News @ M-Media
Blog
  • ဂျပန်တွင် ရထားတစ်စီး ၂၅ စက္ကန့်စောထွက်မိသည့်အတွက် ကုမ္ပဏီက ပြည်သူကို ပြန်တောင်းပန်
    ဂျပန်တွင် ရထားတစ်စီး ၂၅ စက္ကန့်စောထွက်မိသည့်အတွက် ကုမ္ပဏီက ပြည်သူကို ပြန်တောင်းပန်
    မေ ၁၇၊ ၂၀၁၈
    M-Media
    – သတ်မှတ်ချိန်ထက် ၂၅ စက္ကန့်စောပြီး ဘူတာကနေ ရထားထွက်ခွာမိတဲ့အတွက် ဂျပန်က ရထားလိုင်းကုမ္ပဏီတစ်ခုဟာ ပြည်သူတွေကို ပြန်လည်တောင်းပန်လိုက်ပါတယ်။
    နိုင်ငံအလယ်ပိုင်း နိုတိုဂါဝါမြို့မှာ ဒီနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့တာပါ။
    မနက် ၇ နာရီ ၁၂ မိနစ်မှာထွက်ဖို့ သတ်မှတ်ထားတဲ့ ရထားကို ကပ္ပတိန်က ၇ နာရီ ၁၁ မိနစ်မှာ တံခါးမှားပိတ်ခဲ့ပြီး သူ့ရဲ့အမှားကို သူသိပေမယ့် ဘူတာမှာ စောင့်နေတဲ့သူ မတွေ့တော့တဲ့အတွက် ၂၅ စက္ကန့်စောကာ ရထားကို ခုတ်မောင်းသွားခဲ့တာဖြစ်ပါတယ်။ အမှန်တကယ်မှာတော့ ရထားလွတ်သွားတဲ့သူတွေ ရှိခဲ့ပါတယ်။
    ဒီအဖြစ်အပျက်နဲ့ပတ်သက်လို့ ရထားလွတ်သွားသူတွေနဲ့ ပြည်သူတွေက ကန့်ကွက်မှုတွေ လုပ်ခဲ့ပြီးတဲ့နောက် ရထားလိုင်းကုမ္ပဏီဟာ သိပ်မကြာခင်မှာပဲ ပြန်လည်တောင်းပန်ခဲ့ပါတယ်။
    ဂျပန်က ရထားလိုင်းတွေဟာ အလွန်အမင်း အချိန်တိကျမှုအတွက် နာမည်ကျော်ကြားပါတယ်။
    ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာလည်း တိုကျိုနဲ့ ဆူကူဘာတို့ကို ပြေးဆွဲတဲ့ Tsukuba Express က ရထားတစ်စီးဟာ စက္ကန့် ၂၀ စောထွက်ခဲ့တဲ့အတွက် ပြည်သူတွေကို ပြန်လည်တောင်းပန်ခဲ့ရပါတယ်။
    Ref: BBC
  • မက္ကာရှိ မတ်စ်ဂျစ်ဒ်ဟရမ်ဗလီတွင် လုံခြုံရေးဆောင်ရွက်ချက်များ တိုးမြှင့်
    မက္ကာရှိ မတ်စ်ဂျစ်ဒ်ဟရမ်ဗလီတွင် လုံခြုံရေးဆောင်ရွက်ချက်များ တိုးမြှင့်
    မေ ၁၇၊ ၂၀၁၈
    M-Media
    – မက္ကာက မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်မှာ ရမ်ဇာန်ဥပုသ်လအတွင်း မြင့်တက်လာတဲ့ ၀တ်ပြုသူတွေကို စောင့်ကြည့်ထိန်းသိမ်းဖို့အတွက် ပထမဆုံးအကြိမ် ဒရုန်းလေယာဉ်တွေ အသုံးပြုသွားမယ်လို့ အွမ္မရာဟ်ဆိုင်ရာ အကြီးအကဲ ဗိုလ်ချုပ် မိုဟာမက် အလ်-အဟ်မဒီက ပြောကြားလိုက်ပါတယ်။
    ဒါဟာ ကမ္ဘာတစ်ဝှမ်းက အွမ္မရာဟ်ဘုရားဖူး လာရောက်ကြသူတွေရဲ့ လုံခြုံရေး၊ အဆင်ပြေချောမွေ့စေရေးနဲ့ စီမံခန့်ခွဲရေးဆိုင်ရာ အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။
    ဒရုန်းတွေ၊ လေယာဉ်ငယ်တွေနဲ့ စောင့်ကြည့်မှုအပြင် မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်အတွင်း လူတွေရဲ့ သွားလာလှုပ်ရှားမှုကို ကြည့်ရှုနိုင်ဖို့ လုံခြုံရေးကင်မရာ ၂၅၀၀ တပ်ဆင်ထားပါတယ်။
    ဒါ့အပြင် ရဲတပ်ဖွဲ့ဝင် ၂၄၀၀၊ လုံခြုံရေးအဖွဲ့ဝင် ၁၃၀၀ တို့ကို ချထားမှာဖြစ်ပြီး ဗလီဝတ်ကျောင်းတော် ပရဝုဏ်အတွင်း အ၀င်အထွက်လုပ်တဲ့ ယာဉ်ငယ်တွေ ရပ်နားရာနေရာ ၆ ခုကိုလည်း ထားပေးထားပါတယ်။
    “ဘုရားဖူးတွေနဲ့ ဗလီဝတ်ကျောင်းတော်ကို လာရောက်ကြသူတွေရဲ့ အ၀င်အထွက်ကို ရဲတပ်ဖွဲ့က စီစဉ် ကြီးကြပ်ပေးသွားမှာပါ” လို့ မက္ကာဟ်ရဲချုပ် ဗိုလ်ချုပ် ဖဟဒ် ဘင် မူတ်လက် အလ်-အိုဆိုင်မီက ပြောကြားခဲ့ပါတယ်။
    Ref: Alarabiya
  • Air Asia လေကြာင်းလိုင်း မြန်မာနိုင်ငံတွင်ပြေးဆွဲရန် ဆွေးနွေးမှု ပျက်ပြယ်
    Air Asia လေကြာင်းလိုင်း မြန်မာနိုင်ငံတွင်ပြေးဆွဲရန် ဆွေးနွေးမှု ပျက်ပြယ်
    မေ ၁၇၊ ၂၀၁၈
    M-Media
    – မြန်မာနိုင်ငံမှာ ၀င်ရောက်ကာ ၀န်ဆောင်မှုပေးနိုင်ရေး ပြည်တွင်း စီးပွားရေး မိတ်ဖက်တစ်ဦးနဲ့ဆွေးနွေးမှု ရပ်ဆိုင်းသွားပြီလို့ Air Asia လေကြောင်းလိုင်း အကြီးအကဲ တိုနီဖာနန်ဒက်ဇ်က ပြောကြားလိုက်ပါတယ်။
    စားရိတ်နည်းလေကြောင်းလိုင်းဖြစ်တဲ့ Air Asia ဟာ မြန်မာနိုင်ငံမှာ ပျံသန်းပြေးဆွဲနိုင်ရေးအတွက် စီးပွားရေး မိတ်ဖက်တစ်ဦးနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်နေတယ်လို့ ဖာနန်ဒက်ဇ်က မတ်လအတွင်းမှာ ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။ ဒီဆွေးနွေးမှုသာ အကောင်အထည်ပေါ်လာရင် Air Asia ရဲ့ ပို့ဆောင်ရေးလုပ်ငန်းဟာ အာဆီယံရဲ့ ၉၅ ရာခိုင်နှုန်းလောက်အထိ ဖြန့်ကျက်နိုင်မှာ ဖြစ်ပါတယ်။
    ဒါပေမယ့် အင်္ဂါနေ့ ဘန်ကောက်မှာပြုလုပ်ခဲ့တဲ့ အခမ်းအနားတစ်ခုမှာ ဖာနန်ဒက်ဇ်က ဆွေးနွေးမှုတွေကို ရပ်ဆိုင်းလိုက်တယ်လို့ ပြောကြားခဲ့ပါတယ်။
    “လတ်တလောမှာ မြန်မာဈေးကွက်ကို ကျွန်တော်တို့ မ၀င်သေးပါဘူး။ နောက်ပိုင်းတော့ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ မြန်မာနိုင်ငံကို မ၀င်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်”
    မြန်မာနိုင်ငံက ဘယ်သူနဲ့ ဆွေးနွေးခဲ့သလဲဆိုတာကိုတော့ သူက ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။
    ဖာနန်ဒက်ဇ်က ဗီယက်နမ်မှာ ဒီနှစ်ကုန် ဒါမှမဟုတ် ၂၀၁၉ ခုနှစ် အစောပိုင်းမှာ သူတို့လေကြောင်းလိုင်း စတင်ပျံသန်းဖို့ရှိတယ်လို့လည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။
    Ref: Ruters
  • ကြာသာပတေးနေ့မနက် နိုင်ငံတကာသတင်းများ
    ကြာသာပတေးနေ့မနက် နိုင်ငံတကာသတင်းများ
    မေ ၁၇၊ ၂၀၁၈
    M-Media
    ကက်ရှ်မီးယား မြင်ကွင်း
    ပါလက်စတိုင်းနှင့်ပတ်သက်လျှင် ကုလက အလုပ်မဖြစ်ဟု အာဒိုဂန်ပြော
    =================
    အခုတစ်ပတ်အတွင်း ဂါဇာကမ်းမြှောင်မှာ အစ္စရေးလက်ချက်ကြောင့် ပါလက်စတိုင်း ၆၀ ကျော် သေဆုံးသွားတဲ့ကိစ္စမှာ အရေးယူဖို့ပျက်ကွက်ခဲ့တဲ့ ကုလဟာ အလုပ်မဖြစ်တော့ဘူးလို့ တူရကီသမ္မတ အာဒိုဂန်က မနေ့မှာ ပြောကြားလိုက်ပါတယ်။ ဂါဇာက အဲဒီအဖြစ်အပျက်ကို အာဒိုဂန်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာဖြစ်ပြီး အစ္စရေးမှာရှိတဲ့ သူတို့သံအမတ်ကို ပြန်ခေါ်ခဲ့ကာ တူရကီဆိုင်ရာ အစ္စရေးသံမတ်ကိုလည်း နှင်ထုတ်ခဲ့ပါတယ်။ မတ်လ ၃၀ ရက်နေ့ကစလို့ ဂါဇာက ဆန္ဒပြမှုအတွင်း အစ္စရေးရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးသူဟာ ၉၀ ကျော်လာခဲ့ပြီ ဖြစ်ပါတယ်။
    ကင်ဂျုံအွန်နှင့်တွေ့ဆုံရေး အမေရိကန်က ဆက်လက်စီစဉ်နေ
    ==============
    လာမယ့်လ ထရမ့်နဲ့တွေ့ဆုံဖို့ စီစဉ်ထားမှုကို ရပ်စဲနိုင်တယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က မနေ့မှာ ခြိမ်းခြောက်ခဲ့ပေမယ့် မိမိတို့ထံ ဘယ်လိုအကြောင်းကြားမှုမျိုးမှ မရောက်သေးဘူးလို့ အမေရိကန်က ထုတ်ပြန်ပါတယ်။ ကင်က ကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုကြောင့် မနေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ နှစ်နိုင်ငံအဆင့်မြင့်အစည်းအဝေးကိုလည်း ရပ်ဆိုင်းခဲ့ပါတယ်။ ကန်အစိုးရ ပြောရေးဆိုခွင့်ရှိသူကတော့ ကင်ဟာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ စစ်ရေးလေ့ကျင့်မှု ဆက်လုပ်ဖို့ကို နားလည်ကြောင်း ယခင်က ပြောကြားထားတာ ရှိတဲ့အတွက် ထရမ့်နဲ့တွေ့ဆုံမယ့်ကိစ္စကို ဆက်လက်စီစဉ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
    ကက်ရှ်မီးယားတွင် အိန္ဒိယက ရမ်ဇာန်တစ်လ အပစ်ရပ်မည်
    =================
    ရမ်ဇာန်ဥပုသ်လမှာ ကက်ရှ်မီးယားပြည်သူတွေ အေးအေးချမ်းချမ်းနဲ့ ဥပုသ်သီလ ဆောက်တည်နိုင်ဖို့အတွက် သူပုန်တွေနဲ့ တိုက်ခိုက်မှုကို တစ်လတာ ရပ်ဆိုင်းလိုက်တယ်လို့ အိန္ဒိယက မနေ့မှာ ကြေငြာလိုက်ပါတယ်။ အစိုးရတပ်ဖွဲ့တွေနဲ့ ကက်ရှ်မီးယားသူပုန်တွေဟာ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း တိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ကြတာပါ။ အိန္ဒိယအစိုးရရဲ့ အခုလို အပစ်ရပ်တာဟာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် သူပုန်တွေက တိုက်ခိုက်လာရင် တပ်ဖွဲ့တွေဟာ ပြန်လည် လက်တုန့်ပြန်ခွင့်ရှိတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
    မြို့တစ်မြို့ကိုသိမ်းရန်ကြိုးပမ်းသည့် တာလီဘန်များကို အာဖဂန် မောင်းထုတ်နိုင်
    =================
    တိုင်းပြည်အနောက်ပိုင်းက ဖာရာမြို့ကို ၀င်သိမ်းဖို့ကြိုးစားတဲ့ တာလီဘန်စစ်သွေးကြွတွေကို အာဖဂန်နဲ့ အမေရိကန်တပ်ဖွဲ့တွေက မောင်းထုတ်နိုင်ခဲ့ပါတယ်။ အင်္ဂါနေ့က အဲဒီမြို့မှာ တာလီဘန်တွေရဲ့ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်မှုကြောင့် အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင် ၂၅ ဦးနဲ့ အရပ်သား ၅ ဦး သေဆုံးခဲ့ရပါတယ်။ အပြန်အလှန် တိုက်ခိုက်မှုအတွင်း တာလီဘန်တိုက်ခိုက်ရေးသမား အနည်းဆုံး ၃၀၀ လောက် သေဆုံးခဲ့ပြီး မြို့က အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေကာ နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ အာဖဂန်အစိုးရက ထုတ်ပြန်ပါတယ်။
    Ref: Aljazeera
  • ၀န်ကြီးချုပ်ဟောင်းနာဂျစ်နှင့် ဆက်နွယ်သည့်နေရာ ၅ ခုကို မလေးရဲတပ်ဖွဲ့ ရှာဖွေ
    မေ ၁၇၊ ၂၀၁၈
    M-Media
    – ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်နဲ့ ဆက်နွယ်နေတဲ့ နေရာ ၅ ခုမှာ မလေးရှားရဲတပ်ဖွဲ့ဟာ မနေ့က တစ်ညလုံး ရှာဖွေမှုတွေ ပြုလုပ်ခဲ့ပြီး နာဂျစ်မိသားစု လက်ရှိနေထိုင်ရာအိမ်လည်း ပါဝင်တယ်လို့ ရဲတပ်ဖွဲ့ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားလိုက်ပါတယ်။
    နာဂျစ်ရဲ့ ရှေ့နေတစ်ဦးကတော့ ငွေကြေးခ၀ါချမှုကိစ္စနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ဟာ အမျိုးသမီးလက်ကိုင်အိပ်တွေနဲ့ အခြား ပစ္စည်းတစ်ချို့ကို သိမ်းဆည်းသွားခဲ့တယ်လို့ ဆိုပါတယ်။
    သူကိုယ်တိုင် တည်ထောင်ထားတဲ့ နိုင်ငံပိုင် 1MDB လုပ်ငန်းကနေ နာဂျစ်ဟာ ဒေါ်လာ ဘီလီယံချီ ခြစားခဲ့တယ်လို့ ပြီးခဲ့တဲ့နှစ်မှာ သတင်းထွက်ခဲ့ပြီး အမေရိကန်အပါအ၀င် အနည်းဆုံး ကမ္ဘာ့နိုင်ငံပေါင်း ၆ နိုင်ငံက ဒီကိစ္စကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ နာဂျစ်ကတော့ သူ့အနေနဲ့ ဘာအမှားမှ လုပ်ထားတာမရှိဘူးလို့ ပြောကြားထားပါတယ်။
    ရဲတပ်ဖွဲ့ရဲ့ စီးပွားရေးရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုအကြီးအကဲ အေမာရ်ဆင်းက ကွာလာလမ်ပူ အထူးရပ်ကွက်မှာရှိတဲ့ နာဂျစ်ရဲ့ မိသားစုအိမ်အပါအ၀င် သူနဲ့ဆက်စပ်တဲ့ နေရာ ၅ ခုကို ရဲတပ်ဖွဲ့က ရှာဖွေခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
    အသေးစိတ်ကို ဆင်းက ပြောကြားခဲ့ခြင်းမရှိပေမယ့် မလေးသတင်းစာ The Star က ၀န်ကြီးချုပ်ရုံး၊ ၀န်ကြီးချုပ်စံအိမ်၊ ကွာလာလမ်ပူက အဆင့်မြင့် ကွန်ဒိုတစ်ခုက နာဂျစ်မိသားစုရဲ့ တိုက်ခန်း ၂ ခု စတဲ့နေရာတွေမှာ ရှာဖွေမှုတွေ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။
    ရမ်ဇာန်ဥပုသ်လ ပထမဆုံးနေ့ ညဥ့်ဦးယံဝတ်ပြုမှုအပြီး ၀န်ကြီးချုပ်ဟောင်းနာဂျစ် အိမ်ပြန်ရောက်ပြီးတဲ့နောက် ရဲတပ်ဖွဲ့က အင်အားအလုံးအရင်းနဲ့ ၀င်ရောက်ရှာဖွေခဲ့တာဖြစ်ကာ ၁၂ နာရီလောက် ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။
    နာဂျစ်ရဲ့ရှေ့နေ ဟာပါလ်ဆင်းက ငွေကြေးခ၀ါချမှု အက်ဥပဒေနဲ့ ရှာဖွေမှုတွေ ပြုလုပ်ခဲ့ပေမယ့် ရာဇ၀တ်မှုမြောက်တဲ့ပစ္စည်း ဘာမှမတွေ့သွားဘူးလို့ ပြောကြားခဲ့ပါတယ်။
    “သေတ္တာ နှစ်လုံး၊ သုံးလုံးကလွဲလို့ ဘာမှ မပါသွားပါဘူး။ ရဲက တရားစွဲနိုင်တဲ့ပစ္စည်း ဘာမှမရှိပါဘူး”
    နာဂျစ်နဲ့ မိသားစုဟာ ရှာဖွေမှုမှာ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ရဲတပ်ဖွဲ့ကလည်း သူ့ရဲ့ လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်သွားတာဖြစ်တယ်လို့ ဟာပါလ်ဆင်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။
    Ref: CNA