News @ M-Media

Blog

  • တနင်္ဂနွေနေ့မနက် နိုင်ငံတကာသတင်းများ

    တနင်္ဂနွေနေ့မနက် နိုင်ငံတကာသတင်းများ

    ဇွန် ၁၇၊ ၂၀၁၈
    M-Media

    တာလီဘန် တိုက်ခိုက်ရေးသမားတစ်ဦးနှင့် ဆလ်ဖီရိုက်နေသည့် အာဖဂန်ပြည်သူများ

    အားသွင်းထားသည့်ဖုန်း ပေါက်ကွဲမှုကြောင့် မလေးရှားတွင် အမျိုးသားတစ်ဦး သေဆုံး
    ============
    အားသွင်းထားတဲ့ မိုဘိုင်းဖုန်း ပေါက်ကွဲမှုကြောင့် အသက် ၄၅ နှစ်အရွယ် စီအီးအို နဇ်ရင် ဟာဆန် သေဆုံးခဲ့တယ်လို့ မလေးရှားနိုင်ငံ Cradle Fund Sdn Bhd ကုမ္ပဏီက သောကြာနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ နဇ်ရင်ဟာဆန် အိပ်နေတဲ့အချိန် သူ့ဘေးနားက အားသွင်းထားတဲ့ဖုန်း ပေါက်ကွဲခဲ့တာဖြစ်ပြီး မွေ့ယာကိုမီးစွဲကာ အိပ်ခန်းလည်း မီလောင်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့က မီးခိုးငွေ့တွေကို ရှုမိတာကြောင့် သေဆုံးခဲ့တာဖြစ်တယ်လို့ အစောပိုင်းမှာ ပြောကြားခဲ့ပေမယ့် အလောင်းခွဲစိပ်မှု ရလဒ်မှာတော့ ဖုန်းပေါက်ကွဲမှုက အစတွေ ဦးခေါင်းကို ထိမှန်တာကြောင့် သေဆုံးတယ်လို့ ဖော်ပြထားပါတယ်။

    နီဂါရာကွာ နိုင်ငံရေးမတည်ငြိမ်မှု သေဆုံးသူ ၁၇၀ ရှိလာ
    =============
    ၂ လတာ နိုင်ငံရေးမတည်ငြိမ်မှုဖြစ်နေတဲ့ နီဂါရာကွာနိုင်ငံမှာ ဆန္ဒပြသူတွေကို သေနတ်နဲ့ပစ်မှုကြောင့် လူ ၈ ဦး ထပ်မံသေဆုံးခဲ့ပါတယ်။ သောကြာနေ့က သမ္မတ ဒန်နီယဲလ် အော်တီဂါနဲ့ ဆန္ဒပြသူတွေအကြား ငြိမ်းချမ်းရေးအတွက် သဘောတူညီချက်ရပြီး နာရီပိုင်းအကြာမှာပဲ ဒီလို ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။ ဒေသတွင်းမီဒီယာတွေက မျက်နှာကို အ၀တ်စည်းထားတဲ့ သမ္မတထောက်ခံသူတစ်ဦးဟာ လူအုပ်ကို သေနတ်နဲ့ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အစိုးရကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှ မထုတ်ပြန်သေးပါဘူး။ ဧပြီလကစတင်ခဲ့တဲ့ နီဂါရာကွာ နိုင်ငံရေးမတည်ငြိမ်မှုအတွင်း သေဆုံးသူဟာ အနည်းဆုံး ၁၇၀ ရှိလာပြီ ဖြစ်ပါတယ်။

    တာလီဘန်နှင့် အပစ်ရပ်မှု အာဖဂန် ထပ်တိုး
    ============
    အနည်းဆုံး လူ၂၅ ဦး သေဆုံးခဲ့တဲ့ အသေခံဗုံးခွဲမှုတစ်ခု မနေ့က ဖြစ်ပွားခဲ့ပေမယ့် တာလီဘန်အဖွဲ့နဲ့ အပစ်ရပ်ရေးကို သက်တမ်းထပ်တိုးတယ်လို့ အာဖဂန်အစိုးရက ကြေငြာခဲ့ပါတယ်။ ၂၀၀၁ ခုနှစ် အမေရိကန်ရဲ့ ကျူးကျော်တိုက်ခိုက်မှုနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တာလီဘန်နဲ့ အာဖဂန်အစိုးရတို့ဟာ ၃ ရက်တာ အပစ်ရပ်ရေး သဘောတူညီချက်ကို သောကြာနေ့မှာ ရရှိခဲ့ပါတယ်။ သမ္မတ အက်ရှ်ရက်ဖ် ဂနီက နောက်ထပ် ၃ ရက်တာ အပစ်ရပ်ဖို့အတွက် မနေ့က ရုပ်သံမိန့်ခွန်းမှာ ကြောခဲ့ပါတယ်။ အပစ်ရပ်ရေးကာလအတွင်း အာဖဂန်စစ်သားတွေနဲ့ တာလီဘန်တွေဟာ အီးဒ်နေ့မှာ ပွေ့ဖက်နှုတ်ဆက်တာ၊ အတူတူ ဆလ်ဖီရိုက်တာတွေ လုပ်ခဲ့ကြပါတယ်။ စနေနေ့က တိုက်ခိုက်မှုဟာ အပစ်ရပ်ရေးမှာ မပါဝင်တဲ့ IS အကြမ်းဖက်အဖွဲ့က ပြုလုပ်တာလို့ ဆိုပါတယ်။

    Ref: CNA, Aljazeera

  • သီရိလင်္ကာမှ အစွန်းရောက်ဘုန်းကြီး ခြိမ်းခြောက်မှုဖြင့် ထောင် ၆ လ ကျ

    သီရိလင်္ကာမှ အစွန်းရောက်ဘုန်းကြီး ခြိမ်းခြောက်မှုဖြင့် ထောင် ၆ လ ကျ

    ဇွန် ၁၆၊ ၂၀၁၈
    M-Media

    – သီရိလင်္ကာနိုင်ငံက အစွန်းရောက်အဖွဲ့ BBS ခေါင်းဆောင် အစွန်းရောက်ဘုန်းကြီး Galagoda Aththe Gnanasara ဟာ အမျိုးသမီးတစ်ဦးကို ခြိမ်းခြောက်မှုနဲ့ ကြာသာပတေးနေ့မှာ ထောင်ဒဏ် ၆ လ ချမှတ်ခြင်း ခံခဲ့ရပါတယ်။

    ၂၀၁၆ ခုနှစ်မှာ ဂျာနယ်လစ်ဦးဖြစ်တဲ့ Prageeth Eknaligoda ကို စစ်ထောက်လှမ်းရေးက ပြန်ပေးဆွဲသွားခဲ့ပြီးတဲ့နောက် ဇနီးဖြစ်သူ Sandhya Eknaligoda က Prageeth လွတ်မြောက်ရေးအတွက် ကြိုးပမ်းရာမှာ Gnanasara က ၀င်ရောက် နှောက်ယှက်ခဲ့တာပါ။

    ဒါ့အပြင် Sandhya ရဲ့ အသက်အန္တရာကိုပါ ခြိမ်းခြောက်ခဲ့တဲ့အတွက် ဒီကိစ္စနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့လက စွဲချက်တင်ခံခဲ့ရပါတယ်။

    ကြာသာပတေးနေ့မှာ တရားရုံးက စွဲချက်နှစ်ခုနဲ့ပတ်သက်ပြီး Gnanasara ဟာ အပြစ်ရှိကြောင်း တွေ့ရှိရတယ်လို့ ဆုံးဖြတ်ခဲ့ပြီး စွဲချက်တစ်ခုချင်းစီအတွက် ထောင်ဒဏ် ၆ လချမှတ်ခဲ့ကာ တစ်ပေါင်းတစ်စည်းတည်း ကျခံစေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

    ဒါ့အပြင် ဒဏ်ငွေ ရူပီး ၁၅၀၀ နဲ့ Sandhya အတွက် နစ်နာကြေး ရူပီး ၅ သောင်း ပေးဆောင်ဖို့လည်း ဆုံးဖြတ်ခဲ့ပါတယ်။

    “တိုင်းပြည်ရဲ့တာဝန်ကို ငါထမ်းဆောင်တာပဲ။ နောင်တမရပါဘူး” လို့ အချုပ်ကားပေါ် မတက်ခင်မှာ Gnanasara က ပြောကြားခဲ့ပါတယ်။

    Gnanasara ကို ထောက်ခံတဲ့ ဘုန်းကြီးတွေဟာ တရားရုံးကို လာရောက်နားထောင်ခဲ့ပြီး အမိန့်ချမှတ်မှတ်မှုအပြီးမှာ ဘုရားစာတွေ ရွတ်ဖတ်ခဲ့ကြပါတယ်။

    ဒီဘုန်းကြီးဟာ တရားရုံးကို မထီလေစားပြုမှုအတွက်လည်း သီခြားအမှုတစ်ခုကို ရင်ဆိုင်နေရပါတယ်။

    BBS အဖွဲ့ရဲ့ အမှုဆောင်အကြီးအကဲ Dilantha Vithanage ဒီအမိန့်အတွက် အယူခံဝင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    Gnanasara ဟာ မွတ်စလင်တွေအပေါ် အကြမ်းဖက်မှုတွေလုပ်ဖို့ လှုံ့ဆော်တာ၊ အမုန်းတရားဖြန့်ဝေတာတွေ လုပ်ဆောင်တယ်လို့ စွပ်စွဲခံထားရပြီး မြန်မာနိုင်ငံက အစွန်းရောက်ဘုန်းကြီး ဦးဝီရသူနဲ့လည်း အဆက်အသွယ် ရှိပါတယ်။

    သူဦးဆောင်တဲ့ BBS အဖွဲ့ဟာ သီရိလင်္ကာနိုင်ငံအတွင်းက လူနည်းစု မွတ်စလင်တွေနဲ့ ခရစ်ယာန်တွေအပေါ် အကြမ်းဖက်မှုတွေဖြစ်လာအောင် လှုံ့ဆော်တယ်လို့ နာမည်ကြီးပြီး သူကတော့ ဒါကို ငြင်းဆိုပါတယ်။

    Ref: Reuters

  • အမေရိကန်၏ ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် ပါကစ္စတန်တာလီဘန်အဖွဲ့ခေါင်းဆောင် သေဆုံး

    အမေရိကန်၏ ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် ပါကစ္စတန်တာလီဘန်အဖွဲ့ခေါင်းဆောင် သေဆုံး

    ဇွန် ၁၅၊ ၂၀၁၈
    M-Media

    ပါကစ္စတန် တာလီဘန်အဖွဲ့ခေါင်းဆောင် မွလ္လာ ဖဇ်လွလ္လာဟ် (လယ်)

    – ပါကစ္စတန်က တာလီဘန်အဖွဲ့ခေါင်းဆောင် မွလ္လာ ဖဇ်လွလ္လာဟ်ဟာ သူတို့ရဲ့ တိုက်ခိုက်မှုတစ်ခုအတွင်း သေဆုံးသွားတယ်လို့ အာဖဂန်နစ္စတန် ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့မှာ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

    ပါကစ္စတန်နဲ့ထိပ်စပ်နေတဲ ကူနာရ်ပြည်နယ် မာရာဝီရာ ခရိုင်မှာ ကြာသာပတေးနေ့မနက် ၉ နာရီအချိန်က အမေရိကန်နဲ့ အာဖဂန်တပ်ဖွဲ့က ပူးပေါင်ပြုလုပ်တဲ့ လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးခဲ့တာဖြစ်ပါတယ်။

    အာဖဂန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် ရဒ်မာနစ်ရှ်က အဲဒီတိုက်ခိုက်မှုအတွင်း ဖဇ်လွလ္လာနဲ့အတူ အခြား တိုက်ခိုက်ရေးသမား ၂ ဦးလည်း သေဆုံးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    ပါကစ္စတန် တာလီဘန်အဖွဲ့ Tehreek-i-Taliban (TTP) က သူတို့ခေါင်းဆောင် အသတ်ခံခဲ့ရကြောင်း အတည်ပြုခဲ့ပြီး အာဖဂန် ထောက်လှမ်းရေးအဖွဲ့ NDS က ဒရုန်းနဲ့တိုက်ခိုက်ဖို့အတွက် သတင်းအချက်အလက်တွေ ပေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    ပါကစ္စတန်က NDS ဟာ ဖဇ်လွလ္လာကို အာဖဂန်မှာ ခိုလှုံခွင့်ပေးထားတယ်လို့ အရင်က စွပ်စွဲဖူးပါတယ်။

    အာဖဂန်က အမေရိကန်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ အာဖဂန်နဲ့ ပါကစ္စတန်ကြားက နယ်စပ်ဒေသ တိုက်ခိုက်မှုမှာ အကြမ်းဖက်အဖွဲ့အစည်တစ်ခုရဲ့ ခေါင်းဆောင် သေဆုံးခဲ့တယ်လို့ ဖော်ပြပေမယ့် အမည်အတိအကျကို မပြောခဲ့ပါဘူး။

    မတ်လအတွင်းကလည်း ကူနာရ်ပြည်နယ်မှာ အမေရိကန်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုအတွင်း ဖဇ်လွလ္လာရဲ့သား အဘ်ဒူလာအပါအ၀င် TTP က တိုက်ခိုက်ရေးသမား ၂၀ လောက် သေဆုံးခဲ့ပါတယ်။

    Ref: Aljzeera

  • IS လက်သစ်များကို သင်တန်းပေးနေသည့် အစ္စရေးတစ်ဦးကို အမေရိကန်ဖမ်းဆီး

    IS လက်သစ်များကို သင်တန်းပေးနေသည့် အစ္စရေးတစ်ဦးကို အမေရိကန်ဖမ်းဆီး

    ဇွန် ၁၄၊ ၂၀၁၈
    M-Media

    – IS လက်သစ်တွေကို အွန်လိုင်းကနေတစ်ဆင့် အကြမ်းဖက်နည်းလမ်းတွေကို ပို့ချပေးနေတဲ့ အစ္စရေးနိုင်ငံသား အမျိုးသမီးတစ်ဦးကို ဖမ်းဆီးလိုက်တယ်လို့ အမေရိကန်တာဝန်ရှိသူတွေက မနေ့မှာ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

    အသက် ၄၅ နှစ်အရွယ် ၀ါဟီဘာ အီဆာ ဒါအစ်ဆိုသူဖြစ်ပြီး ၀စ်ကွန်ဆင်ပြည်နယ် ကူဒါဟီမြို့မှာ နေထိုင်သူဖြစ်ပါတယ်။ သူမဟာ IS လက်သစ်တွေကို အွန်လိုင်းကနေ အဆိပ်ပြုလုပ်နည်း၊ ဗုံးပြုလုပ်နည်း၊ အသေခံ ဗုံးခွဲအင်္ကျီ ပြလုပ်နည်းတွေကို သင်ကြားပေးနေတာ ဖြစ်ပါတယ်။

    ဒါဟာ စစ်သွေးကြွအဖွဲ့ကို ထောက်ခံအားပေးမှုစွဲချက်နဲ့ ၆ လအတွင်း အမေရိကန်က ပထမဆုံး ဖမ်းဆီးမှုလည်း ဖြစ်ပါတယ်။

    ၁၉၉၂ ခုနှစ်ကတည်းက အမေရိကန်မှာ တရားဝင်နေထိုင်ခွင့်ရထားတဲ့ ဒါအစ်ဟာ ဆိုရှယ်မီဒီယာ အကောင့်များစွာနဲ့ IS ကို ထောက်ခံအားပေးမှု၊ လူသစ်စုဆောင်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ တရားရုံးစွဲချက်တွေမှာ ဖော်ပြထားပါတယ်။ တစ်ချို့အကောင့်တွေဟာ တစ်ခြားသူတွေထံကနေ ခိုးယူထားတာတွေ ဖြစ်ပါတယ်။

    ဗုံးလုပ်နည်း၊ ဓာတုလက်နက်တွေလုပ်နည်း၊ အဆိပ်လုပ်နည်း စာအုပ်ပေါင်းများစွာကို သူမက စုစည်းထားပြီး IS ထောက်ခံသူတွေကို ဖြန့်ဝေပေးကာ တိုက်ခိုက်တွေပြုလုပ်ဖို့ ကူညီခဲ့သလို၊ လူစည်ကားရာ ပွဲတော်တွေမှာ တိုက်ခိုက်မှုတွေလုပ်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    ရဲတပ်ဖွဲ့ရဲ့ အသွင်ယူ ထောက်လှမ်းရေးတစ်ဦးနဲ့ ဆက်သွယ်မိရာကနေတစ်ဆင့် သူမကို ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။

    Ref: Tribune