News @ M-Media

Blog

  • ဥရောပနိုင်ငံတစ်ချို့မှ သူလျှိုများကို အီရန် ဖမ်းဆီးထား

    ဥရောပနိုင်ငံတစ်ချို့မှ သူလျှိုများကို အီရန် ဖမ်းဆီးထား

    သြဂုတ် ၂၀၊ ၂၀၂၃

    M-Media 


    -ပြင်သစ်၊ ဆွီဒင်နဲ့ ဗြိတိန်တို့က သူလျှိုတွေကို ဖော်ထုတ်ဖမ်းဆီးထားနိုင်တယ်လို့ အီရန် ထောက်လှမ်းရေး အကြီးအကဲက မိုဟာမက် အလာဗီက ပြောပါတယ်။ 

    နိုင်ငံခြားသား အကျဥ်းသားအချို့ကို ကွပ်မျက်ခဲ့တာကိုလည်း သူက အတည်ပြုပါတယ်။  

    အီရန်ဟာ လက်ရှိမှာ အမေရိကန်နိုင်ငံ အကျဥ်းသား လဲလှယ်ရေးကိစ္စကို ဆွေးနွေးနေတာပါ။ အိုမန်နဲ့ ကာတာနိုင်ငံတို့က ဒီကိစ္စမှာ ကြား၀င်ဆောင်ရွက်ပေးနေပါတယ်။ 

    အီရန်က အမေရိကန်အကျဥ်းသား ၅ ဦးကို ပြန်လွှတ်ပေးမှာဖြစ်ပြီး အပြန်အလှန်အားဖြင့် အမေရိကန်က သိမ်းဆည်းထားတဲ့ အီရန်ပိုင်ငွေ ဒေါ်လာသန်းထောင်ချီကို ပြန်ပေးရမှာ ဖြစ်ပါတယ်။ 

    သမ္မတအိုဘားမားအစိုးရလက်ထက် ၂၀၁၆ တုန်းကလည်း ဒီလိုလဲလှယ်မှု ပြုလုပ်ခဲ့ပြီး အမေရိကန်က ဒေါ်လာ သန်း ၄၀၀ ပြန်ပေးခဲ့ပါတယ်။ 

    Ref: Al Arabiya 

  • ဒိုင်လူကြီးတွေလာတောင်းပန်ပါ

    ဒိုင်လူကြီးတွေလာတောင်းပန်ပါ

    ခင်ဗျားတို့ သူ့(စပါးပွဲမှ ဒိုင်လူကြီး)ကို အင်တာဗျူးရမှာ။ ပွဲပြီးတာနဲ့ ဒိုင်လူကြီးတွေကို အင်တာဗျူးတာမျိုး လုပ်ဖို့လိုတယ်။ အဲဒီမှာ သူတို့ ရှင်းကြလေ။ အဲဒီ(ခရစ်ရှန် မိုမဲရိုး လက်နဲ့ထိတဲ့)အလုံးက ပင်နယ်တီဆိုတာ အရှင်းကြီး။ မမြင်ဘူး၊ VAR ကြည့်ဖို့မလိုဘူးဆိုတဲ့ ဆင်ခြေမျိုး ပေးလို့ကို မရဘူး။ ပြီးခဲ့တစ်ပတ် မန်ယူတုန်းက(အိုနာနာ ပြစ်ဒဏ်ဘောကနေ ၀ုလ်ဗ် ပင်နယ်တီမရတဲ့အတွက်) သူတို့ အကြီးကြီး ချဲ့လိုက်တယ်။ အခု အဲဒီလို မလုပ်ဘူးလားဆိုတာ ကျွန်တော် ကြည့်မယ်။ ဂျွန်မိုစ့် (ပရီးမီးယားလိဂ် ဒိုင်လူကြီးအဖွဲ့ အကြီးအကဲ) က ၀ုလ်ဗ်အသင်းကို တောင်းပန်သလို ကျွန်တော်တို့ အ၀တ်လဲခန်းထဲလာပြီး တောင်းပန်တာကို ကျွန်တော် မြင်ချင်ပါတယ်။ လာမယ်လို့လည်း မျှော်လင့်တယ်။ 

    ဘရူနို ဖာနန်ဒက်စ် (မန်ယူကွင်းလယ်လူ) 

  • ထိုင်း၀န်ကြီးချုပ်ဟောင်းသက်ဆင် ပြည်တော်ပြန်မည်

    ထိုင်း၀န်ကြီးချုပ်ဟောင်းသက်ဆင် ပြည်တော်ပြန်မည်

    သြဂုတ် ၂၀၊ ၂၀၂၃

    M-Media 


    -၂၀၀၆ ခုနှစ်က စစ်တပ်ရဲ့ အာဏာသိမ်း ဖြုတ်ချခြင်း ခံလိုက်ရတဲ့ ထိုင်း၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာ၀ပ်ထရာဟာ သြဂုတ်လ ၂၂ ရက်နေ့မှာ ထိုင်းနိုင်ငံကို ပြန်လာမယ်လို့ သမီးဖြစ်သူက ပြောပါတယ်။ 

    သက်ဆင်ဟာ အသက် ၇၄ နှစ် ရှိပြီဖြစ်ပြီး နိုင်ငံရပ်ခြားမှာ တိမ်းရှောင်နေရတာ ၁၅ နှစ်လောက် ရှိနေပါပြီ။ 

    “ဘယ်သူ့ကိုမှ ထိခိုက်လိုစိတ် မရှိပါဘူး။ လူတိုင်း တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်တာ၊ တိုင်းပြည် ငြိမ်းချမ်းနေတာကိုသာ ကျွန်တော် လိုချင်ပါတယ်။ ကျွန်တော် အသက်ကြီးပြီ။ မြေးမြစ်တွေကိုလည်း လွမ်းလှပါပြီ။ မိသားစုနဲ့ အတူ နေချင်ပါတယ်” လို့ သက်ဆင်က ဘီဘီစီ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ 

    သြဂုတ်လ ၂၂ ရက်နေ့ဟာ ထိုင်းလွှတ်တော်က ၀န်ကြီးချုပ်သစ် ရွေးမယ့်နေ့လည်း ဖြစ်ပါတယ်။ သက်ဆင်သမီး ပေတွန်တန် ရှင်နာ၀ပ်ထရာ ဦးဆောင်တဲ့ Pheu Thai ပါတီက အမည်စာရင်းတင်ထားတဲ့ ဆရတ်သာ သာဗီစင် ၀န်ကြီးချုပ် ဖြစ်သင့်၊ မဖြစ်သင့် လွှတ်တော် ၂ ရပ်က မဲခွဲဆုံးဖြတ်မှာ ဖြစ်ပါတယ်။ 

    မေလက ပြုလုပ်ခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ Move Forward ပါတီက မဲအများဆုံးရခဲ့ပြီး ပါတီခေါင်းဆောင် ပီတ ၀န်ကြီးချုပ်အဖြစ် အမည်စာရင်းတင်သွင်းခဲ့ပေမယ့် လွှတ်တော်က နှစ်ကြိမ်တိုင်တိုင် ပယ်ချယ်ခဲ့ပါတယ်။ 

    Pheu Thai ပါတီဟာ ဒုတိယမဲအများဆုံးရတဲ့ ပါတီဖြစ်ပြီး ပါတီကတင်သွင်းတဲ့ ၀န်ကြီးချုပ်လောင်းကို လွှတ်တော်က အတည်ပြုရင် အစိုးရဖွဲ့ခွင့် ရရှိမှာ ဖြစ်ပါတယ်။ 

    သက်ဆင်ဟာ ၂၀၀၆ ဖြုတ်ချခံရပြီးနောက်ပိုင်း ရာဇ၀တ်မှု ၄ ခုနဲ့ စွဲချက်တင်ခံထားရပြီး ၃ မှုအတွက် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရပါတယ်။ 

    ပြည်တော်ပြန်လာတဲ့အချိန် သက်ဆင်တစ်ယောက် ဖမ်းဆီးခံရနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ သက်ဆင်ကတော့ သူ့ကို စွဲဆိုထားမှုတွေအတွက် ရင်ဆိုင်သွားမယ်လို့ မေလက ပြောကြားထားပါတယ်။ 

    Ref : CNA 

  • လမ်ယာ အလ်-နဟ်ဒီ (သို့) ဘက်စ်ကတ်ဘောသမိုင်းတွင် ဆော်ဒီကို ဂုဏ်တက်စေခဲ့သူ

    လမ်ယာ အလ်-နဟ်ဒီ (သို့) ဘက်စ်ကတ်ဘောသမိုင်းတွင် ဆော်ဒီကို ဂုဏ်တက်စေခဲ့သူ

    သြဂုတ် ၁၉၊ ၂၀၂၃

    M-Media 


    – ကမ္ဘာ့ ဘတ်စ်ကတ်ဘောသမိုင်းမှာ ဆော်ဒီအာရေဗျရဲ့ဂုဏ်ကို ဆောင်နိုင်သူ အမျိုးသမီးတစ်ဦး ရှိပါတယ်။ 

    သူက အလမ်ဘာ အလ်-နဟ်ဒီဖြစ်ပြီး နိုင်ငံတကာ ဘတ်စ်ကတ်ဘောနယ်ပယ်မှာ လိုင်စရ ပထမဆုံး ဆော်ဒီဒိုင်လူကြီး ဖြစ်ပါတယ်။ 

    နဟ်ဒီဟာ ငယ်ငယ်က အားကစားနည်းတစ်ချို့ကို စမ်းကစားကြည့်ခဲ့ဖူးပြီး ဘတ်စ်ကတ်ဘောကို နှစ်ခြိုက်သွားခဲ့တာပါ။

    “အသက် ၁၃ နှစ်အရွယ်ကတည်းက ကျွန်မ ဘတ်စ်ကတ်ဘော ကစားခဲ့တာပါ။ လျင်မြန်မှု၊ ဖြတ်ထိုးဉာဏ်နဲ့ အသင်းလိုက်ကစားပုံ အဲဒီ ၃ ခုကို ပေါင်းစပ်ထားတဲ့ အားကစားနည်းကောင်းတစ်ခု ဖြစ်ပြီး ဒါ့ကြောင့်ပဲ ဒီကစားနည်းကို ကျွမ် စွဲလမ်းခဲ့ပါတယ်”

    “ဘတ်စ်ကတ်ဘောဟာ ကျန်းမာရေးကောင်းတယ်၊ ပြိုင်ဆိုင်လိုစိတ် ဖြစ်လာစေတယ်ဆိုတာထက်ကို ပိုပါတယ်။ အသင်းလိုက် ပူးပေါင်း ဆောင်ရွက်မှုရဲ့ တန်ဖိုးတွေအများကြီးကို တွေ့နိုင်တယ်။ ကွင်းထဲမှာ ဆုံးဖြတ်ချက်တစ်ခုခုကို ချမှတ်ရတဲ့အခါမှာ အားကစားနည်းတစ်ခုထက် ပိုတယ်ဆိုတာကို တွေ့ရပါလိမ့်မယ်”

    ဘတ်စ်ကတ်ဘောလစားနည်းမှာ ၁၀ နှစ်ကျော်လောက် ကျင်လည်ခဲ့ပြီးနောက်ပိုင်း နဟ်ဒီဟာ ကမ္ဘာ့ ဘတ်စ်ကတ်ဘော အဖွဲ့ချုပ် FIBA ရဲ့ ဒိုင်လူကြီးလိုင်စင် စာမေးပွဲကို အောင်မြင်ခဲ့ပါတယ်။ 

    “ကွင်းထဲကကိစ္စတွေအတွက် ပြင်ဆင်လေ့ကျင့်မှု အများကြီး လုပ်ခဲ့ရသလို၊ ဥပဒေတွေ၊ စည်းမျဥ်းစည်းကမ်းတွေကိုလည်း လေ့လာခဲ့ရပါတယ်”

    ဒိုင်လူကြီးတစ်ဦး ဖြစ်လာတာနဲ့အတူ တာ၀န်ယူမှု၊ တာ၀န်ခံမှုလည်း ပိုလာတယ်လို့ နဟ်ဒီက ဆိုပါတယ်။

    “ကိုယ့်ကိုယ်ကိုတင်မကဘဲ ငယ်ငယ်ကတည်းကနေ ၁၀ နှစ်ကျော်လောက် ကစားခဲ့တဲ့ လှပတဲ့ အားကစားနည်းတစ်ရပ်ကို ကိုယ်စားပြုရတာပါ။ ကျွန်မရဲ့ စွဲလမ်းမှု၊ ၀ါသနာကို ကိုယ်စားပြုရတယ်လို့လည်း ပြောလို့ရပါတယ်။ ကျွန်မနိုင်ငံ၊ ကျွန်မသာသနာ၊ ကျွန်မနဲ့သက်ဆိုင်တဲ့ တန်ဖိုးရှိတဲ့အရာ အများအပြားကို ကိုယ်စားပြုရတာလည်း ဖြစ်ပါတယ်”

    ပညာရှင်နှင့် လုပ်ငန်းရှင်

    ————

    နဟ်ဒီဟာ ပညာတတ််တစ်ယောက်လည်း ဖြစ်ပါတယ်။ Dar Al-Hekma တက္ကသိုလ်ကနေ လူ့စွမ်းအား အရင်းအမြစ် စီမံခန့်ခွဲမှု ဘာသာရပ်နဲ့ ဘွဲ့ရခဲ့ပြီး ဒီနယ်ပယ်မှာ ၅ နှစ်လောက် ထဲထဲ၀င်၀င် လုပ်ကိုင်ခဲ့ဖူးပါတယ်။ 

    နောက်ပိုင်းမှာတော့ မိသားစု ဖက်ရှင်လုပ်ငန်းဖြစ်တဲ့ Blooming မှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မန်နေဂျာအဖြစ် လုပ်ကိုင်ပါတယ်။ 

    နိုင်ငံတကာ ဘတ်စ်ကတ်ဘောနယ်ပယ်မှာ လိုင်စင်ရထားတဲ့ ဆော်ဒီနိုင်ငံသား နောက်ထပ် ၃ ဦး ရှိနေပါတယ်။ နဟ်ဒီက ပထမဆုံး လမ်းဖောက်ခဲ့သူပါ။ 

    ဆော်ဒီ အားကစား၀န်ကြီးဌာနဟာ နိုင်ငံအတွင်းက အမျိုးသမီးတွေကို စွမ်းဆောင်ရည်မြှင့်တင်ပေးရေးလုပ်ငန်းတွေ စီမံကိန်းချ ဆောင်ရွက်နေပြီး နဟ်ဒီကလည်း အမျိုးသမီးတွေ ကြိုးစားကြဖို့ တိုက်တွန်းခဲ့ပါတယ်။ 

    “လက်ရှိ ကျွန်မတို့ရနေတဲ့ ပံ့ပိုးမှုတွေကြောင့် ဆော်ဒီအားကစားလောကမှာ ဘာမဆိုဖြစ်လာနိုင်ပါတယ်။ အမျိုးသမီးတွေ အားကစားလိုက်စားတာ အထူးသဖြင့် ဘတ်စ်ကတ်ဘော ကစားတာကို ကျွန်မနှစ်သက်တယ်။ အမျိုးသမီးအာကစားနယ်ပယ်မှာ နံပါတ် ၁ အားကစားနည်းတစ်ခုလို့တောင် ကျွန်မ ယုံကြည်ပါတယ်။ ဆော်ဒီအမျိုးသမီးတွေကလည်း အခြားအားစားနည်းတွေနဲ့စာရင် ဘတ်စ်ကတ်ဘောကို ပိုပြီး စိတ်၀င်စားကြပါတယ်”

    ဘောလုံးလို၊ ဘတ်စ်ကတ်ဘောလို အားကစားနည်းတွေမှာ မိမိတို့ရဲ့ စွမ်းဆောင်ရည်ကို ပြသကာ အလုပ်အကိုင်အခွင့်အလမ်းတွေ အရယူဖို့လည်း ဆော်ဒီအမျိုးသမီးတွေကို နဟ်ဒီက တိုက်တွန်းခဲ့ပါတယ်။ 

    “ကျွန်မ ဘတ်စ်ကတ်ဘောကစားတဲ့ အစောပိုင်း ကာလတုန်းကဆိုရင် လူတွေ သိပ်မသိကြဘူး။ အမျိုးသမီးကစားသမားတွေကို လေ့ကျင်ပေးမယ့် နည်းပြတွေလို ပံ့ပိုးမှုလည်း သိပ်မရပါဘူး။ အခုတော့ အချိန်အခါကောင်း ရောက်လာပြီ။ ပံ့ပိုးမှုကောင်းကောင်း ရှိနေပါပြီ။ ကိုယ့်အစွမ်းအစကို ယုံကြည်ပြီး ရည်မှန်းချက် အကောင်အထည်ပေါ်အောင် ကြိုးကြိုးစားစား လုပ်ဖို့ပဲ လိုပါတယ်”

    မိမိကိုယ်ကို ယုံကြည်မှုရှိဖို့က ပထမဖြစ်ပြီး ပံ့ပိုးမှုကောင်းကောင်းရဖို့က ဒုတိယဖြစ်တယ်လို့လည်း နဟ်ဒီက ပြောပါတယ်။ 

    Ref: Arab News 

  • အာဏာသိမ်းစစ်ခေါင်းဆောင်အား ၀င်တိုက်မည့်နေ့ကို ပတ်၀န်းကျင်နိုင်ငံများ သတ်မှတ်ထားနိုင်ပြီ

    အာဏာသိမ်းစစ်ခေါင်းဆောင်အား ၀င်တိုက်မည့်နေ့ကို ပတ်၀န်းကျင်နိုင်ငံများ သတ်မှတ်ထားနိုင်ပြီ

    သြဂုတ် ၁၉၊ ၂၀၂၃

    M-Media 


    -နိုင်ဂျာအာဏာသိမ်းစစ်ခေါင်းဆောင်ကို ဖြုတ်ချရေး စစ်၀င်တိုက်မည့်နေ့ရက်ကို အဖွဲ့၀င်နိုင်ငံတွေ သဘောတူထားပြီလို့ အနောက်အာဖရိက နိုင်ငံများအဖွဲ့ (ECOWAS) က ထုတ်ပြန်ပါတယ်။ 

    အဖွဲ့၀င်စစ်တပ်တွေ အဆင့်သင်ဖြစ်ရေး ဆွေးနွေးကြတဲ့ မနေ့က အစည်းအ၀ေးမှာ စစ်ပွဲစမယ့်နေ့ရက်ကို ဆုံးဖြတ် အတည်ပြုလိုက်တာပါ။ 

    အရပ်သားအစိုးရကို အာဏာပြန်အပ်ရေး သံတမန်နည်းလမ်းတွေနဲ့ ဆောင်ရွက်မှုအားလုံး အဆင်မပြေတော့ရင် စစ်ခေါင်းဆောင်ကို အင်အားသုံးဖြုတ်ချမယ်လို့ အဖွဲ့ရဲ့ နိုင်ငံရေး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး အကြီးအကဲ အဘ်ဒဲလ် ဖာတူ မူဆာက ပြောပါတယ်။ 

    “အမိန့်ရောက်လာတာနဲ့ ၀င်တိုက်ဖို့ ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပါပြီ။ ၀င်တိုက်မယ့်ရက်ကိုလည်း ဆုံးဖြတ်ပြီးပါပြီ။ စစ်ရေးနဲ့ ၀င်ရောက်ဟန့်တားမယ့်ကိစ္စအတွက် လိုအပ်တာတွေကို သဘောတူ စီစဥ်ဆောင်ရွက်ထားပြီးပါပြီ။ ကြား၀င်စေ့စပ်ဖို့ ကိစ္စအတွက်လည်း ကျွန်တော်တို့ အဆင်သင့် လုပ်ထားပါတယ်။ တံခါးအားလုံး ဖွင့်ထားဆဲပါ”

    ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ဒီမိုကရေစီ အခြေချလာတဲ့ နိုင်ဂျာနိုင်ငံမှာ ဇူလိုင်လနှောင်းပိုင်းက စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီး သမ္မတအစောင့်တပ်ခေါင်းဆောင် ဗိုလ်ချုပ် ချီယာနီက ဦးဆောင်တာ ဖြစ်ပါတယ်။ 

    Ref: Aljazeera