News @ M-Media

Blog

  • ဘယ်လ်ဂျီယံတွင် ပစ်ခတ်မှုဖြစ်၊ ရဲနှစ်ဦးအပါအ၀င် လူ ၃ ဦး သေဆုံး

    ဘယ်လ်ဂျီယံတွင် ပစ်ခတ်မှုဖြစ်၊ ရဲနှစ်ဦးအပါအ၀င် လူ ၃ ဦး သေဆုံး

    မေ ၂၉၊ ၂၀၁၈
    M-Media

    – ဘယ်လ်ဂျီယံနိုင်ငံအရှေ့ပိုင်း Liege မြို့မှာ ဒီကနေ့ သေနတ်နဲ့ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့ကာ အာဏာပိုင်တွေက အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် စုံစမ်းစစ်ဆေးမှု လုပ်နေပါတယ်။

    မြို့လယ်ကောင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူတွေက ရဲမေနှစ်ဦးနဲ့ လမ်းသွားလမ်းလာတစ်ဦးတို့ ဖြစ်ပါတယ်။

    ဘယ်လ်ဂျီယံရှေ့နေချုပ်ရုံးက ပြောရေးဆိုခွင့်ရှိသူ ဖိလစ် ဒူလူက တိုက်ခိုက်သူဟာ ရဲတပ်ဖွဲ့ဝင်နှစ်ဦးအနောက်ကို ကပ်လာကာ ဓားနဲ့ အကြိမ်ပေါင်းများစွာ ထိုးခဲ့ကြောင်း၊ နောက်ပိုင်းမှာ ဘေးနားမှာရှိတဲ့ ကားထဲက အသက် ၂၂ နှစ်အရွယ် အမျိုးသားကို သေနတ်နဲ့ပစ်သတ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

    “ဒီအဖြစ်အပျက်ကို အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် သတ်မှတ်ထားပါတယ်”

    သေနတ်သမားဟာ နောက်ပိုင်းမှာ အမျိုးသမီးတစ်ဦးကို ဓားစားခံအဖြစ် ဖမ်းဆီးခဲ့ပြီး ရဲတပ်ဖွဲ့က အသေပစ်သတ်ခဲ့ပါတယ်။

    ဘယ်လ်ဂျီယံ ရုပ်သံဌာန RTBF က တိုက်ခိုက်သူဟာ မူးယစ်ဆေးမှုနဲ့ ထောင်ဒဏ်ကျခဲ့ရာကနေ တနင်္လာနေ့ကမှ ပြန်လည်လွတ်မြောက်လာခဲ့သူဖြစ်ကြောင်း၊ အကျဉ်းထောင်အတွင်း အစွန်းရောက်တွေရဲ့ သိမ်းသွင်းမှုကို ခံလိုက်ရတာဖြစ်နိုင်ကြောင်း ဖော်ပြခဲ့ပါတယ်။

    တိုက်ခိုက်မှုအတွင်း အခြား တပ်ဖွဲ့ဝင် ၂ ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။

    Ref: Aljazeera

  • မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ ထိပ်တန်းအကြံပေး စင်ကာပူရောက်လာ

    မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ ထိပ်တန်းအကြံပေး စင်ကာပူရောက်လာ

    မေ ၂၉၊ ၂၀၁၈
    M-Media

    – မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ရဲ့ ထိပ်တန်းအကြံပေး ကင်ချန်ဆွန်ဟာ မနေ့က စင်ကာပူကို ရောက်လာခဲ့ပြီး ဇွန်လ ၁၂ ရက်နေ့ အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးအစည်းအဝေး ဖြစ်လာရေး ဆွေးနွေးမှု တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။

    ကင်ချန်ဆွန်ဟာ တရုတ်ကနေတစ်ဆင့် လေယာဉ်နဲ့ စင်ကာပူကို ရောက်ရှိလာတာပါ။ စင်ကာပူသွားရောက်တဲ့ကိစ္စဟာ အမေရိကန်နဲ့ ဆွေးနွေးမှုလုပ်ဖို့လားလို့ ဘေဂျင်းလေဆိပ်မှာ သတင်းထောက်တစ်ယောက်က မေးတဲ့အခါ သူက ‘သွားကစားမှာ’ လို့ ဖြေခဲ့ကြောင်း Nippon Television Network က ထုတ်ပြန်တဲ့ ဗီဒီယိုမှာ တွေ့ရပါတယ်။

    အိမ်ဖြူတော်က ထိပ်တန်းတာဝန်ရှိသူ ဂျိုး ဟာဂင်ဦးဆောင်တဲ့ အမေရိကန်အစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာလည်း ဂျပန်က US Yokota လေတပ်စခန်းကနေ မနေ့က စင်ကာပူကို ထွက်ခွာခဲ့တယ်လို့ NHK သတင်းဌာနက ဖော်ပြပါတယ်။

    အိမ်ဖြူတော်ကတော့ အဲဒီရှေ့ပြေးအဖွဲ့ဟာ မြောက်ကိုရီးယားအဖွဲ့နဲ့ တွေ့ဆုံဖို့ သွားရောက်တာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

    မြောက်ကိုရီးယား အာဏာရ အလုပ်သမားပါတီ ဗဟိုကော်မတီရဲ့ ဒုတိယဥက္ကဌ ကင်ယွန် ချိုလ်ကလည်း တရုတ်အာဏာပိုင်တွေနဲ့ ဘေဂျင်းမှာတွေ့ဆုံပြီးနောက် ဗုဒ္ဓဟူးနေ့မှာ အမေရိကန်သွားဖို့ ရှိနေတယ်လို့ တောင်ကိုရီးယား Yonhap သတင်းဌာနက အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်ကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။

    မြောက်အမေရိကဆိုင်ရာ ကိစ္စတွေမှာ ပါဝင်နေတဲ့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူ ချိုကန်အီလ်ကိုလည်း ဘေဂျင်းနိုင်ငံတကာလေဆိပ်မှာ တွေ့ခဲ့ရတယ်လို့ Yonhap က ဆိုပြီး ကင်ယွန်ချိုလ်နဲ့ အမေရိကန်လိုက်သွားမလားဆိုတာ တိတိကျကျ မသိရသေးပါဘူး။

    ပြီးခဲ့တဲ့တစ်ပတ် ကြာသာပတေးနေ့မှာ သမ္မတထရမ့်က ကင်ဂျုံအွန်နဲ့ တွေ့ဆုံမယ့်ကိစ္စကို ဖျက်သိမ်းတယ်လို့ ပြောကြားခဲ့ပေမယ့် မြောက်ကိုရီးယားဖက်က အပြုသဘောဆောင်တဲ့ တုန့်ပြန်မှုတွေကြောင့် ဇွန်လ ၁၂ ရက်နေ့ ထိပ်သီးအစည်းအဝေး ဖြစ်မြောက်ရေး ဆွေးနွေးမှုတွေ ဆက်လုပ်နေပါတယ်။

    အဲဒီထိပ်သီးအစည်းအဝေးကို တောင်ကိုရီးယားသမ္မတ မွန်ဂျယ်အင်လည်း တက်ရောက်မယ်လို့ သတင်းတွေ ထွက်နေပါတယ်။

    Ref: CNA

  • ဘာသာစုံလူမျိုးစုံ၏ အခွင့်အရေးကို တိုင်းပြည်က အာမခံသည်ဟု မလေးဝန်ကြီးချုပ်ပြော

    ဘာသာစုံလူမျိုးစုံ၏ အခွင့်အရေးကို တိုင်းပြည်က အာမခံသည်ဟု မလေးဝန်ကြီးချုပ်ပြော

    မေ ၂၉၊ ၂၀၁၈
    M-Media

    ပီနန်မှ ဘုရားတစ်ဆူ

    – မိမိတို့အစိုးရဟာ နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပေဒကို ဆက်လက်စောင့်ထိန်းသွားမှာဖြစ်ပြီး လူမျိုးစုံ၊ ဘာသာစုံရဲ့ အခွင့်အရေးကိုလည်း အာမခံပေးသွားမယ်လို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က ပြောကြားလိုက်ပါတယ်။

    ဒီကနေ့မှာကျရောက်တဲ့ Wesak Day (ဗုဒ္ဓနေ့) အထိမ်းအမှတ် နှုတ်ခွန်းဆက်စကားမှာ မဟာသီက ဒီလို ပြောကြားခဲ့တာဖြစ်ပြီး နိုင်ငံသားတွေအနေနဲ့ ဘာသာလူမျိုး မတူကွဲပြားမှုကို လေးစားရမယ်လို့လည်း ဆိုပါတယ်။

    “ဒီလို ကွဲပြားမှုကို သည်းခံရုံသာမက လက်ခံတာမျိုးကို ကျွန်တော်တို့ ကျင့်သုံးရပါမယ်။ မလေးရှားမှာ လူများစု၊ လူနည်းစု ဘယ်သူပဲဖြစ်ဖြစ် လူမျိုးတိုင်းရဲ့ အခွင့်အရေးကို အခြေခံဥပဒေ၊ တိုင်းပြည်ရဲ့ ဥပဒေတွေနဲ့ ထိန်းသိမ်းကာကွယ်ပေးထားပါတယ်”

    ဘာသာစကား၊ ယဉ်ကျေးမှု၊ ဘာသာအယူဝါဒ၊ လူမျိုး မတူကြတဲ့ မလေးရှားနိုင်ငံသားတွေဟာ သူတို့ရဲ့ ဘာသာရေးဆိုင်ရာ ဓလေ့ထုံးတမ်းတွေကို မျှဝေခံစားကြတယ်လို့လည်း မဟာသီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “ဒါဟာ မလေးရှားရဲ့ ထူးခြားမှုပါ။ မလေးရှားမှာ ဘာသာရေးလွတ်လပ်ခွင့်ကို ကျင့်သုံးနေတယ်ဆိုတဲ့ သက်သေသာဓကလည်း ဖြစ်ပါတယ်”

    ဘာသာရေးလွတ်လပ်ခွင့်ကို ထိန်းသိမ်းကာကွယ်ရမှာဖြစ်ပြီး ဒါမှသာ လူမျိုးရေး သဟဇာဖြစ်မှုနဲ့ ငြိမ်းချမ်းရေးကို ပျက်ဆီးစေတဲ့ လုပ်ရပ်မျိုးတွေ ဖြစ်လာမှမဟုတ်ဘူးလို့လည်း ၀န်ကြီးချုပ်ကဆိုပါတယ်။

    “Wesak Day ဟာ ဗုဒ္ဓဘာသာကိုတည်ထောင်သူ ဂေါတမ ဗုဒ္ဓကို အောက်မေ့သတိရတဲ့အနေနဲ့ ကျင်းပတာပါ။ ဒါပေမယ့် ဒီနေ့ရဲ့ အရေးပါတဲ့သင်ခန်းစာ အခြားလူတွေအပေါ် အကောင်းပြုရမယ်ဆိုတာပါ။ ကျွန်တော်တို့အားလုံးရဲ့ ကြိုးပမ်းအားထုတ်မှုတွေကြောင့် တိုင်းပြည်ဟာ ဖွံ့ဖြိုးပြီး သာယာဝပြောတဲ့နိုင်ငံတစ်ခု ဖြစ်လာမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်”

    မလေးရှား စီးပွားရေးဝန်ကြီး ဒါတွန် ဆရီ အဇ်မင် အလီကလည်း အခုနှစ် Wesak နေ့ဟာ မလေးပြည်သူတွေရဲ့ အပြောင်းအလဲကို တောင့်တမှုနဲ့ တိုက်ဆိုက်နေတာကြောင့် သမိုင်းဝင် နေ့ထူးနေ့မြတ်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    မလေးရှာဟာ ဗုဒ္ဓနေ့ကို နိုင်ငံရဲ့ တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးထားပါတယ်။

    Ref: The Star

  • တနင်္လာနေ့ ဘောလုံးသတင်းများ

    တနင်္လာနေ့ ဘောလုံးသတင်းများ

    မေ ၂၈၊ ၂၀၁၈
    M-Media

    လီဗာပူးလ်ဂိုးသမား လိုရစ် ကာရီယက်စ်

    ရာမို့စ်ထံမှ နစ်နာကြေး ယူရို ၁ ဘီလီယံရရန် အီဂျစ်ရှေ့နေ တရားစွဲ
    ================
    လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့ ရီးယဲလ်နောက်ခံလူ ရာမို့စ်ထံကနေနစ်နာကြေး ယူရို ၁ ဘီလီယံ (ကန် ၁.၂ ဘီလီယံ) ရလိုမှုနဲ့ အီဂျစ်ရှေ့နေ ဆာဒါ အလ်-ဘာလဒ်က တရားစွဲဆိုလိုက်ပါတယ်။ မေလ ၂၆ ရက်နေ့က ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ပထမပိုင်း မိနစ် ၃၀ လောက်မှာ ဆာ
    လာဟ်ဟာ ရာမို့စ်ရဲ့ ကြမ်းတမ်းတဲ့ဖြတ်ထုတ်မှုကြောင့် ပုခုံဒဏ်ရာရကာ လူးစားလဲခဲ့ရပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ဖို့ ရှိနေပါတယ်။ အလ်-ဘာလဒ်ကတော့ ရာမို့စ်ဟာ တမင်သက်သက် ပြစ်ဒဏ်ကျူးလွန်ခဲ့တာဖြစ်ပြီးဆာလာဟ်နဲ့ အီဂျစ်ပြည်သူတွေရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း ထိခိုက်ခံစားရမှုဟာ ယူရို ၁ ဘီလီယံလောက်ရှိကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ဒီကိစ္စအတွက် ဖီဖာကိုလည်း ဘာလဒ်က ကန့်ကွက်စာတစ်စောင် ပေးပို့ထားပါတယ်။

    ချန်ပီယံလိဂ်ရှုံးနိမ့်မှုအတွက် လီဗာပူးလ်ဂိုးသမား အသက်အန္တရာယ် ခြိမ်းခြောက်ခံရ
    ============
    လီဗာပူးလ်ဂိုးသမား လိုရစ် ကာရီယက်စ်အပေါ် ဆိုရှယ်မီဒီယာကနေတစ်ဆင့် အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးသွားမယ်လို့ မာဆေးဆိုက်ရဲတပ်ဖွဲ့က ပြောကြားလိုက်ပါတယ်။ ရီးယဲလ်ကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ကာရီယက်စ်ရဲ့ပေါ့ဆမှုကြောင့် ၂ ဂိုးပေးခဲ့ရပြီး ဒီအတွက်လည်း သူက ပရိတ်သတ်တွေကို ပွဲအပြီးမှာ တောင်းပန်ခဲ့ပါတယ်။ မာဆေးဆိုက်ရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ကြေငြာချက်မှာ သူတို့အနေနဲ့ ဆိုရှယ်မီဒီယာက မှတ်ချက်တွေ၊ ခြိမ်းခြောက်မှုတွေကို သိရှိကြောင်း၊ ရန်ညှိုးထားတဲ့၊ ခြိမ်းခြောက်တဲ့ စကားတွေအတွက် စုံစမ်းဆေးမှု ပြုလုပ်သွားမယ်ဆိုတာ အသုံးပြုသူတွေကို အသိပေးလိုကြောင်း ဖော်ပြခဲ့ပါတယ်။

    တစ်ခြားဥရောပကလပ်အသင်းတွင် မကစားတော့ဟု မက်ဆီအတည်ပြု
    ==================
    ဘာစီလိုနာကနေ ထွက်ခွာမယ်ဆိုရင် တစ်ခြား ဘယ်ဥရောပကလပ်မှာမှ မကစားတော့ဘူးလို့ တိုက်စစ်မှူး လီယွန်နယ်မက်ဆီက ပြောကြားလိုက်ပါတယ်။ အသက် ၃၀ အရွယ်မက်ဆီဟာ ဆရာဟောင်း ဂွါဒီယိုလာ ကိုင်တွယ်နေတဲ့ မန်စီးတီးကို ပြောင်းမယ်လို့ အရင်က သတင်းထွက်ခဲ့ဖူးပါတယ်။ လက်ရှိ ဘာစီလိုနာနဲ့ ၂၀၂၁ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေတဲ့မက်ဆီက ဘာစီလိုနာကထွက်ရင် ဘောလုံးသမားဘ၀စတင်ရာ အာဂျင်တီး
    နားက Newell’s Old Boys ကိုပဲ ပြန်သွားမယ်လို့ ဆိုပါတယ်။

    Ref: BBC, Goal

  • ဗုဒ္ဓဘာသာနှင့် တာအိုဘာသာတို့မှ ဆင်းတုတော်များ တည်ထားမှုကို တရုတ် ကန့်သတ်မည်

    ဗုဒ္ဓဘာသာနှင့် တာအိုဘာသာတို့မှ ဆင်းတုတော်များ တည်ထားမှုကို တရုတ် ကန့်သတ်မည်

    မေ ၂၈၊ ၂၀၁၈
    M-Media

    တရုတ်နိုင်ငံမှ ဗုဒ္ဓဆင်းတုတော်တစ်ဆူ

    – ဗုဒ္ဓဘာသာ၊ တာအိုဘာသာတို့နဲ့ပတ်သက်တဲ့ ဆင်းတုတော်ကြီးတွေ တည်ထားကိုးကွယ်မှုကို ပိုမိုတင်းကြပ်ဖို့အတွက် တရုတ်ကွန်မြူနစ်ပါတီက ပြည်နယ်အစိုးရတွေကို အမိန့်ပေးလိုက်ပြီး ဘာသာတရားကိုဗန်းပြကာ စီးပွားရှာနေမှုကို တားဆီးဖို့ဖြစ်တယ်လို့ နိုင်ငံပိုင်သတင်းဌာနက မနေ့မှာ ဖော်ပြခဲ့ပါတယ်။

    တရုတ်အစိုးရဟာ ဘာသာတရားတွေကို နှိပ်ကွပ်ရာမှာ နာမည်ကျော်ပြီး ခရစ်ယာန်နဲ့ အစ္စလာမ်ဘာသာတွေက ဒီဒဏ်ကို အများဆုံး ခံစားနေရပါတယ်။

    ဗုဒ္ဓဘာသာနဲ့ တာအိုဘာသာတို့ဟာ တရုတ်နိုင်ငံရဲ့ တရားဝင်အသိအမှတ်ပြုမှုကို ခံထားရတဲ့ ဘာသာတွေဖြစ်ပြီး နိုင်ငံတစ်ဝှမ်း စေတီပုထိုး၊ ဘုရားကျောင်းကန်၊ ရုပ်တုဆင်းတုတော်ပေါင်း ထောင်ချီ ရှိနေပါတယ်။

    တရုတ်ကွန်မြူနစ်ပါတီ CPC ကိုတည်ထောင်သူ မော်စီတုန်းလက်ထက် ယဉ်ကျေးမှုတော်လှန်ရေး (၁၉၆၆-၇၆) အတွင်း ဒီဘာသာတရားနှစ်ခု အပါအ၀င် တရုတ်နိုင်ငံက ဘာသာတရားတွေအားလုံးဟာ ပြင်းပြင်းထန်ထန် နှိပ်ကွပ်ခြင်း ခံခဲ့ရပါတယ်။

    ဗုဒ္ဓဘာသာနဲ့ တာအိုဘာသာတို့ကို ဗန်းပြကာ စီးပွားရှာနေမှုကို ထိန်းချုပ်ရာမှာ တရုတ်လူ့အဖွဲ့အစည်းဟာ တစ်သဘောတည်းဖြစ်ပေမယ့် ဆက်လက်ရှိနေဆဲ စိန်ခေါ်မှုတွေအကြောင်း CPC လက်အောက်က United Front Work Department (UFWD) ဌာနဟာ ဗုဒ္ဓဟူးနေ့မှာ ဆွေးနွေးခဲ့ပြီး အသစ်ထပ်ဆောက်မယ့် ရုပ်ထု၊ ဆင်းတုတော်တွေကို ပိုမိုတင်းကြပ်ဖို့အတွက် ပြည်နယ်အစိုးရတွေကို ညွှန်ကြားခဲ့ကြောင်း တရုတ် ကွန်မြူနစ်ပါတီရဲ့ အာဘော်သတင်းစာ Global Times က ဖော်ပြခဲ့ပါတယ်။

    ပြီးခဲ့တဲ့လ တရုတ်အစိုးရက ထုတ်ပြန်ခဲ့တဲ့ စက္ကူဖြူစာတမ်း (White Paper) မှာ ဗုဒ္ဓဘာသာဝင်ဟာ သန်း ၂၀၀ ရှိကြောင်း ဖော်ပြထားပြီး နိုင်ငံက အဓိကဘာသာတရားတွေဖြစ်တဲ့ ဗုဒ္ဓဘာသာ၊ တာအိုဘာသာ၊ အစ္စလာမ်နဲ့ ခရစ်ယာန် (ကက်သလစ်နှင့် ပရိုတက်စတင့်) ဘာသာတို့မှာ ဘာသာရေးဆိုင်ရာပုဂ္ဂိုလ် ၃ သိန်း ၈သောင်းလောက် ရှိတယ်လို့ ဆိုပါတယ်။

    နိုင်ငံတော်အဆင့် အဖွဲ့အစည်း ၇ ခုအပါအ၀င် နိုင်ငံအတွင်း ဘာသာရေးအုပ်စု ၅၅၀၀၊ ဗုဒ္ဓဘာသာ ဘုရားကျောင်း ၃၃၅၀၀၊ တာအိုဘုရားကျောင်း ၉၀၀၀ အပါအ၀င် တရားဝင် ဘာသာရေးအဆောက်အဦး ၁၄၄,၀၀၀ ရှိတယ်လို့လည်း ဆိုပါတယ်။

    ပြင်ပမှာ ရုပ်ထုဆင်းတုကြီးတွေ တည်ထားကိုးကွယ်မှုအပေါ် ထိန်းချုပ်နိုင်ဖို့၊ ဘာသာတရားတွေကို အခြေပြုပြီး စီးပွားရှားနေတာတွေကို တားဆီးဖို့အတွက် သီးသန့်အစီအစဉ်တွေ၊ အချိန်ဇယားတွေ ရေးဆွဲလုပ်ဆောင်သွားရေး ထိပ်တန်းဦးစားပေးဖို့လည်း UFWD ကို ကွန်မြူနစ်ပါတီက ညွှန်ကြားခဲ့ပါတယ်။

    ဘေဂျင်း Minzu တက္ကသိုလ်က ပါမောက္ခဖြစ်သူ ရှုံကွေ့ရှင်းက ဒါဟာ တိုင်းပြည်က ဘာသာတရားတွေကို ဆန့်ကျင်တာမဟုတ်ဘဲ ဘာသာတရားကို ဗန်းပြပြီး အကျိုးအမြတ်ရှာနေသူတွေကို တားဆီးဖို့ ရည်ရွယ်တာဖြစ်ကြောင်း၊ ဒီလို စီးပွားရှာနေမှုက ဘာသာတရားရဲ့မြင့်မြတ်မှုကို ညစ်နွမ်းစေပြီး၊ လူ့အဖွဲ့အစည်းတည်ငြိမ်းရေးကို ခြိမ်းခြောက်နေကြောင်း ပြောကြားခဲ့ပါတယ်။

    တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံအဖွဲ့ရဲ့ တိုင်းရင်းသားရေးရာနဲ့ ဘာသာရေးဆိုင်ရာကော်မတီ ဥက္ကဌဟောင်း ကျူဝေ့ချင်က ဒီလိုတင်းကြပ်မှုကို တစ်ဝက်တစ်ပျက်မဟုတ်ဘဲ အပြည့်အ၀ ကျင့်သုံးရမှာဖြစ်ကာ တရုတ်နိုင်ငံတစ်ဝှမ်း ဘာသာရေးဗန်းပြ စီးပွားရှာမှုဟာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

    Ref: Economic Times