News @ M-Media
Blog
  • အီဂျစ်ရှိ အလ်-အဇ်ဟာရ်တက္ကသိုလ်က ပထမဆုံး သံပြိုင်ဂီတအဖွဲ့တစ်ခု ဖွဲ့စည်း
    အီဂျစ်ရှိ အလ်-အဇ်ဟာရ်တက္ကသိုလ်က ပထမဆုံး သံပြိုင်ဂီတအဖွဲ့တစ်ခု ဖွဲ့စည်း
    မေ ၂၂၊ ၂၀၁၈
    M-Media
    – အီဂျစ်နိုင်ငံက နာမည်ကျော် အစ္စလာမ့်တက္ကသိုလ် အလ်အဇ်ဟာရ်ဟာ ပထမဆုံးအကြိမ်ဖြစ် သံပြိုင်အဖွဲ့တစ်ခုကို ဖွဲ့စည်းပြီး ဖျော်ဖြေမှုတွေ ပြုလုပ်နေပါတယ်။
    ကျောင်းသား ၈ ဦးနဲ့ ကျောင်းသူ ၈ ဦးတို့ပါဝင်တဲ့ အဲဒီသံပြိုင်အဖွဲ့ဟာ ဧပြီလ ၂၈ ရက်နေ့မှာ ပြုလုပ်ခဲ့ အနုပညာနဲ့ တီထွင်ဖန်တီးမှုပွဲတော်မှာ ဖျော်ဖြေခဲ့ပါတယ်။ အဲဒီပွဲတော်ကို အလ်-အဇ်ဟာရ်တက္ကသိုလ်ရဲ့ အစည်းအဝေးစင်တာမှာ ကျင်းပတာဖြစ်ပြီး တက္ကသိုလ်ရဲ့ နာမည်ကျော်ပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ပါတယ်။
    သံပြိုင်အဖွဲ့ရွေးချယ်ရေးမှာ ကျောင်းသား ၆၀၀ နီးပါးလောက် ပါဝင်ခဲ့ကြပါတယ်။ အဲဒီ သံပြိုင်အဖွဲ့ဟာ တက္ကသိုလ်ကို ကိုယ်စားပြုမှာ ဖြစ်ပါတယ်။ လက်ရှိရွေးချယ်ထားတဲ့ ၁၆ ယောက်ဟာ အသက် ၁၉ နှစ်ကနေ ၂၂ နှစ်အရွယ်ရှိသူ လူငယ်တွေပါ။
    သူတို့ကိုလေ့ကျင်ပေးဖို့အတွက် နာမည်ကျော် အနုပညာရှင်တစ်ဦးကို ခန့်အပ်ထားပြီး၊ ပုဂ္ဂလိက တက္ကသိုလ်က ဆရာတစ်ဦးနဲ့အတူ တွဲသင်ပေးမှာ ဖြစ်ပါတယ်။
    မတ်လမှာ အီဂျစ် လူငယ်နဲ့ အားကစားဝန်ကြီးဌာနက ပြုလုပ်တဲ့ ဂီတပြိုင်ပွဲ Ibda’a- Creativity ကို အလ်-အဇ်ဟာရ်က အဲဒီအဖွဲ့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယရရှိခဲ့ပါတယ်။
    အဖွဲ့ကို ဂီတလောကမှာ နှစ်ပေါင်း ၄၀ ကျော် ကျင်လည်လာခဲ့တဲ့ နာမည်ကျော် ဂီတပညာရှင် ဟာဆန် ဖစ်ကရီက ဦးဆောင်တာ ဖြစ်ပါတယ်။
    အလ်-အဇ်ဟာရ်တက္ကသိုလ်ဟာ အနုပညာနဲ့ တီထွင်ဖန်တီးမှုပိုင်းကို စိတ်ဝင်စားနေပြီး တက္ကသိုလ်ရဲ့ ဒုတိယအကြီးအကဲ အဘတ်စ် ရှိုမန်က သူတို့တက္ကသိုလ်အနေနဲ့ အနုပညာနဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို မဆန့်ကျင်ဘဲ ပြည်သူတွေက လက်ခံဖို့ပဲလိုတယ်လို့ အနုပညာနဲ့ တီထွင်ဖန်တီးမှုပွဲတော် မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
    Ref: Alarabiya
  • အစ္စရေး၏ကျူးလွန်မှုများကို စုံစမ်းစစ်ဆေးရန် ICC ကို ပါလက်စတိုင်း တောင်းဆို
    အစ္စရေး၏ကျူးလွန်မှုများကို စုံစမ်းစစ်ဆေးရန် ICC ကို ပါလက်စတိုင်း တောင်းဆို
    မေ ၂၂၊ ၂၀၁၈
    M-Media
    ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီး မာလီကီ
    – ပါလက်စတိုင်းပိုင်နက်တွေမှာ အစ္စရေးရဲ့ကျူးလွန်မှုတွေအတွက် စုံစမ်းစစ်ဆေးမှု ပြုလုပ်ဖို့ ပါလက်စတိုင်းအစိုးရက နိုင်ငံတကာရာဇ၀တ်ခုံရုံးကို ပထမဆုံးအကြိမ် တောင်းဆိုလိုက်ပါတယ်။
    ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ရဲ့ နိုင်ငံခြားရေးဝန်ကြီး ရီယဒ် အလ်-မာလီကီဟာ ဒီကနေ့မှာ သည်ဟေ့ဂ်က နိုင်ငံတကာရာဇ၀တ်ခုံရုံးကို လာရောက်ခဲ့ပြီး အကြီးအကဲ ဖာဆူ ဘန်ဆူဒါနဲ့ တွေ့ဆုံခဲ့ပါတယ်။
    “စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်နေတဲ့ ရာဇ၀တ်မှုတွေကို ခံစားနေရတဲ့ ပါလက်စတိုင်ပြည်သူတွေအတွက် တရားမျှတမှုကို ဆောင်ကျဉ်းဖို့ ပါလက်စတိုင်းနိုင်ငံဟာ အရေးပါတဲ့ သမိုင်းဝင်ခြေလှမ်းတစ်ခုကို လှမ်းလိုက်ပါတယ်” လို့ မာလီကီက တွေ့ဆုံမှုအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
    နိုင်ငံတကာ ရာဇ၀တ်ခုံရုံးကို တောင်းဆိုမှုမှာ အစ္စရေးက တရားမ၀င် အခြေချအိမ်ယာတွေချဲ့ထွင်တာ၊ လယ်မြေတွေသိမ်းတာ၊ သယံဇာတတွေကို အမြတ်ထုတ်တာ၊ လက်နက်မဲ့ ဆန္ဒပြသူတွေကို ရက်ရက်စက်စက် ပစ်မှတ်ထား ညှင်းပမ်းတာ စတဲ့ ပြဿနာတွေ ပါဝင်တယ်လို့လည်း မာလီကီက ဆိုပါတယ်။
    မေလ ၁၄ ရက်နေ့က ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်မှာ ဆန္ဒပြသူတွေကို အစ္စရေးက ပစ်ခတ်သတ်ဖြတ်မှုအတွင်း လူ ၆၀ ကျော် သေဆုံးခဲ့ပြီးတဲ့နောက်ပိုင်း ဒီလိုတောင်းဆိုမှု ပေါ်ထွက်လာတာပါ။ အစ္စရေးရဲ့ ဒီလုပ်ရပ်အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်ခဲ့ကြပါတယ်။
    မာလီကီကတော့ အစ္စရေးရဲ့ရာဇ၀တ်မှုတွေအတွက် နှောင့်နှေးကြန့်ကြာခြင်းမရှိဘဲ စုံစမ်းစစ်ဆေးမှုတစ်ခု စတင်ဖို့ မိမိတို့က လိုလားပြီး၊ ဒါဟာ နိုင်ငံတကာရဲ့ တာဝန်ခံမှု၊ နိုင်ငံတကာဥပဒေအပေါ် လေးစားမှုတွေကို စမ်းသပ်မှုတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
    Ref: Aljazeera
  • အိန္ဒိယတွင် နီဖာဟ်ဗိုင်းရပ်စ် ကူးစက်မှုကြောင့် လူ ၁၀ ဦး သေဆုံး
    အိန္ဒိယတွင် နီဖာဟ်ဗိုင်းရပ်စ် ကူးစက်မှုကြောင့် လူ ၁၀ ဦး သေဆုံး
    မေ ၂၂၊ ၂၀၁၈
    M-Media
    – အိန္ဒိယနိုင်ငံ တောင်ပိုင်းက ကီရာလာပြည်နယ်မှာ လင်းဆွဲတွေကနေတစ်ဆင့်ကူးစစ်တဲ့ နီဖာဟ် ဗိုင်းရပ်ကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။
    နီဖာဟ်ဗိုင်းရပ်ဟာ လူနဲ့ တိရစ္ဆာန်တွေ အထူးသဖြင့် ၀က်တွေမှာ အလျင်အမြန် ကူးစက်ပြန့်နှံ့တတ်ပြီး အခုအချိန်အထိ ကာကွယ်ဆေး မရှိသေးပါဘူး။ ကူးစက်သူတွေမှာ သေဆုံးမှုဟာ ၇၀ ရာခိုင်နှုန်းလောက် ရှိပါတယ်။
    ကီရာလာ ကျန်းမာရေးဝန်ကြီး ကေကေ ရှိုင်လာဂျာက ဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးသူ ၁၀ ဦးရှိလာပြီး ၂ ဦးက စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။
    “နီဖာဟ်ဗိုင်းရပ်စ်ကူးစက်သူ ၁၈ ယောက်ရှိပြီး အဲဒီအထဲက ၁၂ ယောက်ဟာ အခြေအနေ ပြန်ကောင်းသွားပါပြီ။ ၆ ယောက်ကတော့ မကောင်းသေးပါဘူး”
    သေးဆုံးသူတွေထဲမှာ လူနာတွေကို ကုသပေးတဲ့ သူနာပြုတစ်ဦးလည်း ပါဝင်ပါတယ်။ ပြည်နယ်အတွင်းမှာ ဒီကူးစက်မှုကြောင့် ကြောက်လန့်မှုတွေ ရှိနေပြီး အစိုးရက တတ်နိုင်သမျှအားလုံးကို လုပ်ဆောင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
    နီဖာဟ်ဗိုင်းရပ်စ်ကို ၁၉၉၈ ခုနှစ်က မလေးရှားနိုင်ငံမှာ စတင်တွေ့ရှိခဲ့ပြီး ရောဂါလက္ခဏာတွေက အဖျားကြီးတာ၊ ခေါင်းကိုက်တာ၊ အသက်ရှုရခက်တာ၊ မူးဝေတာ၊ ဦးနှောက်ရောင်ရမ်းတာ၊ စိတ်ကစဥ့်ကလျားဖြစ်တာ၊ ကိုးမားဝင်တာတွေ ဖြစ်ပါတယ်။
    Ref: Aljazeera
  • အင်္ဂါနေ့မနက် နိုင်ငံတကာသတင်းများ
    အင်္ဂါနေ့မနက် နိုင်ငံတကာသတင်းများ
    မေ ၂၂၊ ၂၀၁၈
    M-Media
    ဗင်နီဇွဲလားရွေးကောက်ပွဲ မြင်ကွင်း
    မလေးဝန်ကြီးချုပ်ဟောင်းနှင့် ရှေ့နေနှစ်ဦး လမ်းခွဲ
    ==============
    ခြစားမှုကိစ္စအတွက် စုံစမ်းစစ်ဆေးမှုကို ခံနေရတဲ့ မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ရဲ့ ရှေ့နေေ တွထဲက နှစ်ဦးဟာ နာဂျစ်နဲ့ လမ်းခွဲခဲ့ပါတယ်။ နာဂျစ်ဟာ ဒီနေ့မနက်ပိုင်းက ခြစားမှုတိုက်ဖျက်ရေးကော်မရှင်ကို သွားရောက်ကာ မေးမြန်းမှုတွေကို ဖြေကြားခဲ့ပါတယ်။ နာဂျစ်နဲ့လမ်းခွဲတဲ့ ရှေ့နေနှစ်ဦးက ဟာပါလ် ဆင်း ဂရီ
    ထရမ့်ကို ကစားလျှင် မှားမည်ဟု မြောက်ကိုရီးယားကို ကန် သတိပေး
    ===============
    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အနေနဲ့ လာမယ့်လ ၁၂ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နဲ့ ဆွေးနွေးပွဲကို ဖျက်ပစ်ဖို့ ဆန္ဒရှိနေတယ်လို့ ဒုတိယသမ္မတ မိုက်ပန့်စ်က ပြောကြားလိုက်ပါတယ်။ ကင်ဂျုံအွန်ဟာ ပြီးခဲ့တစ်ပတ်က ဒီအစီအစဉ်နဲ့ပတ်သက်ပြီး မေးခွန်းတွေ ထုတ်ခဲ့တာပါ။ ပန့်စ်ကတော့ ကင်ဂျုံအွန်အနေနဲ့ ဒေါ်နယ်ထရမ့်နဲ့ ကစားမယ်ဆိုရင် မှားမှာဖြစ်တယ်လို့ သတိပေးခဲ့ပါတယ်။ မြောက်ကိုရီးယားနဲ့ ဆွေးနွေးမှုတွေ ရှေ့ဆက်ရမလားဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်ဟာ တောင်ကိုရီးယားဆီက အကြံဉာဏ်တွေ ရယူနေပါတယ်။
    ရွေးကောက်ပွဲမသမာမှုကြောင့် နိုင်ငံ ၁၄ နိုင်ငံက ဗင်နီဇွဲလားနှင့် သံအဆက်အသွယ်ဖြတ်
    =================
    ဗင်နီဇွဲလားသမ္မတ နီကိုလက်စ်မာဒူရိုက ရွေးကောက်ပွဲမှာ မသမာမှုတွေလုပ်တာကို ဆန့်ကျင်တဲ့အနေနဲ့ လက်တင်အမေရိကနိုင်ငံများအဖွဲ့ Lima Group ရဲ့ အဖွဲ့ဝင် ၁၄ နိုင်ငံစလုံးက သူတို့ရဲ့ သံအမတ်တွေကို ပြန်လည်ခေါ်ဆောင်ခဲ့ပါတယ်။ တနင်္ဂနွေနေ့ ရွေးကောက်ပွဲမှာ မာဒူရိုဟာ သမ္မတအဖြစ် ပြန်လည်အရွေးချယ်ခံရပေမယ့် အတိုက်အခံတွေက ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပြီး မသမာမှုတွေ ရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီကိစ္စအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း မနေ့မှာ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပြီး မာဒူရိုအစိုးရအပေါ် ပိတ်ဆို့မှုတွေ လုပ်ခဲ့ပါတယ်။
    တောင်တရုတ်ပင်လယ်တွင် စစ်အင်အားဖြည့်တင်းမှုမရှိဟု တရုတ်ပြော
    =============
    တောင်တရုတ်ပင်လယ်မှာ စစ်အင်အားဖြည့်တင်းနေတယ်ဆိုတဲ့ သတင်းတွေကို တရုတ်နိုင်ငံက မနေ့မှာ ငြင်းဆိုလိုက်ပါတယ်။ သောကြာနေ့က စစ်ရေးလေ့ကျင့်မှုအတွင်း တရုတ်နိုင်ငံဟာ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေကို တောင်တရုတ်ပင်လယ်က ကျွန်းတွေမှာ အဆင်းအတက်လုပ်ခဲ့ပြီး အဲဒီအတွက် နိုင်ငံတကာ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လူကန်က တောင်တရုတ်ပင်လယ်ဟာ တရုတ်နိုင်ငံရဲ့ ပိုင်နက်တွေဖြစ်ပြီး ဗုံးကြဲလေယာဉ်တွေကို ချထားဟာ ပုံမှန် စစ်ရေးလေ့ကျင်မှုသာဖြစ်ကြောင်း၊ နိုင်ငံတစ်ခုက သူ့နိုင်ငံပိုင်နက်အတွင်းမှာ သူ့ကိုယ်ပိုင် စစ်သင်္ဘောတွေ၊ လေယာဉ်တွေ ချထားတာဟာ အခြားနိုင်ငံတွေအပေါ် ခြိမ်းခြောက်မှုမဟုတ်ကြောင်း တုန့်ပြန်ခဲ့ပါတယ်။
    Ref: CNA, Aljazeera
  • တနင်္လာနေ့ ဘောလုံးသတင်းများ
    တနင်္လာနေ့ ဘောလုံးသတင်းများ
    မေ ၂၁၊ ၂၀၁၈
    M-Media
    ဘာစီလိုနာကို နှုတ်ဆက်ခဲ့တဲ့ အင်နီယေစတာ
    ချန်ပီယံလိဂ်ဗိုလ်လုပွဲလက်မှတ် မှောင်ခိုဈေးကွက်တွင် အဆမတန်မြင့်တက်
    ==============
    မေလ ၂၆ ရက်နေ့မှာကစားမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက် လီဗာပူးလ် လက်မှတ်တွေဟာ မှောင်ခိုဈေးကွက်မှာ မူရင်းဈေးထက် အဆ ၂၀ လောက် များနေလို့ ပရိတ်သတ်တွေက ဝေဖန်မှုတွေ ရှိနေပါတယ်။ လီဗာပူးလ်ရဲ့ လက်မှတ်ခွဲတမ်း ၁၆၆၂၆ စောင်ဟာ ရောင်းကုန်သွားပေမယ့် ၀ယ်ထားသူတွေဟာ အွန်လိုင်းမှာ ဈေး
    တင်ရောင်းနေပြီး မူရင်းဈေး ပေါင် ၂၈၀ ရှိတဲ့ အထူးတန်း လက်မှတ်တစ်စောင်ကို ပေါင် ၁၄၀၀၀ အထိ ပေါက်နေပါတယ်။ အခြားလက်မှတ်တွေရဲ့ ဈေးတွေကလည်း မူရင်းဈေးတွေထက် မြင့်နေပါတယ်။ ယူကရိန်းနိုင်ငံ ကီဗ်မြို့က ဗိုလ်လုပွဲကစားမယ့်ကွင်းဟာ ပရိတ်သတ် ၆၃၀၀၀ လောက်ဆံ့ပြီး လီဗာပူးလ်ကတော့ မှောင်ခိုဈေးကွက်ကနေလက်မှတ်တွေမ၀ယ်ဖို့ ပရိတ်သတ်တွေကို တိုက်တွန်းထားပါတယ်။
    ဘာစီလိုနာကွင်းလယ်လူ အင်နီယေစတာ မျက်ရည်လည်ရွဲဖြင့် အသင်းကိုနှုတ်ဆက်
    ============
    ၂၂ နှစ်လောက် ကျင်လည်ခဲ့ရတဲ့အသင်းကို နှုတ်ဆက်ရတဲ့နေ့ဟာ အလွန်အမင်း ခက်ခဲတဲ့နေ့ဖြစ်ပြီး အသင်းနဲ့ ပရိတ်သတ်တွေကို တစ်ဘ၀စာလုံး လွမ်းနေတော့မယ်လို့ ဘာစီလိုနာကွင်းလယ်လူ အင်နီယေစတာက ဒီနေ့မနက်ကစားခဲ့တဲ့ သူ့ရဲ့ နောက်ဆုံးပွဲအပြီးမှာ ပရိသတ်ကို နှုတ်ဆက်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းကြီးမှာ ၁၆ နှစ်ကစားပေးခဲ့တဲ့ အင်နီယေစတာဟာ အဓိကဖလား ၂၂ လုံးရရှိခဲ့ပြီး နောက်နှစ်မှာ တရုတ်စူပါလိဂ်ကို ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေ ထွက်နေပါတယ်။ အင်နီယေစတာကတော့ ပရိတ်သတ်တွေ၊ သူ့ကိုချစ်တဲ့သူတွေ၊ အသင်းဖော်တွေကို ကျေးဇူးတင်ကြောင်း၊ အသင်းဟာ သူ့ရဲ့နှလုံးသားထဲမှာ အမြဲရှိနေမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
    ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ရီးယဲလ်ကို အနိုင်ယူနိုင်မည်ဟု လီဗာပူးလ်နည်းပြ ပြော
    ==============
    အသင်းရဲ့ စိတ်အားထက်သန်မှု၊ အမူကျင့်နဲ့ လုပ်အားတွေက ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရီးယဲလ်အသင်းရဲ့ အတွေ့အကြုံကို ကျော်ဖြတ်အောင်ပွဲခံနိုင်တယ်လို့ လီဗာပူးလ်နည်းပြ ကလော့ပ်က ပြောကြားလိုက်ပါတယ်။ ချန်ပီယံလိဂ် ၁၂ ကြိမ်ရထားတဲ့ ရီးယဲလ်နဲ့ ၅ ကြိမ်ရထားတဲ့ လီဗာပူးလ်တို့ဟာ မေလ ၂၆ ရက်နေ့ ကီဗ်မြို့မှာ ဗိုလ်လုရမှာပါ။ လီဗာပူးလ်ဟာ ၂၀၀၇ ခုနှစ်နောက်ပိုင်း ပထမဆုံး နောက်ဆုံးဗိုလ်လုပွဲကို တက်ရောက်နိုင်တာဖြစ်ပြီး ကလော့ပ်က ကွာတားဖိုင်နယ်မှာ မန်စီးတီး၊ ဆီးမီးဖိုင်နယ်မှာ ရိုးမားတို့ ကျော်ဖြတ်နိုင်ခဲ့တဲ့ ပုံစံအတိုင်း ရဲရဲဝံ့ဝံ့ကစားဖို့ အသင်းကို တိုက်တွန်းထားပါတယ်။
    အသင်းမှထွက်ခွာချင်သည်ဟု နေးမာက ပီအက်စ်ဂျီကို ပြောထား
    ===========
    ပီအက်စ်ဂျီတိုက်စစ်မှူး နေးမာဟာ ရီးယဲလ်ကိုပြောင်းရွှေ့ချင်တယ်လို့ အသင်းကို ပြောထားပေမယ့် အသင်းက သူ့ကို ပြောင်းရွှေ့ခွင့်မပေးဘူးလို့ သတင်းထွက်လာပါတယ်။ ဘာစီလိုနာကနေ ကမ္ဘာ့စံချိန်ပြောင်းရွှေ့ကြေး ယူရို ၂၂၂ သန်းနဲ့ မနှစ်ကမှ ပီအက်စ်ဂျီကိုရောက်လာတဲ့ နေးမာဟာ အခုနှစ်မှာ အသင်းက ထွက်ချင်နေတာပါ။ သူ့ရဲ့အေးဂျင့်က ရီးယဲလ်ဥက္ကဌ ပီရက်ဇ်နဲ့ မေလ ၁၃ ရက်နေ့မှာ တွေ့ဆုံခဲ့ပါတယ်။ နေးမာရဲ့ ဖခင်ဖြစ်သူကလည်း နေးမာ ရီးယဲလ်ကိုပြောင်းရွှေ့တာကို မြင်ချင်နေပါတယ်။
    Ref: Goal, BBC