News @ M-Media

Blog

  • ၂၀၂၆ ကမ္ဘာ့ဖလားကို မြောက်အမေရိက ၃ နိုင်ငံ ပူးတွဲကျင်းပခွင့်ရ

    ၂၀၂၆ ကမ္ဘာ့ဖလားကို မြောက်အမေရိက ၃ နိုင်ငံ ပူးတွဲကျင်းပခွင့်ရ

    ဇွန် ၁၃၊ ၂၀၁၈
    M-Media

    – ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား အိမ်ရှင်ရွေးချယ်ပွဲကို ရုရှားနိုင်ငံ မော်စကိုမြို့မှာ ဒီကနေ့ ကျင်းပခဲ့ရာ အမေရိကန်-ကနေဒါ-မက္ကဆီကို ၃ နိုင်ငံက ပြိုင်ပွဲကျင်းပခွင့် ရရှိသွားခဲ့ပါတယ်။

    အဲဒီ ၃ နိုင်ငံဟာ အာဖရိကတိုက်က မော်ရိုကိုနိုင်ငံနဲ့ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး မဲခွဲမှုအတွင်း ထောက်ခံမဲ ၆၇ ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။ အိမ်ရှင်အဖြစ် ၅ ကြိမ်မြောက်လျှောက်ထားတဲ့ မော်ရိုကိုနိုင်ငံက ၃၃ ရာခိုင်နှုန်းသာ ရရှိပါတယ်။

    ၂၀၂၆ ကမ္ဘာ့ဖလားဟာ ပထမဆုံးအကြိမ် ၄၈ သင်း ယှဉ်ပြိုင်မှာဖြစ်ပြီး မြောက်အမေရိကတိုက်မှာ ၄ ကြိမ်မြောက် ကျင်းပခွင့် ရခဲ့တာလည်း ဖြစ်ပါတယ်။

    အမရိကန်ဟာ ၁၉၉၄ ခုနှစ် ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ် ကျင်းပခွင့်ရခဲ့ပြီး မက္ကဆီကိုက ၁၉၇၀နဲ့ ၁၉၈၆ တွေမှာ ကျင်းပခွင့် ရထားပါတယ်။ ကနေဒါကတော့ အမျိုးသားကမ္ဘာ့ဖလားပြိုင်ပွဲကို ကျင်းပဖူးခြင်းမရှိဘဲ ၂၀၁၅ ခုနှစ် အမျိုးသမီး ကမ္ဘာ့ဖလားကိုသာ ကျင်းပခွင့် ရထားပါတယ်။

    အမေရိကန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ကားလို့ ကော်ဒီရိုက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အမြတ်ငွေ ဒေါ်လာ ၁၄ ဘီလီယံလောက် ရဖို့ရှိနေပြီး ဖီဖာအတွက် ၁၁ ဘီလီယံ အမြတ်ရမယ်လို့ တွက်ပြခဲ့ပါတယ်။ ပြိုင်ပွဲမှာ လက်မှတ်စံချိန်တင်ရောင်းချရကာ၊ ၀န်ဆောင်မှုအကျိုးအမြတ်လည်း ပိုမိုများပြားလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

    ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် ပထမဆုံးအကြိမ် ၃ နိုင်ငံ ပူးတွဲကျင်းမယ့်ပြိုင်ပွဲဖြစ်ပြီး အဓိကပွဲတွေကို အမေရိကန်မှာ ကစားမှာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • ဆော်ဒီအိုလမာကောင်စီတွင် အမျိုးသမီးမွဖ်သီများ ခန့်ထားမည်

    ဆော်ဒီအိုလမာကောင်စီတွင် အမျိုးသမီးမွဖ်သီများ ခန့်ထားမည်

    ဇွန် ၁၃၊ ၂၀၁၈
    M-Media

    မွလ်သီ ရှိခ် အဘ်ဒူလာ အလ်-မူသွလက်

    – ဆော်ဒီအာရဗျက ထိပ်တန်း အစ္စလာမ်သာသနာရေးအဖွဲ့တစ်ခုဖြစ်တဲ့ အစ္စလာမ့် ဓမ္မပညာရှင်များကောင်စီမှာ အမျိုးသမီး ‘မွဖ်သီ'(ဓမ္မသတ်မှူး) တွေ ခန့်အပ်ဖို့အတွက် ထိပ်တန်း အစ္စလာမ့်ပညာရှင်တစ်ဦးဖြစ်တဲ့ ရှိခ် အဘ်ဒူလာ အလ်-မူသွလက်က တိုက်တွန်းလိုက်ပါတယ်။

    ကောင်စီအဖွဲ့ဝင်တစ်ဦးလည်းဖြစ်တဲ့ အလ် မူသွလက်က အမျိုးသမီးဓမ္မသတ်မှူးတွေဟာ အထူးသဖြင့် အမျိုးသမီးဆိုင်ရာ ကိစ္စတွေနဲ့ပတ်သက်လို့ ဓမ္မသတ်တွေ ထုတ်ပြန်ပေးလိမ့်မယ်လို့ ဆိုပါတယ်။

    “အီမာမ် မိုဟာမက် ဘင် ဆာအွဒ် အစ္စလာမ့်တက္ကသိုလ်၊ အွမ်မေ့ အလ်-ကူရာ တက္ကသိုလ်တွေလို ကျောင်းတွေက ကျွန်တော်တို့ရဲ့ သမီးတွေ၊ အစ္စလာမ့်ဓမ္မသတ်ဥပဒေကို အထူးကျွမ်းကျင်တဲ့ အခြားသူတွေကို ခန့်အပ်ဖို့အတွက် ကျွန်တော်ဟာ မွဖ်သီချုပ်ကို တိုက်တွန်းထားပါတယ်” လို့ အလ် မူသွလက်က ရုပ်သံအစီအစဉ်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။

    အမျိုးသမီးတွေနဲ့ပတ်သက်ပြီး ဓမ္မသတ်ထုတ်ပြန်ပေးရမှာတွေ အများကြီးရှိနေကြောင်း၊ အမျိုးသမီးသမီးတွေဟာ သူတို့ကိစ္စကို အမျိုးသားမွဖ်သီထံ မေးရမှာ ရှက်ရွံ့နေတတ်တဲ့အတွက် ဓမ္မသတ်ကော်မတီမှာ အမျိုးသမီးတွေ ပါဝင်ခွင့်ပေးဖို့ တောင်းဆိုရတာဖြစ်ကြောင်း သူက ပြောပါတယ်။

    “အစ္စလာမ့်ဓမ္မသတ်ဥပဒေကို အထူးကျွမ်းကျင်တဲ့ အမျိုးသမီးတွေဟာ အမျိုးသမီးရေးရာကိစ္စတွေမှာ ကျွန်တော်တို့ထက် အများကြီး ပိုနားလည်တယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။ သူတို့တွေထံမှာ အမျိုးသမီးတွေဟာ ပိုပြီး သက်တောင့်သက်သာနဲ့ လွတ်လွတ်လပ်လပ် အကြံဉာဏ်ရယူနိုင်မှာ ဖြစ်ပါတယ်”

    အမျိုးသမီးတွေဟာ မိမိတို့ရဲ့ အလှအပတွေကို တစ်ပါးသူတွေမြင်အောင် မပြသရဘူးဆိုတဲ့ အစ္စလာမ်သာသနာရဲ့လမ်းညွှန်ချက်ဟာ တစ်ကိုယ်လုံးဖုံးထားတဲ့ ခြုံထည်ကြီးတွေကိုသာ ၀တ်ဆင်ရမယ်ဆိုတာမျိုးမဟုတ်ဘဲ ပွပွချောင်ချောင်နဲ့ ခန္ဓာကိုယ်လုံခြုံစေနိုင်မယ့် ဘယ်လိုအ၀တ်အစားမျိုးမဆို ၀တ်ဆင်နိုင်တယ်လို့ ရှိခ် အလ် မူသွလက်ဟာ အရင်တုန်းက ပြောကြားခဲ့ဖူးပါတယ်။

    Ref: Alarabiya

  • ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာသတင်းများ

    ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာသတင်းများ

    ဇွန် ၁၃၊ ၂၀၁၈
    M-Media

    အိမ်ဖြူတော် စီးပွားရေးအကြံပေး ပီတာ နာဗာရို

    ပြုံးယမ်လာရန် ကင်၏ဖိတ်ကြားမှုကို ထရမ့် လက်ခံ
    ================
    မနေ့က သမိုင်းဝင်တွေ့ဆုံဆွေးနွေးမှုအတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ဒေါ်နယ်ထရမ့်ကို ပြုံးယမ်လာရောက်ဖို့ ဖိတ်ခေါ်ခဲ့ပြီး ထရမ့်ကလည်း လက်ခံခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာနက ဒီကနေ့မှာ ဖော်ပြပါတယ်။ တွေ့ဆုံပွဲမှာ ကင်က နျူကင်းစင်ရေး ဆောင်ရွက်ဖို့ ထပ်မံကတိပြုခဲ့သလို ထရမ့်ကလည်း မြောက်ကိုရီးယားလုံခြုံရေးအတွက် အာမခံခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ ထရမ့်က ကင်ဟာ သူ့ကို မြောက်ကိုရီးယားကိုလာဖို့ ဖိတ်ခေါ်ခဲ့ကြောင်း သူကလည်း ကင်ကို သင့်လျော်တဲ့အချိန်ကျရင် အိမ်ဖြူတော်ကို ဖိတ်သွားမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

    မလေးရှားက အလှပြင်ဆိုင်များကို ၀င်ရောက်ရှာဖွေကာ လူတစ်ထောင်ကျော် ဖမ်းဆီး
    ===============
    ဇန်န၀ါရီလကနေ မေလအတွင်း ဆီလန်ဂေါ၊ ကွာလာလမ်ပူ၊ ဂျိုဟိုးနဲ့ ပဲရာ့က်တို့က အလှပြင်ဆိုင်တွေကို ၀င်ရောက်ဖမ်းဆီးမှုအတွင်း ပြည့်တန်ဆာလုပ်သူတွေ၊ ဗီဇာအလွဲသုံးစားလုပ်သူ တစ်ထောင်ကျော်လောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ မလေးရှားရဲတပ်ဖွဲ့က မနေ့မှာ ထုတ်ပြန်ပါတယ်။ အဲဒီအထဲမှာ ထိုင်းအမျိုးသမီးတွေက အများဆုံးဖြစ်ပြီး၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ တရုတ်၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီယား၊ မြန်မာ၊ လာအိုနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

    Grab တွင် တိုယိုတာက ကန်ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံ
    ================
    အရှေ့တောင်အာရှက တက္ကစီကုမ္ပဏီတစ်ခုဖြစ်တဲ့ Grab မှာ ကန်ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံဖို့အတွက် တိုယိုတာကုမ္ပဏီက သဘောတူခဲ့ပါတယ်။ ဒါဟာ Grab မှာ ကားထုတ်လုပ်မှုလုပ်ငန်းတစ်ခုရဲ့ အကြီးမားဆုံးသော ရင်းနှီးမြှုပ်နှံမှုလည်း ဖြစ်ပါတယ်။ Grab ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ သူတို့ဟာ လက်ရှိ ရှိနေတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ချဲ့ထွင်သွားမှာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ Grab ဟာ အရှေ့တောင်အာရှ နိုင်ငံ ၈ နိုင်ငံက မြို့ကြီး ၂၁၇ မြို့မှာ ၀န်ဆောင်မှုပေးနေပါတယ်။

    ကနေဒါဝန်ကြီးချုပ်ကို စော်ကားပြောဆိုခဲ့သည့် အိမ်ဖြူတော်အကြံပေး ပြန်တောင်းပန်
    =============
    ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူဒူအတွက် ငရဲမှာ အထူးနေရာရှိတယ်လို့ ပြောကြားခဲ့မှုကို အိမ်ဖြူတော် စီးပွားရေးအကြံပေး ပီတာ နာဗာရိုက ပြန်တောင်းပန်လိုက်ပါတယ်။ G7 အစည်းအဝေးမှာ ထရမ့်နဲ့ ထရူဒူတို့အကြား အခွန်ကိစ္စအတွက် မကျေမလည် ဖြစ်ပြီးနောက်ပိုင်း နာဗာရိုက ဒီလိုပြောခဲ့တာပါ။ ဒါပေမယ့် Wall Street ဂျာနယ်ကလုပ်တဲ့ မနေ့က အခမ်းအနားတစ်ခုမှာ နာဗာရိုက ဒီစကားဟာ မပြောသင့်တဲ့စကားဖြစ်ကြောင်း၊ အဲဒီအမှားအတွက် တောင်းပန်ပါကြောင်း ပြောကြားခဲ့ပါတယ်။

    Ref: CNA, Aljazeera, Alarabiya

  • အင်္ဂါနေ့ ဘောလုံးသတင်းများ

    အင်္ဂါနေ့ ဘောလုံးသတင်းများ

    ဇွန် ၁၂၊ ၂၀၁၈
    M-Media

    ရီးယဲလ်နည်းပြဖြစ်လာမည့် ဂျူလီယန် လိုပေတေဂီ

    စပိန်လက်ရွေးစင်အသင်းနည်းပြကို ရီးယဲလ်က နည်းပြသစ်အဖြစ် ခန့်အပ်
    ==================
    ရီးယဲလ်မက်ဒရစ်အသင်းဟာ လစ်လပ်နေတဲ့ နည်းပြနေရာကို စပိန်လက်ရွေးစင်အသင်းရဲ့ နည်းပြ ဂျူလီယန် လိုပေတေဂီကို ခန့်အပ်လိုက်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးဆုံးတာနဲ့ ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဗိုလ်စွဲပြီး ရက်ပိုင်းအကြာမှာပဲ နည်းပြဇီဒိန်းဟာ အသင်းကထွက်တော့မယ်လို့ ကြေငြာပြီးတဲ့နောက် ရီးယဲလ်က စပါးနည်းပြ ပိုချက်တီနိုအပါအ၀င် ထိပ်တန်းနည်းပြတွေနဲ့ ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ လိုပေတေဂီဟာ ပြီးခဲ့တဲ့လကမှ စပိန်ဘောလုံးအဖွဲ့ချုပ်နဲ့ ၂ နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားတာပါ။ ရီးယဲလ်ကတော့ လိုပေတေဂီအနေနဲ့ ကမ္ဘာ့ဖလားအပြီးကနေစပြီး အသင်းကို ၃ နှစ်တာ ကိုင်တွယ်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    ကွင်းပိုင်ဆိုင်မှုကိစ္စ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် ပြန်လည်သုံးသပ်မည်
    ==============
    ဘောလုံးအသင်းတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA နဲ့ ဗြိတိသျှတို့ဟာ ဘောလုံးကွင်း ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး သုံးသပ်မှုတွ ပြုလုပ်ဖို့ ရှိနေပါတယ်။ အသင်းနဲ့ ကွင်းပိုင်ရှင်တွေအကြား မြေနဲ့ အခြား ဖွံ့ဖြိုးရေးဆိုင်ရာ ပြဿနာတွေ လတ်တလောမှာ များပြားလာခဲ့ပါတယ်။ National League South လိဂ်ကို ၀င်ကန်ခွင့်ရတဲ့ Dulwich Hamlet အသင်းဟာ ကွင်းပိုင်ရှင်က ကွင်းအသုံးပြုခွင့်မပေးတော့အတွက် ပြီးခဲ့တဲ့မတ်လကစလို့ ကစားမယ့်နေရာမရှိ ဖြစ်ခဲ့တာကြောင့် ဒီကိစ္စက ထိပ်ဆုံးကို ရောက်လာပါတယ်။ FA နဲ့ ဗြိတိန်အစိုးရတို့ရဲ့ အခုသုံးသပ်မှုကနေ ထွက်လာတဲ့ အကြံပြုချက်တွေဟာ ဘောလုံးအသင်းတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ကာ၊ ပရိတ်သတ်တွေ စိတ်အေးစေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

    Ballon d’Or ဆု ဆာလာဟ်ရနိုင်သည်ဟု ရော်နယ်ဒိုဟောကိန်းထုတ်
    ===============
    အခုနှစ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or အတွက် လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်ဟာ သူနဲ့ မက်ဆီတို့ကို စိန်ခေါ်နိုင်သူဖြစ်တယ်လို့ ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ပြောကြားလိုက်ပါတယ်။ လီဗာပူးလ်နဲ့ ပထမဆုံးရာသီမှာပဲ ဆာလာဟ်ဟာ ပြိုင်ပွဲအားလုံးမှာ ၄၄ ဂိုး သွင်းယူခဲ့ပြီး ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကိုလည်း ရယူနိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုက Ballon d’Or ဟာ သူနဲ့ မက်ဆီတို့သာ ပြိုင်ရမယ့်ဆုလို့ လူတွေပြောနေကြတာ မဟုတ်မှန်ဘဲ အခြားကစားသမားတွေလည်း ရနိုင်ခွင့်ရှိကြောင်း၊ အဲဒီအထဲက အသေချာဆုံးက ဆာလာဟ်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

    Ref: Goal, BBC

  • အချက်အလက်လုံခြုံရေးကိစ္စက ကန်လွှတ်တော်က Facebook ကို မေးခွန်းပေါင်း နှစ်ထောင်ကျော်မေးမြန်း

    အချက်အလက်လုံခြုံရေးကိစ္စက ကန်လွှတ်တော်က Facebook ကို မေးခွန်းပေါင်း နှစ်ထောင်ကျော်မေးမြန်း

    ဇွန် ၁၂၊ ၂၀၁၈
    M-Media

    – အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို အလွဲသုံးစားလုပ်မှုနဲ့ပတ်သက်ပြီး Facebook တည်ထောင်သူ မာ့ခ် ဇက်ကာဘတ်ကို ဧပြီလက ခေါ်ယူမေးမြန်းခဲ့သလို စာနဲ့ နောက်ထပ် မေးခွန်းပေါင်း ၂၀၀၀ ကျော် ပေးပို့မေးမြန်းခဲ့တယ်လို့ အမေရိကန်အောက်လွှတ်တော်က မနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

    ဗြိတိန်အခြေစိုက် နိုင်ငံရေးအကြံပေးအဖွဲ့ Cmabridge Analytica က Facebook အသုံးပြုသူ ၈၇ သန်းရဲ့ အချက်အလက်တွေကို ရယူအသုံးပြုခဲ့တယ်ဆိုတဲ့ကိစ္စမှာ Facebook ရဲ့ ပေါ့လျော့မှုတွေအတွက် ဇက်ကာဘတ်ဟာ ပြီးခဲ့တဲ့လတွေမှာ ဝေဖန်ခံခဲ့ရပြီး အမေရိကန်နဲ့ ဥရောပလွှတ်တော်တွေမှာ သွားရောက်ဖြေရှင်းခဲ့ရပါတယ်။

    ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ သတင်းအချက်အလက်အမှားတွေ ဖြန့်ဝေကာ ရုရားရဲ့ ၀င်ရောက်စွက်ဖက်မှုကို မတားဆီးတဲ့အတွက်လည်း Facebook ဟာ ဝေဖန်ခံခဲ့ပါတယ်။

    မေးခွန်းတွေထဲမှာ Facebook ကို အသုံးမပြုသူတွေရဲ့ အချက်အလက်တွေကိုပါ ရယူတဲ့ ‘shadow porfiles’ ကိစ္စ၊ အချက်အလက် ခိုးယူခံရမှုအတွက် အကောင့်ပိုင်ရှင်တွေကို အသိပေးဖို့ ကုမ္ပဏီရဲ့ တာဝန်တွေ၊ ကျင့်ဝတ်မညီတဲ့ ပို့စ်တွေကို ဖယ်ရှားရေးကိစ္စတွေ ပါဝင်ပါတယ်။

    အချက်အလက်ကျိုးပေါက်မှုတွေ ရှိလာရင် ၇၂ နာရီအတွင်း အကောင့်ပိုင်ရှင်ကို အကြောင်းရမယ့် ဥပဒေတစ်ခု ပြဌာန်းရင် လက်ခံမလားလို့ ဒီမိုကရက်အမတ် အေမီ ကလိုဘူချာက မေးမြန်းရာမှာ Facebook က အဲဒီလို လိုအပ်ချက်တွေအတွက် မိမိတို့အနေနဲ့ တံခါးဖွင့်ထားကြောင်း၊ ဒါပေမယ့် ဥရောပလိုမဟုတ်ဘဲ အမေရိကန်မှာ ဒီလို ကျိုးပေါက်မှုကို သတင်းပို့နိုင်မယ့် အာဏာပိုင်အဖွဲ့တစ်ခု မရှိတာကြောင့် ဆောင်ရွက်ရာမှာ အခက်အခဲတွေရှိနိုင်ကြောင်း ရေးသားခဲ့ပါတယ်။

    အခြားဝဘ်ဆိုက်တွေမှာ Facebook ရဲ့ like နဲ့ comment တွေပါရင် အဲဒီကနေတစ်ဆင့် ၀ဘ်ဆိုက်သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို ရယူကြောင်း Facebook က ဧပြီလမှာ ထုတ်ပြန်ခဲ့ပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး အထက်လွှတ်တော်အမတ် မာ့ခ် အူဒါးလ်က မေးမြန်းရာမှာ Facebook က သူတို့အနေနဲ့ Facebook မသုံးသူတွေထံကနေ ဒီလို အချက်အလက်တွေ ရယူပေမယ့်၊ ဒီလူတွေကို စာရင်းမလုပ်ထားကြောင်း၊ သူတို့တစ်ကိုယ်ရေအကြိုက်နဲ့ သက်ဆိုင်တဲ့ ကြော်ငြာတွေ၊ အကြောင်းအရာတွေကို သူတို့မြင်အောင် ဖန်တီးတာမျိုး မလုပ်ကြောင်း၊ ပြန်လည်ဖြေကြားခဲ့ပါတယ်။ အဲဒီသူတွေ Facebook အကောင့်ဖွင့်လာအောင် တိုက်တွန်းတဲ့ ကြော်ငြာတွေ၊ ပုံမှန်ကြော်ငြာတွေ တွေ့ရအောင်တော့ ဆောင်ရွက်တယ်လို့ ဆိုပါတယ်။

    င်္Facebook ရဲ့ ဥပဒေကို မလိုက်နာတဲ့ ပို့စ်တွေ ဖယ်ရှားဖို့အကြောင်း မေးမြန်းရာမှာ အမုန်းစကားပြောတာမျိုးအတွက် မိမိတို့မှာ နေရာမရှိကြောင်း ဒီလိုကိစ္စမျိုးကို တွေ့တာနဲ့ ချက်ခြင်း ပယ်ဖျက်သွားမှာဖြစ်ကြောင်း Facebook က ပြန်လည်ဖြေကြားခဲ့ပါတယ်။

    Ref: CNET