News @ M-Media

Blog

  • ကိုရီးယားကျွန်းဆွယ် လုံးဝနျူကင်းစင်ရေးကိုသာ မိမိတို့လက်ခံမည်ဟု အမေရိကန်ပြော

    ကိုရီးယားကျွန်းဆွယ် လုံးဝနျူကင်းစင်ရေးကိုသာ မိမိတို့လက်ခံမည်ဟု အမေရိကန်ပြော

    ဇွန် ၁၁၊ ၂၀၁၈
    M-Media

    – ကိုရီးယားကျွန်းဆွယ်မှာ လုံးဝ နျူကင်းစင်ရေးသည်သာလျှင် မြောက်ကိုရီးယားအရေး အမေရိကန်ကလက်ခံမယ့် တစ်ခုတည်းသောအဖြေ ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက် ပွမ်ပီယိုက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့ဟာ မနက်ဖြန် စင်ကာပူမှာ ဆွေးနွေးကြမှာပါ။

    ပွမ်ပီယိုကတော့ ဒီဆွေးနွေးပွဲဟာ နောက်ထပ် အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေအတွက် အခြေအနေတွေကို ဖန်တီးပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။

    စင်ကာပူကိုရောက်ရှိနေတဲ့ ထရမ့်ဟာ ဒီနေ့မနက်က တောင်ကိုရီးယားသမ္မတ မွန်ဂျယ်အင်ထံ ဖုန်းဆက်ခဲ့ပြီး မနက်ဖြန်လုပ်မယ့် ထိပ်သီးအစည်းအဝေး အောင်မြင်မယ်ဆိုရင် ကမ္ဘာကြီးအတွက် လက်ဆောင်ဖြစ်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    ကင်ဂျုံအွန်အနေနဲ့ သူ့ရဲ့ လုံခြုံရေးအတွက် အာမခံချက်ရလိုမှုကို ထရမ့်က အသိအမှတ်ပြုကြောင်း၊ ဖျက်အားပြင်း လက်နက်တွေ မရှိခြင်းကလည်း မြောက်ကိုရီးယားကို လုံခြုံစေမှာဖြစ်ကြောင်း၊ နျူလုံးဝင်းစင်တဲ့အဆင့် ရောက်မှသာလျှင် ပိတ်ဆို့မှုတွေကို ဖြေလျော့ပေးမှာဖြစ်ကြောင်း ပွမ်ပီယိုက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    စင်ကာပူကို မနေ့က ရောက်ရှိလာတဲ့ ကင်ဂျုံအန်ဟာ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းနဲ့ တွေ့ဆုံခဲ့ပါတယ်။

    Ref: Aljazeera

  • အယူဝါဒတွေကို ပေါင်းကူးပေးတဲ့ လန်ဒန်က ရမ်ဇာန်ဇရပ်နဲ့စုပေါင်းဝါဖြေပွဲ

    အယူဝါဒတွေကို ပေါင်းကူးပေးတဲ့ လန်ဒန်က ရမ်ဇာန်ဇရပ်နဲ့စုပေါင်းဝါဖြေပွဲ

    ဇွန် ၁၁၊ ၂၀၁၈
    M-Media

    – ဗြိတိသျှမြို့တော်ရဲ့ ယဉ်ကျေးမှုနဲ့ ပညာရေးဆိုင်ရာ အချက်အခြာနေရာရှိတဲ့ Maet Street Gardens ပန်းခြံဟာ လမ်းဘေးဝဲယာ ပလိန်းပင်တွေ ပေါက်နေတဲ့ လမ်းမကျယ်ကြီးကြောင့် ထင်ရှားပါတယ်။

    လန်ဒန်မြို့ ဘလွန်းစ်ဘူရီ ရပ်ကွက်မှာရှိတဲ့ ဒီပန်းခြံဟာ ပြီးခဲ့တဲ့ ၄ နှစ်အတွင်းမှာ ပုံစံတစ်မျိုးနဲ့ ကျော်ကြားလာပါတယ်။

    ရမ်ဇာန်ဇရပ် စီမံကိန်း (Ramadan Tent Project (RTP)) က Open Iftar လှုပ်ရှားမှုကြောင့်ဖြစ်ပြီး မွတ်စလင်တွေရဲ့ ရမ်ဇာန်ဥပုသ်လမှာ လူပေါင်း ၃၀၀ လောက်ဟာ မွတ်စလင်တွေနဲ့အတူ ဒီပန်းခြံမှာ စုပေါင်း ၀ါဖြေကြပါတယ်။

    Sunken Gareden ပန်းခြံက ကနုတ်ပန်းလက်ရာတွေနဲ့ ပုံဖော်ထားတဲ့ ဂိတ်တံခါးဟာ နေ့စဉ် ည ၈ နာရီဆို ပွင့်လာပြီး ဆာလောင်နေတဲ့ လန်ဒန်မြို့သားတွေဟာ ဇရပ်ကြီးဆီကို လှိမ့်ဝင်လာပါတယ်။ ပန်းခြံထဲက ဇရပ်ငယ်လေးတွေက မီးပြတိုက်တွေလို လင်းဝင်းနေပြီး အမိုးဖွင့်ထားတာကြောင့် လဟာပြင်က သစ်ပင်ပန်းမာလ်တွေကို အတိုင်းသား မြင်နေရပါတယ်။

    စေတနာ့ဝန်ထမ်းတွေဟာ ၀င်ရောက်လာသူတွေကို ခရီးဦးကြိုပြုပြီး ဖိနပ်ထည့်ဖို့အတွက် အပြာရောင်အိတ်တွေကိုပေးကာ ဇရပ်ထဲကို ခြေဗလာနဲ့ ၀င်ရောက်စေပါတယ်။ ၂၀၁၁ ခုနှစ်မှာ အရှေ့တိုင်းနဲ့ အာဖရိကဆိုင်ရာ လေ့လာမှုကောလိပ်(SOAS) ကျောင်းသား အိုမာရ် ဆလ်ဟာ စီစဉ်ခဲ့တဲ့ Open Iftar ၀ါဖြေပွဲဟာ အစပိုင်းတုန်းက တိုင်းတစ်ပါးမှာ မိသားစုနဲ့ ဝေးကွာနေတဲ့ နိုင်ငံတကာကျောင်းသားတွေအတွက် ရည်ရွယ်တဲ့ လှုပ်ရှားမှုတစ်ခု ဖြစ်ပါတယ်။

    “အိမ်နဲ့ဝေးနေတဲ့သူတွေ စိတ်သက်သာရာရဖို့ဆိုတဲ့ အတွေးကနေ စတာပါ။ SOAS ရဲ့ မြက်ခင်းပြင်ပေါ်မှာ ပြုလုပ်တဲ့ ပထမဆုံး Open Iftar ၀ါဖြေပွဲကို တက်ရောက်သူ ၁၅ ယောက်လောက်ပဲရှိပါတယ်” လို့ ဆလ်ဟာက ပြောပါတယ်။

    အဲဒီနောက်ပိုင်းမှာ Open Iftar ဟာ တစ်နှစ်ထက်တစ်နှစ် စည်ကားလာခဲ့ပြီး လူတိုင်းပါဝင်နိုင်တဲ့ အခမ်းအနားတစ်ခု ဖြစ်လာပါတယ်။

    “အိမ်ယာမဲ့တွေ၊ ဖြတ်သွားဖြတ်လာတွေ၊ လုပ်ငန်းနယ်ပယ်ကသူတွေ၊ ဘာသာစုံ၊ လူမျိုးစုံကလူတွေ စသဖြင့် နောက်ခံပေါင်းစုံက ပူးပေါင်းပါဝင်ကာ တစ်ဖြည်းဖြည်းနဲ့ ကြီးထွားလာခဲ့ပါတယ်”

    တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ ရမ်ဇာန်ဥပုသ်လတိုင်း ဇရပ်ထိုးကာ စုပေါင်းဝါဖြေတဲ့ဓလေ့ကို အားကျပြီး ဆောင်ရွက်ခဲ့တဲ့ ဆလ်ဟာက ဇရပ်ထဲ မြေပြင်မှာထိုင်ရတာဟာ ရို့ကျိုးနှိမ့်ချဖို့ အသိပေးမှုတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။

    “ကျွန်တော်တို့အားလုံး မြေပြင်မှာ တစ်သားတည်းထိုင်ရတယ်ဆိုတဲ့အသိက ရို့ကျိုးနှိမ့်ချမှုကို အမှတ်ရစေပါတယ်။ ဘဏ်လုပ်ငန်းရှင်ကြီးပဲဖြစ်ဖြစ်၊ ဒရ၀မ်ပဲဖြစ်ဖြစ် ဒီမှာလာပြီး အားလုံးနဲ့ အတူတူထိုင်ရတယ်။ အားလုံး တန်းတူညီတူ ဆက်ဆံခံရပါတယ်”

    Open Iftar လှုပ်ရှားမှုကို စတင်ပြီးကတည်းက ဇမ်ဘီယာနေ အမေရိကန်ပြည်ထောင်စုအထိ တိုက်ကြီးလေးတိုက်က တက္ကသိုလ် ၇ ခုမှာ ဧည့်သည်ပေါင်း ၅ သောင်းလောက်ကို ဧည့်ခံကျွေးမွေးခဲ့ပြီး ဖြစ်ပါတယ်။ အခုနှစ်မှာတော့ Open Iftar လှုပ်ရှားမှုကို ပထမဆုံးအကြိမ်အဖြစ် ဘရက်ဖို့ဒ်၊ ဘာမင်ဂမ်နဲ့ မန်ချက်စတာတို့မှာ ပြုလုပ်ခဲ့ပါတယ်။

    Open Iftar ရဲ့ အရေးပါဆုံး ရည်ရွယ်ချက်က ဗြိတိသျှမွတ်စလင်တွေ တစ်ဦးနဲ့တစ်ဦး အထိအတွေ့ရှိဖို့၊ ယူကေမှာ မွတ်စလင်ဆန့်ကျင်ရေး သဘောထား မြင့်တက်လာနေတဲ့အချိန် အစ္စလာမ်နဲ့ မကျွမ်းဝင်သူတွေ အစ္စလာမ်အကြောင်း နားလည်လာဖို့ဖြစ်တယ်လို့ ဆလ်ဟာက ပြောပါတယ်။

    “အမြဲတမ်းလိုလို မွတ်စလင်တွေက စွပ်စွဲခံနေရပြီး ပြန်ရှင်းပြခွင့်ရတယ်လို့ မရှိပါဘူး။ Open Iftar ဟာ မီဒီယာတွေမှာ ဖော်ပြခံနေရတဲ့ မွတ်စလင်တွေရဲ့ ပုံရိပ်ကု ပြောင်းပစ်ဖို့၊ ဒီလို လူမှုလှုပ်ရှားမှုတွေကနေတစ်ဆင့် တစ်ယောက်နဲ့တစ်ယောက် ထိတွေ့ဆက်ဆံဖို့ အခွင့်အလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ နိုင်ငံတော်တော်များများကနေလာကြတဲ့သူတွေ ဒီမှာလာစုတာကြောင့် ဒါဟာ သံတမန်ရေးဆန်တဲ့ လှုပ်ရှားမှု၊ ကျွေးမွေးမှု၊ ယုံကြည်မှုချင်း ဆက်သွယ်မှု ဖြစ်ပါတယ်”

    စေတနာ့ဝန်ထမ်းများ

    Open Iftar လှုပ်ရှားမှု အဆင်ပြေလွယ်ကူ ချောမွေ့တာဟာ စတနာ့ဝန်ထမ်းတွေရဲ့ ပါဝင်လှုပ်ရှားမှုကြောင့် ဖြစ်ပြီး သူတို့အများစုက ကျောင်းသားတွေ ဖြစ်ပါတယ်။

    “လေးလအတွင်း ကျွန်မ စာတမ်းတစ်စောင် တင်ရမယ်။ ဒါ့ကြောင့် ဖိအား အရမ်း ရှိနေပါတယ်။ ဒါပေမယ့် ဘယ်လိုနေ့တွေကို ဖြတ်သန်းခဲ့ရပါစေ၊ ဒီကိုရောက်လာလိုက်တာနဲ့ အားလုံးကို နာရီအနည်းငယ်လောက် မေ့သွားပါတယ်” လို့ ပီအိတ်ခ်ျဒီ ကျောင်းသူတစ်ဦးဖြစ်တဲ့ ရာဖီယာက ပြောကြားခဲ့ပါတယ်။ သူမဟာ ဒီလှုပ်ရှား
    မှုမှာ ပါဝင်လာတာ ၃ နှစ်ဆက်တိုက် ရှိပါပြီ။

    ကိုယ်နဲ့မသိတဲ့သူတွေနဲ့ ဘာသာရေးဆိုင်ရာ အပြန်အလှန်ဆွေးနွေးမှုတွေ ဖြစ်လာစေပြီး၊ ကျွမ်းဝင်လာမှု၊ တစ်ဦးကိုတစ်ဦး နားလည်မှုတွေ ဖြစ်လာစေတာကြောင့် Open Iftar ဟာ ရာဖီယာအတွက် ထူးခြားတဲ့ လှုပ်ရှားမှုတစ်ခု ဖြစ်ပါတယ်။

    “ပြီးခဲ့တဲ့ ၄ နှစ်အရင်က ကျွန်မ ဒီကို ဧည့်သည်တစ်ယောက်အဖြစ် ရောက်ရှိခဲ့ပါတယ်။ ကျွန်မနဲ့သိတဲ့လူ တစ်ယောက်မှမရှိဘူး။ ဒါ့ကြောင့် ကျွန်မဘေးမှာ ထိုင်နေတဲ့သူကို၊ အလုပ်အကြောင်း၊ ဥပုသ်အကြောင်း အလာပသလာပ ပြောတယ်။ မွတ်စလင်မဟုတ်သူတွေကလည်း ဥပုသ်စောင့်မှုနဲ့ ဘုရားဝတ်ပြုမှုတွေအကြောင်း ကျွန်မကို မေးတယ်။ ဒါဟာ အစ္စလာမ်နဲ့ပတ်သက်ပြီး လူတွေ သိလာဖို့အတွက် တကယ်ကို နည်းလမ်းကောင်းတစ်ခုပါ။  မွတ်စလင်တွေ ဘာ့ကြောင့် ဥပုသ်စောင့်ရတာလဲ၊ တစ်နေ့ကို ဘုရားငါးကြိမ် ဘာ့ကြောင့်ဝတ်ပြုရတာလဲ၊ ဘာ့ကြောင့် ရေတောင်သောက်လို့မရတာလဲ ဆိုတာတွေကို လူတွေက သိပ်မသိကြပါဘူး”

    ဂျူးတွေ၊ ခရစ်ယာန်တွေလည်း ဒီဝါဖြေပွဲကို လာရောက်တာကြောင့် သူတို့ရဲ့ ဘာသာတရားအကြောင်းကို လေ့လာခွင့်ရပြီး ဘာသာတရားတွေအကြား တူညီမှု၊ ခြားနားမှုတွေကို မှတ်သားခွင့်ရကြောင်းလည်း ရာဖီယာက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ထင်ရှားသူတွေ လာရောက်မှု

    ၂၀၁၇ ခုနှစ်ကစလို့ Open Iftar အခမ်းအနားမှာ ထင်ရှားကျော်ကြားသူတွေ တော်တော်များများ လာရောက်ကာ မိန့်ခွန်းပြောခဲ့ကြပါတယ်။

    အခုနှစ် လာရောက်ကြသူတွေထဲမှာ Channel 4 သတင်းဌာနက အစီအစဉ်တင်ဆက်သူ ဂျွန်စနိုး၊ လန်ဒန်မြို့တော်ဝန် ဆာဒစ်ခန်းတို့ ပါဝင်ပါတယ်။

    ဒီနှစ် လန်ဒန်က ၀ါဖြေပွဲဟာ Open Iftar လှုပ်ရှားမှု သမိုင်းတစ်လျှောက် လူဦးရေအများဆုံးလည်း ဖြစ်ပါတယ်။

    “ဒီဇရပ်ထဲကိုကြည့်လိုက်ရင် နောက်ခံမျိုးစုံ၊ ဘာသာပေါင်းစုံ၊ အသက်အရွယ် ပေါင်းစုံ၊ လူမျိုးစုံ၊ နိုင်ငံမျိုးစုံကလူတွေ၊ အမျိုသားတွေအမျိုးသမီးတွေဟာ အရိုးအရှင်းဆုံး အလုပ်လေးတစ်ခုဖြစ်တဲ့ ၀ါလာဖြေကြတာကို တွေ့ရမှာပါ။ ဒါပေမယ့် မွတ်စလင်တွေကတော့ မြင့်မြတ်လှတဲ့ ရမ်ဇာန်ဥပုသ်လရဲ့ မြင့်မြတ်တဲ့အချိန်ကာလ နောက်ဆုံး ၁၀ ရက်မှာ တွေ့ဆုံရတာ ဖြစ်ပါတယ်” လို့ လန်ဒန်မြို့တော်ဝန် ဆာဒစ်ခန်းက ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • တနင်္ဂနွေနေ့မနက် နိုင်ငံတကာသတင်းများ

    တနင်္ဂနွေနေ့မနက် နိုင်ငံတကာသတင်းများ

    ဇွန် ၁၀၊ ၂၀၁၈
    M-Media

    ကင်ဂျုံအွန် ကိုယ်ပိုင်လေယာဉ်ဖြင့် စင်ကာပူကို ထွက်ခွာလာ
    =================
    မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ကို တင်ဆောင်လာတဲ့ အထူးလေယာဉ် Ilyushin-62M ဟာ မြောက်ကိုရီးယားမြို့တော် ပြုံးယမ်ကနေ ဒီနေ့မနက်မှာ စင်ကာပူကို ထွက်ခွာလာတယ်လို့ တောင်ကိုရီးယား သတင်းဌာနက ဖော်ပြပါတယ်။ ကင်ဟာ ဒီနေ့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းနဲ့ တွေ့ဆုံမှာဖြစ်ပြီး၊ မနက်ဖြန်မှာတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လီရှန်လွန်းကို တွေ့ဆုံမှာပါ။ ထရမ့်နဲ့ ကင်တို့ဟာ ၁၂ ရက်နေ့မှာ ဆန်တိုးဆားက ဟိုတယ်မှာ ဆွေးနွေးမှာ ဖြစ်ပါတယ်။ ကင်ဂျုံအွန်ဟာ မေလအတွင်းက တရုတ်နိုင်ငံကို လေယာဉ်နဲ့သွားရောက်ခဲ့ပြီး ၂၀၁၁ ခုနှစ်က အာဏာရပြီးတဲ့နောက်ပိုင်း နိုင်ငံရပ်ခြားကို ပထမဆုံး လေယာဉ်နဲ့ သွားရောက်တာ ဖြစ်ပါတယ်။

    တိုင်းပြည်၏ကြွယ်ဝမှုများ ပြန်ရအောင် ဆောင်ရွက်မည်ဟု မဟာသီပြော
    =============
    သူတို့ရဲ့ အခုအစိုးရသက်တမ်းအတွင်းမှာ တိုင်းပြည်ရဲ့ ကြွယ်ဝမှုတွေကို ပြန်လည်ရရှိအောင်၊ စီးပွားရေး ပြန်လည်ကောင်းမွန်လာအောင် ဆောင်ရွက်သွားမယ်လို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်က Sinar Harian နဲ့ အင်တာဗျူးမှာ ပြောကြားလိုက်ပါတယ်။ မဟာသီဟာ ၀န်ကြီးချုပ်ရာထူးကို ၂ နှစ်သာ ထမ်း
    ဆောင်မယ်လို့ အရင်က ပြောကြားခဲ့ဖူးပါတယ်။ အင်တာဗျူးမှာ သူက ဖြစ်နိုင်ရင် တိုင်းပြည်က ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို အချိန်တိုတိုအတွင်းမှာပဲ ဖြေရှင်းချင်ကြောင်း၊ အကြွေးလျှော့ချမှု၊ တော်ဝင်အသိုင်းအ၀ိုင်းနဲ့ ဆက်ဆံရေးကောင်းကို ထိန်းသိမ်းထားမှုတွေဟာ သူ့အစိုးရရဲ့ အဓိကလုပ်ငန်းတွေဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဂျော်ဒန်စီးပွားရေးအကြပ်အတည်းကိစ္စ မက္ကာတွင် ဆွေးနွေးမည်
    =================
    ဂျော်ဒန်နိုင်ငံက စီးပွားရေးပြဿနာကို ဆွေးနွေးဖို့အတွက် ဂျော်ဒန်၊ ယူအေအီး၊ ကူဝိတ်နဲ့ ဆော်ဒီတို့ ပါဝင်မယ့် ထိပ်သီးအစည်းအဝေးကို ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့မှာ ဒီကနေ့ ကျင်းပဖို့ ရှိနေပါတယ်။ ဂျော်ဒန်ဟာ နိုင်ငံရပ်ခြား အကူအညီပေါ်မှာ အလွန်အမင်း မှီခိုနေရတဲ့နိုင်ငံဖြစ်ပြီး ပင်လယ်ကွေ့နိုင်ငံများကောင်စီက နှစ်စဉ်ရရှိနေတဲ့ ကန်ဒေါ်လာ ၃.၆ ဘီလီယံ အကူအညီ ပြီးခဲ့တဲ့နှစ်ကစပြီး ရပ်တန့်သွားတာကြောင့် အကြပ်အတည်းနဲ့ ကြုံတွေ့နေရတာပါ။ နိုင်ငံအတွင်း ကုန်ဈေးနှုန်းတွေ တက်လာတာ၊ ၀င်ငွေခွန် တိုးမြှင့်ဖို့ စီစဉ်လာတာတွေကို မကျေနပ်တဲ့အတွက် ပြည်သူတွေဟာ အခုလအစောပိုင်းမှာ ဆန္ဒပြမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။

    Ref : Aljazeera, CNA

  • ရမ်ဇာန်အခြေပြု ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးမှု ဒူဘိုင်းကျောင်းသားများ ပြုလုပ်

    ရမ်ဇာန်အခြေပြု ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးမှု ဒူဘိုင်းကျောင်းသားများ ပြုလုပ်

    ဇွန် ၉၊ ၂၀၁၈
    M-Media

    – ကမ္ဘာ့ဂေဟစနစ်ကို ခြိမ်းခြောက်နေတဲ့ ပလက်စတစ်အိတ်တွေကို အသုံးမပြုရေးအတွက် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နိုင်ငံ ဒူဘိုင်းမြို့က ကျောင်းသားလေးတွေဟာ အသိပညာပေးလှုပ်ရှားမှုတွေကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ လုပ်ဆောင်ခဲ့ပါတယ်။

    Shining Star International School ကျောင်းက ကျောင်းသားတွေဟာ စက္ကူအိတ်တွေနဲ့ ထုတ်ပိုးထားတဲ့ ၀ါဖြေအစားအသောက်တွေအထုကို ကားမောင်းသူတွေကို ဝေငှခဲ့ပါတယ်။

    ကျောင်းအုပ်ဆရာကြီး အန်နီတာဆင်းက ဒီလို စက္ကူအိတ်နဲ့ ထုတ်ပိုးပေးရတာဟာ ပလက်စတစ်အသုံးမပြုရေး လှုပ်ရှားမှုမှာ ပြည်သူလူထု ပူးပေါင်းပါဝင်လာအောင် ဖိတ်ခေါ်တာဖြစ်တယ်လို့ ဆိုပါတယ်။

    “၃ တန်းကနေ ၇ တန်းအထိ ကျောင်းသားတွေက စက္ကူအိတ်လေးတွေလုပ်တယ်။ ပလက်စတစ်ကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို တိုက်ဖျက်ရာမှာ ပြည်သူလူထုကိုလည်း ပူးပေါင်းပါဝင်စေချင်ပါတယ်။ နောက်ပြီး အစ်ဖ်သာရ် ၀ါဖြေပွဲကို ကာမောင်းသူတွေထံ ပေးခြင်းအားဖြင့် ကျောင်းသားတွေဟာ ရမ်ဇာန်ဥပုသ်လရဲ့ ချစ်ခြင်းမေတ္တာ၊ မျှဝေခံစားမှုတွေကို နားလည်လာမှာ ဖြစ်ပါတယ်။ အစားအစာအထုပ်တွေက ကားမောင်းသူတွေ ၀ါဖြေဖို့အတွက် အဆင်ပြေသလို၊ အရှိန်လျှော့မောင်းဖို့အတွက်လည်း အထောက်အကူ ဖြစ်စေမှာပါ။ ဒါဟာ ကျောင်သားတွေ၊ မိဘတွေနဲ့ ဆရာတွေ ပူးပေါင်းအားထုတ်မှုပါပဲ”

    အဲဒီကျောင်းသားတွေဟာ ယူအေအီး လခြမ်းနီအဖွဲ့ကို အ၀တ်အစား သေတ္တာ ၃၀ လည်း လှူဒါန်းခဲ့ပါတယ်။

    Dunes International School ကျောင်းက ကျောင်းသားတွေကတော့ ဒူဘိုင်းက စားသောက်ဆိုင်တွေနဲ့ ကုန်စုံဆိုင်တွေထံ သတင်းစာတွေ ဝေပေးခဲ့ပါတယ်။ ကျောင်းအုပ်ကြီး ပါရမ်ဂျစ် အလူဝါလီယာက ရမ်ဇာန်ဥပုသ်လမှာ လူငယ်မျိုးဆက်တွေ သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်လို့ ပိုပြီး အာရုံစိုက်လာအောင် ကြိုးစားနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒူဘိုင်းမှာရှိတဲ့ အခြားကျောင်းက ကျောင်းသားတွေဟာလည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးလှုပ်ရှားမှုတွေကို ပုံစံမျိုးစုံနဲ့ ပြုလုပ်ခဲ့ကြပါတယ်။

    Ref: Khaleej Times