News @ M-Media
Blog
  • ဆစ်ခ်လူမျိုး ဗြိတိသျှစစ်သား ဂုဏ်ပြုတပ်ဖွဲ့တွင် ဘာသာရေးခေါင်းပေါင်း ပထမဆုံးဝတ်ဆင်ခွင့်ရ
    ဆစ်ခ်လူမျိုး ဗြိတိသျှစစ်သား ဂုဏ်ပြုတပ်ဖွဲ့တွင် ဘာသာရေးခေါင်းပေါင်း ပထမဆုံးဝတ်ဆင်ခွင့်ရ
    ဇွန် ၉၊ ၂၀၁၈
    M-Media
    – ဗြိတိသျှစစ်တပ်က ဂုဏ်ပြုတပ်ဖွဲ့ဝင် ဆစ်ခ်လူမျိုးတစ်ဦးဟာ စစ်ရေးပြအခမ်းအနားမှာ ဘာသာရေးရိုးရာ ခေါင်းပေါင်း ၀င်ဆင်ခွင့်ရတဲ့ ပထမဆုံး ဆစ်ခ်လူမျိုး ဖြစ်လာပါတယ်။
    လက်စတာမြို့က အသက် ၂၂ နှစ်အရွယ် ချာရန်ပရိတ် ဆင်း လာလ်ဆိုသူဖြစ်ပြီး အဲလိဇဘက် ဘုရင်မကြီးရဲ့မွေးနေ့အထိမ်းအမှတ် အခမ်းအနားမှာ အခြား စစ်သားပေါင်း ၁၀၀ နဲ့အတူ ဂုဏ်ပြုတပ်ဖွဲ့မှာ ပါဝင်ခဲ့တာပါ။
    ချာရန်ပရိတ် ဆင်း လာလ်
    အင်္ဂလိပ် ဂုဏ်ပြုတပ်ဖွဲ့ဝင်တွေ ၀တ်ဆင်နေကျ အမွှေးပွဦးထုပ်မဟုတ်ဘဲ သူ့ရဲ့ ဆစ်ခ်ဘာသာရေးရိုးရာ ခေါင်းပေါင်းကို ၀င်ဆင်ခွင့်ပေးတဲ့လုပ်ရပ်ဟာ အခြားဘာသာတွေ၊ လူ့အဖွဲ့အစည်းကလူတွေ စစ်တပ်ထဲ ၀င်ရောက်ဖို့ အတွက် တိုက်တွန်းအားပေးရာရောက်မယ်လို့ ဆင်းက မျှော်လင့်နေပါတယ်။
    “လူတွေက ဒါကိုကြည့်ပြီး သမိုင်းဝင် ပြောင်းလဲမှုပါလားဆိုပြီး နားလည် သဘောပေါက်ကြမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ကျွန်တော့်လို ဆစ်ခ်တစ်ယောက်မဟုတ်ဘဲ အခြားသော ဘာသာတွေ၊ လူ့အဖွဲ့အစည်းကလူတွေ စစ်တပ်ထဲဝင်ဖို့အတွက် တွန်းအားတစ်ခုဖြစ်မယ်လို့လည်း ကျွန်တော် မျှော်လင့်ပါတယ်”
    အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ်မှာ မွေးဖွားပြီး ရင်ခွင်ပိုက်ဘ၀ကတည်းက ယူကေကို မိဘတွေနဲ့အတူ ရောက်လာတဲ့ ဆင်းဟာ ၂၀၁၆ ခုနှစ်မှာ ဗြိတိသျှစစ်တပ်ထဲ ၀င်ရောက်ခဲ့တာဖြစ်ပါတယ်။
    “ကျွန်တော် တော်တော်လေး ဂုဏ်ယူမိပြီး အခြားသူတွေကလည်း ဂုဏ်ယူကြမယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဘုရင်မကြီးရဲ့ မွေးနေ့အခမ်းအနားမှာ ပါဝင်ရတဲ့၊ ဂုဏ်ပြုတပ်ဖွဲ့မှာ ပါဝင်ရတဲ့ ပထမဆုံး ခေါင်းပေါင်းဝတ် ဆစ်ခ်တစ်ယောက် ဖြစ်ရတဲ့အတွက် အရမ်းကို ဂုဏ်ယူမိပြီး အခြားသူတွေလည်း ဒီလိုဖြစ်လာဖို့ မျှော်လင့်ပါတယ်။ စစ်တက္ကသိုလ်က ဆင်းတဲ့အချိန် ကျွန်တော့်အမေဟာ ၀မ်းသာမျက်ရည်ကျခဲ့ပါတယ်။ ကျွန်တော့်ကို ဒီလိုမြင်ရရင် ဘယ်လိုဖြစ်မလဲ မသိပါဘူး” လို့ ဆင်းက အခမ်းအနားမတိုင်ခင်မှာ ပြောကြားခဲ့ပါတယ်။
    Trooping the Colour လို့ခေါ်တဲ့ ဗြိတိသျှအရှင်သခင်ရဲ့ မွေးနေ့အခမ်းအနားကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀ ကတည်းက နှစ်စဉ် ဇွန်လမှာ ကျင်းပလေ့ရှိပြီး စစ်ရေးပြအခမ်းအနားတွေ၊ တေးသီချင်းသီဆိုတာတွေ ပါဝင်ပါတယ်။
    Ref: BBC
  • အမေရိကန်ရေတပ်လျှို့ဝှက်ချက်များကို တရုတ်က ဖောက်ထွင်းရယူ
    အမေရိကန်ရေတပ်လျှို့ဝှက်ချက်များကို တရုတ်က ဖောက်ထွင်းရယူ
    ဇွန် ၉၊ ၂၀၁၈
    M-Media
    – တရုတ်ဟက်ကာတွေဟာ အမေရိကန်ရေတပ်အတွက် အလုပ်လုပ်ပေးနေတဲ့ လုပ်ငန်းတစ်ခုကနေ ၆၀၀ ဂီဂါဘိုက်လောက်ရှိတဲ့ အချက်အလက်တွေကို ဖောက်ထွင်းရယူသွားတယ်လို့ အမေရိကန်တာဝန်ရှိသူတွေကို ကိုးကားပြီး အမေရိကန်သတင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
    ဇန်န၀ါရီနဲ့ ဖေဖော်ဝါရီလအတွင်း တရုတ်ဟက်ကာတွေက အမေရိကန် ရေငုပ်သင်္ဘောနဲ့ ရေအောက်လက်နက်တွေအတွက် အလုပ်လုပ်ပေးနေတဲ့ ကုမ္ပဏီဆီကနေ အသံထက်မြန်တဲ့ သင်္ဘောဖျက်ဒုံးကျည် ထုတ်လုပ်ရေး လျှို့ဝှက်အစီအစဉ် အချက်အလက်တွေကို ရယူသွားကြောင်း၊ အဲဒီကန်ထရိုက်က အချက်အလက်တွေကို လုံခြုံမှုမရှိတဲ့ ကွန်ယက်မှာ ထားခဲ့ကြောင်း၊ တာဝန်ရှိသူတွေက ဒီအချက်အလက်တွေဟာ ထိပ်တန်းလျှို့ဝှက်ချက်တွေဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း ၀ါရှင်တန်ပို့စ်သတင်းဌာနက မနေ့မှာ ဖော်ပြပါတယ်။
    နယူးယောက်တိုင်းမ်စ်သတင်းဌာနက ပေါက်ကြားသွားတဲ့ အချက်အလက်တွေဟာ ထိပ်တန်းလျှို့ဝှက် အချက်အလက်တွေမဟုတ်ဘူးလို့ ဆိုပါတယ်။
    ဒီကိစ္စနဲ့ပတ်သက်ပြီး မီဒီယာနှစ်ခုစလုံးဟာ အမည်မဖော်လိုတဲ့ တာဝန်ရှိသူတွေထံကနေ သိရှိခဲ့ရတာ ဖြစ်ပါတယ်။ ဆိုက်ဘာတိုက်ခိုက်မှုကို ခံခဲ့ရတဲ့ ကုမ္ပဏီရဲ့အမည်ကိုလည်း သူတို့က ပြောကြားခဲ့ခြင်း မရှိပါဘူး။
    လက်ရှိမှာ အမေရိကန်ရေတပ်နဲ့ FBI တို့က စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့လည်း သူတို့က ဆိုပါတယ်။
    အမေရိကန်နိုင်ငံမှာရှိတဲ့ တရုတ်သံရုံးက ဒီဆိုက်ဘာတိုက်ခိုက်မှုနဲ့ပတ်သက်လို့ သူတို့ ဘာမှမသိရှိကြောင်း၊ တရုတ်အစိုးရဟာ ဆိုက်ဘာလုံခြုံရေးကို တင်းတင်းကြပ်ကြပ်ကိုင်တွယ်ပြီး ဘယ်လို ဆိုက်ဘာတိုက်ခိုက်မှုမျိုးကို မဆို ဥပဒေအရ ဆန့်ကျင်တိုက်ဖျက်နေကြောင်း Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
    တရုတ်ဟာ ဆိုက်ဘာတိုက်ခိုက်နိုင်စွမ်း ကြီးမားတဲ့ နိုင်ငံတစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ်။ ကာကွယ်ရေးသုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအပါအ၀င် သူတို့ရဲ့ အစိုးရကွန်ယက်တွေကို တရုတ်က ဖောက်ထွင်းခဲ့တယ်လို့ ၂၀၁၁ ခုနှစ်မှာ ကနေဒါက စွပ်စွဲခဲ့ပါတယ်။
    အမေရိကန် အစိုးရရှေ့နေတွေကလည်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်နဲ့ ပတ်သက်နေတဲ့ တရုတ်နိုင်ငံသား ၅ ဦးကို စီးပွားရေးလျှို့ဝှက်ချက်တွေ ဖောက်ထွင်းရယူမှုနဲ့ ၂၀၁၄ ခုနှစ်မှာ တရားစွဲဆိုခဲ့ဖူးပါတယ်။
    Ref: Aljazeera
  • အခြားအမည်ဖြင့် Facebook ဆက်သုံးမည်ဟု အကောင့်ပိတ်ခံရသည့် ဘုန်းကြီးများပြော
    အခြားအမည်ဖြင့် Facebook ဆက်သုံးမည်ဟု အကောင့်ပိတ်ခံရသည့် ဘုန်းကြီးများပြော
    ဇွန် ၉၊ ၂၀၁၈
    M-Media
    ၂၀၁၇ ခုနှစ် ဇန်န၀ါရီလက ရန်ကုန်မြို့ YMCA ခန်းမတွင် အစိုးရခွင့်ပြုမိန့်ဖြင့် ကျင်းပသည့် မွတ်စလင်တို့၏ တမန်တော်နေ့အခမ်းအနားကို ဦးသုစိတ္တ(အသံချဲ့စက်ကိုင်ထားသူ) ဦးဆောင်သည့် အဖွဲ့က လာရောက်နှောက်ယှက်စဉ်
    – Facebook က အကောင့်တွေကို ပိတ်ပစ်လိုက်ပေမယ့် အခြားအမည်တွေနဲ့ ဆက်ရှိသွားမယ်လို့ မြန်မာနိုင်ငံက အစွန်းရောက်ဘုန်းကြီးတစ်ချို့က ပြောကြားလိုက်ပါတယ်။
    ဆိုရှယ်မီဒီယာကို အသုံးပြုပြီး အမုန်းတရားဖြန့်ဝေမှုတွေ မြန်မာနိုင်ငံမှာ မြင့်တက်လာတာကို အရေးယူဆောင်ရွက်ခြင်းမရှိဘူးလို့ Facebook ကို နိုင်ငံတကာက ဝေဖန်ခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံက အမုန်းဝါဒီတွေရဲ့ အကောင့်တစ်ချို့ကို Facebook က ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ ပိတ်ပစ်ခဲ့ပါတယ်။
    အစွန်းရောက်ဘုန်းကြီး ၀ီရသူရဲ့အကောင့်ကို ဇန်န၀ါရီလမှာ ပိတ်ပစ်ခဲ့ပြီးတဲ့နောက်၊ အခြား အစွန်းရောက်ဘုန်း ကြီးဖြစ်ကြတဲ့ ဦးသုစိတ္တနဲ့ ဦးပါမောက္ခတို့ရဲ့ အကောင့်တွေ၊ မဘသအဖွဲ့ရဲ့ အကောင့်တွေကို ပိတ်ပစ်လိုက်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ Facebook က ကြေငြာခဲ့ပါတယ်။
    “ဒါဟာ လွတ်လပ်စွာပြောဆိုခွင့်ကို ချိုးဖောက်မှုပါ။ ပြည်သူတွေကို အမှန်တရားကို ပြောဖို့အတွက် အခြားအမည်တွေ၊ အကောင့်တွေနဲ့ ငါတို့ Facebook ဆက်သုံးသွားမယ်” လို့ မျိုးချစ်ရဟန်းတော်များ သမ္မဂက အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးသုစိတ္တက ပြောကြားခဲ့ပါတယ်။
    ဦးသုစိတ္တဟာ နိုင်ငံတော်က တရားဝင်အသိအမှတ်ပြုထားတဲ့ ဘာသာလေးခုထဲက အစ္စလာမ်ဘာသာကို လူသိရှင်ကြား စော်ကားပြောဆိုခဲ့သူဖြစ်ပြီး၊ ရန်ကုန်မြို့က အစ္စလာမ်ဘာသာဝင်တွေရဲ့ အခမ်းအနားတစ်ချို့နဲ့ အစ္စလာမ်ဘာသာဝင်တွေရှိရာ ရက်ကွက်တစ်ချို့မှာ လူအုပ်နဲ့ ရမ်းကားနှောက်ယှက်၊ ဆူပူခဲ့သူဖြစ်ပါတယ်။
    ဆူပူအောင်လှုံ့ဆော်မှုနဲ့ ရဲတပ်ဖွဲ့က ဦးသုစိတ္တကို ဖမ်းဝရမ်းထုတ်ထားပေမယ့် အခုအချိန်အထိ လွတ်လပ်စွာ သွားလာခွင့်ရနေပါတယ်။
    ရဟန်းတော်များသမဂ္ဂက အခြားဘုန်းကြီးတစ်ဦးဖြစ်တဲ့ ဦးပညာဝရကလည်း သူ့ရဲ့ပို့စ်တွေကိုဖျက်ပစ်ဖို့ Facebook က အကြိမ်ကြိမ် ပြောကြားခဲ့ပြီးတဲ့နောက် သူ့ရဲ့အကောင့်ကို မေလအတွင်းမှာ Deactivate လုပ်လိုက်ကြောင်း၊ အခြားအမည်တွေနဲ့ ဖွင့်လှစ်ထားပြီး အမှန်တရားကို ရေးသားသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
    Reuters က အီးမေးလ်နဲ့ မေးမြန်းမှုအတွင်း Facebook က ‘မြန်မာနိုင်ငံက ထူးခြားတဲ့ နည်းစနစ်ပိုင်းဆိုင်ရာ အခက်အခဲတွေကို နားလည်ဖို့နဲ့ တုန့်ပြန်ဖို့’ အတွက် ‘မြန်မာအဖွဲ့မှာ ရင်းနှီးမြှုပ်နှံမှု ပိုလုပ်သွားမှာဖြစ်တယ်’ လို့ ဖြေကြားခဲ့ပါတယ်။
    “ဒီလို ထပ်တလဲလဲကျူးလွန်သူတွေကို တားဆီးနှိမ်နှင်းဖို့အတွက် ကျွန်တော်တို့လုပ်နိုင်တာတွေ အများကြီး ရှိပါတယ်။ သူတို့ကို Facebook ကနေ အမြန်ဆုံးဖယ်ရှားဖို့အတွက် ရှာဖွေရေးနည်းလမ်းတွေ တိုးတက်အောင်လုပ်ဖို့ ကျွန်တော်တို့ စိတ်ပိုင်းဖြတ်ထားပါတယ်”
    မြန်မာဘာသာစကားနဲ့ပတ်သက်ပြီး ဉာဏ်ရည်တုနည်းပညာ (AI) အတွက် ငွေကြေးပိုမိုသုံးစွဲသွားမှာဖြစ်ကြောင်း၊ မသသအဖွဲ့နဲ့ ရိုဟင်ဂျာတွေအပေါ် မုန်းတီးရေးဝါဖြန့်နေတဲ့ အဖွဲ့တွေ၊ ဘုန်းကြီးတွေကို ‘အမုန်းဝါဒီတွေ၊ အဖွဲ့တွေအဖြစ်’ သတ်မှတ်ထားကြောင်း၊ အန္တရာယ်ရှိပြီး၊ စံနှုန်းတွေချိုးဖောက်တဲ့ သူတို့ရဲ့ပို့စ် အများအပြားကို ဖျက်ပစ်ခဲ့ကြောင်း Facebook ရဲ့ ပြန်ကြားစာမှာ ဖော်ပြထားပါတယ်။
    Facebook ရဲ့ community standards တွေကို မြန်မာဘာသာစကားနဲ့ ပြန်ဆိုရာမှာ ကူညီပေးနေတဲ့ ‘ဖန်တီးရာ’ အဖွဲ့က မန်နေဂျာဖြစ်သူ မအိမြတ်နိုးခင်က ဘက်လိုက်မှုမရှိဘဲ မြန်မာဘာသာစကားကို နားလည်တဲ့ လူတွေကို ပိုခန့်ဖို့ Facebook ကို တိုက်တွန်းခဲ့ပါတယ်။
    ဦးဝီရသူ၊ ဦးသုစိတ္တနဲ့ ဦးပါမောက္ခတို့ဟာ ရိုဟင်ဂျာတွေအပေါ် မုန်းတီးလာအောင်၊ အကြမ်းဖက်မှုတွေဖြစ်လာအောင် လှုံ့ဆော်နေတာကြောင့် သူတို့ရဲ့အကောင့်တွေကို ပိတ်သိမ်းရတာဖြစ်တယ်လို့ Facebook က ပြောကြားခဲ့ပေမယ့် မဘသအဖွဲ့နဲ့ ဒီဘုန်းကြီးတွေဟာ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာပြဿနာ မပေါ်ပေါက်ခင်ကတည်းက နိုင်ငံအတွင်းက အစ္စလာမ်ဘာသာဝင်အပေါ် မုန်းတီးအောင် လှုံ့ဆော်နေကြသူတွေ ဖြစ်ပါတယ်။
    သူတို့ရဲ့ လုပ်ကြံဝါဒဖြန့်လှုံ့ဆော်မှုကြောင့် ၂၀၁၃၊ ၂၀၁၄နဲ့ ၂၀၁၅ ခုနှစ်တွေမှာ ရန်ကုန်၊ မိတ္ထီလာ၊ ပဲခူးတိုင်းအနောက်ခြမ်း၊ မန္တလေး၊ ဥက္ကံနဲ့ မြန်မာနိုင်ငံအလယ်ပိုင်းက နေရာတစ်ချို့မှာ အစ္စလာမ်ဘာသာဝင်တွေအပေါ် ပစ်မှတ်ထားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ခပ်စိပ်စိပ် ဖြစ်ခဲ့ပါတယ်။
    Ref: Reuters
  • စနေနေ့မနက် နိုင်ငံတကာသတင်းများ
    စနေနေ့မနက် နိုင်ငံတကာသတင်းများ
    ဇွန် ၉၊ ၂၀၁၈
    M-Media
    လက်ဘနွန်ရှိ UNHCR
    ဆိုမာလီတွင် အမေရိကန်တပ်ဖွဲ့ တိုက်ခိုက်ခံရ
    ================
    ဆိုမာလီယာနိုင်ငံ အနောက်တောင်ပိုင်း ဂျူဘာလန်ဒေသမှာ ရန်သူတွေရဲ့ တိုက်ခိုက်မှုကြောင့် မိမိတို့စစ်သားတစ်ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ အမေရိကန်ရဲ့ အာဖရိကစစ်ဌာနချုပ်က မနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဂျူဘာလန်ဟာ အမေရိကန်၊ ဆိုမာလီနဲ့ ကင်ညာတို့က တပ်ဖွဲ့ဝင် ၈၀၀ လောက်ပေါင်းကာ အလ်-ရှာ ဘတ် စစ်သွေးကြွအဖွဲ့ကို တိုက်ခိုက်နေတဲ့နေရာပါ။ သူတို့အဖွဲ့ဟာ ဒေသစံတော်ချိန် နေ့လည် ၂ နာရီ ၄၅ မိနစ်လောက်မှာ မော်တာတွေ၊ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခံရတာဖြစ်ပြီး ဒဏ်ရာရသူတွေမှာ တစ်ဦးဟာ မိတ်ဖက်တပ်ဖွဲ့က ဖြစ်တယ်လို့ ဆိုပါတယ်။
    အစ္စရေးလက်ချက်ကြောင့် ဂါဇာတွင် ၄ ဦးသေဆုံးကာ ၆၀၀ ကျော်ဒဏ်ရာရ
    ==============
    မနေ့က ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်မှာ ဆန္ဒပြမှုအတွင်း အစ္စရေးတပ်ဖွဲ့ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အသက် ၁၅ နှစ်အရွယ် လူငယ်တစ်ဦး အပါအ၀င် ပြည်သူ ၄ ဦး သေဆုံးခဲ့ပြီး ၆၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ ၁၉၄၈ ခုနှစ် ပါလက်စတိုင်းပိုင်နက်တွေကို အစ္စရေးက ကျူးကျော်သိမ်းပိုက်မှုအတွင်း ထွက်ပြေးခဲ့ရတဲ့ ပါလက်စတိုင်းတွေ နေရပ်ပြန်နိုင်ရေးအတွက် မတ်လ ၃၀ ရက်နေ့ကတည်း စတင်ခဲ့တဲ့ ဂါဇာက ဆန္ဒပြမှုမှာ အစ္စရေးလက်ချက်ကြောင့် သေဆုံးသူဟာ ၁၂၄ ဦး ရှိလာပြီး ဒဏ်ရာရသူကတော့ ၁၃၀၀၀ ရှိလာပါတယ်။ မနေ့က ဒဏ်ရာရရသူတွေထဲမှာ AFP သတင်းဌာနက သတင်းထောက်တစ်ဦးလည်း ပါဝင်ပါတယ်။
    ဆီးရီးယားဒုက္ခသည်ကိစ္စ လက်ဘနွန်နှင့် UNHCR တို့ တင်းမာမှုဖြစ်
    ===============
    ဆီးရီးယားဒုက္ခသည်တွေ နေရပ်ပြန်ဖို့ တားဆီးဆိုတဲ့ အကြောင်းပြချက်နဲ့ UNHCR ၀န်ထမ်းတွင် နေထိုင်ခွင့်ကို လက်ဘနွန်က ရပ်ဆိုင်းလိုက်ပြီး၊ အရေးယူမှုတွေ ထပ်လုပ်သွားမယ်လို့ အိမ်စောင့်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဂီဘရန် ဘက်စီလ်က ပြောကြားလိုက်ပါတယ်။ လက်ဘနွန်ဟာ ဆီးရီးယားဒုက္ခသည် ၁.၅ သန်းလောက်ကို လက်ခံထားရပြီး ၃.၅ သန်းလက်ခံထားတဲ့ တူရကီနောက် ဒုတိယနေရာမှာ ရှိနေပါတယ်။ UNHCR ကတော့ လက်ဘနွန်ရဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုပြီး သူတို့ဟာ ဒုက္ခသည်တွေကို ပံ့ပိုးကူညီရေး၊ နိုင်ငံတကာ စံညွှန်းနဲ့အညီ သူတို့ဘ၀တွေကို ပြန်လည်ထူထောင်ရေး လုပ်ဆောင်နေတာသာဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။
    မြောက်ကိုရီးယားသံတမန်အိမ်ကို ၀င်ရောက်သည့် သတင်းသမားနှစ်ဦးကို စင်ကာပူဖမ်းဆီး
    =============
    မြောက်ကိုရီးယားသံတမန် ဂျူချီယက်ရဲ့အိမ်ကို ပိုင်နက်ကျူးလွန် ၀င်ရောက်မှုနဲ့ တောင်ကိုရီးယား KBS News သတင်းဌာနက သတင်းထောက်နှစ်ယောက်ကို စင်ကာပူက ကြာသာပတေးနေ့မှာ ဖမ်းဆီးလိုက်ပါတယ်။ အသက် ၄၂ နှစ်နဲ့ အသက် ၄၅ နှစ်အရွယ် အမျိုးသားနှစ်ဦးဖြစ်ပြီး အဲဒီသတင်းဌာနက နောက်ထပ် ၂ ဦးကိုလည်း စုံစမ်းစစ်ဆေးမှုတွေလုပ်နေတယ်လို့ စင်ကာပူရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ဒီလူတွေဟာ မီဒီယာသမားအဖြစ် စင်ကာပူရဲ့ အသိအမှတ်ပြုမှု မရထားဘူးလို့လည်း ဆိုပါတယ်။ KBS News ကတော့ စင်ကာပူအာဏာပိုင်တွေရဲ့ ဘယ်လိုအရေးယူမှုမျိုးကိုမဆို လိုက်နာဆောင်ရွက်သွားမယ်လို့ ပြောကြားထားပါတယ်။
    Ref: CNA, Aljazeera
  • သောကြာနေ့မနက် နိုင်ငံတကာသတင်းများ
    သောကြာနေ့မနက် နိုင်ငံတကာသတင်းများ
    ဇွန် ၈၊ ၂၀၁၈
    M-Media
    မလေးရှား စီးပွားရေးလုပ်ငန်းရှင် Low Taek Jho
    ဆီးရီးယားတွင် ရုရှားတပ်ဖွဲ့များ ဆက်နေမည်ဟု ပူတင်ပြော
    ================
    ဆီးရီးယားကနေ မိမိတို့ရဲ့တပ်ဖွဲ့တွေ ထွက်သွားဖို့အတွက် လတ်တလော အစီအစဉ်မရှိသေးပေမယ့် ရေရှည် စခန်းချသွားမှာမဟုတ်ဘူးလို့ ရုရှားသမ္မတ ဗလာဒီမီရ်ပူတင်က မနေ့က ရုပ်သံအမေးအဖြေတစ်ခုမှာ ပြောကြားလိုက်ပါတယ်။ ၇ နှစ်တာ ကြာမြင့်နေပြီဖြစ်တဲ့ ဆီးရီးယားပြည်တွင်းစစ်မှာ ရုရှားဟာ ၂၀၁၅ ခုနှစ်ကတည်းက ပါဝင်တိုက်ခိုက်နေတာဖြစ်ပါတယ်။ ပူတင်က ဒီလိုတိုက်ခိုက်မှုဟာ ရုရှားတပ်ဖွဲ့တွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေကို ရရှိခဲ့ပြီး စစ်ရေးလေ့ကျင်တာနဲ့ တကယ်တိုက်ခိုက်ရတဲ့ အတွေ့အကြုံဟာ ဘယ်လိုမှ မယှဉ်နိုင်ဘူးလို့လည်း ဆိုပါတယ်။
    ကင်ဂျုံအွန်ကို အိမ်ဖြူတော်ဖိတ်မည်ဟု ထရမ့်ပြော
    ===================
    စင်ကာပူက ထိပ်သီးအစည်းအဝေး စီစဉ်ထားတဲ့အတိုင်း အဆင်ပြေပြေ ဖြစ်လာမယ်ဆိုရင် ကင်ဂျုံအွန်ကို အိမ်ဖြူတော်လာရောက်ဖို့ ဖိတ်ကြားသွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မနေ့က ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ ပြုလုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။ ထရမ့်နဲ့ ကင်ဂျုံအွန်တို့ဟာ ဇွန်လ ၁၂ ရက်နေ့ စင်ကာပူမှာ တွေ့ဆုံကြမှာဖြစ်ပြီး ကိုရီးယားစစ်ပွဲရပ်စဲရေး သဘောတူညီချက်တစ်ခု လက်မှတ်ထိုးနိုင်မယ်လို့လည်း ထရမ့်က ပြောပါတယ်။
    မီးတောင်လှုပ်မှုအတွင်း ပျောက်သွားသူများကို ရှာဖွေရေး ဂွါတီမာလာ ရပ်ဆိုင်း
    ==============
    တနင်္ဂနွေနေ့က မီးတောင်လှုပ်ခတ်မှုအတွင်း ပျောက်ဆုံးသွားတဲ့ လူ ၂၀၀ နီးပါး ရှာဖွေမှုကို ရပ်ဆိုင်းလိုက်တယ်လို့ ဂွါတီမာလာ အမျိုးသားသဘာဝဘေးအေဂျင်စီက မနေ့မှာ ကြေငြာလိုက်ပါတယ်။ ဒီအဖြစ်အပျက်ကြောင့် သေဆုံးသူဟာ ၉၉ ဦးရှိခဲ့ပြီး ၁၉၇ ဦး ပျောက်ဆုံးနေတာပါ။ မီးတောင်ကထွက်တဲ့အရာတွေ အများအပြား
    ရှိနေတာ၊ ရာသီဥတုမကောင်းတာတွေကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်တာဖြစ်ပြီး ပျောက်ဆုံးနေသူတွေကို အသက်ရှင်လျက် ပြန်တွေ့နိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေဟာလည်း မှေးမှိန်သွားပါတယ်။
    1MDB ကိစ္စအတွက် စီးပွားရေးလုပ်ငန်းရှင်များကို မလေးရှားက ဖမ်းဝရမ်းထုတ်
    ==============
    Ref: CNA, Aljazeera