News @ M-Media
Blog
  • အင်္ဂါချို့တဲ့မည့်ကလေးကို ဖျက်ချမှု နာဇီလုပ်ရပ်ဟု ပုပ်ရဟန်းမင်းကြီးဝေဖန်
    အင်္ဂါချို့တဲ့မည့်ကလေးကို ဖျက်ချမှု နာဇီလုပ်ရပ်ဟု ပုပ်ရဟန်းမင်းကြီးဝေဖန်
    ဇွန် ၁၈၊ ၂၀၁၈
    M-Media
    – ကိုယ်အင်္ဂါချို့တဲ့တဲ့ကလေး မွေးလာမှာကို ရှောင်ရှားဖို့အတွက် ကလေးဖျက်ချတာဟာ မျိုးသန့်ဖို့ နာဇီတွေရဲ့ ကြိုးပမ်းမှုနဲ့ တူတယ်လို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပြောကြားလိုက်ပါတယ်။
    အီတလီမိသားစုအသင်းက ကိုယ်စားလှယ်ကို စနေနေ့က ရောမမှာတွေ့ဆုံမှုအတွင်း ဒီလို ပြောကြားလိုက်တာဖြစ်ပြီး မိသားစုဆိုတာ အမျိုးသားစစ်စစ်နဲ့ အမျိုးသမီးစစ်စစ်တို့ ပေါင်းစပ်ဖွဲ့စည်းထားခြင်းဖြစ်တယ် ဆိုတဲ့ ရိုမန်ကက်သလစ်အသင်းတော်ရဲ့ ခံယူချက်ကိုလည်း ထပ်လောင်း ပြောဆိုခဲ့ပါတယ်။
    ပုပ်ရဟန်းမင်းကြီး ဒီလိုပြောဆိုတယ်ဆိုတာ မှန်ကန်ကြောင်း ဗာတီကန်ကလည်း အတည်ပြုခဲ့ပါတယ်။
    “ကိုယ်ဝန်နုတဲ့အချိန်မှာပဲ ကလေးက ကျန်းမာလား၊ တစ်ခုခုဖြစ်လားဆိုတာကို စစ်လားဆေးလားလုပ်ပြီး ဖျက်ချတဲ့ အကျင့်တစ်ခုဟာ ရေပန်းစားနေတယ်လို့ ကျွန်တော် ကြားရပါတယ်။ ဒီလိုပြောလို့ စိတ်ထဲကောင်းတယ် မထင်ပါနဲ့။ ပြီးခဲ့တဲ့ရာစုမှာ နာဇီတွေရဲ့ မျိုးသန့်ရေးလုပ်ရပ်ကို ကမ္ဘာကြီးတစ်ခုလုံးက ကဲ့ရဲ့ပြင်တင်ကြတယ်။ ဒီနေ့တော့ ကျွန်တော်တို့ဟာ ဒီလုပ်ရပ်ကို သကာအုပ်ပြီး လုပ်နေကြပါတယ်” လို့ ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့ပါတယ်။
    နာဇီတွေဟာ ကျန်းမာသန်စွမ်းတဲ့ ကလေးတွေကိုသာ မွေးဖွားခွင့်ပေးပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ရှိသူတွေကို ကိုယ်ဝန်ဖျက်ချစေတာ၊ သန္ဓေတားတာတွေ လုပ်ခဲ့ပါတယ်။
    ကိုယ်ဝန်ဖျက်ချတဲ့ကိစ္စအပြင် ပုပ်ရဟန်းမင်းကြီးက လူ့မိသားစုနဲ့ပတ်သက်ပြီး ဘုရားသခင်ရဲ့ ရှုမြင်မှုမှုဟာ အမျိုးသားနဲ့ အမျိုးသမီးတို့ ပေါင်းဖက်ဖြစ်တည်လာမှု တစ်ခုတည်းသာ ဖြစ်တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    ပုပ်ရဟန်းမင်းကြီးရဲ့ နိုင်ငံဖြစ်တဲ့ အာဂျင်တီးနားဟာ ကိုယ်ဝန်ဟာ ၁၄ ပတ်ထက်စောရင် ဖျက်ချခွင့်ပေးရမယ်ဆိုတဲ့ ဥပဒေကို အတည်ပြုပြီးတဲ့နောက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ ဒီလိုမှတ်ချက်မျိုး ထွက်လာတာပါ။
    ဖရန်စစ်ဟာ သြဂုတ်လ အိုင်ယာလန်မှာလုပ်မယ့် ကမ္ဘာ့မိသားစု တွေ့ဆုံဆွေးနွေးပွဲကိုလည်း တက်ရောက်ဖို့ ရှိနေပါတယ်။
    Ref: CNN
  • အီဂျစ်တိုက်စစ်မှူး ဆာလာဟ် ရုရှားနှင့်ပွဲတွင် ပါဝင်ရန် အသင့်ဖြစ်နေ
    အီဂျစ်တိုက်စစ်မှူး ဆာလာဟ် ရုရှားနှင့်ပွဲတွင် ပါဝင်ရန် အသင့်ဖြစ်နေ
    ဇွန် ၁၈၊ ၂၀၁၈
    M-Media
    လေ့ကျင့်ရေးကွင်းတွင် တွေ့ရသည့် ဆာလာဟ်
    – ပုခုံးဒဏ်ရာကြောင့် အနားယူနေရတဲ့ အီဂျစ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်ဟာ မနက်ဖြန်ကစားမယ့် ရုရှားနဲ့ အုပ်စုဒုတိယပွဲစဉ်မှာ ပါဝင်နိုင်မယ်လို့ သိရပါတယ်။
    ဆာလာဟ်ဟာ ပြီးခဲ့တဲ့လ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ရီးယဲလ်နောက်ခံလူ ရာမို့စ်ရဲ့ ကြမ်းတမ်းတဲ့ ဖြတ်ထုတ်မှုကြောင့် ဒဏ်ရာရရှိကာ အနားယူနေရပြီး ဥရုဂွေးကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ အုပ်စုအဖွင့်ပွဲစဉ်မှာလည်း မပါဝင်နိုင်ခဲ့ပါဘူး။
    သူရဲ့အေးဂျင့်နဲ့ အီဂျစ်အသင်းရဲ့ ဆရာဝန်တို့က လက်ရှိ ဆာလာဟ်ရဲ့အခြေအနေဟာ ၁၀၀ ရာခိုင်နှုန်း ကြံ့ခိုင်မှုရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။
    “ဆာလာဟ်ဟာ လေ့ကျင်ရေးတစ်ခုလုံးမှာ အသင်းဖော်တွေနဲ့အတူ ပါဝင်ခဲ့ပြီး၊ ရုရှားနဲ့ပွဲ ကစားဖို့ အဆင်သင့်ဖြစ်နေပြီလို့ နည်းစနစ်ပိုင်းဆိုင်ရာ တာဝန်ရှိသူက ပြောပါတယ်” လို့ အီဂျစ်နည်းပြ အီဟဘ် လီဟီတာက ပြောကြားခဲ့ပါတယ်။
    ဥရုဂွေးနဲ့ အုပ်စုအဖွင့်ပွဲစဉ်မှာ အီဂျစ်ဟာ ၈၉ မိနစ်အထိ ဂိုးမရှိသရေ ကစားနိုင်ခဲ့ပြီးမှ ဂိုးပေးလိုက်ရတာ ဖြစ်ပါတယ်။
    လီဟီတာက ပထမပွဲ ရှုံးထားတာကြောင့် ရုရှားနဲ့ပွဲဟာ မိမိတို့အတွက် အရေးပါကာ ခက်ခဲမယ့်ပွဲဖြစ်ကြောင်း၊ မဖြစ်မနေ အနိုင်ရဖို့လိုကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
    Ref: Arabnews
  • ယနေ့မနက် ဂျပန်ငလျင် အနည်းဆုံး ၃ ဦးသေဆုံး
    ယနေ့မနက် ဂျပန်ငလျင် အနည်းဆုံး ၃ ဦးသေဆုံး
    ဇွန် ၁၈၊ ၂၀၁၈
    M-Media
    – ဂျပန်နိုင်ငံ အိုဆာကာမှာ ဒီနေ့မနက် အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်မှုအတွင်း အနည်းဆုံး လူ ၃ ဦးသေဆုံးကာ ၂၀၀ ကျော် ဒဏ်ရာခဲ့ပါတယ်။
    ဒေသစံတော်ချိန် မနက် ၈ နာရီ လူစည်ကားချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူတွေဟာ အသက် ၉ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး၊ အသက် ၈၀ အရွယ် အဖွားအိုတစ်ဦးနဲ့ အမျိုးသားတစ်ဦးတို့ဖြစ်တယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြပါတယ်။
    မိန်းကလေးငယ်ဟာ ကျောင်းက အုတ်နံရံ ပြိုကျမှုကြောင့် သေဆုံးခဲ့တာဖြစ်ပြီး၊ အဖွားအိုကလည်း အုတ်နံရံပြိုကျမှုကြောင့် သေဆုံးခဲ့တာပါ။ အမျိုးသားကတော့ အိမ်က စာအုပ်စင် ပိမိသေဆုံးတာ ဖြစ်ပါတယ်။
    ပြင်းအား ၆.၁ မဂ္ဂနီကျုရှိတဲ့ အဲဒီငလျင်ကြောင့် ဒဏ်ရာရသူကတော့ ၂၀၀ ကျော်လောက်ရှိပါတယ်။
    ငလျင်ဟာ အိုဆာကာပြည်နယ်မြောက်ပိုင်းကို ဗဟိုပြုတာဖြစ်ပြီး ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခြင်း မရှိပါဘူး။
    ငလျင်ကြောင့် မြေအောက်ရေပိုက်တွေ ပေါက်ထွက်တာ၊ တစ်ချို့နေရာမှာ မီးလောင်တာတွေ ဖြစ်ခဲ့ပေမယ့် ကြီးကြီးမားမားပျက်ဆီးတယ်ဆိုတဲ့ သတင်းမျိုး မရသေးဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။
    ကျည်ဆံရထားလိုင်းအပါအ၀င် ရထားလိုင်းတွေနဲ့ စက်ရုံတစ်တွေကို ရပ်ဆိုင်းခဲ့ရပါတယ်။ အိုဆာကာမှာ နျူဓာတ်အားပေးစက်ရုံတွေ ရှိနေပမယ့် ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရမှု မရှိပါဘူး။
    Ref: CNA
  • တနင်္ဂနွေနေ့ ကမ္ဘာ့ဖလားသတင်းများ
    တနင်္ဂနွေနေ့ ကမ္ဘာ့ဖလားသတင်းများ
    ဇွန် ၆၊ ၂၀၁၈
    M-Media
    2009 ခုနှစ် ယူ ၁၇ ကမ္ဘာ့ဖလားရခဲ့သည့် ဆွစ်ဇာလန် (၀ဲ) နှင့် ဘရာဇီးလ်ကစားသမား ၂ ဦး (ယာ)
    လွန်ခဲ့သည် ၉ နှစ်ကရှုံးကြွေး ပြန်ဆပ်မည်ဟု ဘရာဇီးလ်ဂိုးသမား ကြုံးဝါး
    ==============
    ဒီည ဆွစ်ဇာလန်အသင်းနဲ့ ကစားမယ့်ပွဲမှာ လွန်ခဲ့တဲ့ ၉ နှစ် လူငယ်ဘ၀က ရှုံးကြွေးကို ပြန်ဆပ်သွားမယ်လို့ ဘရာဇီးလ်ဂိုးသမား အလစ်ဆန်က ပြောကြားလိုက်ပါတယ်။ ဘရာဇီးလ်နဲ့ ဆွစ်ဇာလန်တို့ဟာ အုပ်စု E ရဲ့ ဒုတိယပွဲစဉ်အဖြစ် ဒီနေ့ညမှာ ယှဉ်ပြိုင်ကစားမှာပါ။ ၂၀၀၉ ခုနှစ် ယူ-၁၇ ကမ္ဘာ့ဖလားမှာ ဘရာဇီးလ်ဟာ ဆွစ်ဇာလန်နဲ့ တစ်အုပ်စုတည်းကျပြီး ရှုံးနိမ့်ခဲ့ပါတယ်။ အဲဒီတုန်းက ဘရာဇီးလ်မှာပါဝင်ခဲ့တဲ့ အလစ်ဆန်၊ နေးမာ၊ ဖိလစ်ကော်တင်ဟိုနဲ့ ကက်စမဲရိုးတို့ဟာ ဒီညမှာ ပွဲထွက်ဖို့ရှိနေပြီး ၂၀၀၉ ခုနှစ် ဆွစ်ဇာလန်လူငယ်အသင်းမှာ ပါဝင်ခဲ့တဲ့ ဇာခါ၊ ရီကာဒို ရော်ဒရီဂက်ဇ်နဲ့ ဟာရစ် ဆီဖီရိုဗစ်တို့ဟာလည်း အသင်းကြီးမှာ ပါဝင်နေပါတယ်။
    ပင်နယ်တီလွဲချော်သည့်အတွက် နာကျင်မိသည်ဟု မက်ဆီပြော
    ===================
    အိုက်စလန်နဲ့ပွဲမှာ ပင်နယ်တီမ၀င်တဲ့အတွက် နာကျင်ခံစားရတယ်လို့ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီက ပြောကြားလိုက်ပါတယ်။ မနေ့က ကစားခဲ့တဲ့ အဲဒီပွဲမှာ အာဂျင်တီးနားဟာ ခြေအပြတ် သာခဲ့ပေမယ့် ၁ ဂိုးစီ သရေကျခဲ့ပါတယ်။ မက်ဆီရဲ့ပင်နယ်တီကို အိုက်စလန်ဂိုးသမား ဟန်နက်စ် ဟာလ်ဒေါ်ဆန်က ကာကွယ်သွားနိုင်ခဲ့ပြီး ဒါဟာ နောက်ဆုံး ပင်နယ်တီ ၇ လုံးမှာ ၄ လုံးအထိ လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ မက်ဆီကတော့ မိမိတို့ထိုက်တန်တဲ့ အနိုင် ၃ မှတ်ကို မရခဲ့တဲ့အတွက် ခါးသီးကြောင်း၊ အဖွင့်ပွဲနိုင်ဖို့ဆိုတာ အမြဲတမ်း အရေးကြီးပြီး အခုအချိန်မှာတော့ ခရိုအေးရှားပွဲကို အာရုံစိုက်ထားကြောင်း ပြောဆိုခဲ့ပါတယ်။
    ပေါ့ဘာအားဝေဖန်သူများကို ပြင်သစ်နည်းပြ တုန့်ပြန်
    =============
    ကွင်းလယ်လူပေါ့ဘာဟာ သူ့ရဲ့ကြီးကျယ်မှုကို သြစတေးလျနဲ့ပွဲမှာ သက်သေပြနိုင်ခဲ့တယ်လို့ ပြင်သစ်နည်းပြရိုင်အိုလာက ပြောကြားလိုက်ပါတယ်။ ပြင်သစ်က ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ အဲဒီပွဲမှာ ပေါ့ဘာဟာ မိနစ် ၈၀ မှာအနိုင်ဂိုးသွင်းယူပေးခဲ့တာပါ မန်ယူမှာ ခြေစွမ်းမပြနိုင်တဲ့အတွက် ပေါ့ဘာတစ်ယောက် ဝေဖန်ခံနေရပြီး
    ရိုင်အိုလာကတော့ ပြင်သစ်တွေဟာ သူရဲကောင်းတွေကို ဝေဖန်ရတာ နှစ်သက်ကြောင်း၊ ပေါ့ဘာတစ်ယောက် ကလပ်နဲ့ နိုင်ငံအသင်းတွေမှာ အရေးပါတဲ့ကစားသမား ဖြစ်တယ်ဆိုတာ လက်ခံရမှာဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    ဆွီဒင်အသင်း မျက်စိလည်စေရန် တောင်ကိုရီးယား ဆောင်ရွက်ထား
    ===============
    ဆွီဒင်အသင်း ရှုပ်ထွေးစေဖို့အတွက် လေ့ကျင့်ကွင်းမှာ ကျောနံပါတ်တွေ အပြောင်းအလဲလုပ်ခဲ့တယ်လို့ တောင်ကိုရီးယားနည်းပြ ရှင်တေယွန်က ကြေားလိုက်ပါတယ်။ အုပ်စု F မှာ ဂျာမနီ၊ မက္ကဆီတို့နဲ့အတူ ကျရောက်နေတဲ့ တောင်ကိုရီးယားဟာ မနက်ဖြန်မှာ အုပ်စုအဖွင့်ပွဲကို ဆွီဒင်နဲ့ ကစားရမှာပါ။ ရှင်တေယွန်က အနောက်နိုင်ငံသားတွဟာ အာရှသားရဲ့ရုပ်တွေကို မခွဲတတ်ဘူးလို့ ဆိုပါတယ်။ တောင်ကိုရီးယားနည်းပြက ဆွီဒင်ကင်းထောက်တွေဟာ သူတို့လေ့ကျင့်ကွင်းကို တိတ်တဆိတ် လာရောက်ထောက်လှမ်းလေ့ရှိတယ်လို့လည်း စွပ်စွဲထားပါတယ်။
    Ref: Goal, BBC
  • မြန်မာနိုင်ငံတွင် အမုန်းစကားတားဆီးရေး Facebook ၏ ဆောင်ရွက်မှု လိုအပ်နေသေး
    မြန်မာနိုင်ငံတွင် အမုန်းစကားတားဆီးရေး Facebook ၏ ဆောင်ရွက်မှု လိုအပ်နေသေး
    ဇွန် ၁၇၊ ၂၀၁၈
    M-Media
    – မြန်မာနိုင်ငံမှာ အမုန်းစကားတွေ ပြန့်ပွားမှုကို နှိမ်နှင်းဖို့အတွက် Facebook ဟာ ပိုမိုကြိုးစားအားထုတ်ဖို့ လို အပ်တယ်လို့ လေ့လာဆန်းစစ်သူတွေက ပြောကြားလိုက်ပါတယ်။
    ဆယ်စုနှစ်နဲ့ချီ ကြာမြင့်ခဲ့တဲ့ စစ်အာဏာရှင်စနစ် အဆုံးသတ်သွားပြီးတဲ့နောက် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှာ မြန်မာနိုင်ငံအတွင်း အဆိပ်ရှိတဲ့ အမျိုးသားရေးဝါဒနဲ့ လူနည်းစုတွေအပေါ် သည်းမခံနိုင်မှု မြင့်တက်လာတာပါ။
    ဖုန်းနဲ့ အင်တာနက်အသုံးပြုမှု လွယ်ကူလာခဲ့ပြီး အမုန်းစကားတွေဟာလည်း အွန်လိုင်းစာမျက်နှာမှာ ပိုမိုပြန့်နှံလာခဲ့ပါတယ်။ ကုလ စုံစမ်းစစ်ဆေးရေးမှူးတွေက မြန်မာနိုင်ငံမှာ Facebook ဟာ အမုန်းတရား ၀ါဒဖြန့်ရာမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်နေတယ်လို့ ပြောဆိုထားပါတယ်။
    မြန်မာနိုင်ငံက နိုင်ငံသားအခွင့်အရေးနဲ့ ဒစ်ဂျစ်တယ်အခွင့်အရေး လှုပ်ရှားသူတွေကတော့ ဒီလို အမုန်းဝါဒဖြန့်မှုတွေကို တားဆီးရေး ဆောင်ရွက်နေပြီး၊ Facebook အနေနဲ့လည်း ပိုမိုအားထုတ်ကြိုးပမ်းဖို့ တိုက်တွန်းခဲ့ပါတယ်။
    ဧပြီလက Facebook စီအီးအို မာ့ခ် ဇက်ကာဘတ်ကို လိပ်မူပြီး မြန်မာနိုင်ငံက အဖွဲ့ ၆ ဖွဲ့ရဲ့ အိတ်ဖွင့်ပေးစာမှာ Facebook က ပို့စ်တွေကြောင့် အကြမ်းဖက်မှု ဖြစ်ပွားနှုန်းဟာ အခြားနိုင်ငံတွေနဲ့စာရင် မြန်မာနိုင်ငံမှာ တော်တော်လေး မြင့်မားနေကြောင်း၊ အဆိပ်အတောက်ရှိတဲ့ အမုန်းစကားတွေ၊ လုပ်ကြံသတင်းတွေကို Facebook က ထိထိရောက်ရောက် ဖြေရှင်းမှု မရှိဘူးဆိုတာကို မိမိတို့အဖွဲ့တွေက တွေ့ရကြောင်း ဖော်ပြထားပါတယ်။
    ဇက်ကာဘတ်ကလည်း သူတို့အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ ၀န်ထမ်းတွေကို တိုးမြှင့်ခန့်ထားခြင်း အပါအ၀င် မြန်မာနိုင်ငံက ပြဿနာတွေကို ဖြေရှင်းဖို့ ပိုမိုကြိုးစားနေတယ်လို့ တုန့်ပြန်ခဲ့ပါတယ်။
    “ဒီလို အရေးကြီးတဲ့ ပြဿနာတွေကို လျော့ပါးအောင်လုပ်ဖို့၊ ဒီအတွက် အဖြေရှာဖို့အတွက် Facebook ရဲ့ ပြန်လည်တုန့်ပြန်မှု၊ လုပ်နိုင်စွမ်းခွဲဝေမှုတွေကို ကျွန်တော်တို့ သိပ်မမြင်ရပါဘူး” လို့ ရန်ကုန်အခြေစိုက် ဖန်တီးရာအဖွဲ့ရဲ့ စီအီးအို ဂျက် ပီတာဆန်က ပြောကြားခဲ့ပါတယ်။
    လူဦးရေ ၅၃ သန်းလောက်ရှိတဲ့ မြန်မာနိုင်ငံမှာ Facebook အကောင်းပေါင်း ၂၇ သန်းလောက် ရှိနေပါတယ်။
    ရန်ကုန်အခြေစိုက် ဒဏ်ဂျစ်တယ်ဆိုင်ရာ တက်ကြွလှုပ်ရှားသူ ကိုသန့်စင်က ဒစ်ဂျစ်တယ်အသိပညာကြွယ်ဝရေး ထိရောက်အောင် မဆောင်ရွက်နိုင်သေးကြောင်း၊ ကိုယ့်ရဲ့ အချက်အလက်တွေကို ကာကွယ်ဖို့၊ အွန်လိုင်းမှာတွေ့ရတဲ့ သတင်းအချက်အလက်တွေကို ထိန်းချုပ်ဖို့၊ အွန်လိုင်းဆွေးနွေးမှုတွေမှာ အမုန်းစကားလွတ်ကင်းဖို့ စတာတွေအတွက် တိုးမြှင့်ပြုလုပ်နေကြောင်း ပြောကြားခဲ့ပါတယ်။
    အမုန်းစကားတွေ ပြန့်နှံ့မှုကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားတဲ့ ဂျာမနီမှာ ပို့စ်တွေကို စောင့်ကြည့်ဖို့အတွက် ၀န်ထမ်း ၁၂၀၀ လောက် ထားရှိတာကိုလည်း ပီတာဆန်က ထောက်ပြပါတယ်။
    “မြန်မာနိုင်ငံမှာ အသုံးပြုသူနဲ့ စောင့်ကြည့်သူ အချိုးချပြီး ခန့်မယ်ဆိုရင် စောင့်ကြည်သူ ၇၀၀ လောက် လိုအပ်ပါလိမ့်မယ်။ အဲဒီလူတွေအားလုံးဟာ မြန်မာစကားကို ပြောတတ်၊ ရေးတတ်တဲ့သူတွေ ဖြစ်ရပါမယ်”
    Facebook ဟာ မြန်မာနိုင်ငံမှာ အမုန်းစကားတွေကို ဖော်ထုတ်ဖို့အတွက် ဉာဏ်ရည်တု နည်းပညာကို အသုံးပြုနေပေမယ့် လေ့လာစောင့်ကြည့်သူတွေကတော့ ဒါဟာ အလုပ်မဖြစ်ဘူးလို့ ဆိုပါတယ်။
    ပီတာဆန်က Facebook အနေနဲ့ သူတို့ရဲ့ဆောင်ရွက်ချက်တွေ ပိုမို ပွင့်လင်းမြင်သာရေး ဖန်တီးရာအဖွဲ့က တွန်းအားပေးနေတယ်လို့လည်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
    “ဆိုးရွားတဲ့ပို့စ်တွေ ဘယ်လောက် ဖယ်ရှားထားသလဲ။ report ဘယ်လောက်များများရသလဲ။ အကောင့် ဘယ်နှစ်ခုကို ပိတ်ထားလဲ ဆိုတာတွေပါ။ ထိလွယ်ရှလွယ်တဲ့ အချက်အလက်ကို ထုတ်ပြန်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုနေတာမဟုတ်ဘူးဗျ။ တစ်ချို့အချက်အလက်တွေကိုပဲ သိချင်တာပါ”
    Ref : NPR