News @ M-Media

Blog

  • တရုတ်-အမေရိကန် ကုန်သွယ်ရေးတင်းမာမှု အဆုံးသတ်

    တရုတ်-အမေရိကန် ကုန်သွယ်ရေးတင်းမာမှု အဆုံးသတ်

    မေ ၂၀၊ ၂၀၁၈
    M-Media

    – အပြန်အလှန် ပြုလုပ်ထားကြတဲ့ အခွန်တိုးမြှင့်ကောက်မယ့် အစီအစဉ်တွေကို ရပ်ဆိုင်းဖို့အတွက် တရုတ်နဲ့ အမေရိကန်တို့က သဘောတူခဲ့ကြပါတယ်။

    နှစ်နိုင်ငံ ကုန်သွယ်ရေးမညီမျှမှုကို လျှော့ချဖို့အတွက် အမေရိကန်ရဲ့ ကုန်ပစ္စည်းတွေ၊ ၀န်ဆောင်မှုတွေကို ပိုမိုတင်သွင်းရေး ရည်ရွယ်တဲ့ ဆွေးနွေးမှုကို ၀ါရှန်မှာ ပြီးခဲ့တဲ့ရက်တွေအတွင်း ပြုလုပ်ခဲ့ပြီးတဲ့နောက် ဒီသဘောတူညီချက် ထွက်လာတာ ဖြစ်ပါတယ်။

    အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စတီဗင် မူချင်က တရုတ်နိုင်ငံဟာ အမေရိကန်က တင်သွင်းတဲ့ ဘယ်အရာကိုမဆို အခွန်လျှော့ချလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    တရုတ်ဒုတိယ၀န်ကြီးချုပ် လူဟီကလည်း ဒီသဘောတူညီချက်ဟာ အနိုင်-အနိုင် အနေအထားမျိုးဖြစ်တယ်လို့ ဆိုပါတယ်။

    အခုသဘောတူညီချက်ကြောင့် မိမိတို့ဟာ တရုတ်နဲ့ နှစ်စဉ် ကုန်သွယ်ရေးကွာဟချက်ကို ၃၃၅ ဘီလီယံအထိ လျှော့ချနိုင်မယ်လို့ အမေရိကန်အစိုးရက ပြောပါတယ်။ အိမ်ဖြူတော်က ကွာဟချက်ကို ဘီလီယံ ၂၀၀ လောက်အထိ လျှော့ချချင်နေပြီး လက်ရှိ သဘောတူညီချက်နဲ့ပတ်သက်လို့ အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။

    မစ္စတာ မူချင်က နှစ်ဖက်စလုံးဟာ အင်မတန်အဓိပ္ပါယ်ရှိတဲ့ တိုးတက်မှုကို ပြုလုပ်ခဲ့ပြီး တရုတ်က အမေရိကန်ဆီကနေ ကုန်ပစ္စည်းတွေ ပိုမိုတင်သွင်းကာ ကုန်သွယ်ရေးကွာဟချက်ကို လျှော့ချနိုင်မယ့် မူဘောင်တစ်ခုကို သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။

    အမေရိကန်ရဲ့ ဉာဏစွမ်းအားတွေကို တရုတ်က ခိုးယူနေတယ်လို့ စွပ်စွဲကာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အခုနှစ်အစောပိုင်းမှာ တရုတ်ကုန်ပစ္စည်းတွေအပေါ် အခွန်တွေတိုးကောက်ဖို့ စီစဉ်ခဲ့တာပါ။ တရုတ်ကလည်း အမေရိကန် ပစ္စည်းတွေကို အခွန်ပိုမိုကောက်သွားမယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

    Ref: BBC

  • နိုင်ငံခြားချေးငွေကြောင့် သီရိလင်္ကာနိုင်ငံ အကြွေးနွံနစ်မည့် အခြေအနေတွင် ရှိနေ

    နိုင်ငံခြားချေးငွေကြောင့် သီရိလင်္ကာနိုင်ငံ အကြွေးနွံနစ်မည့် အခြေအနေတွင် ရှိနေ

    မေ ၂၀၊ ၂၀၁၈
    M-Media

    အရှုံးပြနေသည့် သီရိလင်္ကာ လေကြောင်းလိုင်း

    – ယခင်အစိုးရလက်ထက်မှာ နိုင်ငံခြားကငွေတွေချေးကာ စီမံကိန်းကြီးတွေ မဆင်မခြင်လုပ်ခဲ့တဲ့ နောက်ဆက်တွဲအဖြစ် နိုင်ငံဟာ အကြွေးနွံနစ်မယ့် အနေအထားကို ဦးတည်နေတယ်လို့ သီရိလင်္ကာ ဘဏ္ဍာရေးဝန်ကြီးက ဒီကနေ့မှာ သတိပေးလိုက်ပါတယ်။

    အခုနှစ်အတွင်း နိုင်ငံကပေးရမယ့် အကြွေးနဲ့ အတိုးတွေဟာ ကန်ဒေါ်လာ ၂.၈၄ ဘီလီယံလောက်အထိ ရောက်လာနိုင်တယ်လို့ ၀န်ကြီး မန်ဂါလာ ဆာမာရာဝီရာက ဆိုပါတယ်။ ဒီအကြွေးတွေဟာ သမ္မတ မာဟင်ဒါ ရာဂျာပက်ဆီလက်ထက်မှာ ဆောင်ရွက်ခဲ့တဲ့ စီမံကိန်းတွေကြောင့် ဖြစ်ပါတယ်။

    “အကြွေးပြဿနာက နောက်နှစ်စ်မှာ ပိုဆိုးဖို့ရှိပါတယ်။ ရာဂျာပက်ဆီလက်ထက်က သူနဲ့ နောက်လိုက်တစ်စု ဖြုန်းခဲ့တာ၊ ခြစားခဲ့တာ၊ လိမ်လည်ခဲ့တာတွေကို ပြန်ပေးရမယ့် အကြွေးတွေပါ” လို့ ဆာမာရာဝီရာက ပြောကြားခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ အကြွေးဟာ ၄.၂၈ ဘီလီယံအထိ ရောက်နိုင်တယ်လို့ ဆိုပါတယ်။

    သိရီလင်္ကာရဲ့ နိုင်ငံခြားအရန်ငွေဟာ ဧပြီလအကုန်မှာ ၉.၉ ဘီလီယံရှိတယ်လို့ ဗဟိုဘဏ်က ပြောပါတယ်။

    ဆာမာရာဝီရာက ရာဂျာပက်ဆီဟာ ၁၀ နှစ်တာကြာမြင့်ခဲ့တဲ့ သူရဲ့ အုပ်ချုပ်မှုအတွင်း နောက်ဆုံးနှစ်မှာ ကန်ဒေါ်လာ ၁.၅ ဘီလီယံလောက်ကို အတိုးအများအပြားနဲ့ ချေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    ရာဂျာပက်ဆီဟာ သူ့ရဲ့ အခြေခံအဆောက်အဦး မဟာစီမံကိန်းကြီးအတွက် တရုတ်ဆီက အလွန်အမင်း ပိုက်ဆံတွေ ချေးယူတဲ့အတွက် စီးပွားရေးတန်ဖိုး ကန်ဒေါ်လာ ၈၇ ဘီလီယံရှိတဲ့ သီရိလင်္ကာနိုင်ငံအတွက် ၀န်ထုတ်ဝန်ပိုး ဖြစ်ခဲ့ပါတယ်။

    နောက်ဆက်တွဲအဖြစ် လက်ရှိအစိုးရဟာ ရေနက်ဆိပ်ကမ်းတစ်ခုကို တရုတ်လက်ထဲ နှစ် ၁၀၀ လောက် ထိုးအပ်ခဲ့ရပါတယ်။

    သီရိလင်္ကာဟာ အကြွေးတွေဆပ်ဖို့အတွက် ၂၀၁၆ ခုနှစ် ဇွန်လမှာ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က ကန်ဒေါ်လာ ၁.၅ ဘီလီယံလောက် ချေးယူဖို့ မေတ္တာရပ်ခံခဲ့ပြီး လက်ရှိအချိန်အထိ ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။

    Ref: CNA

  • ဘင်္ဂလားဒေ့ရှ်က မူးယစ်မှောင်ခိုသမားများကို ပြင်းပြင်းထန်ထန်နှိမ်နှင်း

    ဘင်္ဂလားဒေ့ရှ်က မူးယစ်မှောင်ခိုသမားများကို ပြင်းပြင်းထန်ထန်နှိမ်နှင်း

    မေ ၂၀၊ ၂၀၁၈
    M-Media

    – ဘင်္ဂလားဒေ့ရှ်ဟာ မူးယစ်တိုက်ဖျက်ရေးလုပ်ငန်းကို ပြင်းပြင်းထန်ထန် လုပ်ဆာင်နေပြီး စစ်ဆင်ရေးတွေအတွင်း မူးယစ်မှောင်ခိုသမား အနည်းဆုံး ၁၃ ဦးကို အသေပစ်ခတ် ဖမ်းဆီးခဲ့တယ်လို့ အာဏာပိုင်တွေက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    အင်္ဂါနေ့က စီးနင်းမှုအတွင်း မှောင်ခိုသမား ၉ ဦး သေဆုံးခဲ့ပြီး၊ ဒီနေ့မနက်ပိုင်း စစ်ဆင်ရေးမှာတော့ နောက်ထပ် ၄ ဦး သေဆုံးခဲ့ပါတယ်။

    မေလအစောပိုင်းကတည်းက စတင်ခဲ့တဲ့ မူးယစ်နှိမ်နှင်းမှုအတွင်း မူးယစ်မှောင်ခိုသမား၊ ဒါမှမဟုတ် သုံးစွဲသူလို့ ယူဆရသူ ၂၃၀၀ ၀န်းကျင်ကိုလည်း ဖမ်းဆီးခဲ့ကြောင်း စစ်ဆင်ရေးကို ကိုင်တွယ်နေတဲ့ Rapid Action Battalion တပ်ဖွဲ့က ပြောပါတယ်။ ကန်ဒေါ်လာ ၂.၅ သန်း တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကိုလည်း သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

    မူးယစ်မှောင်ခိုသမားတွေအနေနဲ့ အဖမ်းခံကြဖို့ ပြီးခဲ့တဲ့တစ်ပတ်မှာ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ပြောကြားခဲ့ပြီး ဒီလိုမှမဟုတ်ရင် ပြင်းထန်တဲ့ တုန့်ပြန်မှုနဲ့ ကြုံတွေ့ရမယ်လို့ သတိပေးထားတာပါ။

    ယာဘလို့ခေါ်တဲ့ စိတ်ကြွဆေးပြားတွေ မြန်မာနိုင်ငံဖက်က အမြောက်အမျာတင်သွင်းမှုကို ဘင်္ဂလားဒေ့ရှ်က ရင်ဆိုင်နေရပြီး၊ မြန်မာစစ်တပ်ကြောင့် ထွက်ပြေးလာရတဲ့ ရိုဟင်ဂျာဒုက္ခတွေက ယူဆောင်လာကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

    ဘင်္ဂလားဒေ့ရှ်ရဲ့ မူးယစ်နှိမ်နှင်းမှုမှာ ဝေဖန်မှုတွေ ရှိနေပြီး တပ်ဖွဲ့တွေဟာ တရားလက်လွတ် သတ်ဖြတ်တာတွေ လုပ်ခဲ့တယ်လို့ သေဆုံးသူတွေရဲ့ မိသားစုတွေက ပြောကြားခဲ့ပါတယ်။

    Ref: CNA

  • စနေနေ့ ဘောလုံးသတင်းများ

    စနေနေ့ ဘောလုံးသတင်းများ

    မေ ၁၉၊ ၂၀၁၈
    M-Media

    ပြင်သစ်အသင်း ၉၈ ကမ္ဘာ့ဖလား ရခဲ့စဉ်က

    မော်ရင်ဟိုကို လက်ဆွဲနှုတ်ဆက်မည်ဟု ကွန်တီပြော
    =============
    မော်ရင်ဟိုနဲ့ သူ့ကြားမှာ ပုံမှန်ဆက်ဆံရေးရှိပြီး ဒီနေ့ည FA ဖလားဗိုလ်လုပွဲမှာ မော်ရင်ဟိုကို လက်ဆွဲနှုတ်ဆက်သွားမယ်လို့ ချယ်ဆီးနည်းပြ အန်တိုနီယို ကွန်တီက ပြောကြားလိုက်ပါတယ်။ ကွန်တီ ပရီးမီးယားလိဂ်ကို ရောက်လာပြီးတဲ့နောက် မော်ရင်ဟိုနဲ့ အပြန်အလှန် ဝေဖန်ပြစ်တင်မှုတွေ ပြုလုပ်ပြီး ဆက်ဆံရေး တင်းမာခဲ့တာပါ။ ကွန်တီကတော့ အရင်က ဖြစ်ပျက်ခဲ့တာတွေဟာ အရေးမပါတော့ဘူးလို့ ဆိုပါတယ်။ ကွန်တီဟာ ရာသီကုန်ရင် ချယ်ဆီးကနေ ထွက်ခွာမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။

    ၉၈ ကမ္ဘာ့ဖလားမဲခွဲမှုတွင် အကြံအဖန်လုပ်ခဲ့သည်ဟု ပလာတီနီပြော
    ==========
    ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အိမ်ရှင်ပြင်သစ်နဲ့ ဘရာဇီးလ်တို့ ဗိုလ်လုပွဲမတိုင်ခင် ထိပ်တိုက်မတွေ့ဖို့အတွက် အုပ်စုမဲခွဲရာမှာ အကြံအဖန်လုပ်ခဲ့တယ်လို့ ယူအီးအက်ဖ်အေ ဥက္ကဌဟောင်း ပလာတီနီက ပြင်သစ်ရေဒီယိုတစ်ခုကို ပြောကြားလိုက်ပါတယ်။ အဲဒီကမ္ဘာ့ဖလားမှာ ပြင်သစ်ဟာ ဘရာဇီးလ်ကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ကမ္ဘာ့ဖလားကို ပထမဆုံးအကြိမ် ရခဲ့ပါတယ်။ ပလာတီနီက အခြား ကမ္ဘာ့ဖလားအိမ်ရှင်တွေလည်း ဒီလိုမလုပ်ဘဲ နေမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ ဖီဖာက ထုတ်ပြန်ခဲ့တဲ့ ကြေငြာချက်မှာတော့ ပလာတီနီရဲ့ ဒီပြောကြားမှုအတွက် ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။ ပလာတီနီဟာ ခြစားမှုနဲ့ အပြစ်ရှိကြောင်း တွေ့ရတဲ့အတွက် ၂၀၁၅ ခုနှစ်မှာ ဘောလုံးနဲ့ဆက်စပ်တဲ့ လုပ်ငန်းအားလုံးကနေ ၈ နှစ် ပိတ်ပင်ခံခဲ့ရပါတယ်။

    မာရှယ်နှင့် ရက်ရှ်ဖို့ဒ်တို့ကို ကြိုးစားရန် ရွိုင်ယန်ဂစ် တိုက်တွန်း
    ==============
    လာမယ့်ရာသီမှာ အသင်းရဲ့ အဓိကကစားသမားတွေ ဖြစ်လာရေးအတွက် ကြိုးစားကြဖို့ မန်ယူတိုက်စစ်မှူးဟောင်း ရိုင်ယန်ဂစ်က အန်သိုနီ မာရှယ်နဲ့ မားကက်စ် ရက်ရှ်ဖို့ဒ်တို့ကို တိုက်တွန်းလိုက်ပါတယ်။ သူတို့နှစ်ယောက်ဟာ မော်ရင်ဟိုလက်အောက်မှာ ပုံမှန်နေရာမရဘဲ မာရှယ်ဟာ အသင်းကနေ ထွက်ခွာမယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ဂစ်ကတော့ မာရှယ်နဲ့ ရက်ရှ်ဖို့ဒ်တို့ဟာ တက်ကြွတဲ့ကစားသမားတွေဖြစ်ပြီး လူကာကူနဲ့ ဆန်းချက်ဇ်တို့ကြောင့် သူတို့မှာ ဖိအားတွေ ရှိနေတာဖြစ်မယ်လို့ ပြောကြားခဲ့ပါတယ်။

    အီတလီထိပ်သီးအသင်းဟောင်း စီးရီးအေသို့ ပြန်တက်လာ
    ==================
    ၁၉၉၀ ပြည့်နှစ်တွေမှာ အီတလီရဲ့ ထိပ်တန်းအသင်းတစ်သင်း ဖြစ်ခဲ့ပြီး ယူအီးအက်ဖ်အေနဲ့ ကိုပါအီတာလီယာ ဖလားတွေကို နှစ်ကြိမ်တိုင်တိုင် ရရှိခဲ့တဲ့ ပါမားအသင်းဟာ စီးရီးအေကို တက်ရောက်ခွင့် ရခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ဒေ၀ါလီခံခဲ့ရပြီးနောက် စီးရီးဒီအထိ တန်းဆင်းခဲ့ရတဲ့ ပါးမားဟာ ပြီးခဲ့တဲ့ ၃ နှစ်အတွင်း နှစ်တိုင်း တန်းတက်နိုင်ခဲ့တာပါ။ သောကြာနေ့က ကစားခဲ့တဲ့ စီးရီးဘီ နောက်ဆုံးပွဲပြီးတဲ့နောက် ပါးမားဟာ ဒုတိယနေရာ ရရှိခဲ့တဲ့အတွက် စီးရီးအေကို ပြန်လည် တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

    Ref: BBC, Goal

  • အလ်မီရ် ကာပစ် (သို့မဟုတ်) စစ်ပွဲ၏သားကောင်ဘ၀မှ ကမ္ဘာ့ချန်ပီယံအဖြစ်သို့ တက်လှမ်းသူ

    အလ်မီရ် ကာပစ် (သို့မဟုတ်) စစ်ပွဲ၏သားကောင်ဘ၀မှ ကမ္ဘာ့ချန်ပီယံအဖြစ်သို့ တက်လှမ်းသူ

    မေ ၁၉၊ ၂၀၁၈
    M-Media

    ပွဲကြည့်စင်က ပရိတ်သတ်တွေရဲ့ လက်ခုပ်သြဘာသံတွေ ထွက်လာတဲ့ အချိန်မှာပဲ အလ်မီရ် ကာပစ်တစ်ယောက် ကစားကွင်းမှာ လဲကျသွားပြီး၊ ရှိုက်ကြီးတငင် ငိုကြွေးနေပါတော့တယ်။

    – ပွဲကြည့်စင်က ပရိတ်သတ်တွေရဲ့ လက်ခုပ်သြဘာသံတွေ ထွက်လာတဲ့ အချိန်မှာပဲ အလ်မီရ် ကာပစ်တစ်ယောက် ကစားကွင်းမှာ လဲကျသွားပြီး၊ ရှိုက်ကြီးတငင် ငိုကြွေးနေပါတော့တယ်။

    အသက် ၃၈ နှစ်အရွယ် ဘော့စနီးယားသား ကာပစ်ဟာ ပြီးခဲ့တဲ့လက အဘူဒါဘီမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဂျူဂျစ်ဆု ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲ အော်လ်ထရာ ဟဲဗီးဝိတ်တန်းမှာ ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ ဘော့စနီးယား ဟာဇီဂိုဗီနာအလံကို လွှမ်းခြုံထားပြီး ဆုယူစင်မြင့်ထက်မှာ ရပ်နေတဲ့ ကာပစ်တစ်ယောက် အတိုင်းမသိ ၀မ်းသာပျော်ရွှင်နေပါတယ်။

    “ယုံတောင်မယုံနိုင်ဘူးဗျာ။ ပျော်လွန်းလို့ မျက်ရည်တောင်ကျတယ်” လို့ ကာပစ်က ပြောကြားခဲ့ပါတယ်။

    နှစ်ပေါင်းများစွာ မဆုမနစ် ကြိုးပမ်းအားထုတ်မှု၊ ဇွဲ၊ လုံ့လ ၀ိရိယတွေရဲ့အကျိုးကို ကာပစ်တစ်ယောက် ခံစားခဲ့ရတာ ဖြစ်ပါတယ်။

    “ကမ္ဘာ့ ဂျူဂျစ်ဆုနယ်ပယ်မှာ ချန်ပီယံဖြစ်ဖို့နဲ့ master belt ရနိုင်ဖို့ဆိုတဲ့ ကျွန်တော့်ရဲ့အိပ်မက် အမှန်တကယ်ဖြစ်လာပြီပေါ့”

    အောက်ခြေကစ

    ကိုယ်ခံပညာရှင်တစ်ယောက်ဖြစ်တဲ့ ကာပစ်ဟာ ကမ္ဘာ့စင်မြင်ပေါ်ရောက်ဖို့အတွက် အချိန်အတော်ကြာ ကြိုးစားလျှောက်လှမ်းခဲ့ရတာ ဖြစ်ပါတယ်။

    မြို့ငယ်လေး ဗာနိုဗီချီမှာ မွေးဖွားခဲ့တဲ့ ကာပစ်ရဲ့ငယ်ဘ၀ဟာ ဘော့စနီးယားစစ်ပွဲကာလနဲ့ ကြုံခဲ့ရပြီး ခက်ခက်ခဲခဲ ဖြန်သန်းခဲ့ရပါတယ်။

    ဆားဘီးယားစနိုက်ပါရဲ့လက်ချက်ကြောင့် ဖခင်ဖြစ်သူ ကွယ်လွန်ချိန်မှာ ကာပစ်ဟာ အသက် ၁၃ နှစ်သာ ရှိပါသေးတယ်။

    မိခင်ဖြစ်သူနဲ့ နေရတဲ့အချိန် လခြမ်းနီအဖွဲ့ကလှူဒါန်းတဲ့ အစားအသောက်တွေကို လိုင်းစီယူခဲ့ရတဲ့ အဖြစ်အပျက်ကိုလည်း သူက ပြန်ပြောင်း ပြောပြခဲ့ပါတယ်။

    မကြာခဏ အစာရေစာပြတ်လပ်မှုကြောင့် လူတော်တော်များများဟာ လမ်းပေါ်က သစ်ရွက်တွေကို စားပြီး အသက်ဆက်ခဲ့ရပါတယ်။

    “ကျွန်တော်တို့ အသက်ရှင်သန်ဖို့၊ ဆက်လက်တည်ရှိနေဖို့အတွက် တော်တော်လေးကို ရုန်းကန်ခဲ့ရတာဗျ”

    လုံးဝမမှု

    ဘယ်အရာကိုမဆို အန်တုကျော်လွှားမယ်ဆိုတဲ့ စိတ်ဓာတ်ဟာ ကာပစ်ရဲ့ အားကစားသမားဘ၀အထိ ပါလာခဲ့ပြီး ဒီစိတ်ဓာတ်ကြောင့်ပဲ အခက်အခဲတွေကို ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

    ဘော့စနီးယားမှာ ဂျူဂျစ်ဆုလို အားကစားမျိုးအတွက် နိုင်ငံတော်က အားပေးတာ၊ ငွေကြေးပံ့ပိုးပေးတာတွေ တော်တော်နည်းပါတယ်။

    နေ့စဉ် လေ့ကျင့်နိုင်ဖို့ ကာပစ်နဲ့ အခြား ဂျူဂျစ်ဆု အားကစားသမားတွေဟာ မြို့တော် ဆာရာယေဗိုမှာ နေရာတစ်နေရာ ငှားရမ်းခဲ့ပါတယ်။

    စကွဲယားမီတာ ၈၀ ကျယ်ဝန်းတဲ့ အဲဒီ အဆောက်အဦး ကြမ်းပြင်မှာ ၂ စင်တီမီတာလောက်သာထူတဲ့ ကောဇောတစ်ခု ခင်းထားပြီး ကျောကုန်းတွေ၊ ဒူးခေါင်းတွေ အသုံးပြုကာ ပြိုင်ဘက်ကို လှဲချရတဲ့ ဂျူဂျစ်ဆုကစားနည်းအတွက် သင့်လျော်မှုမရှိတဲ့ အနေအထားပါ။ အဲဒီလို ကြမ်းခင်းမျိုးကြောင့် အားကစားသမားတွေဟာ မကြာခ
    ဏဆိုသလို ဒဏ်ရာတွေ ရကြပါတယ်။

    ဒါပေမယ့် ဘယ်လို ပြဿနာမျိုးကမှ သူတို့ကို မတားဆီးနိုင်ပါဘူး။ ယူအေအီးမှာကျင်းပတဲ့ ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့တွက် သူငယ်ချင်းတွေက ကာပစ်ကို ငွေကြေးထောက်ပံ့ပေးခဲ့ပါတယ်။

    “ဘော့စနီးယားဟာ ဥပဒေပိုင်း၊ လူမှုရေးပိုင်းနဲ့ အားကစားပိုင်း စသဖြင့် တော်တော်များများ ဖရိုဖရဲဖြစ်နေတဲ့ တိုင်းပြည်တစ်ခုပါ။ ဆိုးရွားပြီး လူရှုပ်နေတဲ့အခြေအနေမျိုးမှာ ဘယ်လိုလေ့ကျင့်လို့ရမလဲဆိုတဲ့ စိုးရိမ်မှုတွေလည်း ကျွန်တော်တို့ကစားသမားတွေမှာ ၀င်လာပါတယ်။ ကျွန်တော်တို့ဟာ ရှိတာလေးနဲ့ပဲ ကောင်းမွန်အောင် လေ့ကျင့်ခဲ့ရတာပါ”

    ကာပစ်ရဲ့ ကြံ့ခိုင်ရေးနည်းပြဖြစ်တဲ့ ဖူအဒ် မူဂျိုဗစ်က စိန်ခေါ်မှုဆိုတာ ဘ၀ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ ပြောပါတယ်။

    “ကျွန်တော်တို့ဟာ ဘာမှမရတဲ့အတွက် စောဒကတက်နေမယ့်လူစားမျိုး မဟုတ်ပါဘူး။ ပိုက်ဆံပေးပြီး ၀ယ်လို့မရတဲ့ ရွှေဆုတွေ (အဘူဒါဘီမှာ) ရှိနေတယ်။ အားကစားလောကမှာ ကြုံရလေ့ရှိတဲ့ စွန့်လွှတ်စတေးမှု၊ အားထုတ်ကြိုးပမ်းမှုတွေနဲ့ လေ့ကျင့်မှုတွေကို ကျော်ဖြတ်တယ်။ အနာခံမှ အသာစံရမယ်ဆိုတဲ့ စကားပုံတစ်ခုလည်း ရှိတယ်လေဗျာ”

    ပြီးခဲ့တဲ့ ၃ နှစ်လုံးလုံး ကာပစ်ကို လေ့ကျင့်ပေးခဲ့တဲ့ မူဂျိုဗစ်က ကာပစ်ဟာ “တော်တော့်ကို လုံလ၀ိရိယရှိသူ စည်းကမ်းသေ၀တ်သူ၊ လေ့ကျင့်သားပြည့်သူ” ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “သူ့ရဲ့ အားသာချက်တစ်ခုက ဇွဲ၊ လုံ့လ၊ ၀ိရိယဖြစ်ပြီး ဒါနဲ့ပတ်သက်ရင် ခေါင်းမာတယ်လို့တောင် ပြောလို့ရပါတယ်။ ဒီလိုပြိုင်ပွဲမျိုးမှာ ၀င်ရောက်ယှဉ်ပြိုင်နိုင်တာက သူ့ရဲ့ အောင်မြင်မှုတစ်ခုဖြစ်ပြီး ရွှေတံဆိပ်ကတော့ သူ့အတွက် အပိုဆုပါ”

    အရှုံးကနေ ပြန်မထနိုင်တာက ရှက်စရာ

    အီဂျစ်နဲ့ ဆီးရီးယားတို့မှာ အာရဘီစကားကို လေ့လာခဲ့တဲ့ ကာပစ်ဟာ အားကစားဖက်မရောက်ခင်မှာ စာအုပ်ဘာသာပြန်သူတစ်ယောက်အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။

    ဘာသာရေးကိုင်းရှိုင်းသူတစ်ယောက်လည်းဖြစ်ပြီး အွန်လိုင်းကနေ ကမ္ဘာတစ်ဝှမ်းက ကျောင်းသားတွေကို ကုရ်အာန်ကျမ်းစာ သင်ကြားပေးနေပါတယ်။

    လွန်ခဲ့တဲ့ ၁၀ နှစ်အရင်က ကာပစ်ဟာ အီဂျစ်ရဲ့ နာမည်ကျော်တက္ကသိုလ် အလ်-အဇ်ဟာရ်ကနေ ဘွဲ့ရခဲ့ပြီး၊ ကုရ်အာန်ကျမ်းစာတစ်အုပ်လုံးကို အာဂုံဆောင်ထားနိုင်သူလည်း ဖြစ်ပါတယ်။

    အားကစားသမားတစ်ယောက်ဖြစ်လာဖို့အတွက် ဘာသာတရားက တစ်စိတ်တစ်ဒေသ ပါဝင်တယ်လို့လည်း သူက ဆိုပါတယ်။

    “အခွင့်အလမ်း နည်းနည်းသာရှိပေမယ့် စိတ်ဓာတ်ခိုင်မာပြီး၊ မှန်ကန်တဲ့ အားထုတ်မှု၊ ရည်မှန်းချက်တွ ရှိပြီဆိုရင် ကြီးမားတဲ့အောင်မြင်မှုတွေ ရတယ်ဆိုတဲ့ စိတ်ဓာတ်ခွန်းအားတစ်ခုကို တမန်တော်တွေရဲ့ ထေရုပ္ပတ္တိတွေအကြောင်း ဖတ်ရာကနေ ကျွန်တော် ရရှိခဲ့ပါတယ်”

    အခုနှစ်ဇူလိုင်လမှာ ကာပစ်တစ်ယောက် ဘရာဇီလ်းကိုသွားပြီး Gracie မိသားစုထံကနေ master belt ရယူမှာ ဖြစ်ပါတယ်။ Gracie မိသားစုဟာ ဘရာဇီးလ် ဂျူဂျစ်ဆုပညာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခဲ့တဲ့ နာမည်ကျော်မိသားစု ဖြစ်ပါတယ်။

    ကာပစ်က ဘော့စနီးယားလူငယ်တွေကို အခုလို အမှာစကားပါးခဲ့ပါတယ်။

    “တိုးတက်မြင့်မားအောင် ကြိုးစားဆောင်ရွက်ဖို့ဟာ ကိုယ်ကိုယ်တိုင်အပေါ်မှာပဲ မူတည်တယ်”

    “ကြိုးစားသူတွေဟာ နောက်ဆုံးမှာ အောင်မြင်တာပါပဲ။ နှစ်ပေါင်းများစွာ ကြိုးစားပြင်ဆင်ခဲ့ပြီး အဘူဒါဘီမှာ ကျွန်တော် ဒီလိုအောင်ပွဲရခဲ့မှုက သက်သေပါ။ ကိုယ့်ထက်ပိုတော်တဲ့ နိုင်ငံတွေ၊ အားကစားသမားတွေကို ရင်ဆိုင်ခဲ့ရပေမယ့် ဆုတံဆိပ်ကိုတော့ ဘော့စနီးယား ဟာဇီဂိုဗီနာကသာ ရရှိခဲ့ပါတယ်”

    “ဘ၀မှာ အရှုံးဆိုတာကို မျှော်လင့်ထားရမယ်။ ကျရှုံးတယ်ဆိုတာ ရှက်စရာမဟုတ်ပါဘူး။ လဲကျရာကနေ ဘယ်လိုပြန်ထရမလဲဆိုတာကို မသိတာက ရှက်စရာပါ”

    Ref: Aljazeera