News @ M-Media

Blog

  • အလ်အက္ကဆွာဗလီနေရာတွင် ဂျူးဘုရားကျောင်းအစားထိုးထားသည့် ပိုစတာဖြင့် အမေရိကန်သံအမတ် ဓာတ်ပုံတွဲရိုက်

    အလ်အက္ကဆွာဗလီနေရာတွင် ဂျူးဘုရားကျောင်းအစားထိုးထားသည့် ပိုစတာဖြင့် အမေရိကန်သံအမတ် ဓာတ်ပုံတွဲရိုက်

    မေ ၂၃၊ ၂၀၁၈
    M-Media

    – ဂျေရုစလင်က အလ်အက်ဆာဗလီဝတ်ကျောင်းတော်ရဲ့နေရာမှာ ဂျူးဘုရားကျောင်းတစ်ခု အစားထိုးထားတဲ့ ပိုစတာဘေးမှာ ဓာတ်ပုံအရိုက်ခံခဲ့တဲ့အတွက် အစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန်သံအတ် ဒေးဗစ် ဖရီဒ်မန်းဟာ ဝေဖန်ခံနေရပါတယ်။

    တလ်အဗီးနားက ဘနီဘရက်မြို့မှာ မသန်းစွမ်းကလေးတွေကို ကူညီပေးနေတဲ့ Achiya အဖွဲ့က မနေ့မှာပြုလုပ်တဲ့ အခမ်းအနားကို တက်ရောက်စဉ်မှာ ဒီဓာတ်ပုံကို ရိုက်ခဲ့တာ ဖြစ်ပါတယ်။

    Achiya က ဒီပိုစတာအတွက် တောင်းပန်ခဲ့ပြီး ၀န်ထမ်းတစ်ယောက်ရဲ့ “နိုင်ငံရေး ခွက်ကျမှု” သာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အစ္စရေးက အမေရိကန်သံရုံးကလည်း ဖရီးဒ်မန်းဟာ ဓာတ်ပုံရိုက်တဲ့အချိန်မှာ ပိုစတာကို သေသေချာချာ မကြည့်ခဲ့ဘူးလို့ ထုတ်ပြန်ပါတယ်။

    “အမေရိကန်ပေါ်လစီကတော့ ရှင်းပါတယ်။ ဟရမ်အလ်ရှရစ်ဖ်/Temple Mount ရဲ့ လက်ရှိအခြေအနေကိုသာ ကျွန်တော်တို့ လက်ခံပါတယ်။ သံအမတ် ဖရီးဒ်မန်းဟာ ဓာတ်ပုံရိုက်တဲ့အချိန်မှာ သူ့ရှေ့မှာရှိနေတဲ့ပုံကို ထဲထဲဝင်ဝင် မကြည့်မိပါဘူး။ အငြင်းပွားမှု ဖန်တီးဖို့အတွက် ဘနီဘရက်ကို သူသွားတဲ့အချိန် တစ်ယောက်ယောက်က အမြတ်ထုတ်လိုက်တဲ့အတွက် သူ တော်တော်လေး စိတ်ပျက်နေပါတယ်” လို့ သံရုံးကထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    အစ္စရေးက ဂျူးလက်ယာစွန်းရောက်တွေဟာ အလ်-အက္ကဆွာ ဗလီဝတ်ကျောင်းတော်ကို ဖြိုချပြီး တတိယမြောက် ဂျူးဘုရားကျောင်းဆောက်ဖို့ အချိန်အတော်အကြာကတည်းက ဆော်သြတိုက်တွန်းနေကြတာပါ။

    အလ်အက္ကဆွာ ဗလီဝတ်ကျောင်းတော်နဲ့ Dome of the Rock တို့ကို အစ္စလာမ်သာသနာမှာ တတိယမြောက် အမြင့်မြတ်ဆုံး နေရာအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။

    Ref: Aljazeera

  • ပါကစ္စတန်တွင် အပှုလှိုင်းဖြတ်မှုကြောင့် အနည်းဆုံး လူ ၆၀ သေဆုံး

    ပါကစ္စတန်တွင် အပှုလှိုင်းဖြတ်မှုကြောင့် အနည်းဆုံး လူ ၆၀ သေဆုံး

    မေ ၂၃၊ ၂၀၁၈
    M-Media

    – ပါကစ္စတန်နိုင်ငံတောင်ပိုင်းမှာ အပူလှိုင်းဖြတ်မှုကြောင့် ပြီးခဲ့တဲ့လ ၄ ရက်အတွင်း လူ ၆၀ လောက် သေဆုံးခဲ့ပြီး၊ အပူချိန်ကလည်း ၄၄ ဒီဂရီ ဆဲလ်စီးယက်စ်အထိ မြင့်တက်နေပါတယ်။

    အခုလို အပူလှိုင်းဖြတ်မှုဟာ တစ်နေ့ကို ၁၅ နာရီလောက် အစားအသောက်ရှောင်ရတဲ့ မွတ်လင်တွေရဲ့ ရမ်ဇာန်ဥပုသ်လနဲ့လည်း တိုက်ဆိုင်နေပါတယ်။

    သေဆုံးသူအများစုဟာ အသက်အရွယ် ကြီးရင့်သူတွေနဲ့ ကျန်းမာရေး မကောင်းသူတွေဖြစ်တယ်လို့ Edhi ဖောင်ဒေးရှင်အကြီးအကဲ ဖိုင်ဆဲလ် အဒ်ဟီက ပြောကြားခဲ့ပါတယ်။

    ၂၀၁၅ ခုနှစ် ဇွန်လကလည်း အခုလို အပူလှိုင်းဖြတ်မှုကြောင့် ကရာချီမှာ လူ ၁၂၀၀ ကျော်လောက် သေဆုံးခဲ့ပါတယ်။

    အပူလှိုင်းဖြတ်ချိန်မှာ နေရောင်ခြည်နဲ့ တိုက်ရိုက်မထိတွေ့ရတာ၊ အသားအရေကို စိုစွတ်နေအောင်ထားဖို့ လိုတာ စတဲ့ အသိပညာတွေ ပြည်သူတွေမှာ နည်းနေတယ်လို့လည်း အဒ်ဟီက ပြောကြားခဲ့ပါတယ်။

    အစိုးကရတော့ သေဆုံးသူ တော်တော်များများဟာ အပူလှိုင်းကြောင့်၊ ရေဓာတ်ချို့တဲ့မှုတွေကြောင့် မဟုတ်ဘဲ အခြားသော ကျန်းမာရေး အခြေအနေတွေကြောင့် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အဲဒီအပူလှိုင်းဟာ နောက်ထပ် ၄၈ နာရီလောက်အထိ ဆက်လက်ရှိနေမှာဖြစ်ပြီး အနည်းဆုံး သောကြာနေ့လောက်အထိ အပူချိန်ဟာ ၄၁ ဒီဂရီ ဆဲလ်စီးယက်စ်လောက် ရှိနေအုံးမယ်လို့ ပါကစ္စတန် မိုးလေ၀သဌာနက ထုတ်ပြန်ထားပါတယ်။

    Ref : Aljazeera

  • လူသန်းချီ၏ အချက်အလက်ပေါက်ကြားမှုအတွက် ဥရောပလွှတ်တော်က Facebook ပိုင်ရှင်ကို စစ်မေး

    လူသန်းချီ၏ အချက်အလက်ပေါက်ကြားမှုအတွက် ဥရောပလွှတ်တော်က Facebook ပိုင်ရှင်ကို စစ်မေး

    မေ ၂၃၊ ၂၀၁၈
    M-Media

    – ဗြိတိန်က နိုင်ငံရေးအကြံပေးအဖွဲ့ Cambridge Analytica က လူသန်းပေါင်းများစွာရဲ့ အချက်အလက်တွေကို ရယူအသုံးချမှုနဲ့ပတ်သက်ပြီး Facebook တည်ထောင်သူ မာ့ခ် ဇက်ကာဘာ့ဂ်ဟာ မနေ့က ဥရောပလွှတ်တော်မှာ ပြင်းထန်တဲ့ မွေးခွန်းတွေ မေးမြန်းခံခဲ့ရပါတယ်။

    Cambridge Analytica ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ မဲဆွယ်ရေးအဖွဲ့အတွက် လုပ်လုပ်ပေးခဲ့ပြီး Facebook ထံကနေ အသုံးပြုသူပေါင်း ၈၇ သန်းရဲ့ အချက်အလက်တွေကို မလျော်ကန်တဲ့နည်းလမ်းနဲ့ ရယူခဲ့တာပါ။ အဲဒီအထဲမှာ ဥရောပပြည်သူ ၂.၇ သန်း ပါဝင်ခဲ့ပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်လို့ Facebook ဟာ အမရိကန်နဲ့ ဥရောပ အင်အားကြီးနိုင်ငံတွေရဲ့ စစ်ဆေးမှုကို ခံနေရပါတယ်။

    ဥရောပလွှတ်တော်ဥက္ကဌ အန်တိုနီယို တာဂျာနီက အချက်အလက်ခိုးယူခံရမှု ဘယ်လိုဖြစ်ခဲ့သလဲဆိုတာအတွက် ဥရောပနိုင်ငံသားတွေဟာ တိကျတဲ့ရှင်းပြချက်မျိုး ရရှိသင့်ကြောင်း၊ ဥရောပရွေးကောက်ပွဲတွေ နီးလာတဲ့အတွက်ကြောင့် ဒီကိစ္စအတွက် စိုးရိမ်ကြောင်း ပြောကြားခဲ့ပါတယ်။

    ဇက်ကာဘာ့ဂက်တော့ သူ့ကုမ္ပဏီဟာ အသုံးပြုသူတွေဘေးကင်းအောင် ထိထိရောက်ရောက် ဆောင်ရွက်နိုင်မှု မရှိတဲ့အတွက် ထပ်မံတောင်းပန်ခဲ့ပါတယ်။

    “ကျွန်တော်တို့ရဲ့တာဝန်ကို ထိထိရောက်ရောက်သုံးသပ်မှု မလုပ်နိုင်ခဲ့ပါဘူး။ ဒါဟာ အမှားတစ်ခုဖြစ်ပြီး အဲဒီအတွက်လည်း ကျွန်တော်တောင်းပန်ပါတယ်”

    မိတ်ဖက်ကုမ္ပဏီတွေက အချက်အလက် အလွဲသုံးစားပြုမှုကို တားဆီးမယ့် အစီအစဉ်တွေကို ဆောင်ရွက်နေပြီး အသုံးပြုသူတွေရဲ့ လုံခြုံရေးနဲ့ အန္တရာယ်ကင်းရှင်းရေးကို တာဝန်ယူမယ့် ၀န်ထမ်းအရေအတွက်ကို အခုနှစ်ကုန်မှာ နှစ်သောင်းအထိ တိုးမြှင့်သွားမယ်လို့လည်း ဇက်ကာဘာ့ဂ်က ပြောကြားခဲ့ပါတယ်။

    “လူတွေကို အန္တရာယ်ကင်းအောင်လုပ်တာဟာ ကျွန်တော်တို့ အကျိုးအမြတ် များများရဖို့ထက် အမြဲတမ်း အရေးကြီးနေမှာပါ”

    ပြီးခဲ့တဲ့လက အမေရိကန်လွှတ်တော်မှာ ဖြေကြားခဲ့တဲ့ အဖြေမျိုးကိုပဲ မနေ့က ဥရောပလွှတ်တော်မှာ ဖြေကြားခဲ့ပြီး Facebook ရဲ့ ကြေငြာကဏ္ဍ၊ Facebook နဲ့ WhatsApp အကြား အချက်အလက်မျှဝေမှု၊ အသုံးမပြုသူတွေနဲ့ပတ်သက်တဲ့ Facebook ရဲ့ အချက်အလက်စုဆောင်းမှု စတာတွေနဲ့ ပတ်သက်ပြီး တိတိကျကျ ဖြေကြားခဲ့ခြင်း မရှိပါဘူး။

    ဥရောပသမဂ္ဂဟ ကိုယ်ပိုင်အချက်အလက်၊ မူပိုင်ခွင့်နှင့် စားသုံးသူအခွင့်အရေးဆိုင်ရာ စည်းမျဉ်းတွေလို အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို ကာကွယ်ပေးရေးနဲ့ပတ်သက်လို့ ဥပဒေအသစ်ကို ပြဌားန်ထားပြီး လာမယ့် ၃ ရက်အတွင်း အသက်ဝင်မှာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • တိုင်းပြည်အကြွေးကြောင့် မလေးအစိုးရ၀န်ကြီးများ၏လစာကို ၁၀ ရာခိုင်နှုန်း လျှော့မည်

    တိုင်းပြည်အကြွေးကြောင့် မလေးအစိုးရ၀န်ကြီးများ၏လစာကို ၁၀ ရာခိုင်နှုန်း လျှော့မည်

    မေ ၂၃၊ ၂၀၁၈
    M-Media

    မလေးရှားအစိုးရအဖွဲ့

    – အစိုးရ၀န်ကြီးတွေရဲ့ လစာကို ၁၀ ရာခိုင်နှုန်း လျှော့ချမယ်လို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်က ဒီကနေ့မှာ ကြေငြာလိုက်ပြီး တိုင်းပြည်ရဲ့ ဘဏ္ဍာရေးပြဿနာအပေါ် အာရုံစိုက်မှု ပြသတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    မလေးရှားအစိုးရသစ်ဟာ ဒီကနေ့ ပူထရာဂျာယာမှာ ပထမဆုံးအစည်းအဝေးကို ကျင်းပခဲ့တာပါ။

    မဟာသီက ဒီလိုလစာဖြတ်တောက်မှုဟာ နိုင်ငံရဲ့ GDP ၆၅ ရာခိုင်နှုန်းဖြစ်တဲ့ အကြွေး ရင်းဂစ် ၁ ထရီလီယံ ကျော်နေမှုကို လျှော့ချရေး တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။ ၀န်ကြီးချုပ်ဟောင်းနာဂျစ်က နိုင်ငံရဲ့အကြွေးဟာ ဂျီဒီပီရဲ့ ၅၅ ရာခိုင်နှုန်းသာ ရှိတယ်လို့ ပြောကြာခဲ့ဖူးပါတယ်။

    မလေးရှားဝန်ကြီးချုပ်ရဲ့လစာဟာ ၂၂၈၂၇ ရင်းဂစ်၊ ဒုတိယ၀န်ကြီးချုပ်ရဲ့လစာဟာ ၁၈၁၆၈ ရင်းဂစ်၊ ၀န်ကြီးလစာက ၁၄၉၀၇ ရင်းဂစ်၊ ဒုတိယ၀န်ကြီးရဲ့ လစာက ၁၀၈၄၈ ရင်းဂစ်တို့ ဖြစ်ကြပါတယ်။

    အစိုးရအဖွဲ့က အကြီးတန်းတာဝန်ရှိသူတွေရဲ့ လစာကို ဖြတ်တောက်မှာလားလို့ မေးတဲ့အခါ မဟာသီက သူ့အနေနဲ့ ဖိအားပေးမှာမဟုတ်ပေမယ့်၊ တိုင်းပြည်ကို ကူညီချင်တယ်ဆိုရင် သူတို့ဟာ လခလျှော့ယူခြင်းအားဖြင့် ကူညီလို့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

    BN မဟာမိတ်အဖွဲ့ဦးဆောင်တဲ့ အရင်အစိုးရလက်ထက်မှာ ၀န်ကြီးချုပ်နာဂျစ်က ရွေးကောက်ပွဲမှာ သူတို့ပါတီ အနိုင်ရရင် အစိုးရ၀န်ထမ်းလစာတွေ တိုးပေးမယ်လို့ ပြောကြားခဲ့ပါတယ်။

    မဟာသီကတော့ လက်ရှိအတိုက်အခံဖြစ်နေတဲ့သူတွေ ပေးခဲ့တဲ့ကတိကို ဖြည့်ဆည်းဖို့အတွက် မိမိမှာ တာဝန်မရှိကြောင်း၊ ဒါပေမယ့် ရှားပါးစားရိတ်ပေးတာမျိုး လုပ်နိုင်မလားဆိုတာကိုတော့ မိမိတို့ ဆန်းစစ်သွားမှာဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: CNA

  • ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့က ဟိန္ဒူများအား သတ်ဖြတ်မှုကို လူ့အခွင့်အရေးအဖွဲ့ ဖော်ထုတ်

    ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့က ဟိန္ဒူများအား သတ်ဖြတ်မှုကို လူ့အခွင့်အရေးအဖွဲ့ ဖော်ထုတ်

    မေ ၂၃၊ ၂၀၁၈
    M-Media

    ရခိုင်မြောက်ပိုင်းရှိ ဟိန္ဒူဘာသာဝင်များ

    – ပြီးခဲ့တဲ့နှစ် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရဲကင်းစခန်းတွေကို တိုက်ခိုက်ခဲ့တဲ့ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ ARSA ဟာ ဟိန္ဒူဘာသာဝင်တွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ သက်သေအထောက်အထား ရရှိခဲ့တယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Amnesty International က မနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

    ရဲကင်းစခန်းတွေကို တိုက်ခိုက်ခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့မှာပဲ ARSA ဟာ မောင်တောမှာ ဟိန္ဒူ ၉၉ ယောက်လောက်ကို သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ AI ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာပါ။

    ဒါဟာ ARSA ရဲ့ ကျူးလွန်မှုတွေနဲ့ပတ်သက်ပြီး ပထမဆုံး သုတေသနပြုထုတ်ပြန်ချက်ဖြစ်ပါတယ်။

    AI က တာဝန်ရှိသူ တီရာနာ ဟာဆန်က သတ်ဖြတ်မှု ကျူးလွန်သူတွေကို အရေးယူရမယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကျွန်မတို့ တွေ့ဆုံမေးမြန်းခဲ့သူတွေမှာ အထင်းသားပေါ်လွင်နေတဲ့ ARSA ရဲ ကြမ်းကြုတ်မှုတွေကို လစ်လျူရှုလို့ မရပါဘူး။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာလုံခြုံရေးတပ်ဖွဲ့ရဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို အရေးယူဖို့ အရေးကြီးသလိုပဲ ARSA ရဲ့ ဒီရက်စက်မှုတွေကို အရေးယူရပါမယ်”

    ဟိန္ဒူအရပ်သားတွေကို ရိုဟင်ဂျာလက်နက်ကိုင်တွေက သတ်ဖြတ်ခဲ့တယ်ဆိုပြီး အရင်က မြန်မာစစ်တပ်ရဲ့ ပြောကြားမှုတွေကို ARSA အဖွဲ့က ငြင်းဆိုထားတာပါ။

    မောင်တောသတ်ဖြတ်မှု

    အနောက်ခမောင်းဆိပ်ကျေးရွာမှာ ARSA ဟာ ဟိန္ဒူအမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ် ၆၉ ဦးကို ဖမ်းဆီးကာ အဲဒီအထဲက ၅၃ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ မျက်မြင်သက်သေတွေ၊ အသက်ရှင်ကျန်ရစ်သူတွေရဲ့ ပြောကြားမှုကို ကိုးကားပြီး Anmesty က ဖော်ပြထားပါတယ်။

    သေဆုံးသူတွေထဲမှာ အသက် ၁၄ နှစ်အောက် ၈ ဦး အပါအ၀င် ကလေးငယ် ၂၃ ဦး၊ အမျိုးသမီး ၁၀ ဦးနဲ့ အမျိုးသား ၂၀ ပါဝင်ပါတယ်။ အမျိုးသမီး ၈ ဦးနဲ့ ကလေး ၈ ဦးတို့ကတော့ လွတ်မြောက်ခဲ့ပါတယ်။

    အသက်ရှင်ကျန်ရစ်သူတွေက သူတို့ဟာ အစ္စလာမ်ဘာသာကို ကူးပြောင်းမယ်လို့ ကတိပေးတဲ့အတွက် အသက်ဘေးက လွတ်မြောက်လာတာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ဖက်ကို ပြန်ပေးဆွဲခံခဲ့ရတယ်လို့ Amnesty ကို ပြောကြားခဲ့ ပါတယ်။

    Amnesty ကို ထွက်ဆိုခဲ့ကြသူတွေထဲမှာ အမျိုးသမီးအချို့က သူတို့ကိုသတ်ဖြတ်တာ ရခိုင်ဗုဒ္ဓဘာသာဝင်တွေလို့ စောစောပိုင်းက ပြောကြားခဲ့ပေမယ့် နောက်ပိုင်းမှာ ဒီပြောကြားချက်ကို ရုပ်သိမ်းကာ ရိုဟင်ဂျာလက်နက်ကိုင်တွေ သတ်ဖြတ်တာလို့ ပြန်လည် ထွက်ဆိုခဲ့ပါတယ်။

    ခမောင်းဆိပ်နားက ရဲဘောကျကျေးရွာမှာလည်း သြဂုတ် ၂၅ ရက်နေ့က ဟိန္ဒူ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ် ၄၆ ယောက် ပျောက်ဆုံးသွားခဲ့ပြီး သူတို့ရဲ့အလောင်းတွေကို မတွေ့ပေမယ့် ရိုဟင်ဂျာလက်နက်ကိုင်တွေရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရပြီလို့ ကောက်ချက်ချခဲ့ပါတယ်။

    သြဂုတ်လ ၂၆ ရက်နေ့ မြို့သူကြီးရွာမှာ ဟိန္ဒူ ၆ ယောက် သတ်ဖြတ်ခံရမှုမှာလည်း ARSA အဖွဲ့ ပါဝင်တယ်လို့ Amnesty အဖွဲ့က ပြောကြားခဲ့ပါတယ်။

    ရခိုင်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုပမာဏကို အတိအကျသိရှိနိုင်ဖို့အတွက် ကုလ အချက်အလက်ရှာဖွေရေးအဖွဲ့ အပါအ၀င် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးသူတွေကို မြန်မာအစိုးရက ၀င်ခွင့်ပြုရမှာဖြစ်ကြောင်း၊ တစ်ဖက်ကကျူးလွန်မှုတွေကို လက်ညှိုးထိုးကာ နောက်တစ်ဖက်ကလည်း အဲဒီလိုကျူးလွန်မှုတွေ ထပ်လုပ်မယ်ဆိုရင် နှစ်ဖက်စလုံးကို ရှုတ်ချရမှာဖြစ်ကြောင်း Amnesty က ထည့်သွင်းဖော်ပြခဲ့ပါတယ်။

    Ref: Aljazeera