News @ M-Media

Blog

  • တိုင်းပြည်အကြွေးဆပ်ရန် မလေးဘုရင်က ၎င်းအတွက်ကုန်ကျစားရိတ်ကို ၁၀ ရာခိုင်နှုန်းလျှော့ခိုင်း

    တိုင်းပြည်အကြွေးဆပ်ရန် မလေးဘုရင်က ၎င်းအတွက်ကုန်ကျစားရိတ်ကို ၁၀ ရာခိုင်နှုန်းလျှော့ခိုင်း

    ဇွန် ၁၂၊ ၂၀၁၈
    M-Media

    မလေးရှား စည်းမျဉ်းခံဘုရင် ဆူလ်တန် မိုဟာမက် ၅

    – တိုင်းပြည်အကြွေးတင်နေတာကို ဆပ်နိုင်ဖို့အတွက် နန်းစံသက်ကုန်ဆုံးမယ့် ၂၀၂၁ ခုနှစ်အထိ သူ့လစာနဲ့ အဆောင်အယောင် ကုန်ကျစားရိတ်တွေကနေ ၁၀ ရာခိုင်နှုန်း ဖြတ်တောက်ဖို့ မလေးရှားဘုရင် ဆူလ်တန် မိုဟာမက် ၅ က ပြောကြားလိုက်ပါတယ်။

    နန်းတော်ရဲ့ ဘဏ္ဍာထိန်း ၀မ် အဟ်မဒ် ဒါလန် အဘ် အဇစ်က ဘုရင်ကြီးဟာ တိုင်းပြည်ရဲ့ အကြွေးနဲ့ စီးပွားရေးအခြေအနေတွေကို အလွန်စိုးရိမ်နေတယ်လို့ ဒီကနေ့မှာ သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။

    “Tabung Harapan Malaysia ရန်ပုံငွေထူထောင်ပြီး မလေးရှားပြည်သူတွေက ရက်ရက်ရောရော ထည့်ဝင်နေကြတာကို ဘုရင်ကြီးက အရမ်းစိတ်မကောင်းဖြစ်နေပြီး ကျေးဇူးတင်ကြောင်လည်း ပြောကြားခဲ့ပါတယ်”

    ကုန်ကျစားရိတ်ကို ချွေတာဖို့အတွက် အခုနှစ် ၀ါကျွတ်အီးဒ်အထိမ်းအမှတ်ပွဲတော်ကို နန်းတော်မှာမလုပ်ဖို့ ဘုရင်မိုဟာမက်က အမိန့်ထုတ်ခဲ့ပြီး၊ အဲဒီအတွက် ကုန်ကျမယ့်ငွေတွေကို ချို့တဲ့သူတွေထံ ဝေငှသွားမယ်လို့ ဘဏ္ဍာထိန်းက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    နိုင်ငံရဲ့အကြွေးဟာ ရင်းဂစ် ၁ ထရီလီယံ (ကန်ဒေါ်လာ ၂၅၁.၇၀ ဘီလီယံ) ရှိနေတယ်လို့ ၀န်ကြီးချုပ် မဟာသီယာမိုဟာမက်က ပြီးခဲ့တဲ့လမှာ ပြောကြားခဲ့ပြီး ဒီအတွက် ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ် ဦးဆောင်တဲ့ အစိုးရကို ပြစ်တင်ပြောဆိုခဲ့ပါတယ်။

    မေလ ၂၃ ရက်နေ့မှာ မဟာသီက အစိုးရ၀န်ကြီးတွေရဲ့ လစာကို ၁၀ ရာခိုင်နှုန်း ဖြတ်တောက်မယ်လို့လည်း ကြေငြာခဲ့ပါတယ်။

    Ref: CNA

  • ကင်ဂျုံအွန်နှင့်တွေ့ဆုံမှု အလွန်အားရစရာကောင်းသည်ဟု ထရမ့်ပြော

    ကင်ဂျုံအွန်နှင့်တွေ့ဆုံမှု အလွန်အားရစရာကောင်းသည်ဟု ထရမ့်ပြော

    ဇွန် ၁၂၊ ၂၀၁၈
    M-Media

    – မြောက်ကိုရီးယားခေါင်းဆာင် ကင်ဂျုံအွန်နဲ့ တွေ့ဆုံဆွေးနွေးမှုဟာ လူတွေ မျှော်လင့်ထားတာထက် ပိုကောင်းခဲ့တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြာကြားလိုက်ပါတယ်။

    ခေါင်းဆောင်နှစ်ဦးဟာ စင်ကာပူစံတော်ချိန် ဒီနေ့မနက် ၉ နာရီ ၅ မိနစ်မှာ တွေ့ဆုံခဲ့ပြီး လက်ဆွဲနှုတ်ဆက်ကာ အတူတူ ဓာတ်ပုံအရိုက်ခံခဲ့ပါတယ်။ ဒါဟာ ကိုရီးယားကျွန်းဆွယ်ကိစ္စမှာ ဆယ်စုနှစ်ချီ မကျေမလည်ဖြစ်ခဲ့ကြတဲ့ နှစ်နိုင်ငံရဲ့ သမိုင်းဝင်တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။

    “ဂုဏ်ယူပါတယ်။ ကျွန်တော်တို့ဟာ ခိုင်မာတဲ့ဆက်ဆံရေးမျိုး ရှိမယ်ဆိုတာ သံသယရှိစရာမလိုပါဘူး” လို့ ထရမ့်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

    ကင်က ဒီလိုတွေ့ဆုံဖို့ဆိုတာ မလွယ်ကူကြောင်း၊ အရင်ကရှိခဲ့တဲ့ အထင်အမြင်လွဲမှားမှုတွေကြောင့် အခက်အခဲတွေရှိခဲ့ပြီး အခုအချိန်မှာ ဒါတွေကိုကျော်ဖြတ်ကာ ဒီကိုရောက်ရှိလာခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။

    အဲဒီနောက် ကင်နဲ့ ထရမ့်တို့ဟာ မိနစ် ၄၀ ကြာ တံခါးပိတ်အစည်းအဝေးလုပ်ခဲ့ပြီး အဲဒီ နှစ်ကိုယ်ကြား တွေ့ဆုံမှုဟာ အားရစရာကောင်းတယ်လို့ ထရမ့်က ပြောကြားခဲ့ပါတယ်။

    နောက်ပိုင်းမှာ နှစ်ဖက်ကိုယ်စားလှယ်တွေဟာ ဆက်စပ်အစည်းအဝေးတွေ လုပ်ခဲ့ပြီး အလုပ်သဘော နေ့လည်စာ စားသုံးခဲ့ကြပါတယ်။

    “တော်တော်လေး အပြုသဘောဆောင်ပြီး တိုးတက်မှုတွေလည်း ရှိပါတယ်။ ဘယ်သူမှ မမျှော်လင့်ထားတဲ့ အနေအထားမျိုးနဲ့ပါ။ အရှင်းဆုံးပြောရရင် သိပ်ကို အားရစရာကောင်းပါတယ်” လို့ ထရမ့်က ပြောကြားခဲ့ပါတယ်။

    သူနဲ့ ကင်တို့ဟာ သဘောတူညီချက်တစ်ခုကို လက်မှတ်ထိုးဖို့ ရှိတယ်လို့လည်း ထရမ့်က ပြောကြားခဲ့ပါတယ်။

    Ref: CNA

  • တနင်္လာနေ့ ဘောလုံးသတင်းများ

    တနင်္လာနေ့ ဘောလုံးသတင်းများ

    ဇွန် ၁၁၊ ၂၀၁၈
    M-Media

    ရုရှားကို စက်ဘီးနဲ့သွားမယ့် ပရီးမီးယားလိဂ် ဒိုင်လူကြီး မက်ကင်ဆန်

    အင်္ဂလန်အသင်း ပင်နယ်တီကို အာရုံစိုက်လေ့ကျင့်နေ
    ==============
    အတိတ်က ပင်နယ်တီ အိပ်မက်ဆိုးကနေ ရုန်းထွက်နိုင်ဖို့အတွက် မိမိတို့အသင်းဟာ ပင်နယ်တီ ကန်သွင်းမှုကို မကြာမကြာ လေ့ကျင့်နေတယ်လို့ အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းက ပြောကြားလိုက်ပါတယ်။ အင်္ဂလန်အသင်းဟာ အဓိကပြိုင်ပွဲတွေမှာ ပင်နယ်တီအဆုံးအဖြတ်ခံယူရရင် ရလဒ်မကောင်းဘဲ ၁၉၉၀၊ ၁၉၉၈ နဲ့ ၂၀၀၆ ကမ္ဘာ့ဖလားပွဲတွေ၊ ၁၉၉၆၊ ၂၀၀၄ နဲ့ ၂၀၁၂ ခုနှစ် ဥရောပဖလားပွဲတွေမှာ ပင်နယ်တီနဲ့ ပြုတ်ခဲ့ပါတယ်။ ဟယ်ရီကိန်းက လွန်ခဲ့တဲ့ နှစ် ၅၀ အတွင်းမှာ လောက်လောက်လားလား အောင်ပွဲမရတာဟာ လက်ခံရခက်ပေမယ့် အသင်းသားတွေအနေနဲ့ အတိတ်ကို မေ့ပစ်ဖို့အတွက် တိုက်တွန်းခဲ့ပါတယ်။

    မာရာဒိုနာကို မက်ဆီမကျော်နိုင်ဟု ပီယာလိုပြော
    ================
    ၂၀၁၈ ကမ္ဘာ့ဖလားမှာ အာဂျင်တီးနား ဗိုလ်မစွဲဘူးဆိုရင် မက်ဆီဟာလည်း မာရာဒိုနာကိုကျော်ပြီး အာဂျင်တီးနားရဲ့ အကောင်းဆုံးကစားသမား ဖြစ်လာမှာမဟုတ်ဘူးလို့ အီတလီကွင်းလယ်လူဟောင်း ပီယာလိုက ပြောကြားလိုက်ပါတယ်။ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ၅ ကြိမ်ရရှိထားတဲ့ မက်ဆီဟာ မာရာဒိုနာထက် ပိုသာသလားဆိုတဲ့ နှိုင်းယှဉ်မှုတွေဟာ ပြီးခဲ့တဲ့ ၁၀ စုနှစ်တစ်အတွင်း တောက်လျှောက် ရှိလာခဲ့တာပါ။ ပီယာလိုကတော့ မက်ဆီတစ်ယောက် မာရာဒိုနာကို ကျော်ဖို့ဆိုရင် အာဂျင်တီးနားအသင်း ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲဖို့ လိုတယ်လို့ ဆိုပါတယ်။

    မက်ဆီဟာ ကလပ်အသင်းနဲ့ အောင်ပွဲအလီလီ ရယူထားနိုင်ပေမယ့် နိုင်ငံအသင်းနဲ့တော့ အဓိကပြိုင်ပွဲတွေမှာ ဗိုလ်စွဲဖူးခြင်း မရှိသေးပါဘူး။ အသက်အရွယ်ကြောင့် အခုကမ္ဘာ့ဖလားဟာ မက်ဆီအတွက် နောက်ဆုံး ကမ္ဘာ့ဖလားလည်း ဖြစ်လာနိုင်ပါတယ်။

    ပရီးမီးယားလိဂ်ဒိုင် ရုရှားကမ္ဘာ့ဖလားကို စက်ဘီးနဲ့သွားမယ်
    ===============
    ရုရှားကမ္ဘာ့ဖလားကို စက်ဘီးနဲ့သွားရောက်မယ့် Whistle Stop Tour အဖွဲ့မှာ ပရီးမီးယားလိဂ် ဒိုင်လူကြီး မာတင် အတ်ကင်ဆန်နဲ့ ဂျွန်မို့စ်တို့ ပါဝင်မယ်လို့ သိရပါတယ်။ အဲဒီအဖွဲ့ဟာ အင်္ဂလန်နိုင်ငံ စတဒ်ဖို့ဒ်ရှိုင်းယားက စိန့်ဂျော့ဂ်ျ ပန်းခြံကနေ ရုရှားနိုင်ငံ ကလင်နင်ဂရဒ်မြို့အထိ မိုင်ပေါင်း ၁၇၀၀ ခရီးကို ဇွန်လ ၂၈ ရက်နေ့အရောက် သွားရောက်မှာ ဖြစ်ပါတယ်။ ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ ဟော်လန်၊ ဂျာမနီနဲ့ ပိုလန်တို့ကို ဖြတ်သွားမယ့် အဲဒီခရီးစဉ်ဟာ ၁၈ ရက်တာ ကြာမြင့်ပြီး ပရဟိတ ရန်ပုံငွေ ပေါင် ၆ သောင်းလောက် ရရှိဖို့ ရည်ရွယ်ပါတယ်။ ကလင်နင်ဂရဒ်မြို့ဟာ အင်္ဂလန်အသင်း အုပ်စုနောက်ဆုံးပွဲစဉ် ကစားမယ့် နေရာ ဖြစ်ပါတယ်။

    Ref: Goal, BBC

  • ကလေးသူခိုး ကောလဟာလကြောင့် အာသံပြည်နယ်တွင် လူငယ်နှစ်ဦး သတ်ဖြတ်ခံရ

    ကလေးသူခိုး ကောလဟာလကြောင့် အာသံပြည်နယ်တွင် လူငယ်နှစ်ဦး သတ်ဖြတ်ခံရ

    ဇွန် ၁၁၊ ၂၀၁၈
    M-Media

    အသတ်ခံရသည့် လူငယ်နှစ်ဦး

    – ကလေးသူခိုးဂိုဏ်းဆိုတဲ့ ကောလာဟာလကြောင့် လူငယ်နှစ်ဦးကို ရိုက်နှက်သတ်ဖြတ်မှု အိန္ဒိယနိုင်ငံ အာသံပြည်နယ်မှာ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က အနည်းဆုံး ၁၈ ဦးကို ဖမ်းဆီးထားပါတယ်။

    ပြည်နယ်မြို့တော် ဂူဝါတီကနေ ကီလိုမီတာ ၂၀၀ လောက်ဝေးတဲ့ တောရွာတစ်ရွာမှာ စနေန့က ဖြစ်ပွားခဲ့တာပါ။

    ကလေးသူခိုးတွေ ရောက်နေတယ်လို့ WhatsApp ကနေ သတင်းပြန့်သွားပြီတဲ့နောက် အဘီဂျစ် နက်သ်နဲ့ နီလွတ်ပါလ် ဒက်စ်ဆိုတဲ့ လူငယ်နှစ်ဦးကို လူ ၂၀၀ လောက်က ၀ိုင်းပြီး ရိုက်နှက်သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

    အိန္ဒိယနိုင်ငံတစ်ဝှမ်းမှာ ကလေးသူခိုးဂိုဏ်း ကောလာဟာလကြောင့် အုပ်စုဖွဲ့ ရိုက်နှက်သတ်ဖြတ်မှုဟာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ၁၀ ခုလောက် ဖြစ်ပွားခဲ့ပြီး မေလက အာသံမှာပဲ လူငယ် ၂ ဦး ရိုက်နှက်သတ်ဖြတ် ခံခဲ့ရပါတယ်။

    “ကျူးလွန်သူတွေနဲ့ပတ်သက်လို့ ကျွန်တော်တို့ တင်းတင်းကြပ်ကြပ် ကိုင်တွယ်နေပြီး ၁၈ ဦးကို ဖမ်းဆီးထားပါတယ်။ ဆိုရှယ်မီဒီယာမှာ ကောလဟာလဖြန့်တဲ့လူ တစ်ချို့လည်း ဖမ်းထားပါတယ်” လို့ အာသံရဲတပ်ဖွဲ့ရဲ့ တာဝန်ရှိသူ ကူလဒ်ဟာရ် ဆိုင်ကီယာက ပြောကြားခဲ့ပါတယ်။

    အဲဒီလူငယ်နှစ်ဦးကို ရိုက်နှက်သတ်ဖြတ်တဲ့ ဗီဒီယိုဟာ ဆိုရှယ်မီဒီယာမှာ အလျင်အမြန်ပဲ ပြန့်နှံ့သွားခဲ့ပါတယ်။ ဒက်စ်က သူဟာ အာသံသားဖြစ်တယ်လို့ပြောကာ လက်အုပ်ချီပြီး မသတ်ဖို့ အသနားခံနေတာကိုလည်း ဗီဒီယိုမှာတွေ့ရပါတယ်။

    အသက် ၃၀ အရွက် နက်သ်နဲ့ အသက် ၂၉ နှစ်အရွယ် ဒက်စ်တို့ဟာ ပန်ဂျရီ ကရာချီရွာကို စနေနေ့က ကားနဲ့ အလည်အပတ်သွားတဲ့အချိန် ကလေးသူခိုးဆိုပြီး လူအုပ်က လိုက်လံ ရိုက်နှက်သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒက်စ်ဟာ ဂီတသမားဖြစ်ပြီး နက်သ်ကတော့ ကွန်ပျူတာသမား ဖြစ်ပါတယ်။

    ရွာသားတွေကြားထဲမှာ ကလေးသူခိုးတွေ ရွာထဲဝင်လာပြီး အဲဒီအထဲကတစ်ယာက်ဟာ ဆံရှည်ဖြစ်ကြောင်း Whatapps ကနေတစ်ဆင့် သတင်းပြန့်ခဲ့တာပါ။

    အဲဒီအဖြစ်အပျက်ကို မကျေနပ်တဲ့အတွက် မြို့တော် ဂူဝါတီမှာ မနေ့က ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

    ရဲတပ်ဖွဲ့ကတော့ သူတို့အနေနဲ့ ဆိုရှယ်မီဒီယာတွေကို စောင့်ကြည့်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ပင်လယ်ကွေ့သုံးနိုင်ငံက ဂျော်ဒန်ကို ကန်ဒေါ်လာ ၂.၅ ဘီလီယံ ကူညီမည်

    ပင်လယ်ကွေ့သုံးနိုင်ငံက ဂျော်ဒန်ကို ကန်ဒေါ်လာ ၂.၅ ဘီလီယံ ကူညီမည်

    ဇွန် ၁၁၊ ၂၀၁၈
    M-Media

    မက္ကာအစည်းအဝေး မြင်ကွင်း

    – စီးပွားရေးပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ ဂျော်ဒန်နိုင်ငံကို ကန်ဒေါ်လာ ၂.၅ ဘီလီယံတန်ဖိုးရှိတဲ့ အကူအညီတွေ ပေးသွားမယ်လို့ ဆ်ာဒီ၊ ကူဝိတ်နဲ့ ယူအေအီးတို့က မနေ့မှာ ကတိပြုလိုက်ပါတယ်။

    ပင်လယ်ကွေ့နိုင်ငံများကောင်စီက ပေးနေတဲ့ အကူအညီ ပြီးခဲ့တဲ့နှစ်မှာ ရပ်တန့်သွားပြီးတဲ့နောက် ဂျော်ဒန်ဟာ စီးပွားရေးဆိုင်ရာ ပြဿနာကို ရင်ဆိုင်နေရတာပါ။ ဘက်ဂျက်လိုငွေပြမှု သန်း ၇၀၀ ရှိနေတဲ့အတွက် အခွန်တိုးကောက်ဖို့ ကြိုးစားပေမယ့် ပြည်သူလူထုရဲ့ ဆန့်ကျင်ဆန္ဒပြမှုကို လတ်တလော ကြုံတွေ့နေရပါတယ်။

    ဂျော်ဒန်ဘုရင် အဗ္ဗဒူလာ ၂၊ ဆော်ဒီဘုရင် ဆလ်မန်၊ ကူဝိတ်ခေါင်းဆောင် ရှိခ် ဆာဘာဟ် အလ် အဟ်မဒ် အလ် ဆာဘာဟ်၊ ယူအေအီး ဒုတိယသမ္မတ ရှိခ် မိုဟာမက် ဘင် ရာရှစ် အလ် မခ်တွန်တို့ဟာ ဒီကိစ္စအတွက် မက္ကာမှာ ယမန်နေ့မနက်ပိုင်းက ဆွးနွေးမှုတွေ ပြလုပ်ခဲ့ကြတာပါ။

    ပင်လယ်ကွေ့ ၃ နိုင်ငံဟာ ကန်ဒေါ်လာ ၂.၅ ဘီလီယံ အကူအညီကို ၅ နှစ်အတွင်း ပေးအပ်မှာ ဖြစ်ပါတယ်။

    ကမ္ဘာ့ဘဏ်က ငွေချေးခွင့် အာမခံချက်ရဖို့အတွက် ဂျော်ဒန်ဗဟိုဘဏ်ကို ဇပေါ်အဖြစ် ပေးသွားမှာဖြစ်လို၊ ငွေသားသီးသန့်ပေးတာ၊ အခြား ဖွံ့ဖြိုးရေးစီမံကိန်းတွေ ဆောင်ရွက်ပေးတာလည်း ပါဝင်မှာပါ။

    ဂျော်ဒန်ဘုရင်က ဒီအကူအညီဟာ တိုင်းပြည်က ကြုံတွေ့နေရတဲ့ ဘဏ္ဍာရေးအခက်အခဲကို ပြေလည်စေလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

    Ref : Aljazeera