News @ M-Media

Blog

  • ဆော်ဒီစစ်စခန်းကို သေနတ်သမားနှစ်ဦးက ၀င်ရောက်တိုက်ခိုက်

    ဆော်ဒီစစ်စခန်းကို သေနတ်သမားနှစ်ဦးက ၀င်ရောက်တိုက်ခိုက်

    မေ ၃၁၊ ၂၀၁၈
    M-Media

    – ဆော်ဒီအာရေဗျနိုင်ငံ အနောက်ပိုင်း တာအစ်ဖ်မြို့က စစ်စခန်းတစ်ခုကို သေနတ်သမားနှစ်ဦးက မနေ့ညပိုင်းမှာ ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်သည်အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။

    သေနတ်သမားတွေဟာ ရဲတစ်ယောက်ကို ဓားနဲ့ထိုးသတ်ဖြတ်ပြီး သူ့ရဲ့ကားနဲ့ လက်နက်တွေယူဆောင်ကာ စစ်စခန်းကို ၀င်ရောက်တိုက်ခိုက်ခဲ့တာပါ။

    စစ်သားတွေနဲ့ သေနတ်သမားတွေအကြား အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး သေနတ်သမားတစ်ဦး ဒဏ်ရာရရှိကာ ဖမ်းဆီးနိုင်ခဲ့ပါတယ်။ စစ်သားတော်တော်များများလည်း ဒဏ်ရာရရှိခဲ့ပါတယ်။

    တိုက်ခိုက်မှုကို ဘယ်အဖွဲ့အစည်းကလုပ်တယ်ဆိုတာ မသိရသေးပေမယ့် နောက်လိုက်တွေအနေနဲ့ ဆော်ဒီ စစ်စခန်းတွေကို တိုက်ခိုက်ကြဖို့ IS အကြမ်းဖက်အဖွဲ့ဟာ ယခင်တုန်းက ဆော်သြတိုက်တွန်းဖူးပါတယ်။

    Ref: Aljazeera

  • ကချင် (သို့) အမိမြေမှ ‘ပ’ ထုတ်ခံနေရသည့် လူမျိုးစုတစ်ခု

    ကချင် (သို့) အမိမြေမှ ‘ပ’ ထုတ်ခံနေရသည့် လူမျိုးစုတစ်ခု

    မေ ၃၁၊ ၂၀၁၈
    M-Media

    အိုးအိမ်စွန့်ခွာ ထွက်ပြေးရသည့် ကချင်ပြည်သူများ

    – တိုင်းပြည်က ရိုဟင်ဂျာမွတ်စလင်အများစုကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက် မောင်းထုတ်ခဲ့တဲ့ အကြမ်းပတမ်းစစ်ဆင်ရေး ပြီးပြီးချင်းမှာပဲ မြန်မာစစ်တပ်ဟာ တရုတ်နဲ့ကပ်နေတဲ့ နိုင်ငံမြောက်ပိုင်း နယ်စပ်တစ်လျှောက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကို တိုက်ခိုက်ရေးရဟတ်ယာဉ်တွေ၊ တိုက်လေယာဉ်တွေ၊ လက်နက်ကြီးတွေအသုံးပြုပြီး ထိုးစစ်အသစ် စတင်လာပါတယ်။

    မြန်မာနိုင်ငံမြောက်ပိုင်း ဝေးလံခေါင်ဖျားတဲ့ တောင်တန်းဒေသတွေမှာနေထိုင်ပြီး ခရစ်ယာန်အများစုဖြစ်တဲ့ ကချင်လူမျိုးတွေအပေါ် ဒီလို တိုက်ခိုက်မှုဟာ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ထိုးဖို့ ငြင်းဆန်တဲ့ ခေါင်းမာတဲ့လက်နက်ကိုင်အဖွဲ့ကို ထိုးနှက်ရေး အားထုတ်ကြိုးပမ်းမှုကို ထင်ဟပ်နေ
    ပါတယ်။ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဆိုတာ နယ်စပ်ဒေသမှာ အများစုရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို မြန်မာအစိုးရနဲ့ စစ်တပ်တို့ရဲ့ ကျောသပ်မှုတစ်ခု ဖြစ်ပါတယ်။

    ကချင်နဲ့ တစ်ခြားတိုင်းရင်းသားလက်နက်ကိုင်တွေက ကျောက်စိမ်းနဲ့ ပယင်းတွင်းတွေကို ရန်ပုံငွေရရှိရေးအတွက် အသုံးပြုနေတာကို တားဆီးဖို့ မြန်မာစစ်တပ်က ကြိုးစားနေတယ်ဆိုတာ မြောက်ပိုင်းက ဒီပဋိပက္ခက ညွှန်းဆိုနေပြီး တိုက်ခိုက်မှုတွေ ချက်ခြင်းရပ်စဲဖို့အတွက် အမေရိကန်နဲ့ တရုတ်တို့က တိုက်တွန်းခဲ့ကြပါတယ်။

    ဗဟိုအစိုးရထိန်းချုပ်မှုအောက်ကနေ လွတ်မြောက်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့်ရရးအတွက် လိုလားကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို မီးကုန်ယမ်းကုန် တိုက်ခိုက်တာထက် စစ်တပ်က ညှိနှိုင်းဆွေးနွေးမှုကို ပိုလိုလားခဲ့တဲ့ ၅ နှစ်နီးပါးကာလ ကုန်ဆုံးသွားခဲ့ပြီးတဲ့နောက် ကချင်နဲ့ အခြား မဟာမိတ်တိုင်းရင်းသားလ
    က်နက်ကိုင်တွေအပေါ် အခုလိုတိုက်ခိုက်မှုမျိုး ဖြစ်လာတာပါ။

    အိုးအိမ်စွန့်ခွာ ထွက်ပြေးရသည့် ကချင်ပြည်သူများ ၀တ်ပြုဆုတောင်းနေမှု

    ကချင်ပြည်နယ်မှာ ချထားတဲ့ တပ်တွေထဲက တစ်ချို့ဟာ နိုင်ငံအနောက်ပိုင်းက ရိုဟင်ဂျာတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက စွပ်စွဲခဲ့ကြတဲ့အမှတ် (၃၃) ခြေမြန်တပ်မနဲ့ အခြားတပ်ဖွဲ့တွေ ဖြစ်နေပါတယ်။ ဒါပေမယ့် ကချင်တွေဟာ မီးကျိုးမောင်းပျက် ရိုဟင်ဂျာအဖွဲ့လို မဟုတ်ဘဲ ဆယ်စုနှစ်ချီ ပြောက်ကျားစစ် ဆင်နွှဲထားတဲ့ အင်အား ၁၀၀၀၀ ၀န်းကျင်ရှိ တိုက်ရည်ခိုက်ရည်ပြည့် တပ်ဖွဲ့တစ်ခုပါ။ သူတို့ဟာ မြန်မာစစ်တပ်က ခက်ခက်ခဲခဲရင်ဆိုင်နေရတဲ့ တိုင်းရင်းသားလက်နက်ကိုင်အချို့ထဲက တစ်ခုလည်း ဖြစ်နေပါတယ်။

    ကချင်ပြည်နယ်က တိုက်ခိုက်မှုဖြစ်ပွားတဲ့ ဒေသတွေမှာ ဂျာနယ်လစ်တွေ၊ နိုင်ငံတကာ စောင့်ကြည့်လေ့လာသူတွေ ၀င်ရောက်ခွင့်ကို စစ်တပ်က ကန့်သတ်ထားတာကြောင့် အခုနောက်ဆုံးဖြစ်နေတဲ့ တိုက်ခိုက်မှုတွေရဲ့ အချက်အလက်အပြည့်အစုံ ရရှိဖို့အတွက် ခက်ခဲနေပါတယ်။ ထိခိုက်သေဆုံးမှုစာရင်း အတိအကျ မကောက်ယူနိုင်ပေမယ့် ပြည်နယ်ရဲ့ အခြားဒေသတွေကို ထွက်ပြေးတိမ်းရှောင်ရသူတွေ၊ အကူအညီပေးရေးအဖွဲ့တွေနဲ့ ဒေသခံနိုင်ငံရေးသမားတွေရဲ့ ပြောကြားမှုအရ တိုက်ခိုက်မှုဟာ တော်တော်ပြင်းထန်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေကလည်း ပိုမိုဆိုးရွားလာတယ်ဆိုတာ တွေ့ရပါတယ်။

    အရပ်သားတွေဟာ တိုက်ပွဲအတွင်းမှာ ပိတ်မိနေပြီး ထောင်နဲ့ချီတဲ့သူတွေက တောတွေတောင်တွေထဲ ထွက်ပြေးပုန်းရှောင်ရသလို၊ တစ်ချို့ကတော့ နယ်စပ်ကိုဖြတ်ကာ တရုတ်ဖက် ပြေးကြပါတယ်။ အရပ်သားတွေကို အစားအသောက်တွေ၊ အခြားလိုအပ်တဲ့ပစ္စည်းတွေ ထောက်ပံ့ပေးနေတဲ့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့က ဧပြီလ အစောပိုင်းကစလို့ ကချင်ပြည်သူ ၇၅၀၀ လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ခန့်မှန်းပြောကြားခဲ့ပါတယ်။

    ပြီးခဲ့တဲ့သီတင်းပတ်မှာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် တေဇကျော်က တိုက်ခိုက်မှုတွေကို သူပုန်တွေက အရင်စတင်လုပ်ဆောင်တာဖြစ်တယ်လို့ မီဒီယာကို ပြောကြားခဲ့ပြီး စစ်တပ်က ရွာတွေကို တိုက်ရိုက်ပစ်ခတ်တာမျိုး ရှိတယ်ဆိုတဲ့ သတင်းတွေကိုလည်း ငြင်းဆိုခဲ့ပါတယ်။

    အိုးအိမ်စွန့်ခွာ ထွက်ပြေးရသည့် ကချင်ပြည်သူများ

    တိုက်ခိုက်မှုကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့သူတွေကို စခန်းဖွင့်ကာ အကူအညီပေးနေတဲ့ ကချင်အမျိုးသား Ntap Tu Mai က ဧပြီလနှောင်းပိုင်း တိုက်ပွဲဖြစ်ကတည်းက ထွက်ပြေးလာကြတဲ့ ပြည်သူ ၁၃၀၀ လောက်ဟာ ကျန်းမာရေးဆိုးရွားတာ၊ ၀မ်းပျက်ဝမ်းလျှောရောဂါ ခံစားရတာတွေ ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ ဧပြီလနှောင်းပိုင်းမှာ သူနေထိုင်ရာပတ်ဝန်းကျင်ကို စစ်တပ်က လေကြောင်းက တိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်ခဲ့တာကြောင့် ရွာသားတွေဟာ လယ်ယာတွေစွန့်ကာ ထွက်ပြေးရတယ်လို့လည်း သူက ဆိုပါတယ်။

    ကချင်လက်နက်ကိုင်တွေက သူတို့ဟာ စစ်တပ်ရဲ့ အထူးတပ်ဖွဲ့က တပ်မှူးတွေကို သုတ်သင်နိုင်ခဲ့တယ်လို့ Facebook မှာ ပြောကြားခဲ့ပေမယ့် နေရာအတည်တကျ စခန်းချလို့မရဘူးလို့ ဆိုပါတယ်။ သူတို့ရဲ့ပြောကြားမှုကိုတော့ အတည်ပြုလို့ မရပါဘူး။

    “လက်နက်ကြီးတွေ၊ လေကြောင်းက တိုက်ခိုက်မှုတွေကို တုန့်ပြန်နိုင်စွမ်းမရှိတာကြောင့် တစ်ဖြည်းဖြည်းနဲ့ ကျွန်တော်တို့ နယ်မြေတွေ ဆုံးရှုံးလာတယ်” လို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) က ပြောရေးဆိုခွင့်ရှိသူ Daung Kar ပြောကြားခဲ့ပါတယ်။ KIO ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဟာ မြန်မာစစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်နေတာပါ။

    အခုတိုက်ပွဲဟာ ကချင်လက်နက်ကိုင်အဖွဲ့၊ ရှမ်းပြည်နယ်က ပလောင်လူမျိုးတွေကို ကိုယ်စားပြုတဲ့ တအောင်းလွတ်မြောက်ရေးတပ်ဖွဲ့တွေအပါအ၀င် နိုင်ငံမြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်တွေပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့က အဓိကအဖွဲ့တွေကို စစ်တပ်က ပစ်မှတ်ထားကာ ထိုးစစ်ဆင်မှု တစ်စိတ်တစ်ပိုင်း
    လည်း ဖြစ်ပါတယ်။

    “စစ်တပ်ဟာ ပိုပြီတော့ ရန်လိုလာပါတယ်” လို့ Human Rights Watch အဖွဲ့က ပညာရှင် ရစ်ချက်ဝီယာက ပြောကြားခဲ့ပါတယ်။ ကုလက လူမျိုးစုလိုက် သုတ်သင်ရှင်းလင်းမှုအဖြစ် သမုတ်ထားတဲ့ ရိုဟင်ဂျာတွေအပေါ် စစ်တပ်ရဲ့ကျူးလွန်မှုတွေကို အပြစ်ပေးတဲ့အနေနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက နောက်ဆက်တွဲ ပိတ်ဆို့မှုတွေ မလုပ်တာဟာ စစ်တပ်က နောက်ထပ်လူမျိုးစုတွေကို ကျူးလွန်ဖို့ အားပေးသလို ဖြစ်နေတယ်လို့လည်း သူက ပြောပါတယ်။

    မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက ပြည်တွင်းစစ်ပွဲတွေနဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ လူများစု ဗမာ ဗုဒ္ဓဘာသာဝင်တွေနဲ့ ဘာသာအယူမတူကြတဲ့ နယ်စပ်ဒေသက တိုင်းရင်းသားတွေဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ဒါမှမဟုတ် လုံးဝလွတ်လပ်ရေးကို လိုချင်ကြတာပါ။ တိုင်းရင်းသားလက်နက်ကိုင်တွေကို အစိုးရက ဆယ်စုနှစ်ချီ တိုက်ခိုက်လာမှုမှာ ရက်စက်ကြမ်းကြုတ်မှုတွေ ရှိတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေ၊ အနောက်နိုင်ငံအစိုးရတွေက ဝေဖန်ခဲ့ကြပါတယ်။

    ၂၀၁၆ ခုနှစ်သမိုင်းဝင်ရွးကောက်ပွဲမှာ စစ်တပ်ကျောထောက်နောက်ခံပြု ပါတီကို အနိုင်ရပြီး အရပ်သားအစိုးရခေါင်းဆောင် ဖြစ်လာခဲ့ပြီးတဲ့နောက် နိုဘယ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးရရှိဖို့ဟာ သူ ဦးစားအပေးဆုံးကိစ္စဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ရွေးကောက်ပွဲ မကျင်းပခင်လေးမှာပဲ အစိုးရဟာ အင်အားကြီးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်တော်များများနဲ့ အပစ်ရပ်ကြောင်း ကြေငြာခဲ့ပေမယ့် အဲဒီအထဲမှာ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) မပါဝင်ပါဘူး။

    တိုင်းပြည်ကို ဆယ်စုနှစ်ချီ အုပ်ချုပ်ခဲ့ပြီး အခုအချိန်အထိ အရပ်သားအစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိမနေတဲ့ စစ်တပ်နဲ့ ဒေါ်အောင်စုကြည်ဦးဆောင်တဲ့ အစိုးရတို့ဟာ လက်မှတ်မထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့တွေကို မဆွယ်နိုင်ခဲ့ပါဘူး။

    တစ်ချို့ လေ့လာဆန်းစစ်သူတွေက စစ်တပ်ရဲ့ ထိုးစစ်တွေဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နှောက်ယှက်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ပါတီ NLD အရှက်ရစေဖို့ ဆောင်ရွက်တဲ့ မဟာဗျူဟာ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ရှုမြင်ကြပါတယ်။ NLD က ဒီရှုမြင်ချက်ကို လက်မခံပါဘူး။ ဒီအမြင်အတွက် စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။

    “NLD ရဲ့ ဦးဆောင်ဦးရွက်ပြုရေးမူဝါဒ လုံးဝ မအောင်မြင်ဘူးဆိုတာ မြင့်တက်လာတဲ့ စစ်ပွဲက သက်သေပြနေပါတယ်။ လာမယ့် ၂ နှစ်အတွင်း ရွေးကောက်ပွဲလာတော့မယ်။ NLD အတွက် ဘာပြစရာရှိလဲ” လို့ လုံခြုံရေးဆိုင်ရာ လေ့လာဆန်းစစ်သူ အန်သိုနီ ဒါးဗစ်က ပြောကြားခဲ့ပါတယ်။

    အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက လက်ရှိဖြစ်နေတဲ့ တိုက်ပွဲဟာ စစ်သား ၂၆ ဦးသေဆုံးခဲ့တဲ့ ဧပြီလအစောပိုင်း ကချင်လက်နက်ကိုင်တွေရဲ့ ခြုံခိုတိုက်ခိုက်မှုကြောင့်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ‘စစ်တပ်က အခြေအနေကို ကောင်းမွန်စွာ ကိုင်တွယ်နေတယ်’ လို့လည်း သူက ဆိုပါတယ်။ ကချင်တပ်ဖွဲ့ကတော့ စစ်တပ်က စစ်ရေးအရ ကျူးကျော်မှုလုပ်လာတာကြောင့် တိုက်ခိုက်မှုဖြစ်ခဲ့တာလို့ ပြောဆိုပါတယ်။

    အခုနှစ်အတွင်း ကျင်းပဖို့ စီစဉ်ထားတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို နှစ်ကြိမ်တိုင်တိုင် နောက်ဆုတ်ခဲ့ရပြီး လေ့လာစောင့်ကြည့်သူ တော်တော်များများက ဖြစ်လာမှာမဟုတ်တော့ဘူးလို့ ခန့်မှန်းသုံးသပ်ကြပါတယ်။

    “ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က လုံးဝ ရပ်ဆိုင်းသွားပြီဗျ” လို့ မြန်မာငြိမ်းချမ်းရေးစင်တာက အကြီးတန်းတာဝန်ရှိသူ အမရာသီဟက ပြောကြားခဲ့ပါတယ်။ စင်တာဟာ စစ်တပ်နဲ့ လက်နက်ကိုင်တွေအကြား ညှိနှိုင်းမှုတွေကို ပြုလုပ်ပေးနေတာလည်း ဖြစ်ပါတယ်။

    မိုးတွင်းမှာ ကျေးလက်ဒေသကလမ်းတွေ သွားလို့လာလို့ မလွယ်တာကြောင့် နိုင်ငံမြောက်ပိုင်းက စစ်ပွဲဟာ ဇွန်လအလယ်ပိုင်းမှာ လျော့ပါးဖို့ ရှိနေပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်တွေမှာ မြန်မာစစ်တပ်က လေကြောင်းအင်အားကို သိသိသာသာ ပိုမိုအသုံးပြုလာပါတယ်။ မစ္စတာ ဒါးဗစ်နဲ့ အခြား လေ့လာဆန်းစစ်သူတွေက စစ်တပ်ဟာ  မိုးရွာရွာနေပူပူ ကချင်တွေရဲ့နေရာတွေကို ဆက်လက်ပြီး ဗုံးကြဲသွားလိမ့်မယ်လို့ သုံးသပ်ကြပါတယ်။

    Ref: Wall Street

    (Wall Street Journal တွင် ဖော်ပြထားသည့် Myanmar Military Targets Other Ethnic Groups After Driving Rohingya Out ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

  • ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ

    ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ

    ရခိုင်ဒေသမှ နိုင်ငံသားစိစစ်မှု သက်သေခံကတ်ပြားသာရှိသည့် လုပ်အားပေးဆရာမ ရန်ကုန်ခရီးစဉ်တွင် ဖမ်းဆီးခံရပြီး နေ့တွင်းချင်း ထောင်တစ်နှစ်ကျသွားသည် (သတင်း အစ အဆုံး)

    Myanmar Now မှကူးယူဖော်ပြသည်။
    ရေးသားသူ – ဖြိုးသီဟချို

    (ရန်ကုန်) — ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းတစ်ခုမှ နိုင်ငံသားမဖြစ်သေးသည့် လုပ်အားပေး ကျောင်းဆရာမတစ်ဦးသည် ခရီးသွားခွင့် လက်မှတ် မပါဘဲ ခရီးသွားလာမှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ် ချမှတ်ခံခဲ့ရသည်ဆိုသော သတင်းမှာ မှန်ကန်ကြောင်း တောင်ကုတ်မြို့နယ်ရဲစခန်းမှ အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက ပြောသည်။

    ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် ကျောက်တစ်လုံး ဒုက္ခသည်စခန်းတွင် နေထိုင်သည့် အသက် ၂၆ နှစ်အရွယ်ရှိ မလှဖြူ သည် မေလ ၂၃ ရက်နေ့က ရန်ကုန်သို့ ထွက်ခွာလာစဉ် တောင်ကုတ်မြို့အနီး၌ ဖမ်းဆီးခံရပြီး ၎င်းကို ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေ ပုဒ်မ ၆(၃) အရ တောင်ကုတ် မြို့နယ်တရားရုံးက မေလ ၂၅ ရက်နေ့တွင်အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ်ချမှတ်ကာ သံတွဲအကျဉ်းထောင်သို့ ပို့ဆောင်လိုက်သည်ဟု ကျောက်တစ်လုံးဒုက္ခသည်စခန်းကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဖြူရှေက ပြောသည်။

    ၁၉၄၉ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် အဆိုပါ အက်ဥပဒေသည် နိုင်ငံအတွင်းနေထိုင်သူများအား မှတ်ပုံတင်ရန် ပြဋ္ဌာန်းထားသည့် ယေဘုယျဥပဒေဖြစ်သည်။ ထိုဥပဒေအရ မှတ်ပုံတင်၌ မမှန်ကန်သောအချက်ကို ဖော်ပြခြင်း၊ ကာယကံရှင်မဟုတ်သူကို ကိုင်ဆောင်စေခြင်း၊ ဆင်တူယိုးမှား ကတ်ပြားကို ကိုင်ဆောင်ခြင်း စသည့်ပြစ်မှုများ အတွက် ပုဒ်မ ၆(၃)တွင် နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ကို အလုပ်ကြမ်းဖြင့် ဖြစ်စေ၊ အလုပ်မဲ့ဖြင့် ဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

    မလှဖြူကို ထိုဥပဒေပုဒ်မဖြင့် အရေးယူခဲ့သော်လည်း ၎င်းသည် NVC ကတ် ခေါ် နိုင်ငံသားစိစစ်မှု သက်သေခံကတ်ပြားကို ကိုင်ဆောင်ထားသူ ဖြစ်သည်ဟု သိရပြီး ၎င်း၏ ကတ်ကို ရိုက်ယူထားသည့် ဓာတ်ပုံမှာလည်း လူမှုကွန်ရက်စာမျက်နှာများထက်တွင် တွေ့ရသည်။

    လူဝင်မှုကြီးကြပ်ရေးအရာရှိတစ်ဦးကမူ မလှဖြူကို အရေးယူခဲ့ခြင်းမှာ ခရီးသွားခွင့်မရဘဲ စခန်းမှ ထွက်ခွာသွား၍ ဖြစ်သည်ဟု Myanmar Now ကို ပြောသည်။

    “ကျွန်တော်တို့က ဒီဒေသမှာက ခွင့်ပြုချက်တင်ရတာပေါ့။ ပြည်နယ်အစိုးရကို ခွင့်ပြုချက်တင်ပြီးတော့ သွားရတာမျိုးရှိပါတယ်။ပြီးတော့မှ ညှိနှိုင်းပြီးတော့မှ သူတို့လိပ်စာ မှန်ကန်မှုရှိမရှိ၊ စိစစ်ပြီး သေချာတယ် ဆိုရင်တော့ သွားခွင့်ပေးပါတယ်”ဟု ကျောက်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်မှူး ဦးတင်ထူးက ပြောသည်။

    NVC ကတ် ခေါ် နိုင်ငံသားစိစစ်မှုသက်သေခံကတ်ပြားကို ကိုင်ဆောင်ထားသူများ အနေဖြင့် လွတ်လပ်စွာ သွားလာခွင့်၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာသင်ယူခွင့် စသည်တို့ကို ခွင့်ပြုမည် ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ယခုလ အစောပိုင်းက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောခဲ့ဖူးသည်။

    NVC ကတ် ကိုင်ဆိုင်ထားသူများ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့် ပြုမည်ဟု အစိုးရကပြောသည့်နောက် အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြင်းထန်စွာ ကန့်ကွက်ခဲ့သည်။

    မလှဖြူမှာ ခရီးသွားခွင့်ကို နှစ်ကြိမ်လျှောက်ထားခဲ့သော်လည်း ခရိုင်လဝကက ထုတ်မပေးခဲ့ကြောင်း ကျောက်ဖြူမြို့ ကျောက်တစ်လုံး ဒုက္ခသည် စခန်းတာဝန်ခံ ဦးဖြူရှေက ပြောသည်။

    မလှဖြူမှာ ခရီးသွားလာခွင့်ကို ခရိုင်လဝကမှတစ်ဆင့် ပြည်နယ် လဝကဦးစီးထံသို့ ၂၀၁၇ ခုနှစ်တွင် တစ်ကြိမ်၊ ယခုနှစ် ဖေဖော်ဝါရီလတွင် တစ်ကြိမ်၊ နှစ်ကြိမ်တင်ခဲ့သော်လည်း တစ်စုံတစ်ရာ အကြောင်းပြန်ကြားခဲ့ခြင်း မရှိကြောင်း ၎င်းက ပြောသည်။

    “သူခရီးသွားခွင့်တင်တာ တစ်နှစ်လောက်ကြာပြီလေ။ အဲဒါကို ခွင့်မှမပြုတာ။ အဲဒါကြောင့်သူထွက်သွားတာ”ဟု ၎င်းကပြောသည်။

    မလှဖြူမှာ တရားစွဲဆိုခံရပြီး နောက်တစ်ရက်အကြာမှာပင် တရားရုံးတင် အမိန့်ချခံခဲ့ရခြင်းဖြစ်ပြီး ဥပဒေ၏ အကူအညီကို မရရှိခဲ့ဟု ကျောက်ဖြူမြို့ ကျောက်တစ်လုံး ဒုက္ခသည် စခန်း ကြီးကြပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဖြူရှေက ပြောသည်။

    “ရှေ့နေငှားရမ်းခွင့်ရဖို့ နေနေသာသာ တရားရုံးတင်တာနဲ့ တစ်ခါတည်း အမိန့်ချလိုက်တာ” ဟု၎င်းကပြောသည်။

    “NVC ကိုင်ရင် ခရီးသွားလာခွင့်ရမယ်ဆိုပြီး သူတို့က ကျွန်တော်တို့ကို အာမခံချက်ပေးတယ်လေ။ ဒါကြောင့် ကျွန်တော်တို့က NVC ကတ်ကို ကိုင်တာ”ဟု ၎င်းက ဆက်ပြောသည်။ ကိုဖြူရှေသည်လည်း NVC ကတ် ကိုင်ဆောင်ထားသည့် အစ္စလာမ်ဘာသာဝင် တစ်ဦးဖြစ်သည်။

    မလှဖြူမှာ ၂၀၁၂ ခုနှစ် အောက်တိုဘာလက ဖြစ်ပွားခဲ့သည့် လူမျိုးရေးပဋိပက္ခများ မတိုင်မီအထိ ကျောက်ဖြူမြို့ အနောက်ဘက်ရှိ တိုးချဲ့ရပ်ကွက်တွင် မိသားစုနှင့်အတူနေထိုင်ခဲ့ပြီး ပဋိပက္ခများအတွင်း ၎င်းတို့ မိသားစု နေအိမ်မှာ ဖျက်ဆီးခံခဲ့ရသည့်နောက်တွင် ညီမတစ်ဦး၊ ကျောင်းသားအရွယ် မောင်နှစ်ဦး၊ မိဘနှစ်ဦးတို့နှင့် ကျောက်တစ်လုံးဒုက္ခသည်စခန်းသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်ဟု မလှဖြူ၏ ညီမဖြစ်သူ အသက် ၂၂ နှစ်ရှိသည့် မလှလှဖြူက Myanmar Now ကိုပြောသည်။

    မလှဖြူသည် ကျောက်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူဖြစ်ပြီး မြန်မာစာအထူးပြုဖြင့် တက္ကသိုလ်ပထမနှစ်တက်ရောက်ခွင့်ရရန် စောင့်ဆိုင်းနေသူဖြစ်သည်ဟု ဦးဖြူရှေက ပြောသည်။ ဒုက္ခသည်စခန်းအတွင်းရှိ အစိုးရကဖွင့်ပေးထားသည့် စာသင်ကျောင်းတွင် လုပ်အားပေး ဆရာမအဖြစ် လက်ရှိလုပ်ကိုင်လျက်ရှိသည်ဟု ၎င်းက ပြောသည်။ ထိုကျောင်းတွင် ဆရာဆရာမ ၁၈ ဦးရှိကာ ကျောင်းသား၊ ကျောင်းသူ ၂၃၅ ဦးရှိသည်ဟု ကိုဖြူရှေက ပြောသည်။

    မလှဖြူ၏ ညီမ မလှလှဖြူကမူ ၎င်း၏မိဘနှစ်ပါးစလုံး ကျောက်ဖြူမြို့မှာပင် မွေးဖွားခဲ့ကြောင်း၊ ၎င်းတို့ မောင်နှမအားလုံးကိုလည်း ကျောက်ဖြူမှာပင်မွေးဖွားခဲ့ကြောင်း ပြောသည်။

    ၎င်း၏အစ်မဖြစ်သူသည် မေလ ၂၃ ရက်နေ့ နံနက် ၆ နာရီ အချိန်တွင် စခန်းမှ “ဘာမှမပြောဘဲ” ထွက်ခွာသွားခဲ့ခြင်း ဖြစ်ပြီး ဖမ်းဆီးခံရချိန်ထိ အာဏာပိုင်များက ဆက်သွယ်ပြောဆိုခြင်းမရှိဟု ပြောသည်။

    ၎င်းတို့မိသားစုသည် အစ်မဖြစ်သူ၏ လစာကျပ်တစ်သိန်းကျော်ဖြင့် မိသားစုတစ်စုလုံး မှီခိုနေရပြီး အစ်မဖြစ်သူနှင့် တွေ့ခွင့်မရ သေးကြောင်း ၎င်းက ပြောသည်။

    “သွားတွေ့လို့မရသေးတာပါ။ အဖေကတော့ သွားတွေ့ခွင့်ရဖို့အတွက် စခန်းတာဝန်ခံကို ပြောထားပါတယ်။ ဒါပေမယ့် ထွက်လို့မရဘူးလေ ဒီထဲက” ဟု၎င်းကပြောသည်။

    အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အနေဖြင့် ဒုက္ခသည် စခန်းရှိ ဒုက္ခသည်များနှင့်ပတ်သတ်ပြီး တပ်မတော်နှင့် ညှိနှိုင်းအကောင်အထည်ဖော်ရန်လိုအပ်နေပြီး အတိုက်အခံပါတီဖြစ်သည့် ကြံခိုင်ရေး ပါတီ၏ နိုင်ငံရေးအရ ထိုးနှက်မှုများမှာလည်း တပ်မတော်နှင့်ညှိနှိုင်းနိုင်ပါက ပြေလည်သွားနိုင်သည်ဟု ‘ယနေ့ခေတ်’ မဂ္ဂဇင်း အယ်ဒီတာချုပ် ကိုသက်ဇင်က သုံးသပ်သည်။

    “အခုလို ဖြစ်နေတဲ့ကိစ္စက NLD ပါတီလည်းသိက္ခာကျမယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း သိက္ခာကျမယ်။ အစိုးရလည်း သိက္ခာကျပြီးတော့ ဒီကိစ္စကြီးကလည်း ပြေငြိမ်းမသွားဘဲ ပိုပြီးကြီးထွားလာနိုင်တယ်လို့ ထင်ပါတယ်။ နိုင်ငံတကာမှာလည်း ပိုပြီး သိက္ခာကျစရာရှိပါတယ်” ဟု၎င်းကပြောသည်။

    ကျောက်ဖြူမြို့၊ ကျောက်တစ်လုံး ဒုက္ခသည်စခန်းတွင်းမှ ခရီးသွားခွင့်မရှိဘဲ ထွက်ခွာသွားခဲ့ခြင်းကြောင့် ၂၀၁၇ ခုနှစ်အတွင်း အမျိုးသမီး နှစ်ဦးအဖမ်းဆီးခံခဲ့ရသည်ဟု ဦးဖြူရှေက ပြောသည်။

    ၂၀၁၂ ခုနှစ်က ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနောက်ပိုင်းတွင် တခြား ရခိုင်တိုင်းရင်းသားများ အပါအဝင် ရခိုင်ပြည်နယ်နေ အစ္စလာမ်ဘာသာဝင် အမြောက်အမြားတို့သည် ဒုက္ခသည်စခန်းများတွင် နေထိုင် နေကြရသည်။ ထို့ပြင် ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များအတွင်း အာရကန် ရိုဟင်ဂျာကယ်တင်ရေး တပ် (ARSA) ၏တိုက်ခိုက်မှုများကြောင့် တပ်မတော်၏ နယ်မြေရှင်းလင်းစစ်ဆင်ရေးများ နောက်ပိုင်းတွင်လည်း ရခိုင်မြောက်ပိုင်းနေ အစ္စလာမ်ဘာသာဝင် သိန်းနှင့်ချီကာ ဘင်္ဂလား ဒေ့ရှ်ဘက်ရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရသည်။

    မြန်မာအစိုးရကမူ အငြင်းပွားဖွယ်ဖြစ်နေသည့် ထိုအစ္စလာမ်ဘာသာဝင်များ၏ နိုင်ငံသားအဆင့်အတန်းနှင့် ပတ်သက်ပြီး စိစစ်ရန် NVC ကတ်ကို ထုတ်ပေးမည်ဖြစ်ကြောင်း၊ နိုင်ငံသားဖြစ်သင့်ဖြစ်ထိုက်သူများကို နိုင်ငံသားအခွင့်အရေးပေးမည်ဖြစ်ကြောင်း ကြေညာထားသည်။

    http://www.myanmar-now.org/my/news/i/?id=3b40e35c-fd8d-4f07-89ed-2c07e9cde054

  • ကြာသာပတေးနေ့မနက် နိုင်ငံတကာသတင်းများ

    ကြာသာပတေးနေ့မနက် နိုင်ငံတကာသတင်းများ

    မေ ၃၁၊ ၂၀၁၈
    M-Media

    မြောက်ကိုရီးယား ထိပ်တန်းခေါင်းဆောင်တစ်ဦး အမေရိကန်ကိုရောက်လာ
    ============
    မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ရဲ့ ထိပ်တန်းအကြံပေး ကင်ယွန်ချိုဟာ နှစ်နိုင်ငံ ထိပ်သီးအစည်းအဝေးအတွက် ဆွေးနွေးဖို့ နယူးယောက်မြို့ကို မနေ့မှာ ရောက်ရှိလာခဲ့ပါတယ်။ ကင်ယွန်ချိုဟာ ၁၈ နှစ်အတွင်း အမေရိကန်မြေမှာ အမေရိကန်အာဏာပိုင်တွေနဲ့ ဆွေးနွေးဖို့ ရောက်ရှိလာတဲ့ မြောက်ကိုရီးယားရဲ့ ရာထူးအကြီးဆုံး ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ ထရမ့်နဲ့ ကင်ဂျုံအွန်တို့ စင်ကာပူမှာလုပ်ဖို့ စီစဉ်ထားတဲ့ ထိပ်သီးအစည်းအဝေး လုပ်ဖြစ်မလားဆိုတာကို အမရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက် ပွမ်ပီယိုနဲ့ ဆွေးနွေးဖို ရှိနေပါတယ်။

    နိုင်ငံကြွေးမြီလျှော့ချရေး ပြည်သူများလှူဒါန်းနိုင်မည့် ရန်ပုံငွေတစ်ခု မလေးရှားတည်ထောင်
    ==============
    နိုင်ငံရဲ့အကြွေးတွေကို လျှော့ချရေးအတွက် ပြည်သူလူထုက ပါဝင်လှူဒါန်းနိုင်မယ့် ရန်ပုံငွေတစ်ခုကို မလေးရှားအစိုးရက တည်ထောင်လိုက်ပါတယ်။ Tabung Harapan Malaysia or Hope Fund လို့ အမည်ပေးထားပြီး လှူဒါန်းမှုတွေဟာ ဘဏ္ဍာရေးဝန်ကြီးဌာနကို တိုက်ရိုက်ရောက်ရှိမှာ ဖြစ်ပါတယ်။ ၀န်ကြီးချုပ်မဟာသီယာ မိုဟာမက်က မလေးရှားပြည်သူတွေဟာ အစိုးရကို လှူဒါန်းချင်တဲ့စိတ် ရှိနေတာကြောင့် သူတို့ရဲ့ တိုင်းပြည်ချစ်စိတ်ကို မိမိတို့ကကြိုဆိုကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။ မလေးရှားနိုင်ငံရဲ့ ပြည်ပကြွေးမြီဟာ ရင်းဂစ် ၁ ထရီလီယံ (ကန်ဒေါ်လာ ၂၅၀.၈ ဘီလီယံ) ရှိနေတယ်လို့ အစိုးရက ကြေငြာထားပြီး ဒါဟာ နိုင်ငံ ဂျီဒီပီရဲ့ ၈၀ ရာခိုင်နှုန်း ဖြစ်ပါတယ်။

    အီရတ်ရွေးကောက်ပွဲ မဲများပြန်ရေတွက်မည်
    ============
    ရွေးကောက်ပွဲမှာ မသမာမှုတွေရှိတယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်လာခဲ့ပြီးတဲ့နောက် နိုင်ငံတစ်ဝှမ်း မဲရုံပေါင်း တစ်ထောင်ကျော်က မဲတွေကို ပြန်လည်ရေတွက်သွားမယ်လို့ အီရတ်က လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကော်မရှင်က မနေ့မှာ ကြေငြာလိုက်ပါတယ်။ နိုင်ငံရေးသမားတွေက တစ်နိုင်ငံလုံးမှာရှိတဲ့ မဲတွေရဲ့ ၁၀ ရာခိုင်နှုန်းကို ပြန်လည်ရေတွက်ဖို့အတွက် တောင်းဆိုခဲ့ကြတာပါ။ လက်ရှိ မဲပြန်လည်ရေတွက်မှုမှာ ရလဒ်ပြောင်းလဲမှုဟာ ၂၅ ရာခိုင်နှုန်းကျော် ရှိခဲ့မယ်ဆိုရင်တော့ တစ်နိုင်ငံလုံးက မဲပေါင်း ၁၁ သန်းနီးပါးလောက်ကို ပြန်လည်ရေတွက်မှာဖြစ်ပါတယ်။

    ဒူတာတေးကို ဆန့်ကျင်သည့် ကမ်းပိန်းတစ်ခု အမျိုးသမီး တက်ကြွလှုပ်ရှားသူများ ပြုလုပ်
    ===============
    ခရီးသွားလာရေးဝန်ကြီး အမျိုးသမီး ရိုမူလို-ပူရတ်ကို ရမ္မက်ထန်တဲ့စကားပြောဆိုမှု၊ ကားတွေမှာ စပယ်ယာဘီးပါသလို သူ့အနေနဲ့ ဒုတိယမိန်းမတစ်ယောက် ထပ်ယူသွားမယ်ဆိုတဲ့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးရဲ့ ပြောကြားမှုတွေကို ဆန့်ကျင်တဲ့အနေနဲ့ အမျိုးသမီးတက်ကြွလှုပ်ရှားသူတစ်ယောက်ဟာ #BabaeAko (ငါသည်အမျိုးသမီး ဖြစ်သည်) ဆိုတဲ့ ဆိုရှယ်မီဒီယာ ကမ်းပိန်းတစ်ခုကို မနေ့မှာ စတင်ခဲ့ပါတယ်။ ဒူတာတေးဟာ အရင်ကလည်း အမျိုးသမီးတွေကို နှိမ့်ချစော်ကားတဲ့စကားတွေ ပြောဆိုခဲ့ဖူးပါတယ်။ လှုပ်ရှားမှုကို ဦးဆောင်သူ နိုအီမီ ဒါဒိုက သမ္မတကိုယ်တိုင် ဒီလိုစကားပြောတာဟာ ကောင်းတဲ့ဥပမာမဟုတ်ဘဲ အတုယူမှားနိုင်ကြောင်း ဒ့ါကြောင်ပဲ နိုင်ငံအတွင်းမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ ဖြစ်နေတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera, CNA

  • ဝေဖန်ရေးဂျာနယ်လစ်တစ်ဦးကို ရုရှားကသတ်ဖြတ်ရန်ကြိုးစားမှု ယူကရိန်း အကွက်ဆင်ဖော်ထုတ်

    ဝေဖန်ရေးဂျာနယ်လစ်တစ်ဦးကို ရုရှားကသတ်ဖြတ်ရန်ကြိုးစားမှု ယူကရိန်း အကွက်ဆင်ဖော်ထုတ်

    မေ ၃၁၊ ၂၀၁၈
    M-Media

    သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသည့် အာကာဒီ ဘာ့ဘ်ချန်ကို (လယ်)

    – သမ္မတပူတင်ကို ဝေဖန်တဲ့ ရုရှားဂျာနယ်လစ် အသတ်ခံရတယ်ဆိုတဲ့ကိစ္စဟာ သူ့ကိုသတ်ဖို့ ကြိုးစားသူကို အကွက်ဆင်ဖမ်းဆီးမှုတစ်ခုဖြစ်တယ်လို့ ယူကရိန်းအာဏာပိုင်တွေက မနေ့မှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

    ဂျာနယ်လစ် အာကာဒီ ဘာ့ဘ်ချန်ကိုတစ်ယောက် မြို့တော်ကိဗ်က နေအိမ်မှာ သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်ခံခဲ့ရပြီး ဆေးရုံကိုပို့ဆောင်စဉ် ကွယ်လွန်ခဲ့တယ်လို့ ယူကရိန်းက အင်္ဂါနေ့မှာ သတင်းထုတ်ခဲ့ပါတယ်။

    ဒါပေမယ့် မနေ့က ယူကရိန်းလုံခြုံရေးအဖွဲ့ရဲ့ သတင်းရှင်းစာလင်းပွဲအတွင်း ဘာ့ဘ်ချန်ကိုတစ်ယောက် အသက်ရှင်လျက် တက်ရောက်ခဲ့ပါတယ်။

    ယူကရိန်းလုံခြုံရေးအကြီးအကဲ ဗာဆီလီ ဟာ့တ်ဆက်က ဘာ့ဘ်ချန်ကိုကို သတ်ဖြတ်မယ့် အစီအစဉ်ကို ကြိုသိနေတဲ့အတွက် လုပ်ကြံမှု အထမြောက်တဲ့ပုံစံမျိုး အထူးစစ်ဆင်ရေးတစ်ခု ဖန်တီးကာ လူသတ်သမားကို အကွက်ဆင်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ရုရှားလုံခြုံရေးအဖွဲ့တွေဟာ ဘာ့ဘ်ချန်ကိုကိုသတ်ဖြတ်ဖို့အတွက် ယူကရိန်းနိုင်ငံသားတစ်ဦးကို ကန်ဒေါ်လာ ၄ သောင်းပေးကာ ခိုင်းစေခဲ့ကြောင်း၊ ကျူးလွန်သူကို ဖမ်းဆီးထားပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြောင် သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဘာ့ဘ်ချန်ကိုက စစ်ဆင်ရေးအသေးစိတ်ကို ထုတ်ပြောမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပြီး သူ့ကိုသတ်မယ့် အစီအစဉ်ကို ယူကရိန်းရဲတပ်ဖွဲ့က လွန်ခဲ့တဲ့ ၂ လလောက်ကတည်းက ကြိုတင်သိရှိခဲ့ကြောင်း၊ ပြီးခဲ့တဲ့တစ်လအရင် စစ်ဆင်ရေးကိစ္စအတွက် သူ့ကို ဆက်သွယ်ခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    ဒီအကွက်ဆင်ဖမ်းဆီးမှုကို ဇနီးဖြစ်သူတောင်မှ သိရှိခြင်းမရှိဘဲ သူ့ကြောင့် စိတ်ထိခိုက်ရသူတွေကို ဘာ့ဘ်ချန်ကိုက တောင်းပန်ခဲ့ပါတယ်။

    ဘာ့ဘ်ချန်ကိုကို သတ်ဖြတ်မှုမှာ ရုရှားပါဝင်တဲ့ဆိုတဲ့သတင်းတွေကို ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗရော့ဗ်က ငြင်းဆိုခဲ့ပြီး ဒါဟာ ရုရှားဆန့်ကျင်ရေး ၀ါဒဖြန့်မှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera