News @ M-Media

Blog

  • ဂျော်ဂျီယာပိုင်နက်များကို သိမ်းပိုက်ရန် ရှရှား စဥ်းစားနေပြီ

    ဂျော်ဂျီယာပိုင်နက်များကို သိမ်းပိုက်ရန် ရှရှား စဥ်းစားနေပြီ

    သြဂုတ် ၂၃၊ ၂၀၂၃

    M-Media 


    (ဓာတ်ပုံ – ရုရှား လုံခြုံရေးအဖွဲ့ ဒုတိယအကြီးအကဲ မက်ဗီဒက်)

    -ဂျော်ဂျီယာနိုင်ငံက ခွဲထွက်ဖို့ ကြိုးပမ်းနေတဲ့ ဒေသနှစ်ခုကို မိမိတို့ပိုင်နက်အတွင်း သွတ်သွင်းဖို့ ရှိတယ်လို့ ရုရှား လုံခြုံရေးကောင်စီ ဒုတိယအကြီးအကဲ ဒီမီထရီ မက်ဗီဒက်က ပြောပါတယ်။ 

    ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက်ပိုင်း ဂျော်ဂျီယာနိုင်ငံက ဒေသနှစ်ခုဖြစ်တဲ့ ဆောက်အိုဆက်တီယာနဲ့ အဘ်ခါဇီယာတို့မှာ ခွဲထွက်ရေးလှုပ်ရှားမှုဖြစ်ခဲ့တာပါ။ 

    ဆောက်အိုဆက်တီယာကို ဂျော်ဂျီယာက အင်အားနဲ့ ပြန်သိမ်းဖို့ ကြိုးစားတဲ့အခါ ရုရှားက သူ့ရဲ့တပ်တွေလွှတ်ပြီး ဂျော်ဂျီယာကို ပြန်တိုက်ခဲ့ပါတယ်။ 

    ၂၀၀၈ ခုနှစ်မှာ ဒီဒေသနှစ်ခုစလုံးကို သီးခြားနိုင်ငံအဖြစ် အသိအမှတ်ပြုကြောင်း ရုရှားက ကြေငြာခဲ့ပါတယ်။ 

    မနေ့က ပြည်တွင်းသတင်းစာတစ်ခုက မက်ဗီဒက်ရဲ့ ဆောင်းပါးမှာ ဆောက်အိုဆက်တီယာနဲ့ အဘ်ခါဇီယာတို့က ပြည်သူတွေဟာ ရုရှားနဲ့ ပြန်ပေါင်းချင်နေကြီး၊ အကြောင်းအရင်း ခိုင်ခိုင်လုံလုံရှိလာရင် ဒီဒေသတွေကို ရုရှားပိုင်နက်ထဲ ထည့်သွင်းမယ်လို့ ရေးသားခဲ့ပါတယ်။ 

    ပြီးခဲ့တဲ့ ၁၀ စုနှစ်တွေအတွင်း ရုရှားနဲ့ ဂျော်ဂျီယာတို့အကြား ဆက်ဆံရေး ကောင်းလာပေမယ့် ခွဲထွက်ဒေသနှစ်ခုနဲ့ပတ်သက်ရင် အနောက်နိုင်ငံတွေက မီးမွှေးနေတယ်လို့ မက်ဗီဒက်က စွပ်စွဲခဲ့ပါတယ်။ 

    ဂျော်ဂျီယာအာဏာပိုင်တွေဟာ နယ်မြေလုံခြုံရေးအတွက် အမေရိကန်ဦးဆောင်တဲ့ နေတိုးမဟာမိတ်အဖွဲ့ကို ၀င်ရောက်ချင်တယ်လို့ မကြာခဏ ပြောကြားဖူးပြီး ရုရှားက ဒီကိစ္စကို စိုးရိမ်နေတာလည်း ဖြစ်ပါတယ်။ 

    ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတဲ့ ရုရှားဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းက ယူကရိန်းဒေသ ၄ ခုကို ရုရှားပိုင်နက်ထဲ သွတ်သွင်းကြောင်း ကြေငြာခဲ့ဖူးပါတယ်။ 

    နိုင်ငံတကာအသိုင်းအ၀ိုင်းကတော့ ဒီလုပ်ရပ်ကို အသိအမှတ်မပြုပါဘူး။ 

    Ref: Reuters 

  • ကမ္ဘာ့ဖလားဆုပေးပွဲမှာ အနမ်းကြမ်းလို့ ၀ေဖန်ခံနေရတဲ့ စပိန်ဘောလုံး ဥက္ကဌ

    ကမ္ဘာ့ဖလားဆုပေးပွဲမှာ အနမ်းကြမ်းလို့ ၀ေဖန်ခံနေရတဲ့ စပိန်ဘောလုံး ဥက္ကဌ

    သြဂုတ် ၂၁၊ ၂၀၂၃

    M-Media 


    -မနေ့က ပြုလုပ်ခဲ့တဲ့ အမျိုးသမီး ကမ္ဘာ့ဖလား ဆုပေးပွဲမှာ နမ်းကြမ်းခဲ့တဲ့အတွက် စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ လူး၀စ် ရူဘီယာလက်စ်တစ်ယောက် ၀ေဖန်ခံနေရပါတယ်။ 

    စပိန်အသင်း ဗိုလ်စွဲခဲ့ပြီးနောက် ဆုပေးပွဲမှာ ရူဘီယာလက်စ်ဟာ အသင်းသူတွေကို အဖက်ကြမ်းကြမ်းနဲ့ ပါးကိုအနမ်းတွေ ပေးခဲ့တာပါ။ 

    ကွင်းလယ်လူ အသက် ၃၃ နှစ်အရွယ် ဂျန်နီ ဟာမိုဆို ဆုလာယူတဲ့အချိန်မှာတော့ ရူဘီယာလက်စ်ဟာ အတင်းပွေ့ဖက်ပြီး ပါးကိုသာမကဘဲ နှုတ်ခမ်းကိုပါ နမ်းခဲ့တာ ဖြစ်ပါတယ်။ 

    ဒီမြင်ကွင်းဟာ ဆိုရှယ်မီဒီယာမှာ အလျင်အမြန် ပြန့်နှံ့သွားပြီး ရူဘီယာလက်စ်ကို ၀ေဖန်မှုတွေ ပေါ်ပေါက်လာပါတယ်။ 

    ဟာမိုဆိုကလည်း ဒီလုပ်ရပ်ကို သဘောမကျဘူးလို့ နောက်ပိုင်းမှာ စပိန်မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။ 

    စပိန်ရဲ့ တန်းတူညီမျှရေး၀န်ကြီး အိုင်ရင်နီ မွန်တယ်ရိုက အမျိုသမီးတစ်ဦးရဲ့ နှုတ်ခမ်းကို သဘောတူညီချက်မရဘဲ နမ်းတာဟာ လိင်ပိုင်းဆိုင်ရာစော်ကားမှုဖြစ်ကြောင်း၊ ဒီလိုအပြုအမူမျိုး ပုံမှန်လို ဖြစ်လာတာမျိုးကို လက်ခံလို့မရကြောင်း ၀ေဖန်ပြောကြားခဲ့ပါတယ်။ 

    ရူဘီယာလက်စ်က ဒါဟာ သာမန်လူသားနှစ်ဦးအကြားရှိတဲ့ မေတ္တာကို ဖော်ညွှန်းတာလို့ ကာကွယ်ပြောဆိုခဲ့ပါယ်။ 

    Ref: Daily Mail 

  • အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေနဲ့ ပူးပေါင်းမယ်လို့ ဆိုလာတဲ့ Pheu Thai ပါတီ

    အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေနဲ့ ပူးပေါင်းမယ်လို့ ဆိုလာတဲ့ Pheu Thai ပါတီ

    သြဂုတ် ၂၁၊ ၂၀၂၃

    M-Media 


    (ဓာတ်ပုံ – ပါတီခေါင်းဆောင် ပေတွန်တန်(၀ဲ)နှင့် ၀န်ကြီးချုပ်လောင်း ဆရက်သာ)

    – မေလရွေးကောက်ပွဲမှာ ဒုတိယ မဲအများဆုံးရခဲ့တဲ့ Pheu Thai ပါတီက သူတို့ဟာ အခြား နိုင်ငံရေးပါတီ ၁၄ ပါတီနဲ့ မဟာမိတ် ဖွဲ့ထားကြောင်း ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။ 

    အဲဒီပါတီတွေထဲမှာ လက်ရှိ၀န်ကြီးချုပ်ဖြစ်တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ပရာယွတ်ချန်အိုချာနဲ့ နီးစပ်တဲ့ United Thai Nation ပါတီ၊ ဒုတိယ၀န်ကြီးချုပ် စစ်ဗိုလ်ချုပ်ဟောင်း ပရာ၀စ် ၀ွန်ဆူ၀မ်ရဲ့ Palang Pracharat ပါတီတို့လည်း ပါ၀င်ပါတယ်။ 

    ရွေးကောက်ပွဲမှာ Move Forward ပါတီက မဲအများဆုံး ရခဲ့ပေမယ့် ပါတီခေါင်းဆောင် ပီတ ၀န်ကြီးချုပ်အဖြစ် အမည်စာရင်းတင်သွင်းမှုကို စစ်တပ်ထိန်းချုပ်တဲ့ အထက်လွှတ်တော်က လက်မခံတဲ့အတွက် အခုအချိန်အထိ အစိုးရ မဖွဲ့နိုင်သေးပါဘူး။ 

    မဲဒုတိယအများဆုံးရတဲ့ Pheu Thai ပါတီက မျက်နှာသစ် နိုင်ငံရေးသမား အသက် ၆၀ အရွယ် ဆရက်သာ သာဗီဆင်ကို ၀န်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်ထားပြီး အင်္ဂါနေ့မှာ မဲခွဲမှာ ဖြစ်ပါတယ်။ 

    Pheu Thai ပါတီ ဒုတိယခေါင်းဆောင် ဖွမ်သမ် ၀ီချာယာချိုင်က ဆရက်သာကို ပါတီပေါင်း ၁၄ ပါတီက ထောက်ခံထားတယ်လို့ ပြောပါတယ်။

    ၀န်ကြီးချုပ်နေရာအတွက် အထက်လွှတ်တော်၊ အောက်လွှတ်တော် မဲပေးရွေးချယ်ရာမှာ စုစုပေါင်း ထောက်ခံမဲ ၃၇၅ မဲ လိုအပ်ပါတယ်။ ၁၄ ပါတီက ထောက်ခံတယ်လို့ ဆိုတဲ့အတွက် ဆရက်သာဟာ ၃၁၇ မဲ ရမှာဖြစ်ပြီး နောက်ထပ် ၅၈ မဲလိုအပ်နေတာ ဖြစ်ပါတယ်။ 

    ၀န်ကြီးချုပ်အဖြစ် အရွေးခံရရင် Pheu Thai ပါတီက ဦးဆောင်ပြီး အစိုးရဖွဲ့ခွင့် ရရှိမှာပါ။ 

    မဲအများဆုံးရထားတဲ့ Move Forward ပါတီက ဆရက်သာကို ထောက်ခံမှာမဟုတ်ဘဲ ဒီလုပ်ရပ်ဟာ ရွေးကောက်ပွဲရလဒ်နဲ့ ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုတာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ 

    Pheu Thai ပါတီဟာ ၀န်ကြီးချုပ်ဟောင်းတွေဖြစ်တဲ့ သက်ဆင် ရှင်နာ၀ပ်ထရာ၊ သူ့ရဲ့ညီမ ယင်လပ် ရှင်နာ၀ပ်ထရာတို့ရဲ့ ပါတီဖြစ်ပါတယ်။ လက်ရှိမှာ သက်ဆင်ရဲ့သမီး ပေတွန်တန် ရှင်နာ၀ပ်ထရာက ဦးဆောင်ပါတယ်။ 

    သက်ဆင်နဲ့ ယင်လပ်တို့ နှစ်ယောက်စလုံးကို စစ်တပ်က အာဏာသိမ်း ဖြုတ်ချခဲ့တာ ဖြစ်ပါတယ်။ 


    Ref: Reuters 

  • သမီးအတွက် ဖေဖေ ဂုဏ်ယူနေမှာပါ

    သမီးအတွက် ဖေဖေ ဂုဏ်ယူနေမှာပါ


    “ကျွန်မကို အလင်းဆောင်ပေးခဲ့တဲ့ နေမင်းကြီး ပျောက်ကွယ်သွားပြီဆိုတာ ပွဲမစခင်က မသိခဲ့ပါဘူး။ အောင်မြင်မှု အရယူနိုင်ဖို့ အဖေ သမီးကို စွမ်အားတွေပေးခဲ့တယ်ဆိုတာ သမီးယုံကြည်ပါတယ်။ ဒီညမှာ သမီးကို ကြည့်နေပြီး သမီးအတွက် ဖေဖေ ဂုဏ်ယူနေမယ်ဆိုတာကိုလည်း သမီးသိပါတယ်။ ငြိမ်းချမ်းစွာအနားယူပါတော့ဖေဖေ” 

    အိုလ်ဂါ ကာမိုနာ – စပိန်အမျိုးသမီးအသင်း နောက်ခံလူ

    စပိန်အသင်း ကမ္ဘာ့ဖလား ချန်ပီယံဖြစ်စေမယ့် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ အိုလ်ဂါ ကာမိုနာရဲ့ ဖခင်ဟာ သောကြာနေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။ 

    ကာမိုနာတစ်ယောက် ဗိုလ်လုပွဲမှာ အာရုံမစိုက်နိုင်မှာ စိုးရိမ်တဲ့အတွက် မိသားစုနဲ့ စပိန်ဘောလုံးအဖွဲ့ချုပ်က ဒီသတင်းကို ချက်ခြင်း အသိမပေးခဲ့ဘဲ ကမ္ဘာ့ဖလား ကိုင်မြှောက်ပြီးမှ ပြောခဲ့တာ ဖြစ်ပါတယ်။ 

     Ref: BBC 

  • ခေတ်မီ အမေရိကန် တိုက်လေယာဥ်တွေ ရတော့မယ့် ယူကရိန်း

    ခေတ်မီ အမေရိကန် တိုက်လေယာဥ်တွေ ရတော့မယ့် ယူကရိန်း

    သြဂုတ် ၂၀၊ ၂၀၂၃

    M-Media 


    -နယ်သာလန်၊ ဒိန်းမတ်တို့ကနေတစ်ဆင့် ယူကရိန်းဟာ အမေရိကန်ရဲ့ F-16 အဆင့်မြင့်တိုက်လေယာဥ်တွေ ရရှိတော့မှာ ဖြစ်ပါတယ်။ 

    ယူကရိန်းဟာ ရုရှားရဲ့ ကျူးကျော်စစ်ကို ခုခံနေရတာ ၁၈ လကျော် ရှိနေပါပြီ။ F-16 တိုက်လေယာဥ်တွေ ရရှိတာဟာ တန်ပြန်ထိုးစစ် စနေတဲ့ ယူကရိန်းစစ်တပ်ကို ပိုမို အားကောင်းလာစေမှာ ဖြစ်ပါတယ်။

    F-16 တိုက်လေယာဥ်တွေ ယူကရိန်းကို လွှဲပြောင်းပေးဖို့ သဘောတူကြောင်း အမေရိကန်က ထုတ်ပြန်ထားပါတယ်။ 

    ယူကရိန်း တိုက်လေယာဥ်မှူးတွေဟာ ဒီတိုက်လောဥ်တွေကို မောင်းနိုင်ဖို့အတွက် အနည်းဆုံး ၆ လလောက် လေ့ကျင့်ရမှာ ဖြစ်ပါတယ်။ 

    ရုရှားက သိမ်းပိုက်ထားတဲ့ အရှေ့ပိုင်းဒေသတွေအပြင်၊ ရုရှားပြည်မကြီးနဲ့ မော်စကိုမြို့အထိပါ ယူကရိန်းက လက်ရှိမှာ  တိုက်ခိုက်ခိုက်မှုတွေ ပြုလုပ်လာနိုင်ပါတယ်။

    Ref: Defense News