News @ M-Media
Blog
  • စွမ်းအင်ချွေတာရန် မိုက်ခရိုဆော့ဖ်က ဒေတာစင်တာကို ပင်လယ်အောက်ထားရှိကာ စမ်းသပ်
    စွမ်းအင်ချွေတာရန် မိုက်ခရိုဆော့ဖ်က ဒေတာစင်တာကို ပင်လယ်အောက်ထားရှိကာ စမ်းသပ်
    ဇွန် ၆၊ ၂၀၁၈
    M-Media
    – စွမ်းအင်သုံးစွဲမှု ချွေတာနိုင်မလားဆိုတာကို စမ်းသပ်ဖို့အတွက် မိုခရိုဆော့ဖ်ဟာ သူတို့ရဲ့ ဒေတာစင်တာတစ်ခုကို စကတော့တလန်က ပင်လယ်အောက်မှာ မြှုပ်ထားလိုက်ပါတယ်။
    ကွန်ပျူတာဆာဗာအတွဲတွေကို ရေလုံတဲ့ သေတ္တာတစ်ခုထဲမှာထည့်ကာ အောရ်ကနီကျွန်းက ပင်လယ်အောက်မှာ ၅ နှစ်အထိ မြှုပ်ထားမှာ ဖြစ်ပါတယ်။ ဒေတာစင်တာအတွက် စွမ်းအင်ကို ကမ်းခြေက ပြည့်ဖြိုးမြဲရင်းမြစ်တွေကနေရယူမှာပါ။
    ဒေတာစင်တာကို ရေအောက်မှာထားရှိရတဲ့ အဓိကရည်ရွယ်ချက်က ဆာဗာတွေ အအေးပေးရတဲ့ အခြေအနေကို လျှော့ချဖို့ ဖြစ်ပါတယ်။
    “မြေပေါ်မှာထက် ရေအောက်မှာထားတာက အအေးပေးစနစ်ကို ပိုကောင်းမယ်လို့ ကျွန်တော်တို့ တွက်တာပါ။ နောက်တစ်ခုက စင်တာထဲမှာ လူမရှိတာကြောင့် လေထုထဲကနေ အောက်ဆီဂျင်တွေ၊ ရေငွေ့တွေအားလုံးကို ရရှိနိုင်ပြီး ဒါဟာ ဒေတာစင်တာတွေရဲ့ အဓိကပြသနာဖြစ်တဲ့ ဆွေးမြေ့မှုကို လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်” လို့ မိုက်ခရိုဆော့ဖ်ရဲ့ Project Natick လို့ခေါ်တဲ့ ဒီစီမံကိန်းကို ဦးဆောင်သူ ဘန် ကက်တလာက ပြောကြားခဲ့ပါတယ်။
    ရေအောက်ထဲထည့်ထားတာကြောင့် ဆာဗာတွေ ပျက်ဆီးသွားရင် ပြင်ဖို့မလွယ်ပေမယ့် မြေပြင်ပေါ်မှာထက်စာရင် ပျက်တာနည်းမယ်လို့လည်း မျှော်လင့်ထားပါတယ်။
    အခုရေအောက်ထဲနှစ်မြှုပ်ထားတဲ့ ဒေတာစင်တာဟာ ကမ္ဘာ့အချက်အလက် သိမ်းဆည်းမှုနဲ့ယှဉ်ရင် တော်တော်လေး သေးငယ်ပေမယ့် ရုပ်ရှင် ၅ သန်းလောက်ကို သိမ်းထားနိုင်တဲ့အထိ ဆံ့ပါတယ်။
    ရေအောက်ဒေတာစင်တာအစီအစဉ်ကို ၂၀၁၅ ခုနှစ်မှာ မိုက်ခရိုဆော့ဖ်က ၅ လလောက် စမ်းသပ်ခဲ့ဖူးပါတယ်။
    ဒေတာစင်တာကို ရေထဲနှစ်မြှုပ်ထားမယ့် မိုက်ခရိုဆော့ဖ်ရဲ့အစီအစဉ်ဟာ အကုန်အကျများပြီး ဆာဗာတွေ ထည့်မယ့် သေတ္တာကို ပြင်သစ်သင်္ဘောကုမ္ပဏီတစ်ခုထံကနေ မှာယူရသလို၊ ရေအောက် ဓာတ်အားပေးကြိုး သွယ်တန်းဖို့၊ ဒီဒေတာစင်တာကို စကော့တလန်ရောက်အောင် ပို့ဆောင်ဖို့အတွက် ငွေကြေးအမြောက်အများ သုံးစွဲခဲ့ရပါတယ်။
    Ref: BBC
  • ၀န်ကြီးချုပ်နှင့် ဆက်နွယ်သည့် ရုပ်သံလုပ်ငန်းကို သီရိလင်္ကာသမ္မတက ပိတ်ပစ်
    ဇွန် ၆၊ ၂၀၁၈
    M-Media
    – ၀န်ကြီးချုပ် Ranil Wickremesinghe ရဲ့မိသားစု ပိုင်ဆိုင်တဲ့ ရုပ်သံလုပ်ငန်းတစ်ခုကို သီရိလင်္ကာအစိုးရက ပိတ်သိမ်းခိုင်းခဲ့ပြီး သမ္မတနဲ့ ၀န်ကြီးချုပ်တို့ကြား အာဏာပြိုင်ဆိုင်မှု ဆိုးဝါးလာတဲ့ လက္ခဏာ ဖြစ်ပါတယ်။
    Telshan Network လို့အမည်ပေးထားတဲ့ အဲဒီ မီဒီယာလုပ်ငန်းဟာ ပြီးခဲ့ပြီး ရက်အနည်းငယ်က သမ္မတ Maithripala Sirisena ကို ဝေဖန်ခဲ့ပြီး မီဒီယာကန့်သတ်ချုပ်ချယ်မှု ဖယ်ရှားပေးမယ်ဆိုတဲ့ကတိ မတည်ဘူးလို့ ဖော်ပြခဲ့တာပါ။
    Sirisena နဲ့ ၀န်ကြီးချုပ် Ranil တို့ဟာ မဟာမိတ်ပြုကာ အစိုးရဖွဲ့ထားတာဖြစ်ပြီး Sirisena က ဆက်သွယ်ရေး ၀န်ကြီးဌာနကို ကြီးကြပ်ရတာဖြစ်ပါတယ်။ ၀န်ကြီးချုပ်နဲ့ဆက်နွယ်တဲ့ ရုပ်သံလုပ်ငန်းကို အခုလို ပိတ်ပစ်လိုက်မှုက သူတို့နှစ်ဦကြားမှာ အကွဲအပြဲကို ပိုမိုထင်ရှားလာစေခဲ့ပါတယ်။
    Telshan Network လုပ်ငန်းကို Ranil ရဲ့ အကြီးဆုံးအကိုဖြစ်သူက ပိုင်ဆိုင်တာဖြစ်ပြီး လိုင်စင်ကြေး မသာမာမှုလုပ်တယ်ဆိုတဲ့ စွဲချက်နဲ့ ပိတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ရုပ်သံလုပ်ငန်းကတော့ ဒီစွဲချက်ကို ငြင်းဆိုခဲ့ပြီး ပေးစရာရှိတာတွေအားလုံး ပေးထားတယ်လို့ ဆိုပါတယ်။
    သီရိလင်္ကာ မီဒီယာဆိုင်ရာဝန်ကြီး Mangala Samaraweera က ဒီလို ပိတ်ပင်မှုဟာ လက်ခံနိုင်စရာမဟုတ်ဘူးလို့ ဝေဖန်ခဲ့ပြီး ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ ဘာမှမသိရဘူးလို့ ဆိုပါတယ်။
    ဒါဟာ သမ္မတ Sirisena က ရုပ်သံလုပ်ငန်းတစ်ခုကို ပထမဆုံး ဆင်ဆာပိတ်တာဖြစ်ပါတယ်။ လန်ဒန်အခြေစိုက် Lanka E News က Sirisena ရဲ့ရုံးမှာ ခြစားမှုတွေ ရှိတယ်ဆိုတဲ့သတင်းကို ဖော်ပြခဲ့ပြီးတဲ့နောက် ပြီခဲ့တဲ့နှစ် နိုဝင်ဘာလမှာ အဲဒီ သတင်းဝဘ်ဆိုက် ၀င်ရောက်ကြည့်ရှုခွင့်ကို သီရိလင်္ကာအစိုးရက ပိတ်ပင်ခဲ့ပါတယ်။
    Ref: Alarabiya
  • ဂွါတီမာလာတွင် မီးတောင်လှုပ်ရှားမှုကြောင့် သေဆုံးသူ ၇၀ ကျော်လာ
    ဂွါတီမာလာတွင် မီးတောင်လှုပ်ရှားမှုကြောင့် သေဆုံးသူ ၇၀ ကျော်လာ
    ဇွန် ၆၊ ၂၀၁၈
    M-Media
    – တနင်္ဂနွေနေ့က Fuego မီးတောင် လှုပ်ရှားမှုကြောင့် သေဆုံးသူအရေအတွက်ဟာ ၇၅ ဦးအထိရှိလာပြီး ပျောက်ဆုံးသူက ၂၀၀ နီးနီးလောက် ရှိတယ်လို့ ဂွါတီမာလာအစိုးရက မနေ့မှာ ကြေငြာခဲ့ပါတယ်။
    အဲဒီမီးတောင်ဟာ နှစ် ၄၀ အတွင်း ပထမဆုံးအကြိမ် လှုပ်ခတ်ခဲ့တာဖြစ်ပြီး အင်္ဂါနေ့က နောက်ထပ်တစ်ကြိမ် ထပ်လှုပ်ခဲ့တာကြောင့် နိုင်ငံရဲ့ ဘူမိဗေဒဌာန Insivumeh က အမြင့်ဆုံးသတိပေးချက် ထုတ်ပြန်ထားပါတယ်။
    မီးတောင်ကထွက်လာတဲ့ ချော်ရည်ပူတွေဟာ ပတ်ဝန်းကျင်တစ်ဝိုက်မှာ ဖုံးလွှမ်းသွားခဲ့ပြီး ပြာတွေ၊ မီးခိုးတွေဟာ အဆိုးဝါဆုံးခံစားရတဲ့ ဒေသကနေ ကီလိုမီတာ ၃၀ ကွာဝေးတဲ့ မြို့တော် ဂွါတီမာလာစီးတီးအပါအ၀င် ဒေသတော်တော်များများအထိ ရောက်ရှိခဲ့ပါတယ်။
    ဂွါတီမာလာသမ္မတ ဂျင်မီ မိုရာလက်စ်က တည်တည်ငြိမ်ငြိမ်ရှိကြဖို့ မနေ့က ပြည်သူတွေကို တိုက်တွန်းခဲ့ပါတယ်။
    ပျောက်ဆုံးသူဟာ ၁၉၂ ဦး ရှိနေပြီး မီးတောင်တစ်ဝိုက်က ဒေသခံတွေကိုလည်း ပြောင်းရွှေ့ပေးထားရပါတယ်။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပေမယ့် အခြေအနေက ဆိုးရွားဆဲဖြစ်တာကြောင့် လုပ်ငန်းမတွင်ကျယ်ဖြစ်နေတယ်လို့လည်း အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။
    Ref: Aljazeera
  • ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာသတင်းများ
    ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာသတင်းများ
    ဇွန် ၆၊ ၂၀၁၈
    M-Media
    ပဲရစ်ကိုရောက်လာသည့် နေတန်ယာဟုကို ပြင်သစ်ပြည်သူများ ဆန္ဒပြ
    =============
    မနေ့က ပဲရစ်မြို့ကို ရောက်ရှိလာတဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို ရာနဲ့ချီတဲ့ ပြင်သစ်ပြည်သူတွေက ဆန္ဒပြခဲ့ပြီး စစ်ရာဇ၀တ်ကောင်အဖြစ်လည်း ခေါ်ဝေါ်သမုတ်ခဲ့ကြပါတယ်။ နေတန်ယာဟုဟာ အီရန်ကို ဆန့်ကျင်ရေး ပြင်သစ်သမ္မတကို ဆွယ်ဖို့၊ ပြင်သစ်-အစ္စရေး ယဉ်ကျေးမှုနဲ့ သိပ္ပံဆိုင်ရာ စီမံကိန်း ဖွင့်လှစ်ဖို့အတွက် ပဲရစ်ကို ရောက်ရှိလာတာဖြစ်ပါတယ်။ ဆန္ဒပြသူတွေက ပါလက်စတိုင်းအတွေအပေါ် အစ္စရေးက ဖိနှိပ်မှု၊ သတ်ဖြတ်မှုတွေနဲ့ ဂါဇာကမ်းမြှောင်မှာ အစ္စရေးစစ်တပ်ရဲ့ လုပ်ရပ်တွေကို ရှုတ်ချခဲ့ကြပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်မှာ အစ္စရေးလက်ချက်ကြောင့် သေဆုံးသွားတဲ့ အသက် ၂၁ နှစ်အရွယ် ပါလက်စတိုင်းသူနာပြုရဲ့ ဓာတ်ပုံတွေကိုလည်း ဆန္ဒပြသူတွေက ကိုင်ဆောင်ခဲ့ကြပါတယ်။
    ကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲ ဆန်တိုးဆားဟိုတယ်တွင် ပြုလုပ်မည်
    ==========
    ဇွန်လ ၁၂ ရက်နေ့ ထရမ့်နဲ့ ကင်ဂျုံအွန်တို့ရဲ့ ထိပ်သီးအစည်းအဝေးကို စင်ကာပူ ဆန်တိုးဆားကျွန်းက Capella ဟိုတယ်မှာ ပြုလုပ်သွားမယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဆာရာ ဆန်းဒါးစ်က မနေ့မှာ ပြောကြားလိုက်ပါတယ်။ ထရမ့်က ကင်ဂျုံအွန်နဲ့ တွေ့ဆုံဖို့ ဆွေးနွေးမှုတွေ၊ ဆက်ဆံရေးတွေဟာ တော်တော်လးကောင်းမွန်နေတယ်လို့ မနေ့မှာ သတင်းထာက်တွေကို ပြောကြားခဲ့ပါတယ်။ ဆန်းဒါးစ်က စင်ကာပူနိုင်ငံရဲ့ ဖော်ရွေပျူငှာမှုအတွက် ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။
    ရွေးကောက်ပွဲကော်မရှင်အရာရှိများကို အီရတ်က ပြည်ပထွက်ခွင့်ပိတ်
    ===============
    ရွေးကောက်ပွဲကော်မရှင်က အကြီးတန်းတာဝန်ရှိသူတွေအားလုံး နိုင်ငံခြားထွက်ခွင့်ကို ပိတ်ပင်လိုက်ပြီး လတ်တလောရွေးကောက်ပွဲမှာ အန္တရာယ်ရှိတဲ့ ဥပဒေချိုးဖောက်မှုတွေ ရှိခဲ့တယ်လို့ ၀န်ကြီးချုပ် ဟိုက်ဒါ အလ် အာဘာဒီက ပြောကြားလိုက်ပါတယ်။ မေလ ၁၂ ရက်နေ့ရွေးကောက်ပွဲမှာ ရှီအာခေါင်းဆောင် မွတ်က်တာဒါ အ
    လ်-ဆဒါရ်ရဲ့ Sairoon မဟာမိတ်အဖွဲ့ အနိုင်ရခဲ့ပြီး အာဘာဒီရဲ့ al-Nasr Alliance ကတော့ တတိယမဲအများဆုံးသာ ဖြစ်ခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ မသမာမှုတွေရှိတယ်ဆိုတဲ့ သတင်းတွေကြောင့် နိုင်ငံတစ်ဝှမ်း မဲပုံး ၅၃၀၀၀ က ၁၀၂၁ ပုံးကို ပယ်ဖျက်ကြောင်း ကော်မရှင်က ပြီးခဲ့တဲ့တစ်ပတ်မှာ ကြေငြာခဲ့ပါတယ်။ အာဘာဒီကတော့ ကော်မရှင်ကအသုံးပြုခဲ့တဲ့ အီလက်ထရောနစ် မဲရေတွက်စက် ပြဿနာကြောင့် ကော်မရှင် တာဝန်ရှိသူအချို့ကို ရာဇ၀တ်မှုနဲ့ တရားစွဲသွားမယ်လို့ ဆိုပါတယ်။
    ပိတ်ဆို့မှုပယ်ဖျက်ပေးရန် အီးယူကို ရုရှားတောင်းဆို
    ================
    ရုရှားအပေါ် ပြုလုပ်ထားတဲ့ ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးဖို့အတွက် သမ္မတပူတင်က ဥရောပသမဂ္ဂကို တောင်းဆိုလိုက်ပြီး ဒီလိုလုပ်တာဟာ နိုင်ငံရေးပြဿနာတွေကို ဘယ်လိုမှ မဖြေရှင်းနိုင်ဘူးလို့ ဆိုပါတယ်။ ယူကရိန်းအရှေ့ပိုင်းမှာ ၂၀၁၄ ခုနှစ်ကတည်းကစတင်ခဲ့တဲ့ ရုရှားစကားပြောသူတွေ ခွဲထွက်ရေးပြဿနာ ဖြေရှင်းဖို့အတွက် ဥရောက ကမကထပြုတဲ့ Minsk သဘောတူညီချက်ကို ချိုးဖောက်တယ်လို့ အီးယူက ရုရှားကို စွပ်စွဲထားတာပါ။ ဒီပြဿနာဟာ ယူကရိန်းပိုင် ခရိုင်းမီးယားကျွန်းဆွယ် ရုရှားနဲ့ ပူးပေါင်းသွားပြီးနောက်ပိုင်း ပေါ်ထွက်လာတာလည်း ဖြစ်ပါတယ်။
    Ref: Aljazeera, CNA, Press TV
  • ဂျေရုစလင်တွင် အစ္စရေးနှင့်ခြေစမ်းမည့် အစီအစဉ်ကို အာဂျင်တီးနား ဖျက်သိမ်း
    ဂျေရုစလင်တွင် အစ္စရေးနှင့်ခြေစမ်းမည့် အစီအစဉ်ကို အာဂျင်တီးနား ဖျက်သိမ်း
    ဇွန် ၆၊ ၂၀၁၈
    M-Media
    – နိုင်ငံတကာအသိုင်းအ၀ိုင်းက ဝေဖန်ဆန့်ကျင်မှုတွေ မြင့်တက်လာတဲ့အတွက် ဂျေရုစလင်မှာ အစ္စရေးနဲ့ကစားမယ့် ချစ်ကြည်ရေးပွဲကို အာဂျင်တီးနားလက်ရွေးစင်အသင်းက ရပ်ဆိုင်းလိုက်ပါတယ်။
    အဲဒီပွဲကို လာမယ့်စနေနေ့မှာ ကစားဖို့ စီစဉ်ထားတာဖြစ်ပြီး ပြိုင်ပွဲကျင်းမယ့် Teddy အားကစားကွင်းဟာ ၁၉၄၈ ခုနှစ်မှာ အစ္စရေးက ကျူးကျော်သိမ်းပိုက်ခဲ့တဲ့ ပါလက်စတိုင်းရွာတစ်ခုပေါ်မှာ တည်ဆောက်ထားတာဖြစ်ပါတယ်။
    အခုလာမယ့် ရုရှားကမ္ဘာ့ဖလားမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အာဂျင်တီးနားအသင်းဟာ ၁၉၈၆ ခုနှစ်ကတည်းက ကမ္ဘာ့ဖလားအကြို ခြေစမ်းပွဲအဖြစ် အစ္စရေးကို ၄ ကြိမ်တိုင်တိုင် လာရောက်ကစားခဲ့ဖူးပါတယ်။
    အာဂျင်တီးနားဘောလုံးအသင်းက ကစားမယ့်အစီအစဉ်ကို ရပ်ဆိုင်းလိုက်တယ်လို့ သတင်းထွက်ခဲ့ပြီးတဲ့နောက် ၀န်ကြီးချုပ်နေတန်ယာဟုဟာ အာဂျင်တီးနားသမ္မတ မောင်ရီစီယို မက်ရီနဲ့ ဖုန်းစကားပြောဖွယ်ရှိနေတယ်လို့ အစ္စရေးမီဒီယာတွေက ဖော်ပြပါတယ်။
    အာဂျင်တီးနားဆိုင်ရာ ပါလက်စတိုင်းသံအမတ် ဟူစနီ အဘ်ဒဲလ် ၀ါဟစ်က ဒီချစ်ကျည်ရေးပွဲကို ဆန့်ကျင်ကြောင်း ပြောကြားခဲ့ပါတယ်။
    “ဒီပွဲဟာ မာလ်ဗီနက်စ်ဒေသ သိမ်းပိုက်ခံရမှုကို အောင်ပွဲခံသလိုမျိုး ဖြစ်ပါတယ်” လို့ အင်္ဂလိမ်းက သိမ်းထားတဲ့ အာဂျင်တီးနားပိုင် ဖောက်ကလန်ကျွန်းကို ပမာပေးပြီး မနေ့က ပြောကြားခဲ့ပါတယ်။
    “ကျူးကျော်သိမ်းပိုက်ခံထားရတဲ့ ကျွန်တော်တို့မြေမှာ ကစားမှာဖြစ်တဲ့အတွက် ဒီဟာကို လက်မခံနိုင်ပါဘူး။ နိုင်ငံတကာဥပဒေ ချိုးဖောက်မှုကို ပါလက်စတိုင်းတွေနဲ့ အာရပ်တွေချစ်တဲ့ အသင်းတစ်သင်းက အားပေးအားမြှောက်ပြုတာကိုမြင်ရတာ နာကျင်စရာပါပဲ”
    Ref: Aljazeera