News @ M-Media

Blog

  • အင်္ဂလန်မှဗလီတစ်လုံး ဇကားသ်အလှူကို Bitcion ဖြင့် လက်ခံမည်

    အင်္ဂလန်မှဗလီတစ်လုံး ဇကားသ်အလှူကို Bitcion ဖြင့် လက်ခံမည်

    မေ ၂၈၊ ၂၀၁၈
    M-Media

    – ယူကေ ဗလီဝတ်ကျောင်းတော်တစ်လုံးဟာ ဇကားသ်အလှူကို ဒစ်ဂျစ်တယ်ငွေကြေးတွေနဲ့ လက်ခံသွားမယ်လို့ ကြငြာလိုက်ပြီး ကမ္ဘာ့ပထမဆုံး ဒစ်ဂျစ်တယ်ငွေကြေးအသုံးပြု ဇကားသ်ကောက်ခံမှု ဖြစ်လာမှာ ဖြစ်ပါတယ်။

    အစ္စလာမ်သာသနာက သတ်မှတ်ထားတဲ့ ပိုင်ဆိုင်မှုမျိုး ရှိလာပြီဆိုရင် အစ္စလာမ်ဘာသာဝင်တွေဟာ အဲဒီပမာဏထဲက ၂.၅ ရာခိုင်နှုန်းကို ချို့တဲ့သူတွေအတွက် နှစ်စဉ် လှူဒါန်းရပြီး ဒါကို အာရဘီဘာသာစကားနဲ့ ဇကားသ်လို့ ခေါ်ပါတယ်။

    ဇကားသ်ကို များသောအားဖြင့် ရမ်ဇာန်ဥပုသ်လမှာ လှူဒါန်းကြပြီး တစ်ကိုယ်ရေ လှူဒါန်းတာမျိုး ရှိသလို ဗလီတွေ၊ အစ္စလာမ့်အသင်းအဖွဲ့တွေက ကောက်ခံပြီး လှူဒါန်းပေးတာမျိုးလည်း ရှိပါတယ်။ တစ်ချို့နိုင်ငံတွေမှာတော့ အစိုးရကိုယ်တိုင်က ဇကားသ်ကောက်ခံလှူဒါန်းဖို့ စီစဉ်ပေးတာတွေ ရှိပါတယ်။

    ဇကားသ်ကို ပုံမှန်အားဖြင့် ငွေသား၊ ဘဏ်အကောင့် ဒါမှမဟုတ် ချက်လက်မှတ်တွေနဲ့ပေးတာမျိုး ဖြစ်ပေမယ့် လန်ဒန်အရှေ့ပိုင်း ဟက္ကနီမြို့က ‘ရမ်ဒါန်’ ဗလီဝတ်ကျောင်းတော်ဟာ ပထမဆုံးအကြိမ်အဖြစ် ဒစ်ဂျစ်တယ်ငွေကြေးတွေဖြစ်တဲ့ Bitcoin၊ Ethereum တို့နဲ့ လက်ခံသွားမယ်လို့ ကြေငြာခဲ့ပါတယ်။

    “ကျွန်တော်တို့ကို ပံ့ပိုးပေးဖို့ လိုအပ်နေတယ်ဆိုတာ မွတ်စလင်ကမ္ဘာက အာရုံစိုက်လာဖို့ မျှော်လင့်ပါတယ်။ ကျွန်တော် ဒီပတ်ဝန်းကျင်မှာ မွေးဖွားကြီးပြင်းခဲ့ပြီး၊ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးလာတာကို တွေ့မြင်ရသလို၊ နေစရာအိမ်၊ စားစရာ၊ အသုဘစားရိတ်၊ အစိုးရအပြောင်းအလဲ စတဲ့ စိန်ခေါ်မှုတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်” လို့ ဗလီဝတ်ကျောင်းတော်ရဲ့ ဂေါပကဥက္ကဌ အာရ်ကင် ဂူနီက ပြောကြားခဲ့ပါတယ်။

    ဂေါပကအဖွဲ့ဟာ ဒစ်ဂျစ်တယ်ငွေကြေးတွေကနေတစ်ဆင့် ဇကားသ်ဒါနကြေး ပေါင်တစ်သောင်းလောက်ရမယ်လို့ မျှော်လင့်နေပြီး ပြုပြင်ဖို့ အလျင်အမြန် လိုအပ်နေတဲ့ ဗလီဝတ်ကျောင်းတော်အတွက် သုံးစွဲသွားမှာ ဖြစ်ပါတယ်။

    မွတ်စလင်ကမ္ဘာမှာ ဒစ်ဂျစ်တယ်ငွေကြေးလုပ်ငန်းဟာ တွင်ကျယ်နေတာကြောင့် အခုလို စီစဉ်ပေးခြင်းအားဖြင့် အလှူငွေ ပိုမိုရလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ဂေါပကဥက္ကဌက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဇာကားသ်ကို ဗလီဝတ်ကျောင်းတော်ရဲ့ ၀ဘ်ဆိုက်က QR ကုဒ်ကို စကန်ဖတ်ကာ လှူဒန်းနိုင်မှာဖြစ်ပါတယ်။

    Ref: Alarabiya

  • ၄ နှစ်ကလေးကို သက်စွန့်ဆံဖျားကယ်တင်သည့် ရွှေ့ပြောင်းအခြေချသူကို ပြင်သစ်က နိုင်ငံသားပေးမည်

    ၄ နှစ်ကလေးကို သက်စွန့်ဆံဖျားကယ်တင်သည့် ရွှေ့ပြောင်းအခြေချသူကို ပြင်သစ်က နိုင်ငံသားပေးမည်

    မေ ၂၈၊ ၂၀၁၈
    M-Media

    – ပဲရစ်က အထပ်မြင့်တိုက်ခန်းတစ်ခုမှာ တွဲလောင်းဖြစ်နေတဲ့ ကလေးငယ်လေးကို သက်စွန့်ဆံဖျား ကယ်တင်ခဲ့တဲ့ မာလီက ပြောင်းရွှေ့အခြေချသူ အမျိုးသားကို နိုင်ငံသားပေးသွားမယ်လို့ ပြင်သစ်က ကြေငြာလိုက်ပါတယ်။

    အသက် ၂၂ နှစ်အရွယ် မာမူဒူ ဂါဆာမာဆိုတဲ့ အဲဒီအမျိုးသားရဲ့ ဗီဒီယိုဟာ အွန်လိုင်းစာမျက်နှာမှာ ပြန့်နှံ့သွားပြီးတဲ့နောက် နိုင်ငံတစ်ဝှမ်းက ချီးကျူးမှုတွေ ရရှိခဲ့ပါတယ်။

    ပြင်သစ်သမ္မတ အီမန်နျူယဲလ် မာခရွန်ကလည်း မနေ့က သမ္မတအိမ်တော်မှာ ဂါဆာမာကို ခေါ်ယူတွေ့ဆုံခဲ့ပြီး ရဲရင့်မှုအတွက် ချီးကျူးခဲ့သလို၊ နိုင်ငံသားပေးမယ်လို့လည်း ပြောကြားခဲ့ပါတယ်။ ဂါဆာမာဟာ ပြင်သစ် မီးသပ်တပ်ဖွဲ့မှာလည်း အလုပ်ရဖို့ ရှိနေပါတယ်။

    လမ်းသွားနေတဲ့အချိန် အထပ်မြင့်တိုက်တစ်လုံးမှာ အသက် ၄ နှစ်အရွယ် ကလေးတစ်ယောက် တွဲလောင်းဖြစ်နေတာကို မြင်တွေ့ခဲ့ပြီး ချက်ခြင်းဆိုသလိုပဲ ကယ်တင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဂါဆာမာက သမ္မတကို ပြောကြားခဲ့ပါတယ်။

    “ကျွန်တော် တွယ်တက်သွားတယ်။ ဘုရားသခင်က ကျွန်တော့်ကို ကူညီခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ အထပ်မြင့်လေ ထပ်ပြီးတက်ဖို့အတွက် သတ္တိတွေ ပိုရှိလေပါပဲ”

    အခင်းဖြစ်ပွားတဲ့အချိန်မှာ ကလေးငယ်ရဲ့ မိဘတွေက အိမ်မှာရှိမနေဘဲ ရဲတပ်ဖွဲ့က ကလေးကို ဂရုမစိုက်မှုအတွက် ဖခင်ကို ခေါ်ယူစစ်ဆေနေပါတယ်။ မိခင်ဖြစ်သူကတော့ ပဲရစ်မှာ မရှိဘူးလို့ ဆိုပါတယ်။

    ဂါဆာမာက သူဟာ မြေထဲပင်လယ်ကိုဖြတ်ပြီး အီတလီ၊ အဲဒီကနေမှတစ်ဆင့် ပြင်သစ်ကို အန္တရာယ်အဆင့်ဆင်ဖြတ်ကျော်ကာ ပြီးခဲ့တဲ့နှစ်မှာ ရောက်ရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    ပဲရစ်မြို့တော်ဝန် အန်နီ ဟီဒါလ်ဂိုကလည်း ဂါဆာမာကို ချီးကျူးခဲ့ပြီး ဖုန်းဆက်ကာ ကျေးဇူးတင်ကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ အခင်းဖြစ်ပွားတဲ့ ၁၈ ရပ်ကွက်ကို ရည်ညွှန်းကာ ‘၁၈ ရပ်ကွက်က စပိုက်ဒါမန်း’ လို့ မြို့တော်ဝန်က တင်စားခဲ့သလို ‘နိုင်ငံသားတွေအတွက် နမူနာကောင်းဖြစ်တယ်’ လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: BBC

  • မြန်မာနိုင်ငံကတင်ပို့သည့် မူးယစ်ဆေး ဒေါ်လာ ၁၈ သန်းဖိုး မလေးရှားတွင် ဖမ်းမိ

    မြန်မာနိုင်ငံကတင်ပို့သည့် မူးယစ်ဆေး ဒေါ်လာ ၁၈ သန်းဖိုး မလေးရှားတွင် ဖမ်းမိ

    မေ ၂၈၊ ၂၀၁၈
    M-Media

    – မြန်မာနိုင်ငံကနေ လက်ဖက်ခြောက်အထုပ်တွေအဖြစ် တင်ပို့တဲ့ စိတ်ကြွဆေးအခဲ ၁.၂ တန်လောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ မလေးရှားအာဏာပိုင်တွေက ဒီကနေ့မှာ ထုတ်ပြန်ခဲ့ပြီး နိုင်ငံသမိုင်းတစ်လျှောက် အကြီးမားဆုံး မူးယစ်ဆေး ဖမ်းမိမှုလည်း ဖြစ်ပါတယ်။

    အဲဒီမူးယစ်ဆေးတွေကို ရန်ကုန်မြို့ကနေ မလေးရှားနိုင်ငံ ကလန်းဆိပ်ကမ်းကို ပို့ဆောင်တဲ့ ကွန်တိန်နာထဲမှာ လက်ဖက်ခြောက်အမည်ခံကာ ထည့်သွင်းခဲ့တာဖြစ်ပြီး ကန်ဒေါ်လာ ၁၈ သန်းဖိုးလောက်ရှိပါတယ်။

    “ဒါဟာ ကျွန်တော်တို့သမိုင်းမှာ ပမာဏအရရော၊ တန်ဖိုးအရပါ အမြင့်ဆုံးဖြစ်ပါတယ်” လို့ မလေးရှား အကောက်ခွန် ညွှန်ကြားရေးမှူးချုပ် ဆူဘရိုမာနီယမ် သိုလာဆီက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

    ကွန်တိန်နာဟာ ကွာလာလမ်ပူဆင်ခြေဖုံးက ကုမ္ပဏီတစ်ခုကို လိပ်မူထားတာဖြစ်ပြီး မြန်မာနိုင်ငံသား ၃ ဦးနဲ့ မလေးရှားနိုင်ငံသား ၃ ဦးတို့ကို ဖမ်းဆီးခဲ့တယ်လို့လည်း ညွှန်ကြားရေးမှူးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “ကျွန်တော်တို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။ ဒီကိစ္စမှာပါဝင်တဲ့အဖွဲ့ဟာ မြန်မာနိုင်ငံက အဖွဲ့နဲ့ အဆက်အသွယ်ရှိမယ်လို့ ယုံကြည်ပါတယ်”

    စိတ်ကြွဆေးတွေအပြင် ဘိန်းဖြူအနည်းငယ်နဲ့ လိုင်စင်မဲ့ စီးကရက် အလိပ်ရေ တစ်သန်းကိုလည်း ဖမ်းမိခဲ့ပါတယ်။

    အာရှတစ်ဝှမ်းမှာ စိတ်ကြွဆေးဈေးကွက်ဟာ စိုးရိမ်စရာကောင်းလောက်အောင် ကျယ်ပြန့်လာတယ်လို့ ကျွမ်းကျင်သူတွေက ပြောကြားခဲ့ပါတယ်။

    မြန်မာနိုင်ငံရဲ့ နေစပ်ဒေသတွေဟာ ဘိန်းစိုက်ပြီး ဘိန်းဖြူချက်တဲ့ နေရာတွေအဖြစ် ဆယ်စုနှစ်ချီ နာမည်ထွက်ခဲ့ကာ အရှေ့တောင်အာရှက မူးယစ်ဈေးကွက်ရဲ့ အဓိကရင်းမြစ်တစ်ခုလည်း ဖြစ်နေပါတယ်။

    Ref: CNA

  • တနင်္လာနေ့မနက် နိုင်ငံတကာသတင်းများ

    တနင်္လာနေ့မနက် နိုင်ငံတကာသတင်းများ

    မေ ၂၈၊ ၂၀၁၈
    M-Media

    အမေရိကန်စစ်သင်္ဘော

    ကန်-မြောက်ကိုရီးယား ထိပ်သီးအစည်းအဝေး သမ္မတမွန်ဂျယ်အင် တက်မည်
    ===========
    လာမယ့်လ ၁၂ ရက်နေ့ စင်ကာပူမှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ထရမ့်နဲ့ ကင်ဂျုံအွန်တို့ရဲ့ ထိပ်သီးအစည်းအဝေးကို သမ္မတ မွန်ဂျယ်အင် တက်ရောက်ဖို့ရှိတယ်လို့ တောင်ကိုရီးယား သမ္မရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်ပါတယ်။ ကြာသာပတေးနေ့မှာ ဆွေးနွေးပွဲကို ဖျက်သိမ်းကြောင်း ထရမ့်က ကြေငြာခဲ့ပေမယ့် မြောက်ကိုရီးယားဖက်က တုန့်ပြန်မှုတွေ အပြုသဘောဆောင်တာကြောင့် တွေ့ဆုံပွဲပြန်ဖြစ်ရေး ဆက်လက်ဆွေးနွေးနေကြပါတယ်။ မွန်ဂျယ်အင်ဟာ စနေနေ့က ကင်ဂျုံအွန်နဲ့ ရုတ်တရက်တွေ့ဆုံခဲ့ပြီး တစ်လအတွင်း ခေါင်းဆောင်နှစ်ဦး ဒုတိယမြောက်တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။

    အငြင်းပွားကျွန်းတွင် အမေရိကန်စစ်သင်္ဘောခုတ်မောင်းမှု တရုတ်ကန့်ကွက်
    ==================
    ပိုင်နက်အငြင်းပွားမှုဖြစ်နေတဲ့ တောင်တရုတ်ပင်လယ်က ကျွန်းစုတွေအနီးမှာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း အမေရိကန် စစ်သင်္ဘော ၂ စီး ဖြတ်သန်းသွားလာမှုကို ကန့်ကွက်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး ဒါဟာ ရန်စမှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အမေရိကန်ကတော့ ဒါဟာ ပုံမှန်ပြုလုပ်နေကြ လေ့ကျင့်မှုမျိုးပဲဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။ တရုတ်က အဲဒီသင်္ဘောနှစ်စီးဟာ သူတို့ပိုင်နက်ထဲကို အခွင့်မရှိဘဲ ၀င်လာခဲ့တဲ့အတွက် စစ်သင်္ဘောတွေ စစ်လေယာဉ်တွေ လိုက်ပါကာ ထွက်သွားဖို့ သတိပေးခဲ့ရတယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဒီလိုလုပ်ရပ်မျိုးတွေ ထပ်မလုပ်ဖို့ အမေရိကန်ကို သတိပေးခဲ့ပါတယ်။

    မလေးရှားတွင် တစ်နှစ်အတွင်း ပလက်စတစ်အိတ် ပိတ်ပင်မည်
    ===============
    ပြည်သူတွေကို အသိပညာပေးတာ၊ စည်းရုံးလှုံ့ဆော်တာတွေလုပ်ပြီး တစ်နှစ်အတွင်း တစ်နိုင်လုံးမှာ ပလက်စတစ်အိတ်တွေ ပိတ်ပင်ဖို့ လုပ်ဆောင်သွားမယ်လို့ မလေးရှား အိမ်ယာနှင့် ဒေသန္တရအစိုးရဆိုင်ရာဝန်ကြီး ဇူရိုင်ဒါကမာရွဒ်ဒင်က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။ လက်ရှိ ကွာလာလမ်ပူ၊ ပူထရာဂျာယာ၊ ဆီလန်ဂေါ၊ မလာကာနဲ့ ဂျိုဟိုးတို့မှာ ပလက်စတစ်အိတ်အသုံးပြုမှု ပိတ်ပင်ထားပေမယ့် ပြည်သူတွေကို စည်းရုံးလှုံ့ဆော်မှုမှာ အစိုးရဟာ အားနည်းနေသေးတယ်လို့လည်း သူမက ဆိုပါတယ်။

    ဆီးရီးယားတွင် သေဆုံးသည့် ရုရှားစစ်သား ၉၀ ကျော်ပြီ
    ===============
    ဆီးရီးယားနိုင်ငံ ဒီအက်ဇိုပြည်နယ်က အစိုးရတပ်ရဲ့ အဝေးပစ်အမြောက်ကို သူပုန်တွေက စနေနေ့မှာ ၀င်ရောက်တိုက်ခိုက်မှုအတွင်း အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် သူတို့စစ်သား ၄ ဦးနဲ့ သူပုန် ၄၃ ဦး သေဆုံးခဲ့တယ်လို့ ရုရှားတာဝန်ရှိသူတွေက မနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဆီးရီးယားပြည်တွင်းစစ်မှာ ၂၀၁၅ ခုနှစ်
    စက်တင်ဘာလက စတင်ပါဝင်ခဲ့တဲ့ ရုရှားတပ်ဖွဲ့ဝင်တွေ သေဆုံးမှုဟာ အခုဆိုရင် ၉၂ ဦး ရှိလာပြီဖြစ်ပါတယ်။

    Ref : Aljazeera, CNA

  • လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟ် ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲ လွဲချော်မည်

    လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟ် ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲ လွဲချော်မည်

    မေ ၂၇၊ ၂၀၁၈
    M-Media

    – ဒီနေ့မနက် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်ဟာ ၂ လလောက် အနားယူရမှာဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကိုပါ လွဲချော်မှာ ဖြစ်ပါတယ်။

    ရီးယဲလ်က ၃ ဂိုး ၁ ဂိုးနဲ့အနိုင်ရပြီး ဗိုလ်စွဲခဲ့တဲ့ အဲဒီပွဲ ပထမပိုင်း မိနစ် ၃၀ မှာပဲ ဆာလာဟ်ဟာ ရီးယဲလ်နောက်ခံလူ ရာမို့စ်ရဲ့ ကြမ်းတမ်းတဲ့ဖြတ်ထုတ်ပုံကြောင့် ပုခုံးဒဏ်ရာရရှိကာ လူစားလဲခဲ့ရပါတယ်။

    ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ လီဗာပူးလ်နည်းပြ ယာဂန်ကလော့က ဆာလာဟ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်နိုင်တယ်လို့ ပြောကြားခဲ့ပေမယ့် အီဂျစ်ဘောလုံးအဖွဲ့ချုပ် EFA က ထုတ်ပြန်တဲ့ကြေငြာချက်မှာ ဇွန်လ ၁၅ ရက်နေ့ ဥရုဂွေးနဲ့ကစားမယ့် အုပ်စုအဖွင့်ပွဲမတိုင်ခင် ပြန်လည်သက်သာလာဖို့ မျှော်လင့်ချက်ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။

    ဒါပေမယ့် ဆော်ဒီအားကစားအာဏာပိုင်အဖွဲ့ ဥက္ကဌ အလ်-ရှိခ်က ဆာလာဟ်ရဲ့ဒဏ်ရာဟာ ၂ လလောက် နားရမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကျွန်တော်တို့ရဲ့ အာရပ်စတား မိုဟာမက် ဆာလာဟ်ဟာ ဒဏ်ရာကြောင့် ၂ လောက်နားရမယ်လို့ စိတ်မကောင်းစွာနဲ့ပဲ အတည်ပြုပါတယ်။ ဒါ့ကြောင့် သူဟာ ကမ္ဘာ့ဖလားကို လွဲချော်မှာ ဖြစ်ပါတယ်”

    ရှေရှည်မှာ အန္တရာယ်ရှိနိုင်တာကြောင့် လီဗာပူးလ်အသင်းဟာ ဆာလာဟ်ကို ကမ္ဘာ့လားပြိုင်ပွဲ လွှတ်မှာ မဟုတ်ဘူးလို့လည်း သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဆော်ဒီဟာ အီဂျစ်နဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တစ်အုပ်စုတည်း ကျရောက်နေတာလည်း ဖြစ်ပါတယ်။

    Ref: Goal