News @ M-Media
Blog
  • အင်္ဂါနေ့ ဘောလုံးသတင်းများ
    အင်္ဂါနေ့ ဘောလုံးသတင်းများ
    ဇွန် ၅၊ ၂၀၁၈
    M-Media
    အင်္ဂလိန် ထိပ်သီးကလပ်တွင် လုပ်ခ ၁ ပေါင်တည်းဖြင့် ကစားရန် ယာယာတိုးယေး ဆန္ဒရှိ
    ==============
    မန်စီးတီးကွင်းလယ်လူဟောင်း ယာယာတိုးယေးဟာ ပရီးမီးယားလိဂ် ထိပ်သီးအသင်း ၆ သင်းက ဘယ်အသင်းမှာမဆို လုပ်ခ ၁ ပေါင်သာယူပြီး ဂွါဒီယိုလာမှားကြောင်း သက်သေပြချင်နေတယ်လို့ သူ့ရဲ့ အေးဂျင့်က ပြောကြားလိုက်ပါတယ်။ ဘာစီလိုနာမှာ ဂွါဒီယိုယာလက်ထက်က မန်စီးတီးကို ရောင်းထုတ်ခံလိုက်ရတဲ့ တိုးယေးဟာ မန်စီးတီးကို ဂွါဒီယိုလာ ရောက်လာချိန်မှာလည်း နေရာပျောက်ခဲ့ပါတယ်။ ဒါ့ကြောင့် လာမယ့်ရာသီမှာ အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။ အေးဂျင့် ဆီလုက်က တိုးယေးကို ကမ်းလှမ်းထားတဲ့အသင်း တော်တော်များများ ရှိနေပေမယ့် တိုးယေးကတော့ မန်ယူအပါအ၀င် ပရီးမီးယားလိဂ် ထိပ်တန်းအသင်းတွေမှာ လုပ်ခ ၁ ပေါင်တည်းနဲ့ ကစားပေးဖို့ အဆင်သင့်ဖြစ်နေကြောင်း ကြေငြာခဲ့ပါတယ်။
    ရီးယဲလ်တိုက်စစ်မှူးရော်နယ်ဒို လက်ရှိလစာထက် သန်း ၃၀ ပိုလိုချင်နေ
    ============
    ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုဟာ အသင်းမှာ ဆက်ရှိနေဖို့အတွက် တစ်နှစ်လစာ ယူရို ၇၅ သန်းလောက် လိုချင်နေတယ်လို့ သတင်းတွေ ထွက်လာပါတယ်။ ချန်ပီယံလိဂ် ဗိုလ်လုပွဲပြီးတဲ့နောက် ရော်နယ်ဒိုက သူဟာ အသင်းကနေ ထွက်ခွာဖွယ်ရှိတယ်လို့ အရိပ်အမြွက် ပြောကြားခဲ့တာပါ။ အခုတောင်းဆိုတယ်ဆိုတဲ့ပမာဏဟာ လက်ရှိလစာထက် ယူရို သန်း ၃၀ ပိုများနေသလို သူ အသက် ၃၉ နှစ်အရွယ် ၂၀၂၄ ခုနှစ်အထိ သက်တမ်းရှိမယ့် ၆ နှစ်တာ စာချုပ်သစ်ကိုလည်း ရော်နယ်ဒိုက ချုပ်ဆိုချင်နေပါတယ်။
    တိုက်စစ်မှူး မိုဟာမက် ဆာလာဟ် ကမ္ဘာ့ဖလား အီဂျစ်လူစာရင်းတွင် ပါဝင်လာ
    ==============
    ပြီးခဲ့တဲ့လ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပုခုံးဒဏ်ရာရပြီး အနားယူနေရတဲ့ တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်ဟာ မနေ့ကထုတ်ပြန်တဲ့ အီဂျစ်အသင်းရဲ့ ကမ္ဘာ့ဖလား လူစာရင်းမှာ ပါဝင်လာပါတယ်။ လီဗာပူးလ်အသင်း ဆေးအဖွဲ့ဝင်တစ်ဦးက ဆာလာဟ်ဟာ ၃၊ ၄ ပတ်လောက် နားရမယ်လို့ ပြောကြားထားပြီး ဇွန်လ ၂၅ ရက်နေ့ကစားမယ့် ဆော်ဒီနဲ့ အုပ်စုပွဲမှာ ပါဝင်လာနိုင်ဖွယ် ရှိနေပါတယ်။ ဆာလာဟ်ကတော့ သူ ဂျင်မ်ကစားနေတဲ့ပုံကို တနင်္ဂနွေနေ့က ဆိုရှယ်မီဒီယာမှာ လွှင့်တင်ခဲ့ပြီး ‘ပျော်နေတယ်’ လို့ ရေးသားခဲ့ပါတယ်။
    Ref: Goal, BBC
  • အီသီယိုးပီးယားတွင် ခရစ်ယာန်သင်းအုပ်ဆရာတစ်ဦး နှစ်ခြင်းခံစဉ် မိကျောင်းကိုက်သေဆုံး
    အီသီယိုးပီးယားတွင် ခရစ်ယာန်သင်းအုပ်ဆရာတစ်ဦး နှစ်ခြင်းခံစဉ် မိကျောင်းကိုက်သေဆုံး
    ဇွန် ၆၊ ၂၀၁၈
    M-Media
    – အီသီယိုးပီးယားနိုင်ငံ တောင်ပိုင်းမှာ ပရိုတက်စတင့် သင်းအုပ်ဆရာတစ်ဦးဟာ ရေကန်ကြီးတစ်ခုထဲ နှစ်ခြင်းခံမင်္ဂလာအခမ်းအနား ပြုလုပ်နေစဉ်အတွင်း မိကျောင်းကိုက်ခံရမှုကြောင့် သေဆုံးသွားပါတယ်။
    မာရ်ကဘ် တဘ်ယာခရိုင်က မင့်ခ်ျမြို့မှာရှိတဲ့ အဘာယာကန်ကြီးထဲမှာ တနင်္ဂနွေနေ့မနက်ပိုင်းက လူ ၈၀ ကို နှစ်ခြင်းခံပေးနေတဲ့အချိန် မိကျောင်းတစ်ကောင်ပေါ်လာကာ သင်းအုပ်ဆရာ ဒိုချို အက်စ်ဟီတီကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
    အက်ဟီတီဟာ ခြေထောက်၊ ကျောကုန်းနဲ့ လက်တွေကို အကိုက်ခံခဲ့ရပြီး သေဆုံးခဲ့တာပါ။
    “ပထမဆုံးလူကို နှစ်ခြင်းခံပြီး ဒုတိယလူဆီ သွားတဲ့အချိန်မှာ ရုတ်တရက် မိကျောင်းက ထွက်လာပြီး သင်းအုပ်ဆရာကို ကိုက်ဆွဲခဲ့တာပါ” လို့ ဒေသခံတစ်ဦးက ပြောကြားခဲ့ပါတယ်။
    ရေလုပ်သားတွေ၊ ဒေသခံတွေက သင်းအုပ်ဆရာကို ကယ်တင်ဖို့အတွက် အစွမ်းကုန်ကြိုးစားခဲ့ပေမယ့် အရာမထင်ခဲ့ဘဲ မိကျောင်းကလည်း လွတ်မြောက်သွားခဲ့ပါတယ်။
    Ref: BBC
  • အီရန်က ယူရေနီယံသန့်စင်မှု တိုးမြှင့်လုပ်ဆောင်မည်
    အီရန်က ယူရေနီယံသန့်စင်မှု တိုးမြှင့်လုပ်ဆောင်မည်
    ဇွန် ၅၊ ၂၀၁၈
    M-Media
    – ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ ရရှိထားတဲ့ သဘောတူညီချက်ဘောင်ထဲကနေ မိမိတို့ဟာ ယူရေနီယံ သန့်စင်မှုကို တိုးမြှင့်လုပ်ဆောင်သွားဖို့ ရှိနေတယ်လို့ အီရန်နျူစွမ်းအင် အေဂျင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဘီရုဇ် ကမာလ်ဗန်ဒီက ပြောကြားလိုက်ပါတယ်။
    ဒီလုပ်ငန်း စတင်လုပ်ဆောင်ဖို့အတွက် နိုင်ငံတကာ နျူစွမ်းအင်အေဂျင်စီ IAEA ကို အီရန်က ဒီကနေ့မှာ စာပို့ အကြောင်းကြားသွားမှာပါ။
    ကမာလ်ဗန်ဒီက အဓိပတိ အယာတိုလာ ခါမေနီဟာ နိုင်ငံရဲ့ နျူကလီးယား လုပ်နိုင်စွမ်းကို ရှေ့ဆက်ဖို့အတွက် လိုအပ်တဲ့ သဘောတူညီချက်တွေ ရယူဖို့ အမိန့်ပေးခဲ့ပြီး ဒီလုပ်ငန်းတွေဟာ ၂၀၁၅ ခုနှစ်မှာ အင်အားကြီး ၆ နိုင်ငံနဲ့ ရရှိခဲ့တဲ့ နျူသဘောတူညီချက်အတိုင်းသာ ဖြစ်စေဖို့ သတိပေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
    မနေ့ကမိန့်ခွန်းမှာ ခါမေနီက အီရန်ရဲ့ နျူအင်အားကို ကန့်သတ်ထားပြီး၊ စီးပွားရေးပိတ်ဆို့မှုဒဏ်ကိုလည်း ခံရမယ်ဆိုရင် ဒီလိုအခြေအနေကို လက်ခံမှာမဟုတ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    နျူသဘောတူညီချက်အရ အီရန်ဟာ သူတို့ရဲ့ ယူရေနီယံသန့်စင်မှု ပမာဏကို ၂၀ ရာခိုင်နှုန်းကနေ ဓာတ်အားထုတ်လုပ်နိုင်တဲ့ ၃.၆၇ ရာခိုင်နှုန်းအထိ လျှော့ချပေးရမှာ ဖြစ်ပါတယ်။ သန့်စင်မှုပမာဏ ၉၀ ရာခိုင်နှုန်းရောက်လာရင် လက်နက်ထုတ်လုပ်နိုင်မှာပါ။
    အီရန်ဟာ သဘောတူညီချက်အတိုင်း လိုက်နာဆောင်ရွက်နေတယ်လို့ IAEA က ပြောထားပေမယ့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သဘောတညီချက်ကနေ နှုတ်ထွက်ကြောင်း မေလ ၈ ရက်နေ့မှာ ကြေငြာခဲ့ပြီး အီရန်အပေါ် ပိတ်ဆို့မှုတွေ ဆက်လုပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
    သဘောတူညီချက်မှာ ပါဝင်တဲ့ အခြားအင်အားကြီးနိုင်ငံတွေကတော့ စာချုပ်အတိုင်း ဆက်သွားမယ်လို့ ကြေငြာထားပါတယ်။
    Ref: Aljazeera
  • ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
    ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
    ဇွန် ၅၊ ၂၀၁၈
    M-Media
    သတင်း- မိုးစက်
    ဓာတ်ပြားအဆိုရှင်တစ်ဦး ဖြစ်ပြီး သီချင်းပေါင်း (၆၀) ကျော်လောက်ကို သီဆိုခဲ့တဲ့
    တေးသံရှင် ဒေါ်မာမာဝေ အသက် (၉၃) နှစ်မှာ ယနေ့ နေ့လည်(၂) နာရီခန့်က
    ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။
    ၁၉၅၀ ခုနှစ်လောက်မှာ ဂီတလောကထဲကို စတင်ဝင်ရောက်လာခဲ့ပြီး
    ရွှေမိုးလေးကညိုတယ်၊ ရွှေမိုး၊ ဝေဝေ၊ အောင်၊ ဟန်နီး၊ သနားမေတ္တာ၊ လူထုမေတ္တာ၊
    စပါယ်ရုံ၊ အပျင်းပြေ၊ နွယ်နီနတ်ပန်း အစရှိတဲ့ သီချင်းတွေကို သီဆိုခဲ့ပြီး
    ဓာတ်ပြား (၁၀) ချပ် သီဆိုခဲ့တာဖြစ်ပါတယ်။
    ၁၉၅၃ ခုနှစ်မှာ အိမ်ထောင်ပြုခဲ့ပြီး သားသမီးနှစ်ဦး မွေးဖွားခဲ့ပါတယ်။
    အသက်(၃၀) ကျော်မှာတော့ ဂီတလောကမှ အနားယူခဲ့တာလည်း နြဖစ်ပါတယ်။
    မြန်မာနိုင်ငံဂီတအစည်းအရုံးအဖွဲ့ဝင် သက်ကြီးကန်တော့ခံ ဂီတအနုအပညာရှင်
    တစ်ဦးလည်း ဖြစ်ပါတယ်။
    မကွယ်လွန်မီအချိန်အထိ လှိုင်မြို့နယ် (၁၀) ရပ်ကွက် မှာ မိသားစုနဲ့အတူ နေထိုင်ခဲ့တာ
    လည်းဖြစ်ပါတယ်။
    အဆိုကျော် ဒေါ်မာမာဝေအကြောင်း ပိုစ်များဖတ်ရန်
    ———————————–
    တခေတ်တခါက ဓာတ်ပြားခေတ် အဆိုကျော် ဒေါ်မာမာဝေ
    http://www.m-mediagroup.com/news/68975
    မြန်မာသံစဉ် တေးသံရှင် လူငယ်များ ပေါ်ထွန်းစေလိုသည့် ဓာတ်ပြားခေတ် အဆိုကျော် ဒေါ်မာမာဝေ
    http://www.m-mediagroup.com/news/41770
  • ပြည်သူများ၏ ဆန္ဒပြမှုကြောင့် ဂျော်ဒန်တွင် အစိုးရအပြောင်းအလဲဖြစ်
    ပြည်သူများ၏ ဆန္ဒပြမှုကြောင့် ဂျော်ဒန်တွင် အစိုးရအပြောင်းအလဲဖြစ်
    ဇွန် ၆၊ ၂၀၁၈
    M-Media
    ဂျော်ဒန်ဝန်ကြီးချုပ်သစ် အိုမာရ် အလ်-ရာဇတ်
    – ပြီးခဲ့တဲ့ရက်တွေမှာ ပြည်သူတွေရဲ့ ဆန္ဒပြမှု ဆက်တိုက်ဖြစ်ပေါ်လာခဲ့ပြီးတဲ့နောက် ဂျော်ဒန်ဘုရင် အဘ်ဒူလာ ၂ ဟာ ၀န်ကြီးချုပ်သစ်ကို ဒီကနေ့မှာ ခန့်အပ်လိုက်ပြီး အစိုးရသစ်ဖွဲ့စည်းဖို့ တာဝန်ပေးခဲ့တယ်လို့ ဂျော်ဒန်နန်းတော်က ကြေငြာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
    နိုင်ငံအတွင်း ကုန်ဈေးနှုန်းနဲ့ နေထိုင်စားရိတ် ကြီးမြင့်လာတာ၊ လွှတ်တော်က ၀င်ငွေခွန် တိုးကောက်မယ့် ဥပဒေမူကြမ်းတစ်ခုကို အတည်ပြုဖို့ လုပ်လာတာကြောင့် ဂျော်ဒန်ပြည်သူတွေဟာ ပြီးခဲ့တဲ့တစ်ပတ်ကစပြီး မြို့တော် အမ်နန်နဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ကာ အခွန်မူကြမ်းကို ပယ်ဖျက်ဖို့၊ ၀န်ကြီးချုပ် ဟာနီ အလ်-မူလ်ကီ နှုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
    ဒီနေ့ခန့်အပ်လိုက်တဲ့ ၀န်ကြီးချုပ်သစ်ဟာ အိုမာရ် အလ်-ရာဇတ်ဆိုသူဖြစ်ပြီး ကမ္ဘာ့ဘဏ်က စီးပွားရေးပညာရှင်ဟောင်းတစ်ဦးဖြစ်ပါတယ်။ အလ်-ရာဇတ်ဟာ ဂျော်ဒန်ပညာရေးဝန်ကြီးလည်းဖြစ်ပြီး ဂျော်ဒန်ပြည်သူတွေက လက်ခံနိုင်မယ့် သူဖြစ်တယ်လို့ ဆိုပါတယ်။
    မနေ့ကညနေပိုင်းက ဘုရင်အဘ်ဒူလာဟာ နန်းတော်ရဲ့ တရားဝင် Twitter အကောင့်ကနေ လက်ရှိ တိုင်းပြည်က ရင်ဆိုင်နေရတဲ့ ပြဿနာတွေအကြောင်းကို ရေးသားခဲ့ပါတယ်။
    ပတ်ဝန်းကျင်နိုင်ငံတွေက ပြဿနာကြောင့် ဂျော်ဒန်ရဲ့ပို့ကုန်တွေ ကျဆင်းတာ၊ နယ်စပ်ဒေသတွေမှာ လုံခြုံရေးအတွက် ကုန်ကျစားရိတ်ပိုလာတာ၊ ဆီးရီးယားဒုက္ခသည်တွေအတွက် နိုင်ငံတကာရဲ့ အကူအညီပေးမှု ကျဆင်းလာတာ၊ မမျှော်လင့်ထားတဲ့ စီးပွားရေးနဲ့ ဒေသတွင်းအပြောင်းအလဲ ဖြစ်လာတာတွေကြောင့် တိုင်းပြည်စီးပွားရေးဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရကြောင်း၊ လတ်တလော ထိထိရောက်ရောက် ဖြေရှင်းနိုင်မယ့် အစီအစဉ်မရှိသေးကြောင်း ဘုရင်က ထည့်သွင်းရေးသားခဲ့ပါတယ်။
    ဆန္ဒပြသူတွေကတော့ အစိုးရဲ့ စနစ်တွေ၊ နည်းလမ်းတွေ လုံးဝ ပြောင်းလဲသွားတဲ့အထိ ဆန္ဒပြမှုကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
    Ref: Aljazeera