News @ M-Media

Blog

  • တိုင်းပြည်အကြွေးကြောင့် မလေးအစိုးရ၀န်ကြီးများ၏လစာကို ၁၀ ရာခိုင်နှုန်း လျှော့မည်

    တိုင်းပြည်အကြွေးကြောင့် မလေးအစိုးရ၀န်ကြီးများ၏လစာကို ၁၀ ရာခိုင်နှုန်း လျှော့မည်

    မေ ၂၃၊ ၂၀၁၈
    M-Media

    မလေးရှားအစိုးရအဖွဲ့

    – အစိုးရ၀န်ကြီးတွေရဲ့ လစာကို ၁၀ ရာခိုင်နှုန်း လျှော့ချမယ်လို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်က ဒီကနေ့မှာ ကြေငြာလိုက်ပြီး တိုင်းပြည်ရဲ့ ဘဏ္ဍာရေးပြဿနာအပေါ် အာရုံစိုက်မှု ပြသတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    မလေးရှားအစိုးရသစ်ဟာ ဒီကနေ့ ပူထရာဂျာယာမှာ ပထမဆုံးအစည်းအဝေးကို ကျင်းပခဲ့တာပါ။

    မဟာသီက ဒီလိုလစာဖြတ်တောက်မှုဟာ နိုင်ငံရဲ့ GDP ၆၅ ရာခိုင်နှုန်းဖြစ်တဲ့ အကြွေး ရင်းဂစ် ၁ ထရီလီယံ ကျော်နေမှုကို လျှော့ချရေး တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။ ၀န်ကြီးချုပ်ဟောင်းနာဂျစ်က နိုင်ငံရဲ့အကြွေးဟာ ဂျီဒီပီရဲ့ ၅၅ ရာခိုင်နှုန်းသာ ရှိတယ်လို့ ပြောကြာခဲ့ဖူးပါတယ်။

    မလေးရှားဝန်ကြီးချုပ်ရဲ့လစာဟာ ၂၂၈၂၇ ရင်းဂစ်၊ ဒုတိယ၀န်ကြီးချုပ်ရဲ့လစာဟာ ၁၈၁၆၈ ရင်းဂစ်၊ ၀န်ကြီးလစာက ၁၄၉၀၇ ရင်းဂစ်၊ ဒုတိယ၀န်ကြီးရဲ့ လစာက ၁၀၈၄၈ ရင်းဂစ်တို့ ဖြစ်ကြပါတယ်။

    အစိုးရအဖွဲ့က အကြီးတန်းတာဝန်ရှိသူတွေရဲ့ လစာကို ဖြတ်တောက်မှာလားလို့ မေးတဲ့အခါ မဟာသီက သူ့အနေနဲ့ ဖိအားပေးမှာမဟုတ်ပေမယ့်၊ တိုင်းပြည်ကို ကူညီချင်တယ်ဆိုရင် သူတို့ဟာ လခလျှော့ယူခြင်းအားဖြင့် ကူညီလို့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

    BN မဟာမိတ်အဖွဲ့ဦးဆောင်တဲ့ အရင်အစိုးရလက်ထက်မှာ ၀န်ကြီးချုပ်နာဂျစ်က ရွေးကောက်ပွဲမှာ သူတို့ပါတီ အနိုင်ရရင် အစိုးရ၀န်ထမ်းလစာတွေ တိုးပေးမယ်လို့ ပြောကြားခဲ့ပါတယ်။

    မဟာသီကတော့ လက်ရှိအတိုက်အခံဖြစ်နေတဲ့သူတွေ ပေးခဲ့တဲ့ကတိကို ဖြည့်ဆည်းဖို့အတွက် မိမိမှာ တာဝန်မရှိကြောင်း၊ ဒါပေမယ့် ရှားပါးစားရိတ်ပေးတာမျိုး လုပ်နိုင်မလားဆိုတာကိုတော့ မိမိတို့ ဆန်းစစ်သွားမှာဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: CNA

  • ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့က ဟိန္ဒူများအား သတ်ဖြတ်မှုကို လူ့အခွင့်အရေးအဖွဲ့ ဖော်ထုတ်

    ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့က ဟိန္ဒူများအား သတ်ဖြတ်မှုကို လူ့အခွင့်အရေးအဖွဲ့ ဖော်ထုတ်

    မေ ၂၃၊ ၂၀၁၈
    M-Media

    ရခိုင်မြောက်ပိုင်းရှိ ဟိန္ဒူဘာသာဝင်များ

    – ပြီးခဲ့တဲ့နှစ် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရဲကင်းစခန်းတွေကို တိုက်ခိုက်ခဲ့တဲ့ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ ARSA ဟာ ဟိန္ဒူဘာသာဝင်တွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ သက်သေအထောက်အထား ရရှိခဲ့တယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Amnesty International က မနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

    ရဲကင်းစခန်းတွေကို တိုက်ခိုက်ခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့မှာပဲ ARSA ဟာ မောင်တောမှာ ဟိန္ဒူ ၉၉ ယောက်လောက်ကို သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ AI ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာပါ။

    ဒါဟာ ARSA ရဲ့ ကျူးလွန်မှုတွေနဲ့ပတ်သက်ပြီး ပထမဆုံး သုတေသနပြုထုတ်ပြန်ချက်ဖြစ်ပါတယ်။

    AI က တာဝန်ရှိသူ တီရာနာ ဟာဆန်က သတ်ဖြတ်မှု ကျူးလွန်သူတွေကို အရေးယူရမယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကျွန်မတို့ တွေ့ဆုံမေးမြန်းခဲ့သူတွေမှာ အထင်းသားပေါ်လွင်နေတဲ့ ARSA ရဲ ကြမ်းကြုတ်မှုတွေကို လစ်လျူရှုလို့ မရပါဘူး။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာလုံခြုံရေးတပ်ဖွဲ့ရဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို အရေးယူဖို့ အရေးကြီးသလိုပဲ ARSA ရဲ့ ဒီရက်စက်မှုတွေကို အရေးယူရပါမယ်”

    ဟိန္ဒူအရပ်သားတွေကို ရိုဟင်ဂျာလက်နက်ကိုင်တွေက သတ်ဖြတ်ခဲ့တယ်ဆိုပြီး အရင်က မြန်မာစစ်တပ်ရဲ့ ပြောကြားမှုတွေကို ARSA အဖွဲ့က ငြင်းဆိုထားတာပါ။

    မောင်တောသတ်ဖြတ်မှု

    အနောက်ခမောင်းဆိပ်ကျေးရွာမှာ ARSA ဟာ ဟိန္ဒူအမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ် ၆၉ ဦးကို ဖမ်းဆီးကာ အဲဒီအထဲက ၅၃ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ မျက်မြင်သက်သေတွေ၊ အသက်ရှင်ကျန်ရစ်သူတွေရဲ့ ပြောကြားမှုကို ကိုးကားပြီး Anmesty က ဖော်ပြထားပါတယ်။

    သေဆုံးသူတွေထဲမှာ အသက် ၁၄ နှစ်အောက် ၈ ဦး အပါအ၀င် ကလေးငယ် ၂၃ ဦး၊ အမျိုးသမီး ၁၀ ဦးနဲ့ အမျိုးသား ၂၀ ပါဝင်ပါတယ်။ အမျိုးသမီး ၈ ဦးနဲ့ ကလေး ၈ ဦးတို့ကတော့ လွတ်မြောက်ခဲ့ပါတယ်။

    အသက်ရှင်ကျန်ရစ်သူတွေက သူတို့ဟာ အစ္စလာမ်ဘာသာကို ကူးပြောင်းမယ်လို့ ကတိပေးတဲ့အတွက် အသက်ဘေးက လွတ်မြောက်လာတာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ဖက်ကို ပြန်ပေးဆွဲခံခဲ့ရတယ်လို့ Amnesty ကို ပြောကြားခဲ့ ပါတယ်။

    Amnesty ကို ထွက်ဆိုခဲ့ကြသူတွေထဲမှာ အမျိုးသမီးအချို့က သူတို့ကိုသတ်ဖြတ်တာ ရခိုင်ဗုဒ္ဓဘာသာဝင်တွေလို့ စောစောပိုင်းက ပြောကြားခဲ့ပေမယ့် နောက်ပိုင်းမှာ ဒီပြောကြားချက်ကို ရုပ်သိမ်းကာ ရိုဟင်ဂျာလက်နက်ကိုင်တွေ သတ်ဖြတ်တာလို့ ပြန်လည် ထွက်ဆိုခဲ့ပါတယ်။

    ခမောင်းဆိပ်နားက ရဲဘောကျကျေးရွာမှာလည်း သြဂုတ် ၂၅ ရက်နေ့က ဟိန္ဒူ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ် ၄၆ ယောက် ပျောက်ဆုံးသွားခဲ့ပြီး သူတို့ရဲ့အလောင်းတွေကို မတွေ့ပေမယ့် ရိုဟင်ဂျာလက်နက်ကိုင်တွေရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရပြီလို့ ကောက်ချက်ချခဲ့ပါတယ်။

    သြဂုတ်လ ၂၆ ရက်နေ့ မြို့သူကြီးရွာမှာ ဟိန္ဒူ ၆ ယောက် သတ်ဖြတ်ခံရမှုမှာလည်း ARSA အဖွဲ့ ပါဝင်တယ်လို့ Amnesty အဖွဲ့က ပြောကြားခဲ့ပါတယ်။

    ရခိုင်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုပမာဏကို အတိအကျသိရှိနိုင်ဖို့အတွက် ကုလ အချက်အလက်ရှာဖွေရေးအဖွဲ့ အပါအ၀င် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးသူတွေကို မြန်မာအစိုးရက ၀င်ခွင့်ပြုရမှာဖြစ်ကြောင်း၊ တစ်ဖက်ကကျူးလွန်မှုတွေကို လက်ညှိုးထိုးကာ နောက်တစ်ဖက်ကလည်း အဲဒီလိုကျူးလွန်မှုတွေ ထပ်လုပ်မယ်ဆိုရင် နှစ်ဖက်စလုံးကို ရှုတ်ချရမှာဖြစ်ကြောင်း Amnesty က ထည့်သွင်းဖော်ပြခဲ့ပါတယ်။

    Ref: Aljazeera

  • အီဂျစ်ရှိ အလ်-အဇ်ဟာရ်တက္ကသိုလ်က ပထမဆုံး သံပြိုင်ဂီတအဖွဲ့တစ်ခု ဖွဲ့စည်း

    အီဂျစ်ရှိ အလ်-အဇ်ဟာရ်တက္ကသိုလ်က ပထမဆုံး သံပြိုင်ဂီတအဖွဲ့တစ်ခု ဖွဲ့စည်း

    မေ ၂၂၊ ၂၀၁၈
    M-Media

    – အီဂျစ်နိုင်ငံက နာမည်ကျော် အစ္စလာမ့်တက္ကသိုလ် အလ်အဇ်ဟာရ်ဟာ ပထမဆုံးအကြိမ်ဖြစ် သံပြိုင်အဖွဲ့တစ်ခုကို ဖွဲ့စည်းပြီး ဖျော်ဖြေမှုတွေ ပြုလုပ်နေပါတယ်။

    ကျောင်းသား ၈ ဦးနဲ့ ကျောင်းသူ ၈ ဦးတို့ပါဝင်တဲ့ အဲဒီသံပြိုင်အဖွဲ့ဟာ ဧပြီလ ၂၈ ရက်နေ့မှာ ပြုလုပ်ခဲ့ အနုပညာနဲ့ တီထွင်ဖန်တီးမှုပွဲတော်မှာ ဖျော်ဖြေခဲ့ပါတယ်။ အဲဒီပွဲတော်ကို အလ်-အဇ်ဟာရ်တက္ကသိုလ်ရဲ့ အစည်းအဝေးစင်တာမှာ ကျင်းပတာဖြစ်ပြီး တက္ကသိုလ်ရဲ့ နာမည်ကျော်ပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ပါတယ်။

    သံပြိုင်အဖွဲ့ရွေးချယ်ရေးမှာ ကျောင်းသား ၆၀၀ နီးပါးလောက် ပါဝင်ခဲ့ကြပါတယ်။ အဲဒီ သံပြိုင်အဖွဲ့ဟာ တက္ကသိုလ်ကို ကိုယ်စားပြုမှာ ဖြစ်ပါတယ်။ လက်ရှိရွေးချယ်ထားတဲ့ ၁၆ ယောက်ဟာ အသက် ၁၉ နှစ်ကနေ ၂၂ နှစ်အရွယ်ရှိသူ လူငယ်တွေပါ။

    သူတို့ကိုလေ့ကျင်ပေးဖို့အတွက် နာမည်ကျော် အနုပညာရှင်တစ်ဦးကို ခန့်အပ်ထားပြီး၊ ပုဂ္ဂလိက တက္ကသိုလ်က ဆရာတစ်ဦးနဲ့အတူ တွဲသင်ပေးမှာ ဖြစ်ပါတယ်။

    မတ်လမှာ အီဂျစ် လူငယ်နဲ့ အားကစားဝန်ကြီးဌာနက ပြုလုပ်တဲ့ ဂီတပြိုင်ပွဲ Ibda’a- Creativity ကို အလ်-အဇ်ဟာရ်က အဲဒီအဖွဲ့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယရရှိခဲ့ပါတယ်။

    အဖွဲ့ကို ဂီတလောကမှာ နှစ်ပေါင်း ၄၀ ကျော် ကျင်လည်လာခဲ့တဲ့ နာမည်ကျော် ဂီတပညာရှင် ဟာဆန် ဖစ်ကရီက ဦးဆောင်တာ ဖြစ်ပါတယ်။

    အလ်-အဇ်ဟာရ်တက္ကသိုလ်ဟာ အနုပညာနဲ့ တီထွင်ဖန်တီးမှုပိုင်းကို စိတ်ဝင်စားနေပြီး တက္ကသိုလ်ရဲ့ ဒုတိယအကြီးအကဲ အဘတ်စ် ရှိုမန်က သူတို့တက္ကသိုလ်အနေနဲ့ အနုပညာနဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို မဆန့်ကျင်ဘဲ ပြည်သူတွေက လက်ခံဖို့ပဲလိုတယ်လို့ အနုပညာနဲ့ တီထွင်ဖန်တီးမှုပွဲတော် မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: Alarabiya

  • အစ္စရေး၏ကျူးလွန်မှုများကို စုံစမ်းစစ်ဆေးရန် ICC ကို ပါလက်စတိုင်း တောင်းဆို

    အစ္စရေး၏ကျူးလွန်မှုများကို စုံစမ်းစစ်ဆေးရန် ICC ကို ပါလက်စတိုင်း တောင်းဆို

    မေ ၂၂၊ ၂၀၁၈
    M-Media

    ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီး မာလီကီ

    – ပါလက်စတိုင်းပိုင်နက်တွေမှာ အစ္စရေးရဲ့ကျူးလွန်မှုတွေအတွက် စုံစမ်းစစ်ဆေးမှု ပြုလုပ်ဖို့ ပါလက်စတိုင်းအစိုးရက နိုင်ငံတကာရာဇ၀တ်ခုံရုံးကို ပထမဆုံးအကြိမ် တောင်းဆိုလိုက်ပါတယ်။

    ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ရဲ့ နိုင်ငံခြားရေးဝန်ကြီး ရီယဒ် အလ်-မာလီကီဟာ ဒီကနေ့မှာ သည်ဟေ့ဂ်က နိုင်ငံတကာရာဇ၀တ်ခုံရုံးကို လာရောက်ခဲ့ပြီး အကြီးအကဲ ဖာဆူ ဘန်ဆူဒါနဲ့ တွေ့ဆုံခဲ့ပါတယ်။

    “စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်နေတဲ့ ရာဇ၀တ်မှုတွေကို ခံစားနေရတဲ့ ပါလက်စတိုင်ပြည်သူတွေအတွက် တရားမျှတမှုကို ဆောင်ကျဉ်းဖို့ ပါလက်စတိုင်းနိုင်ငံဟာ အရေးပါတဲ့ သမိုင်းဝင်ခြေလှမ်းတစ်ခုကို လှမ်းလိုက်ပါတယ်” လို့ မာလီကီက တွေ့ဆုံမှုအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    နိုင်ငံတကာ ရာဇ၀တ်ခုံရုံးကို တောင်းဆိုမှုမှာ အစ္စရေးက တရားမ၀င် အခြေချအိမ်ယာတွေချဲ့ထွင်တာ၊ လယ်မြေတွေသိမ်းတာ၊ သယံဇာတတွေကို အမြတ်ထုတ်တာ၊ လက်နက်မဲ့ ဆန္ဒပြသူတွေကို ရက်ရက်စက်စက် ပစ်မှတ်ထား ညှင်းပမ်းတာ စတဲ့ ပြဿနာတွေ ပါဝင်တယ်လို့လည်း မာလီကီက ဆိုပါတယ်။

    မေလ ၁၄ ရက်နေ့က ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်မှာ ဆန္ဒပြသူတွေကို အစ္စရေးက ပစ်ခတ်သတ်ဖြတ်မှုအတွင်း လူ ၆၀ ကျော် သေဆုံးခဲ့ပြီးတဲ့နောက်ပိုင်း ဒီလိုတောင်းဆိုမှု ပေါ်ထွက်လာတာပါ။ အစ္စရေးရဲ့ ဒီလုပ်ရပ်အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်ခဲ့ကြပါတယ်။

    မာလီကီကတော့ အစ္စရေးရဲ့ရာဇ၀တ်မှုတွေအတွက် နှောင့်နှေးကြန့်ကြာခြင်းမရှိဘဲ စုံစမ်းစစ်ဆေးမှုတစ်ခု စတင်ဖို့ မိမိတို့က လိုလားပြီး၊ ဒါဟာ နိုင်ငံတကာရဲ့ တာဝန်ခံမှု၊ နိုင်ငံတကာဥပဒေအပေါ် လေးစားမှုတွေကို စမ်းသပ်မှုတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • အိန္ဒိယတွင် နီဖာဟ်ဗိုင်းရပ်စ် ကူးစက်မှုကြောင့် လူ ၁၀ ဦး သေဆုံး

    အိန္ဒိယတွင် နီဖာဟ်ဗိုင်းရပ်စ် ကူးစက်မှုကြောင့် လူ ၁၀ ဦး သေဆုံး

    မေ ၂၂၊ ၂၀၁၈
    M-Media

    – အိန္ဒိယနိုင်ငံ တောင်ပိုင်းက ကီရာလာပြည်နယ်မှာ လင်းဆွဲတွေကနေတစ်ဆင့်ကူးစစ်တဲ့ နီဖာဟ် ဗိုင်းရပ်ကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။

    နီဖာဟ်ဗိုင်းရပ်ဟာ လူနဲ့ တိရစ္ဆာန်တွေ အထူးသဖြင့် ၀က်တွေမှာ အလျင်အမြန် ကူးစက်ပြန့်နှံ့တတ်ပြီး အခုအချိန်အထိ ကာကွယ်ဆေး မရှိသေးပါဘူး။ ကူးစက်သူတွေမှာ သေဆုံးမှုဟာ ၇၀ ရာခိုင်နှုန်းလောက် ရှိပါတယ်။

    ကီရာလာ ကျန်းမာရေးဝန်ကြီး ကေကေ ရှိုင်လာဂျာက ဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးသူ ၁၀ ဦးရှိလာပြီး ၂ ဦးက စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    “နီဖာဟ်ဗိုင်းရပ်စ်ကူးစက်သူ ၁၈ ယောက်ရှိပြီး အဲဒီအထဲက ၁၂ ယောက်ဟာ အခြေအနေ ပြန်ကောင်းသွားပါပြီ။ ၆ ယောက်ကတော့ မကောင်းသေးပါဘူး”

    သေးဆုံးသူတွေထဲမှာ လူနာတွေကို ကုသပေးတဲ့ သူနာပြုတစ်ဦးလည်း ပါဝင်ပါတယ်။ ပြည်နယ်အတွင်းမှာ ဒီကူးစက်မှုကြောင့် ကြောက်လန့်မှုတွေ ရှိနေပြီး အစိုးရက တတ်နိုင်သမျှအားလုံးကို လုပ်ဆောင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    နီဖာဟ်ဗိုင်းရပ်စ်ကို ၁၉၉၈ ခုနှစ်က မလေးရှားနိုင်ငံမှာ စတင်တွေ့ရှိခဲ့ပြီး ရောဂါလက္ခဏာတွေက အဖျားကြီးတာ၊ ခေါင်းကိုက်တာ၊ အသက်ရှုရခက်တာ၊ မူးဝေတာ၊ ဦးနှောက်ရောင်ရမ်းတာ၊ စိတ်ကစဥ့်ကလျားဖြစ်တာ၊ ကိုးမားဝင်တာတွေ ဖြစ်ပါတယ်။

    Ref: Aljazeera