News @ M-Media
Blog
  • အစိုးရဟောင်းလက်ထက် နိုင်ငံ့ဘဏ္ဍာပျောက်ဆုံးမှုများကို ကိုင်တွယ်ရန် မလေးရှားစီစဉ်
    အစိုးရဟောင်းလက်ထက် နိုင်ငံ့ဘဏ္ဍာပျောက်ဆုံးမှုများကို ကိုင်တွယ်ရန် မလေးရှားစီစဉ်
    မေ ၂၁၊ ၂၀၁၈
    M-Media
    – ၀န်ကြီးချုပ်ဟောင်းနာဂျစ်ရာဇတ် ပါဝင်ပတ်သက်မှုရှိတယ်လို့ သတင်းတွေထွက်နေတဲ့ နိုင်ငံပိုင်လုပ်ငန်း 1MDB က ရန်ပုံငွေ ပျောက်ဆုံးမှုကို စုံစမ်းစစ်ဆေးဖို့ မလေးရှားအစိုးရက လုပ်ငန်းအဖွဲ့တစ်ခုကို ဒီကနေ့မှာ ဖွဲ့စည်းလိုက်ပါတယ်။
    အဲဒီလုပ်ငန်းအဖွဲ့မှာ ခြစားမှုတိုက်ဖျက်ရေး အေဂျင်စီ၊ ရဲတပ်ဖွဲ့နဲ့ ဗဟိုဘဏ်တို့ ပူးပေါင်းပါဝင်မှာဖြစ်ပြီး 1MDB ကို စီမံခန့်ခွဲမှုမှာ ပါဝင်တဲ့သူတိုင်းကို စစ်ဆေးသွားမှာ ဖြစ်ပါတယ်။
    1MDB ကို ၀န်ကြီးချုပ်ဟောင်း နာဂျစ်က ၂၀၀၉ ခုနှစ်မှာ တည်ထောင်ခဲ့တာပါ။ ပျောက်ဆုံးသွားတဲ့ နိုင်ငံပိုင်ငွေနဲ့ ၀ယ်ယူထားတဲ့ ပိုင်ဆိုင်မှုတွေ ဖော်ထုတ်သိမ်းဆည်းတာကိုလည်း အခုဖွဲ့စည်းလိုက်တဲ့ လုပ်ငန်းအဖွဲ့က လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
    “ဒီလုပ်ငန်းအဖွဲ့ရဲ့တာဝန်မှာ အမေရိကန်၊ ဆွစ်ဇာလန်၊ စင်ကာပူ၊ ကနေဒါနဲ့ အခြား သက်ဆိုင်ရာနိုင်ငံတွေက ဥပဒေစိုးမိုးရေး အေဂျင်စီတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့လည်း ပါဝင်ပါတယ်” လို့ ၀န်ကြီးချုပ် မဟာသီယာ မိုဟာမက်ရဲ့ရုံးက ထုတ်ပြန်ခဲ့ပါတယ်။
    တိုင်းပြည်ကို ၁၀ နှစ်ကြာအုပ်စိုးခဲ့ပြီး မေလ ၉ ရက်နေ့မှာ အတိုက်အခံတွေကို ရှုံးနိမ့်ခဲ့တဲ့ ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ဟာ အာဏာရှိစဉ်အတွင်း 1MDB က ဒေါ်လာဘီလီယံချီ ရယူခဲ့တယ်လို့ သတင်းတွေထွက်ခဲ့ပြီး သူကတော့ ဒီပြောကြားမှုတွေကို ငြင်းဆိုထားပါတယ်။
    လုပ်ငန်းအဖွဲ့မှာ မလေးရှား ရှေ့နေချုပ်ဟောင်း အဘ်ဒူလ် ဂနီလည်း ပါဝင်ပါတယ်။ သူဟာ နာဂျစ်အစိုးရလက်ထက်မှာ ၀န်ကြီးချုပ်နာဂျစ်ကို ခြစားမှုနဲ့ တရားစွဲဆိုဖို့ လုပ်ဆောင်နေတဲ့အချိန်မှာ ထုတ်ပယ်ခံလိုက်ရတယ်လို့ လက်ရှိဝန်ကြီးချုပ် မဟာသီကို အဘ်ဒူလ် ဂနီက ပြောကြားခဲ့ပါတယ်။
    Ref: Aljazeera
  • လုပ်ငန်းရှင်များနှင့် ကျောင်းသားများကို ယူအေအီးက ဗီဇာ ၁၀ နှစ်ပေးမည်
    လုပ်ငန်းရှင်များနှင့် ကျောင်းသားများကို ယူအေအီးက ဗီဇာ ၁၀ နှစ်ပေးမည်
    မေ ၂၁၊ ၂၀၁၈
    M-Media
    – ရင်းနှီးမြှုပ်နှံသူတွေ၊ ကျွမ်းကျင်သူတွေနဲ့ ကျောင်းသားတွေကို နေထိုင်ခွင့် ၁၀ နှစ်အထိပေးသွားမယ်လို့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီးနိုင်ငံ) က ကြေငြာလိုက်ပါတယ်။
    ဒူဘိုင်းအုပ်ချုပ်ရေးမှူး ရှိခ် မိုဟာမက် ဘင် ရာရှစ်ဦးဆောင်တဲ့ ယူအေအီးအစိုးရက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို စီးပွားရေးလုပ်ငန်းတွေ ၁၀၀ ရာခိုင်နှုန်း ပိုင်ဆိုင်ခွင့်ပြုဖို့လည်း အတည်ပြုခဲ့ပါတယ်။
    “ကျွန်တော်တို့ရဲ့ ပွင့်လင်းတဲ့ဝန်းကျင်၊ သည်းခံနိုင်စွမ်းတွေ၊ အခြေခံအဆောက်အဦးနဲ့ ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ ဥပဒေတွေက နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပါရမီရှင်တွေကို စွဲဆောင်နိုင်မယ့် အကောင်းဆုံး အစီအမံတွေဖြစ်ပါတယ်” လို့ ရှိခ် မိုဟာမက် ဘင် ရာရှစ်က ပြောကြားခဲ့ပါတယ်။
    “ယူအေအီးဟာ အခွင့်အလမ်းတွေရှိရာမြေ၊ လူသားတွေရဲ့ အိပ်မက်တွေ အမှန်တကယ်ဖြစ်လာဖို့ အကောင်းဆုံး ပတ်ဝန်းကျင်၊ သူတို့ရဲ့ တစ်မူထူးခြားတဲ့ အလားအလာတွေကို ဖော်ဆောင်ပေးရာမြေအဖြစ် ဆက်လက်ရှိနေမှာပါ”
    စီးပွားရေးလုပ်ငန်းရှင်တွေ၊ ကျွမ်းကျင်သူတွေနဲ့ ကျောင်းသားတွေအပြင် သူတို့ရဲ့ မိသားစုတွေကို နေထိုင်ခွင့်ဗီဇာ ၁၀ နှစ်စီ ထုတ်ပေးဖို့အတွက်လည်း ယူအေအီး ၀န်ကြီးများကောင်စီက အတည်ပြုခဲ့ပါတယ်။
    Ref: Alarabiya
  • တနင်္လာနေ့မနက် နိုင်ငံတကာသတင်းများ
    တနင်္လာနေ့မနက် နိုင်ငံတကာသတင်းများ
    မေ ၂၁၊ ၂၀၁၈
    M-Media
    အင်ဒိုတွင် ထရမ့်ကားက အိမ်များကို ၀င်တိုက်မှု
    အင်ဒိုနီးရှားတွင် ထရပ်ကားတစ်စီး အိမ်များကို ၀င်တိုက်မှုကြောင့် လူ ၁၁ ဦး သေဆုံး
    ==============
    အင်ဒိုနီးရှားနိုင်ငံ အလယ်ဂျာဗားပြည်နယ်မှာ မနေ့က သကြားတင်လာတဲ့ ထရပ်ကားတစ်စီး တောင်အဆင်းလမ်းမှာ ဘရိတ်ပေါက်ပြီး ဆိုင်ကယ် ၁၃ ဆီးနဲ့ အိမ် ၇ လုံးကို ၀င်တိုက်ခဲ့တဲ့အတွက် အနည်းဆုံး ၁၁ ဦး သေဆုံးခဲ့ပါတယ်။ ဒဏ်ရာရသူတွေလည်းရှိနေပြီး ကားဒရိုင်ဘာရဲ့ ကံကြမ္မာကိုတော့ မသိရသေးပါဘူး။ ဖေဖော်ဝါရီလတုန်းကလည်း အနောက်ဂျာဗားပြည်နယ်မှာ ကမ္ဘာလှည့်ခရီးသွားတွေကို တင်လာတဲ့ ဘတ်စ်ကားတစ်စီး တိမ်းမှောက်မှုကြောင့် အနည်းဆုံး ၂၇ ဦးသေဆုံးကာ ၁၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
    လ၏ အမှောင်ခြမ်းကို လေ့လာမည့် ဂြိုဟ်တုတစ်လုံး တရုတ်လွှတ်တင်
    ============
    လရဲ့ မှောင်နေတဲ့အခြမ်းကို လေ့လာမှုတွေ ပြုလုပ်မယ့် ဂြိုဟ်တုတစ်စင်းကို တရုတ်နိုင်ငံက နိုင်ငံအနောက်ပိုင်း Xichang အာကာသစခန်းကနေ ဒီကနေ့မှာ လွှတ်တင်လိုက်ပါတယ်။ Queqiao ခေါ်တဲ့ အဲဒီဂြိုဟ်တုဟာ ကမ္ဘာမြေကနေ ကီလိုမီတာပေါင်း ၄၅၅၀၀၀ ဝေးတဲ့ ပတ်လမ်းမှာ လည်ပတ်မယ့် ကမ္ဘာ့ ပထမဆုံး ဆက်သွယ်ရေးဂြိုဟ်တု ဖြစ်လာမှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ၂၀၃၀ ရောက်ရင် ရုရှားနဲ့ အမေရိကန်တို့လို အာကာသအင်အားကြီးနိုင်ငံတစ်ခုဖြစ်ဖို့ မျှော်မှန်းထားပြီး လာမယ့်နှစ်မှာ ကိုယ်ပိုင် အာကာသစခန်းတစ်ခုကို လွှတ်တင်ဖို့ ရှိနေပါတယ်။
    ရင်းနှီးမြှုပ်နှံမှု ပိုလုပ်ရန် အီးယူကို အီရန် တိုက်တွန်း
    ==========
    အမေရိကန်နှုတ်ထွက်သွားပြီးတဲ့နောက် ၂၀၁၅ ခုနှစ် နျူသဘောတူညီချက် ဆက်လက်ရှင်သန်နေဖို့အတွက် ဥရောပသမဂ္ဂအနေနဲ့ အီရန်မှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ဆောင်ရွက်ဖို့လိုတယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ်ဇာရစ်ဖ်က မနေ့မှာ စွမ်းအင်နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥရောပသမဂ္ဂကိုယ်စားလှယ်နဲ့ တွေ့ဆုံစဉ် ပြောကြားလိုက်ပါတယ်။ အမေရိကန်က အီရန်အပေါ် ပြုလုပ်မယ့် စီးပွားရေးပိတ်ဆို့မှုတွေကို ဥရောပကုမ္ပဏီတွေ မခံစားရအောင် ဥပဒေတစ်ခု ပြဌာန်းသွားမယ်လို့ ဥရောပသမဂ္ဂက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဥရောပကုမ္ပဏီ တော်တော်များများကတော့ အီရန်နဲ့ အလုပ်လုပ်ကိုင်ဖို့ စိုးရိမ်ကြောင်း ပြောကြားနေကြပါတယ်။
    အငြင်းပွားပိုင်နက်တွင် တရုတ်ဗုံးကြဲလေယာဉ်ရှိနေမှု ဖိလစ်ပိုင် ကန့်ကွက်
    =============
    ပိုင်နက်အငြင်းပွားမှုတွေရှိနေတဲ့ တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေ ရှိနေတဲ့အတွက် အလွန်အမင်းစိုးရိမ်တယ်လို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးရဲ့ ပြောရေးဆိုခွင့်ရှိသူက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ် စစ်ရေးလေ့ကျင့်မှုမှာ H-6K လို ဗုံးကြဲလေယာဉ်တွေဟာ တောင်တရုတ်ပင်လယ်က ကျွန်းတွေမှာ ဆင်းသက်တာ၊ ပျံတက်တာတွေ လုပ်ခဲ့တယ်လို့ တရုတ်စစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအတွက် ဖိလစ်ပိုင်လွှတ်တော်အမတ်တွေက ဒေါသထွက်ခဲ့ပြီး အမေရိကန်ကလည်း အငြင်းပွားကျွန်းတွေအနီးကို သင်္ဘောတွေ လွှတ်ထားပါတယ်။
    Ref: CNA, Aljazeera
  • တိုင်းပြည်ဥပဒေကို လေးစားလိုက်နာဖို့ အစိုးရ၀န်ထမ်းများကို မဟာသီ တိုက်တွန်း
    တိုင်းပြည်ဥပဒေကို လေးစားလိုက်နာဖို့ အစိုးရ၀န်ထမ်းများကို မဟာသီ တိုက်တွန်း
    မေ ၂၁၊ ၂၀၁၈
    M-Media
    – နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ တိုင်းပြည်အတွင်း ပူးပေါင်းဆောင်ရွက်ကြဖို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်က တိုက်တွန်းခဲ့ပြီး သူကိုယ်တိုင်က ဥပဒေချိုးဖောက်ရင်တောင် လက်မခံကြဖို့ ပြောကြားလိုက်ပါတယ်။
    ပြီးခဲ့တဲ့တစ်ပတ် ရွေးကောက်ပွဲအနိုင်ရခဲ့ပြီးတဲ့နောက် ပထမဆုံးအနေနဲ့ ၀န်ထမ်းတွေကို ပြောကြားတဲ့ မိန့်ခွန်းမှာ မဟာသီက ဒီလို ထည့်သွင်းပြောဆိုခဲ့တာပါ။
    “အရင်က ကျွန်တော်တို့ဟာ အကြွေး ရင်းဂစ် ဘီလီယံ ၃၀၀ (ကန်ဒေါ်လာ ၇၅.၅ ဘီလီယံ) မကျော်ပါဘူး။ ဒါပေမယ့် အခုတော့ ထရီလီယံတောင် ကျော်နေပြီ။ ဒီအကြွေးပြဿနာကို ကျွန်တော်တို့ ဘယ်လိုဖြေရှင်းကြမလဲ။ အဲဒီအတွက် အစိုးရနဲ့ အုပ်ချုပ်ရေးဌာနတွေ အတူတကွ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ ဒါပေမယ့် အစိုးရက ဥပဒေနဲ့ဆန့်ကျင်တဲ့အမိန့်မျိုး ပေးရင်တော့ အုပ်ချုပ်ရေးဌာနတွေက ဘာတစ်ခုမှ လိုက်လုပ်စရာမလိုပါဘူး။ ၀န်ကြီးချုပ်ဖြစ်တဲ့ ကျွန်တော့်အနေနဲ့ တိုင်းပြည်ရဲ့ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေကို မချိုးဖောက်သမျှ ကာလပတ်လုံး ခင်ဗျားတို့ (၀န်ထမ်းတွေ) ဆီက မခိုမကပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုမျိုး ရမယ်လို့ မျှော်လင့်ပါတယ်”
    မတော်မတရားလုပ်တာမျိုးတွေ မရှိအောင် လုပ်ပိုင်ခွင့်ကို ခွဲပေးထားဖို့လိုတယ်လို့လည်း ဒေါက်တာ မဟာသီက ထည့်သွင်းပြောကြားခဲ့ပါတယ်။
    “ပြီးခဲ့တဲ့နှစ်တွေမှာ အုပ်ချုပ်ရးဌာနဟာ သူတို့ကို ခိုင်းတဲ့အမိန့်ကို အသိအမှတ်ပြုဖို့၊ ဒါမှမဟုတ် ဆန့်ကျင်ဖို့ အင်အားမရှိပါဘူး။ ဒါဟာ ကြောက်စရာပါ။ ခြစားမှု တွေဖြစ်နိုင်တဲ့ကိစ္စပါ”
    ဒေါက်တာမဟာသီရဲ့ အာဏာရ မဟာမိတ်အဖွဲ့ Pakatan Harapan ဟာ အစိုးရဖွဲ့ပြီး ရက် ၁၀၀ အတွင်း အဲဒီကိစ္စကို စုံစမ်းစစ်ဆေးသွားမယ်လို့ ကတိပြုထားပါတယ်။
    အစိုးရသစ်ရဲ့ အဓိကအလုပ်ဟာ တိုင်းပြည် ပြန်လည်ရှင်သန်လာဖို့နဲ့ ကမ္ဘာ့မျက်နှာစာမှာ လေးစားမှု ပြန်ရဖို့ကြောင်း၊ ကောင်းမွန်တဲ့အုပ်ချုပ်ရေး၊ အောင်မြင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ဆောင်ရွက်ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တဲ့ နိုင်ငံတစ်ခုအဖြစ် ပြန်လည်အသိအမှတ်ပြုခံရရေး ကြိုးစားရမှာဖြစ်ကြောင်း ၀န်ကြီးချုပ် မဟာသီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    Ref: CNA
  • တရုတ်-အမေရိကန် ကုန်သွယ်ရေးတင်းမာမှု အဆုံးသတ်
    တရုတ်-အမေရိကန် ကုန်သွယ်ရေးတင်းမာမှု အဆုံးသတ်
    မေ ၂၀၊ ၂၀၁၈
    M-Media
    – အပြန်အလှန် ပြုလုပ်ထားကြတဲ့ အခွန်တိုးမြှင့်ကောက်မယ့် အစီအစဉ်တွေကို ရပ်ဆိုင်းဖို့အတွက် တရုတ်နဲ့ အမေရိကန်တို့က သဘောတူခဲ့ကြပါတယ်။
    နှစ်နိုင်ငံ ကုန်သွယ်ရေးမညီမျှမှုကို လျှော့ချဖို့အတွက် အမေရိကန်ရဲ့ ကုန်ပစ္စည်းတွေ၊ ၀န်ဆောင်မှုတွေကို ပိုမိုတင်သွင်းရေး ရည်ရွယ်တဲ့ ဆွေးနွေးမှုကို ၀ါရှန်မှာ ပြီးခဲ့တဲ့ရက်တွေအတွင်း ပြုလုပ်ခဲ့ပြီးတဲ့နောက် ဒီသဘောတူညီချက် ထွက်လာတာ ဖြစ်ပါတယ်။
    အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စတီဗင် မူချင်က တရုတ်နိုင်ငံဟာ အမေရိကန်က တင်သွင်းတဲ့ ဘယ်အရာကိုမဆို အခွန်လျှော့ချလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
    တရုတ်ဒုတိယ၀န်ကြီးချုပ် လူဟီကလည်း ဒီသဘောတူညီချက်ဟာ အနိုင်-အနိုင် အနေအထားမျိုးဖြစ်တယ်လို့ ဆိုပါတယ်။
    အခုသဘောတူညီချက်ကြောင့် မိမိတို့ဟာ တရုတ်နဲ့ နှစ်စဉ် ကုန်သွယ်ရေးကွာဟချက်ကို ၃၃၅ ဘီလီယံအထိ လျှော့ချနိုင်မယ်လို့ အမေရိကန်အစိုးရက ပြောပါတယ်။ အိမ်ဖြူတော်က ကွာဟချက်ကို ဘီလီယံ ၂၀၀ လောက်အထိ လျှော့ချချင်နေပြီး လက်ရှိ သဘောတူညီချက်နဲ့ပတ်သက်လို့ အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။
    မစ္စတာ မူချင်က နှစ်ဖက်စလုံးဟာ အင်မတန်အဓိပ္ပါယ်ရှိတဲ့ တိုးတက်မှုကို ပြုလုပ်ခဲ့ပြီး တရုတ်က အမေရိကန်ဆီကနေ ကုန်ပစ္စည်းတွေ ပိုမိုတင်သွင်းကာ ကုန်သွယ်ရေးကွာဟချက်ကို လျှော့ချနိုင်မယ့် မူဘောင်တစ်ခုကို သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။
    အမေရိကန်ရဲ့ ဉာဏစွမ်းအားတွေကို တရုတ်က ခိုးယူနေတယ်လို့ စွပ်စွဲကာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အခုနှစ်အစောပိုင်းမှာ တရုတ်ကုန်ပစ္စည်းတွေအပေါ် အခွန်တွေတိုးကောက်ဖို့ စီစဉ်ခဲ့တာပါ။ တရုတ်ကလည်း အမေရိကန် ပစ္စည်းတွေကို အခွန်ပိုမိုကောက်သွားမယ်လို့ တုန့်ပြန်ခဲ့ပါတယ်။
    Ref: BBC