချိုးနိုင်မှာ ဖြစ်ပါတယ်။

    ၅။ ချန်ပီယံလိဂ်ဖလား အများဆုံးစံချိန်

    ပြီးခဲ့တဲ့ ၅ နှစ်အတွင်းမှာ ရီးယဲလ်မက်ဒရစ်ဟာ ချန်ပီယံလိဂ်ဖလားကို ၄ ကြိမ် ဆွတ်ခူးခဲ့ပြီး မန်ယူနဲ့ တစ်ကြိမ်ရထားတဲ့ ရော်နယ်ဒိုရဲ့ စုစုပေါင်း ချန်ပီယံလိဂ်ဖလား ရရှိမှုဟာ ၅ ကြိမ် ရှိနေပါပြီ။ ရီးယဲလ်အသင်းရဲ့ စပိန်ဂန္တ၀င်ကစားသမား ပါကို ဂျန်တိုဟာ ၁၉၅၆ ခုနှစ်ကနေ ၁၉၆၅ ခုနှစ်အတွင်း ချန်ပီယံလိဂ်ဖလားကို ၆ ကြိမ် ရရှိထားပြီး ရော်နယ်ဒိုအနေနဲ့ သူ့စံချိန် လိုက်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

    ၆။ ၆ ကြိမ်မြောက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား

    ဘာစီလိုနာတိုက်စစ်မှူး မက်ဆီလိုပဲ ရော်ဒိုနယ်ဒိုဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ကို ၅ ကြိမ် ရရှိထားပါတယ်။ ၂၀၁၂ ခုနှစ်ကတည်းက တွက်ရင် ရော်နယ်ဒိုဟာ ၄ ကြိမ်အထိ ရထားပြီး မက်ဆီကတော့ ၁ ကြိမ်သာ ရရှိထားပါတယ်။ နောက်တစ်ကြိမ်ထပ်ရမယ်ဆိုရင်တော့ ရော်နယ်ဒိုဟာ မက်ဆီကိုကျော်ပြီး ကမ္ဘာ့အကောင်းဆုံး ၆ ကြိမ်ရ ကစားသမားအဖြစ် စံချိန်သစ်တင်နိုင်မှာပါ။ ချန်ပီယံလိဂ်မှာ ရီးယဲလ်နဲ့အတူ ဗိုလ်စွဲပြီး လက်ရှိ ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြနိုင်ရင်တော့ ဒီဇင်ဘာမှာ ရော်နယ်ဒိုဟာ ဒီအောင်မြင်မှုကို ရနိုင်မယ့်အနေအထား ရှိနေပါတယ်။

    ၇။ ရီးယဲလ်တွင် ဖလားအများဆုံးရ ကစားသမား

    ရော်နယ်ဒိုဟာ ရီးယဲလ်မှာ ဖလား စုစုပေါင်း ၁၆ လုံးအထိ ရရှိထားပြီး ချန်ပီယံလိဂ် ၄ ကြိမ်၊ ကလပ်အသင်း ကမ္ဘာ့ဖလား တစ်ကြိမ်၊ ယူအီးအက်ဖ်အေ စူပါဖလား ၃ ကြိမ်၊ လာလီဂါ ၂ ကြိမ်၊ ကိုပါဒီရေး ၂ ကြိမ်၊ စပိန် စူပါကိုပါ ၂ ကြိမ်တို့ ဖြစ်ပါတယ်။ ဒါပေမယ့် ရီးယဲလ်ကစားသမားဟောင်း ပါကို ဂျန်တို ရရှိထားတဲ့ ဖလား ၂၃ လုံး စံချိန်ကို လိုက်နိုင်ဖို့အတွက် နည်းနည်း အလှမ်းဝေးနေပါသေးတယ်။ အသင်းဖော် ဆာဂျီယိုရာမို့စ်နဲ့ ၃ လုံးကွာနေပေမယ့် ရော်နယ်ဒိုဟာ ကလပ်အသင်းအဆင့် စုစုပေါင်း ဖလားရရှိမှုမှာတော့ ရာမို့စ်ထက် ပိုများပြီး မန်ယူမှာတင် ၉ လုံး ရရှိခဲ့ပါတယ်။

    ၈။ ဒီစတီဖာနို၏ သွင်းဂိုးစံချိန်

    ဧပြီလက နျူးကမ့်မှာ ဘာစီလိုနာနဲ့ ၂ ဂိုးစီသရေကျတဲ့ပွဲမှာ တစ်ဂိုးသွင်းယူခဲ့နိုင်တဲ့ ရော်နယ်ဒိုဟာ ရီးယဲလ် ဂန္တ၀င်ကစားသမား ဒီစတီဖာနို ဘာစီလိုနာနဲ့ပွဲမှာ သွင်းထားတဲ့ ဂိုးအများဆုံး ၁၈ ဂိုးစံချိန်နဲ့ တူသွားခဲ့ပါတယ်။ လာမယ့်နှစ် ရီးယဲလ်မှာ ဆက်ရှိနေပြီး ဘာစီလိုနာနဲ့ပွဲမှာ ဂိုးထပ်သွင်းနိုင်ရင်တော့ ရော်နယ်ဒိုဟာ ဒီစတီဖာနိုရဲ့ စံချိန်ကို ချိုးနိုင်မှာပါ။ မက်ဆီဟာ ရီးယဲလ်နဲ့တွေ့ဆုံမှုမှာ စုစုပေါင်း ၂၆ ဂိုးအထိ သွင်းထားပြီး ဒီစံချိန်ကို ရော်နယ်ဒိုလိုက်နိုင်ဖို့တော့ အလှမ်းဝေးနေပါသေးတယ်။

    ၉။ ၅ ကြိမ်မြောက် ဥရောပ ရွှေဖိနပ်ဆု

    အရင်နှစ်တွေကနဲ့စာရင် ပွဲစဉ်တွေမှာ ပါဝင်မှု နည်းလာတာကြောင့် ဒီအောင်မြင်မှုကို ရယူဖို့အတွက် နည်းနည်းခက်ခဲပါတယ်။ ဒါပေမယ့် လာမယ့်နှစ်မှာ ဥရောပရဲ့ ဂိုးသွင်းအများဆုံး ဖြစ်လာမယ်ဆိုရင် ရော်နယ်ဒိုဟာ မက်ဆီတင်ထားတဲ့ ဥရောပရွှေဖိနပ်ဆု ၅ ကြိမ်ရရှိတဲ့ စံချိန်ကို မှီသွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ၄ ကြိမ် ရရှိထားပြီး ရီးယဲလ်နဲ့ ၃ ကြိမ်၊ မန်ယူနဲ့တစ်ကြိမ် ဖြစ်ပါတယ်။

    ၁၀။ ရီးယဲလ်အတွက် ဂိုး ၅၀၀

    ရီးယဲလ်မက်ဒရစ်မှာ ဂိုးအများဆုံးသွင်းခဲ့ထားတဲ့ တိုက်စစ်မှူး ရာအူးလ်ရဲ့ ၃၂၃ ဂိုးစံချိန်ကို ရော်နယ်ဒိုဟာ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ရီးယဲလ်အတွက် ၄၃၈ ပွဲကစားရာမှာ ရော်နယ်ဒိုဟာ ဂိုးပေါင်း ၄၅၀ အထိ သွင်းထားပါတယ်။ နောက်နှစ် ဘာနေဗျူးမှာ ဆက်ရှိနေမယ်ဆိုရင် ရီးယဲလ်အတွက် ဂိုးပေါင်း ၅၀၀ ပြည့်မယ့် အလားအလာ ရှိနေပါတယ်။

    Ref: Goal

  • ကမ္ဘာ့ ဒုက္ခသည်အများဆုံးစာရင်းတွင် မြန်မာနိုင်ငံက အဆင့် ၄ နေရာ ရှိနေ

    ကမ္ဘာ့ ဒုက္ခသည်အများဆုံးစာရင်းတွင် မြန်မာနိုင်ငံက အဆင့် ၄ နေရာ ရှိနေ

    ဇွန် ၂၀၊ ၂၀၁၈
    M-Media

    ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကူတူပါလောင် ဒုက္ခသည်စခန်း

    – ကမ္ဘာပေါ်က ဒုက္ခသည်အရေအတွက်မှာ မြန်မာနိုင်ငံက ထွက်ပြေးရသူတွေဟာ ၁.၂ သန်းလောက်ရှိနေပြီး စတုတ္ထမြောက်အများဆုံးဖြစ်နေတယ်လို့ ကုလ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    မြန်မာနိုင်ငံက ထွက်ပြေးရတဲ့ ဒုက္ခသည်အရေအတွက်ဟာ ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းမှာ သန်းဝက်လောက် ရှိခဲ့ရာကနေ ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းမှာတော့ နှစ်ဆကျော် တက်လာတာဖြစ်ပါတယ်။

    အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ အများဆုံးရှိတဲ့နိုင်ငံဟာ ၇ နှစ်ကြာ ပြည်တွင်းစစ်ဖြစ်နေတဲ့ ဆီးရီးယားနိုင်ငံ ဖြစ်ပြီး သူ့နောက်မှာ အာဖဂန်နစ္စတန်၊ တောင်ဆူဒန်နဲ့ မြန်မာတို့က အသီးသီး ရပ်တည်နေပါတယ်။

    ဘင်္ဂလားဒေ့ရှ်ဟာ မြန်မာနိုင်ငံက ဒုက္ခသည် အများဆုံးလက်ခံထားရတဲ့ နိုင်ငံအဖြစ် စာရင်းဝင်နေပြီး ၉၃၂၀၀၀ လောက်ရှိနေပါတယ်။ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံကနေ ထွက်ပြေးရတဲ့ ဒုက္ခသည် တစ်သိန်းလောက် ရှိနေကာ မလေးရှားမှာ ၉၈၀၀၀၊ အိန္ဒိယမှာ ၁၈၁၀၀ လောက်ရှိနေပါတယ်။

    ကုလ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပို ဂရန်ဒီက ကမ္ဘာတစ်ဝှမ်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒုက္ခသည်အရေအတွက်ဟာ ၆၈.၅ သန်းအထိ မြင့်တက်လာပြီး စံချိန်တင် မြင့်တက်လာတာဖြစ်တယ်လို့ ဒီကနေ့ ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့ ကြေငြာချက်မှာ ပြောကြားခဲ့ပါတယ်။

    အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေကို ကူညီစောင့်ရှောက်ပေးတဲ့ သူတွေကိုလည်း မဟာမင်းကြီးက ချီးကျူးခဲ့ပါတယ်။

    မြန်မာနိုင်ငံမှာ UNHCR ဟာ ကရင်ပြည်နယ်နဲ့ တနင်္သာရီ တိုင်းဒေသကြီးတွေမှာ ‘ကမ္ဘာ့ဒုက္ခသည်များနေ့’ အခမ်းအနားတွေ ကျင်းပခဲ့ပြီး အစိုးရတာဝန်ရှိသူတွေ၊ ကရင်အမျိုးသားအစည်းအရုံးက ကိုယ်စားလှယ်တွေ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ၊ ဒုက္ခသည်ဘ၀ကနေ မိမိနေရပ် ပြန်ရောက်လာကြသူတွေ တက်ရောက်ခဲ့ကြပါတယ်။

    Ref: Frontier Myanmar

  • အပစ်ရပ်မှုအပြီး တာလီဘန်က အာဖဂန်တွင် တိုက်ခိုက်မှု ပြန်လုပ်

    အပစ်ရပ်မှုအပြီး တာလီဘန်က အာဖဂန်တွင် တိုက်ခိုက်မှု ပြန်လုပ်

    ဇွန် ၂၀၊ ၂၀၁၈
    M-Media

    – အာဖဂန်နစ္စတနအနောက်ပိုင်း ဘဂ်ျဟီပြည်နယ်က စစ်ရေးဂိတ်နှစ်ခုကို တာလီဘန်တို့ရဲ့ ဒီနေ့မနက် တိုက်ခိုက်မှုအတွင်း အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင် ၃၀ ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။

    အာဖဂန်သမ္မတ အရှ်ရက်ဖ်ဂနီက ၀ါကျွတ်အီးဒ်ပွဲတော် အထိမ်းအမှတ်အဖြစ် အပစ်ရပ်ရေးကို ၁၀ ရက်အထိ ဆက်လက် သက်တမ်းတိုးသွားမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ကြေငြာခဲ့တာပါ။ ဒါပေမယ့် တာလီဘန်အဖွဲ့က လက်မခံဘူးလို့ ပြောကြားခဲ့ပြီးနောက် ဒီလိုတိုက်ခိုက်မှု ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

    တိုက်ခိုက်မှုအတွင်း တာလီဘန်တွေဟာ ဘာလာမဂ်ဟဘ်က စစ်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး အဘ်ဒူလ် ကဖူးရ် မာလစ်ဇိုင်က ပြောကြားခဲ့ပါတယ်။

    မနေ့ညမှာ ပြည်နယ်အတွင်းက အခြားနေရာတစ်ခုကို တိုက်ခိုက်မှုအတွင်း တာလီဘန် ၁၅ ဦး သေဆုံးခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

    တာလီဘန်ဟာ အာဖဂန်အစိုးရနဲ့ ၃ ရက် အပစ်ရပ်ရေးအတွက်သာ သဘောတူခဲ့ပြီး တနင်္ဂနွေနေ့မှာ အဆုံးသတ်သွားပါတယ်။

    အပစ်ရပ်မှုအတွင်း နန်ဂါဟာပြည်နယ်မှာ IS အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး လူ ၅၀ ကျော်လောက် သေဆုံးခဲ့ပါတယ်။

    Ref: Aljazeera

  • အစ္စရေးကိစ္စ မကျေနပ်၍ လူ့အခွင့်အရေးကောင်စီမှ နှုတ်ထွက်ကြောင်း အမေရိကန်ကြေငြာ

    အစ္စရေးကိစ္စ မကျေနပ်၍ လူ့အခွင့်အရေးကောင်စီမှ နှုတ်ထွက်ကြောင်း အမေရိကန်ကြေငြာ

    ဇွန် ၂၀၊ ၂၀၁၈
    M-Media

    ကုလဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟာလေး

    – အစ္စရေးနဲ့ပတ်သက်ပြီး နာတာရှည်ဘက်လိုက်မှုကြောင့် ကုလ လူ့အခွင့်အရေးကောင်စီက နှုတ်ထွက်တယ်လို့ အမေရိကန်က မနေ့မှာ ကြေငြာလိုက်ပါတယ်။

    “လူ့အခွင့်အရေးကို ပြောင်လှောင်နေတဲ့ ကြောင်သူတော်၊ တစ်ဘို့တည်းအဖွဲ့အစည်းမှာ ဆက်ပြီးပါဝင်ဖို့အတွက် စိတ်မသန့်တာကြောင့် ဒီလို နှုတ်ထွက်ရခြင်း ဖြစ်ပါတယ်” လို့ ကုလဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟာလေးက အမရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက် ပွမ်ပီယိုနဲ့အတူ ပြောကြားခဲ့ပါတယ်။

    ကုလ လူ့အခွင့်အရေးအကြီးအကဲ ဇိုက် ရာအဒ် အလ် ဟူစိန်က အမေရိကန်အစိုးရရဲ့ ဒီလုပ်ရပ်ဟာ စိတ်ပျက်စရာဖြစ်ပေမယ့် အံ့သြစရာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    “ဒီနေ့ကမ္ဘာရဲ့ လူ့အခွင့်အရေး အခြေအနေအရ အမေရိကန်ဟာ နောက်ပြန်ဆုတ်ရမှာမဟုတ်ဘဲ၊ ရှေ့ဆက်တိုးရမှာပါ”

    ဥရောပသမဂ္ဂက ဒါဟာ ကမ္ဘာ့စင်မြင့်မှာ ဒီမိုကရေစီကို ဦးဆောင်သူ၊ ပံ့ပိုးသူဆိုတဲ့ အမေရိကန်ရဲ့အခန်းကဏ္ဍကို ပျက်စီးစေမယ့်အန္တရာယ် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်က ဒါဟာ ၀မ်းနည်းဖွယ်ရာလုပ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။

    အမေရိကန်ရဲ့ အဓိကမဟာမိတ် အစ္စရေးက အမေရိကန်အနေနဲ့ လူ့အခွင့်အရေးကောင်စီက ဒီလိုနှုတ်ထွက်မှုဟာ သတ္တိရှိတဲ့လုပ်ရပ် ဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။

    ဂါဇာကမ်းမြှောက်မှာ ပါလက်စတိုင်း အရပ်သားတွေကို အစ္စရေးက ပစ်ခတ်သတ်ဖြတ်မှုကို ဆန့်ကျင်ရှုတ်ချကြောင်း ကြေငြာချက်ကို ကုလက ပြီးခဲ့တဲ့တစ်မှာ မဲခွဲအတည်ပြုခဲ့ပြီးတဲ့နောက် အမေရိကန်ရဲ့ ဒီဆုံးဖြတ်ချက် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

    အစ္စရေးရဲ့လုပ်ရပ်တွေကို အရေးယူဖို့၊ စုံစမ်းစစ်ဆေးဖို့၊ ဆန့်ကျင်ရှုတ်ချဖို့အတွက် ကုလက ဆောင်ရွက်တဲ့အခါတိုင်း အမေရိကန်ဟာ အမြဲလိုလို ဗီတိုအာဏာသုံးပြီး ပယ်ချလေ့ ရှိပါတယ်။

    Ref: Aljazeera