News @ M-Media

Blog

  • ရမ်ဇာန်ဥပုသ်လအထိမ်းအမှတ် အစ်ဖ်သာရ်ဝါဖြေပွဲအခမ်းအနား သမ္မတထရမ့် ကျင်းပ

    ရမ်ဇာန်ဥပုသ်လအထိမ်းအမှတ် အစ်ဖ်သာရ်ဝါဖြေပွဲအခမ်းအနား သမ္မတထရမ့် ကျင်းပ

    ဇွန် ၇၊ ၂၀၁၈
    M-Media

    – အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ မနေ့က အိမ်ဖြူတော်မှာ ရမ်ဇာန်ဥပုသ်လအထိမ်းအမှတ် အစ်ဖ်သာရ် ၀ါဖြေညစာစားပွဲအခမ်းအနားတစ်ခု ကျင်းပပြုလုပ်ခဲ့ပါတယ်။

    “ဒီနေ့ညနေ ဒီလိုစုစည်းမှုဟာ ကမ္ဘာ့ အကြီးဆုံးကျယ်ဆုံး ဘာသာကြီးတွေထဲက တစ်ခုရဲ့ မြင့်မြတ်တဲ့ ဓလေ့ထုံးတမ်းကို ကျွန်တော်တို့ ဂုဏ်ပြုတာ ဖြစ်ပါတယ်” လို့ ထရမ့်က သူ့ရဲ့မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

    ရမ်ဇာန်ဥပုသ်လအထိမ်းအမှတ် အစ်ဖ်သာရ် ၀ါဖြေညစာစားပွဲကို သမ္မတကလင်တန်လက်ထက်ကတည်းက အိမ်ဖြူတော်မှာ တောက်လျှောက် လုပ်လာခဲ့ပေမယ့် သမ္မတထရမ့်လက်ထက် မနှစ်က ကျင်းပခဲ့ခြင်းမရှိပါဘူး။

    ထရမ့်ဟာ မဲဆွယ်စဉ်ကာလမှာ အစ္စလာမ်သာသနာ၊ မွတ်စလင်တွေနဲ့ပတ်သက်လို့ စော်ကားပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

    မနေ့က အစ်ဖ်သာရ်ဝါဖြေပွဲမှာတော့ ထရမ့်က အရှေ့အလယ်ပိုင်းရဲ့ တန်ဖိုးရှိတဲ့ မိတ်ဖက်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှု၊ မိတ်ဖက်ဖြစ်မှု ပြန်လည်ဆန်းသစ်လာခဲ့ပြီး အခုလို အစ်ဖ်သာရ်ဝါဖြေပွဲကလည်း ‘အချိန်အကန့်အသတ်မရှိတဲ့ ငြိမ်းချမ်းရေး၊ သန့်ရှင်းမှု၊ ချစ်ခြင်းမေတ္တာတွေကို တန်ဖိုးထားဖို့အတွက် မိသားစုတွေ သူငယ်ချင်းတွေ ပေါင်းစုကြတဲ့ပွဲတော်’ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    မနေ့က၀ါဖြေပွဲကို အမေရိကန်မွတ်စလင်လူ့အဖွဲ့အစည်းက ကိုယ်စားလှယ်တွေ၊ နိုင်ငံခြားသံတမန်တွေနဲ့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

    ထရမ့်ရဲ့ ပြောကြားမှုနဲ့ ပေါ်လစီတွေဟာ အမေရိကန်မွတ်စလင်တွေအပေါ် အနိုင်ကျင့်မှုတွေ၊ ခွဲခြားဆက်ဆံမှုတွေကို မြင့်တက်လာစေတာကြောင့် မွတ်စလင်တက်ကြွလှုပ်ရှားသူအချို့က ထရမ့်ရဲ့ အစ်ဖ်သာရ်ဝါဖြေပွဲအခမ်းအနားကို ဆန့်ကျင်ခဲ့ကြပါတယ်။

    Ref: Fox News

  • တာလီဘန်ကိုတိုက်ခိုက်မှု ယာယီရပ်စဲကြောင်း အာဖဂန်ကြေငြာ

    တာလီဘန်ကိုတိုက်ခိုက်မှု ယာယီရပ်စဲကြောင်း အာဖဂန်ကြေငြာ

    ဇွန် ၇၊ ၂၀၁၈
    M-Media

    – ဇွန်လ ၂၀ ရက်နေ့အထိ တာလီဘန်တွေနဲ့ ယာယီ အပစ်အခတ်ရပ်စဲလိုက်တယ်လို့ အာဖဂန်သမ္မတ အက်ရှ်ရက်ဖ် ဂနီက ဒီကနေ့မှာ ကြေငြာလိုက်ပါတယ်။

    ရုပ်သံမိန့်ခွန်းမှာ ဒီလိုပြောကြားလိုက်တာဖြစ်ပြီး IS လို အခြား လက်နက်ကိုင်အဖွဲ့တွေကိုတော့ ဆက်လက်တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။ သမ္မတဟာ အာဖဂန်စစ်တပ်ကိုလည်း အပစ်ရပ်ဖို့ အမိန့်ပေးခဲ့ပါတယ်။ အပစ်ရပ်ရေးက ဇွန်လ ၁၂ ရက်နေ့ စတင်မှာ ဖြစ်ပါတယ်။

    “သူတို့ရဲ့ အကြမ်းပတမ်းလှုပ်ရှားမှုဟာ လူတွေရဲ့ နှလုံးသားတွေ၊ စိတ်ဓာတ်တွေကို မလွှမ်းမိုးနိုင်ဘဲ ပိုပြီးဝေးကွာသွားစေတယ်ဆိုတာ တာလီဘန်တွေ ပြန်လည်သုံးသပ်ဖို့အတွက် ဒီအပစ်ရပ်မှုဟာ အခွင့်အလမ်းတစ်ခုပါပဲ” လို့ ဂနီက Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    အသေခံဗုံးခွဲတာတွေ၊ တိုက်ခိုက်တာတွေဟာ အစ္စလာမ့်သွန်သင်ချက်နဲ့ ဆန့်ကျင်တယ်ဆိုတဲ့ ဖသ်ဝါဓမ္မသတ်တစ်ခုကို အာဖဂန် အစ္စလာမ့်ဓမ္မပညာရှင်တွေက ကဘူးလ်အစည်းအဝေးမှာ ထုတ်ပြန်ပြီး ရက်အနည်းငယ်အကြာမှာ ဒီအပစ်ရပ်ရေး ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

    တာလီဘန်က ဒီအပစ်ရပ်ရေးကို လက်ခံလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

    သမ္မတဂနီက တာလီဘန်ကို တရားဝင် နိုင်ငံရေးအဖွဲ့တစ်ခုအဖြစ် အသိအမှတ်ပြုပေးမယ်လို့ ဖေဖော်ဝါရီလတုန်းက ကမ်းလှမ်းခဲ့ဖူးပါတယ်။

    Ref: Aljazeera

  • ကြာသာပတေးနေ့မနက် နိုင်ငံတကာသတင်းများ

    ကြာသာပတေးနေ့မနက် နိုင်ငံတကာသတင်းများ

    ဇွန် ၇၊ ၂၀၁၈
    M-Media

    မလေးရှား အတိုက်အခံခေါင်းဆောင်ဟောင်း အန်ဝါရ် အီဘရာဟင်

    ဘဂ္ဂဒတ်ရှိ ရှီအာဗလီတွင် ဗုံးခွဲမှုဖြစ်
    ============
    အီရတ်နိုင်ငံမြို့တော် ဘဂ္ဂဒတ်က ရှီအာဗလီတစ်ခုမှာ မနေ့က ဗုံးကွဲမှုနှစ်ခု ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး ၀တ်ပြုသူ ၇ ဦးသေဆုံးကာ ၂၀ လောက် ဒဏ်ရာရရှိခဲ့ပါတယ်။ ဗုံးကွဲမှုကြောင့် အနီးအနားမှာရှိတဲ့ အဆောက်အဦးတွေ ပျက်ဆီးခဲ့ပါတယ်။ ဗုံးခွဲခံရတဲ့ ဗလီဟာ အခုလအစောပိုင်း ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ Sairoon မဟာမိတ်အဖွဲ့က ရှီအာခေါင်းဆောင် အလ်-ဆဒါရ်ဦးကို ထောက်ခံသူတွေ သွားရောက်ဝတ်ပြုရာနေရာ ဖြစ်ပါတယ်။ ဘယ်သူ့လက်ချက်လဲဆိုတာ အတိအကျမသိရသေးဘဲ အရင်က ဒီလိုဗုံးခွဲမှုတွေကို IS အကြမ်းဖက်အဖွဲ့က လုပ်ဆောင်လေ့ ရှိပါတယ်။

    ပါကစ္စတန်တွင် စစ်တပ်လုပ်ရပ်ကို ဝေဖန်သူဂျာနယ်လစ် ပြန်ပေးဆွဲခံရ
    =============
    စစ်တပ်ရဲ့လုပ်ရပ်တွေကို ဝေဖန်လေ့ရှိတဲ့ ပါကစ္စတန် လူမှုတက်ကြွလှုပ်ရှားသူနဲ့ ဂျာနယ်လစ်ဖြစ်သူ ဂူလ် ဘူခါရီဟာ အင်္ဂါနေ့ညပိုင်းက ဘယ်သူဘယ်ဝါမှန်းမသိတဲ့ လူတစ်စုရဲ့ ပြန်ပေးဆွဲခြင်ကို ခံလိုက်ရပြီး စစ်တပ်ဟာ သဘောထားကွဲလွဲသူတွေကို ဖိနှိပ်နေပြီလားဆိုတဲ့ စိုးရိမ်မှုတွေလည်း မြင့်တက်လာပါတယ်။ ဘူခါရီဟာ နာရီပိုင်းအကြာမှာ ပြန်လွတ်လာခဲ့ပြီး ဘယ်ကိုခေါ်သွားလဲ၊ ဘာတွေလုပ်သလဲဆိုတာကို အတိအကျ မသိရပါဘူး။ စစ်တပ်နဲ့ နိုင်ငံရေးပါတီတစ်ချို့အပေါ် ဝေဖန်မှုတွေ တားမြစ်ပိတ်ပင်တာကို ပါကစ္စတန်ဟာ အခုနောက်ပိုင်းမှာ ဆက်တိုက် ပြုလုပ်လာခဲ့ပါတယ်။

    လတ်တလော ကန့်လန့်ကာနောက်ကွယ်တွင်နေမည်ဟု အန်န၀ါရ် အီဘရာဟင်ပြော
    ===============
    လတ်တလော နိုင်ငံရေးနယ်ပယ်မှာ ကန့်လန့်ကာနောက်ကွယ်က နေသွားမယ်လို့ မလေးရှား အတိုက်အခံခေါင်းဆောင်ဟောင်း အန်ဝါရ်အီဘရာဟင်က ပြောကြားလိုက်ပါတယ်။ ဒုတိယ၀န်ကြီးချုပ်တာဝန် ထမ်းဆောင်နေတဲ့ ဇနီးဖြစ်သူ ၀မ်အဇီဇာဟ်ဟာ ပါဒန်းလွှတ်တော်အမတ်နေရာကနေ နှုတ်ထွက်ကာ အန်ဝါရ်ကို ၀င်ရောက်ယှဉ်ပြိုင်စေမယ်ဆိုတဲ့သတင်းတွေ ထွက်နေတာပါ။ အန်ဝါရ်ကတော့ သူဟာ ၀န်ကြီးရာထူး၊ အတိုက်အခံခေါင်းဆောင်နေရာတွေနဲ့ ရင်းနှီးကျွမ်းဝင်ပေမယ့် လွှတ်တော်အမတ်နေရာမှာ အတွေ့အကြုံမရှိကြောင်း၊ လက်ရှိ အခြားအစီအစဉ်တွေ ရှိနေပြီး နောက် ၂ လလောက်မှ ဒီကိစ္စ စဉ်းစားမှာဖြစ်ကြောင်း မနေ့က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

    ထရမ့်နှင့်တွေ့ဆုံရန် ကင်ဂျုံအွန်က တောင်းပန်ခယခဲ့ဟု ထရမ့်ရှေ့နေပြော
    ==========
    ထရမ့်နဲ့ ထိပ်သီးအစည်းအဝေးဖြစ်ရေးအတွက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က တောင်းပန်ခယခဲ့တယ်လို့ ထရမ့်ရဲ့ရှေ့နေ ရူဒီ ဂူလီယာနီက အစ္စရေးက ဆွေးနွေးပွဲတစ်ခုမှာ ပြောကြားလိုက်ပါတယ်။ ဇွန်လ ၁၂ ရက်နေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ အဲဒီအစည်းအဝေးကို ဖျက်သိမ်းကြောင်း ထရမ့်က မေလ ၂၂ ရက်နေ့မှာ ကြေငြာခဲ့တာပါ။ ဂူလီယာနီက ထရမ့်ရဲ့ ဒီလို ပြတ်သားတဲ့ ဆောင်ရွက်ချက်က ကင်ဂျုံအွန်ကို ဒူးထောက်လာစေခဲ့တယ်လို့ ဆိုပါတယ်။ ထရမ့်နဲ့ ကင်ဂျုံအွန်တို့ဟာ စင်ကာပူနိုင်ငံက ဆန်တိုးဆားကျွန်းမှာ တွေ့ဆုံမှာ ဖြစ်ပါတယ်။

    Ref: Aljazeera, CNA, BBC

  • ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းများ

    ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းများ

    ဇွန် ၆၊ ၂၀၁၈
    M-Media

    မန်ယူက ခေါ်ယူလိုက်သည့် ပေါ်တိုလူငယ်နောက်ခံလူ ဒါလော့

    ပေါ်တို လူငယ်နောက်ခံလူကို မန်ယူက ပေါင် ၁၉ သန်းဖြင့် ခေါ်ယူ
    =========
    မန်ယူအသင်းဟာ ဥရောပက အကောင်းဆုံး လူငယ်နောက်ခံလူလို့ သမုတ်ခံရတဲ့ ပေါ်တိုကစားသမား ဒီယိုဂို ဒါလော့ကို ပေါင် ၁၉ သန်းနဲ့ ၅ နှစ်စာချုပ် ချုပ်လိုက်ပါတယ်။ ဒါလော့က ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး ကလပ်အသင်းကို လာရောက်ဖို့ အခွင့်အရေးကို လက်လွှတ်မခံနိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။ မော်ရင်ဟိုက ဒါေ
    လာ့ဟာ အင်မတန်ကို ပါရမီရှိတဲ့ လူငယ်ကစားသမားဖြစ်ပြီး အသင်းမှာ ကြီးကျယ်တဲ့ကစားသမားတစ်ယောက် ဖြစ်လာဖို့အတွက် အရည်သွေးအားလုံး ရှိနေတယ်လို့ ဆိုပါတယ်။

    ခရိုအေးရှား ဘောလုံးဂုရု ခြစားမှုဖြင့် ထောင် ၆ နှစ်ကျ
    ===============
    ခရိုအေးရှားဘောလုံးလောကရဲ့ ထိပ်တန်းပုဂ္ဂိုတစ်ဦးဖြစ်သူ ဇဒရာ့ဗ်ကို မာမစ်ဟာ ဒိုင်နမိုဇာဂရဘ်အသင်းရဲ့ အမှုဆောင်အဖြစ် တာဝန်ထမ်းဆောင်စဉ် မသမာတဲ့နည်းလမ်းနဲ့ ပြောင်ရွှေ့ကြေး ယူရိုသန်းချီ ရယူခဲ့မှုအတွက် ထောင်ဒဏ် ၆ နှစ် ချမှတ်ခံလိုက်ရပါတယ်။ မာမစ်ခြစားမှုကိစ္စမှာ ဒိုင်နမိုကစာသမားဟောင်းတွေလည်း တရားစွဲဆိုခံရပြီး ခရိုအေးရှားအသင်းခေါင်းဆောင် လူကာမိုဒရစ်ဟာ တရားခွင်မှာ လိမ်လည်ထွက်ဆိုမှုနဲ့ တရားရင်ဆိုင်နေရပါတယ်။

    ဂျာမနီမှာ ၂၀၁၄ ထက် ပိုကောင်းသည်ဟု တိုက်စစ်မှူး မူလာပြော
    ==============
    ၂၀၁၄ ခုနှစ် ချန်ပီယံဖြစ်ခဲ့တဲ့အသင်းထက် လက်ရှိအသင်းက ပိုကောင်းတယ်လို့ ဂျာမနီအသင်းတိုက်စစ်မှူး သောမတ်စ်မူလာက ပြောကြားလိုက်ပါတယ်။ ဘရာဇီးလ်ကမ္ဘာ့ဖလားမှာ ဂျာမနီဟာ အာဂျင်တီးနားကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရကာ ချန်ပီယံဖြစ်ခဲ့တာပါ။ ၂၀၁၈ ခြေစစ်ပွဲမှာလည်း ဂျာမနီဟာ ၁၀ ပွဲကစား ၁၀ ပွဲစလုံး နိုင်ထားပါတယ်။ မူလာက တစ်ဦးချင်းပိုင်းမှာဆိုရင် သူတို့အသင်းက ပိုကောင်းတယ်ဆိုတာ ငြင်းမရကြောင်း၊ လက်ရှိချန်ပီယံဖြစ်တဲ့ မိမိတို့အသင်းအနေနဲ့ ယုံကြည်မှုအပြည့်အ၀ရှိကြောင်း ပြောကြားခဲ့ပါတယ်။

    ရုရှားတွင် နေးမာတောက်ပမည်ဟု ရီဗယ်ဒို ဟောကိန်းထုတ်
    =============
    ရုရှားကမ္ဘာ့ဖလားမှာ နေးမာဟာ ပိုပြီး တောက်ပလာလိမ့်မယ်လို့ ယုံကြည်ကြောင်း ဘရာဇီးလ်ဂန္တ၀င်ကစားသမား ရီဗယ်ဒိုက ပြောကြားလိုက်ပါတယ်။ ဘရာဇီးလ်ဟာ ၂၀၁၈ ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲဖို့ ပစ်မှတ်ထားနေတာပါ။ ရီဗယ်ဒိုကတော့ ဖိအားတွေဟာ နေးမာအတွက် ကောင်းမွန်တဲ့အရာဖြစ်ကြောင်း၊ ဘရာဇီးလ်အသင်
းသားတိုင်းဟာ ကောင်းကောင်းကစားရမှာကြောင့် နေးမာအနေနဲ့လည်း အားလုံးမျှော်လင့်ထားတဲ့အဆင့်မှာ ကစားနိုင်မှာဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: BBC,Goal

  • စွမ်းအင်ချွေတာရန် မိုက်ခရိုဆော့ဖ်က ဒေတာစင်တာကို ပင်လယ်အောက်ထားရှိကာ စမ်းသပ်

    စွမ်းအင်ချွေတာရန် မိုက်ခရိုဆော့ဖ်က ဒေတာစင်တာကို ပင်လယ်အောက်ထားရှိကာ စမ်းသပ်

    ဇွန် ၆၊ ၂၀၁၈

    M-Media

    – စွမ်းအင်သုံးစွဲမှု ချွေတာနိုင်မလားဆိုတာကို စမ်းသပ်ဖို့အတွက် မိုခရိုဆော့ဖ်ဟာ သူတို့ရဲ့ ဒေတာစင်တာတစ်ခုကို စကတော့တလန်က ပင်လယ်အောက်မှာ မြှုပ်ထားလိုက်ပါတယ်။

    ကွန်ပျူတာဆာဗာအတွဲတွေကို ရေလုံတဲ့ သေတ္တာတစ်ခုထဲမှာထည့်ကာ အောရ်ကနီကျွန်းက ပင်လယ်အောက်မှာ ၅ နှစ်အထိ မြှုပ်ထားမှာ ဖြစ်ပါတယ်။ ဒေတာစင်တာအတွက် စွမ်းအင်ကို ကမ်းခြေက ပြည့်ဖြိုးမြဲရင်းမြစ်တွေကနေရယူမှာပါ။

    ဒေတာစင်တာကို ရေအောက်မှာထားရှိရတဲ့ အဓိကရည်ရွယ်ချက်က ဆာဗာတွေ အအေးပေးရတဲ့ အခြေအနေကို လျှော့ချဖို့ ဖြစ်ပါတယ်။

    “မြေပေါ်မှာထက် ရေအောက်မှာထားတာက အအေးပေးစနစ်ကို ပိုကောင်းမယ်လို့ ကျွန်တော်တို့ တွက်တာပါ။ နောက်တစ်ခုက စင်တာထဲမှာ လူမရှိတာကြောင့် လေထုထဲကနေ အောက်ဆီဂျင်တွေ၊ ရေငွေ့တွေအားလုံးကို ရရှိနိုင်ပြီး ဒါဟာ ဒေတာစင်တာတွေရဲ့ အဓိကပြသနာဖြစ်တဲ့ ဆွေးမြေ့မှုကို လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်” လို့ မိုက်ခရိုဆော့ဖ်ရဲ့ Project Natick လို့ခေါ်တဲ့ ဒီစီမံကိန်းကို ဦးဆောင်သူ ဘန် ကက်တလာက ပြောကြားခဲ့ပါတယ်။

    ရေအောက်ထဲထည့်ထားတာကြောင့် ဆာဗာတွေ ပျက်ဆီးသွားရင် ပြင်ဖို့မလွယ်ပေမယ့် မြေပြင်ပေါ်မှာထက်စာရင် ပျက်တာနည်းမယ်လို့လည်း မျှော်လင့်ထားပါတယ်။

    အခုရေအောက်ထဲနှစ်မြှုပ်ထားတဲ့ ဒေတာစင်တာဟာ ကမ္ဘာ့အချက်အလက် သိမ်းဆည်းမှုနဲ့ယှဉ်ရင် တော်တော်လေး သေးငယ်ပေမယ့် ရုပ်ရှင် ၅ သန်းလောက်ကို သိမ်းထားနိုင်တဲ့အထိ ဆံ့ပါတယ်။

    ရေအောက်ဒေတာစင်တာအစီအစဉ်ကို ၂၀၁၅ ခုနှစ်မှာ မိုက်ခရိုဆော့ဖ်က ၅ လလောက် စမ်းသပ်ခဲ့ဖူးပါတယ်။

    ဒေတာစင်တာကို ရေထဲနှစ်မြှုပ်ထားမယ့် မိုက်ခရိုဆော့ဖ်ရဲ့အစီအစဉ်ဟာ အကုန်အကျများပြီး ဆာဗာတွေ ထည့်မယ့် သေတ္တာကို ပြင်သစ်သင်္ဘောကုမ္ပဏီတစ်ခုထံကနေ မှာယူရသလို၊ ရေအောက် ဓာတ်အားပေးကြိုး သွယ်တန်းဖို့၊ ဒီဒေတာစင်တာကို စကော့တလန်ရောက်အောင် ပို့ဆောင်ဖို့အတွက် ငွေကြေးအမြောက်အများ သုံးစွဲခဲ့ရပါတယ်။

    Ref: BBC