News @ M-Media

Blog

  • မိုဟာမက်ဆာလာဟ်၏ ဘောလုံးကန်ဖိနပ်ကို ဗြိတိသျှပြတိုက်တွင် ပြသမည်

    မိုဟာမက်ဆာလာဟ်၏ ဘောလုံးကန်ဖိနပ်ကို ဗြိတိသျှပြတိုက်တွင် ပြသမည်

    မေ ၁၇၊ ၂၀၁၈
    M-Media

    ဆာလာဟ်၏ ဘောလုံးကန်ဖိနပ်

    – ပရီးမီးယားလိဂ်သမိုင်းမှာ စံချိန်သစ်တင်ခဲ့တဲ့ လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်ကို ဂုဏ်ပြုတဲ့အနေနဲ့ အခုနှစ်ဘောလုံးရာသီမှာ သူစီးခဲ့တဲ့ဖိနပ်ကို ဗြိတိသျှပြတိုက်မှာ ပြသသွားမယ်လို့ သိရပါတယ်။

    ဆာလာဟ်ဟာ ပရီးမီးယားလိဂ်မှာ ၃၂ ဂိုးသွင်းယူပြီး ရွှေဖိနပ်ဆုရှင် ဖြစ်ခဲ့သလို ၃၈ ပွဲကစားတဲ့ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းတဲ့ ကစားသမားအဖြစ်လည်း စံချိန်တင်နိုင်ခဲ့ပါတယ်။

    ပရီးမီးယားလိဂ်မှာ သူ ၀တ်ဆင်ကစားခဲ့တဲ့ဖိနပ်ကို ဗြိတိသျှပြတိုက်က အီဂျစ်ဆိုင်ရာပြခန်းမှာ ပြသသွားမှာ ဖြစ်ပါတယ်။

    “ဒီဖိနပ်က ယူကေမှာအစွမ်းပြခဲ့တဲ့ ခေတ်သစ် အီဂျစ်နာမည်ကျော်တစ်ယောက်ရဲ့ ဘ၀အကြောင်းကို ပြောပြမှာပါ။ ၂၀ ရာစုနဲ့ ၂၁ ရာစု အီဂျစ်နိုင်ငံရဲ့ နေ့စဉ်ဘ၀အကြောင်းကို ဖော်ကျူးနေမယ့်အရာတွေကို စုဆောင်းရေး ကျွန်တော်တို့ရဲ့ လတ်တလော စီမံကိန်းမှာ ဒီဖိနပ်က အားဖြည့်ပါဝင်မှာပါ” လို့ ပြခန်းစီစဉ်သူ နီးလ် စပန်ဆာက ပြောကြားခဲ့ပါတယ်။

    အီဂျစ်အသင်း ၂၀၁၈ ရုရှားကမ္ဘာ့ဖလားပွဲ အောင်မြင်မှုမှာလည်း မိုဟာမက် ဆာလာဟ်ဟာ အဓိကအကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။

    Ref: BBC

  • အာဖရိကရှိ ကွန်ဂိုနိုင်ငံတွင် အီဘိုလာပြန့်နှံ့မှု စိုးရိမ်စရာဖြစ်လာ

    အာဖရိကရှိ ကွန်ဂိုနိုင်ငံတွင် အီဘိုလာပြန့်နှံ့မှု စိုးရိမ်စရာဖြစ်လာ

    မေ ၁၇၊ ၂၀၁၈
    M-Media

    – အာဖရိကအလယ်ပိုင်းက ကွန်ဂိုနိုင်ငံမှာ အီဘိုလာဗိုင်းရပ်စ်ဟာ မြို့ပေါ်တွေအထိ ရောက်လာတဲ့အတွက် စိုးရိမ်စရာကောင်းတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဒီနေ့မှာ သတိပေးလိုက်ပါတယ်။

    အီဘိုလာ ပြန်လည်ဖြစ်ပွားနေကြောင်း ကွန်ဂိုက မေလ ၈ ရက်နေ့မှာ ကြေငြာခဲ့တာဖြစ်ပြီး အခုအချိန်အထိ လူ ၂၃ ဦးလောက် သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။

    အရင်က နိုင်ငံအနောက်မြောက်ပိုင်း ဝေးလံခေါင်ဖျားတဲ့ဒေသတွေမှာ ဖြစ်တာဖြစ်ပေမယ့် အခုအချိန်မှာတော့ စတင်ဖြစ်ပွားတဲ့ ဘီကိုရိုဒေသနဲ့ ကီလိုမီတာ ၁၅၀ လောက်ဝေးတဲ့ မဘန်ဒါကာမြို့မှာပါ ကူးစက်ဖြစ်ပွားမှု ရှိလာတယ်လို့ WHO က ဒီကနေ့မှာ အတည်ပြုပါတယ်။

    WHO ရဲ့ ညွှန်ကြားရေးမှူး တီဒရို့စ် အဒ်ဟာနွန်က ဒါဟာ စိုးရိမ်စရာကိစ္စတစ်ခုဖြစ်တယ်လို့ သတိပေးခဲ့ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ်မှာ WHO တာဝန်ရှိသူတစ်ဦးက အီဘိုလာဟာ မဘန်ဒါကာကို ရောက်လာမယ်ဆိုရင် ကွန်ဂိုအနေနဲ့ နောက်ထပ် အီဘိုလာ ပြဿနာကြီးတစ်ခုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။ အဲဒီမြို့မှာ နေထိုင်သူဟာ ၁ သန်းဝန်းကျင်လောက် ရှိနေပါတယ်။

    Ref: Aljazeera

  • ဂျပန်တွင် ရထားတစ်စီး ၂၅ စက္ကန့်စောထွက်မိသည့်အတွက် ကုမ္ပဏီက ပြည်သူကို ပြန်တောင်းပန်

    ဂျပန်တွင် ရထားတစ်စီး ၂၅ စက္ကန့်စောထွက်မိသည့်အတွက် ကုမ္ပဏီက ပြည်သူကို ပြန်တောင်းပန်

    မေ ၁၇၊ ၂၀၁၈
    M-Media

    – သတ်မှတ်ချိန်ထက် ၂၅ စက္ကန့်စောပြီး ဘူတာကနေ ရထားထွက်ခွာမိတဲ့အတွက် ဂျပန်က ရထားလိုင်းကုမ္ပဏီတစ်ခုဟာ ပြည်သူတွေကို ပြန်လည်တောင်းပန်လိုက်ပါတယ်။

    နိုင်ငံအလယ်ပိုင်း နိုတိုဂါဝါမြို့မှာ ဒီနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့တာပါ။

    မနက် ၇ နာရီ ၁၂ မိနစ်မှာထွက်ဖို့ သတ်မှတ်ထားတဲ့ ရထားကို ကပ္ပတိန်က ၇ နာရီ ၁၁ မိနစ်မှာ တံခါးမှားပိတ်ခဲ့ပြီး သူ့ရဲ့အမှားကို သူသိပေမယ့် ဘူတာမှာ စောင့်နေတဲ့သူ မတွေ့တော့တဲ့အတွက် ၂၅ စက္ကန့်စောကာ ရထားကို ခုတ်မောင်းသွားခဲ့တာဖြစ်ပါတယ်။ အမှန်တကယ်မှာတော့ ရထားလွတ်သွားတဲ့သူတွေ ရှိခဲ့ပါတယ်။

    ဒီအဖြစ်အပျက်နဲ့ပတ်သက်လို့ ရထားလွတ်သွားသူတွေနဲ့ ပြည်သူတွေက ကန့်ကွက်မှုတွေ လုပ်ခဲ့ပြီးတဲ့နောက် ရထားလိုင်းကုမ္ပဏီဟာ သိပ်မကြာခင်မှာပဲ ပြန်လည်တောင်းပန်ခဲ့ပါတယ်။

    ဂျပန်က ရထားလိုင်းတွေဟာ အလွန်အမင်း အချိန်တိကျမှုအတွက် နာမည်ကျော်ကြားပါတယ်။

    ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာလည်း တိုကျိုနဲ့ ဆူကူဘာတို့ကို ပြေးဆွဲတဲ့ Tsukuba Express က ရထားတစ်စီးဟာ စက္ကန့် ၂၀ စောထွက်ခဲ့တဲ့အတွက် ပြည်သူတွေကို ပြန်လည်တောင်းပန်ခဲ့ရပါတယ်။

    Ref: BBC

  • မက္ကာရှိ မတ်စ်ဂျစ်ဒ်ဟရမ်ဗလီတွင် လုံခြုံရေးဆောင်ရွက်ချက်များ တိုးမြှင့်

    မက္ကာရှိ မတ်စ်ဂျစ်ဒ်ဟရမ်ဗလီတွင် လုံခြုံရေးဆောင်ရွက်ချက်များ တိုးမြှင့်

    မေ ၁၇၊ ၂၀၁၈
    M-Media

    – မက္ကာက မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်မှာ ရမ်ဇာန်ဥပုသ်လအတွင်း မြင့်တက်လာတဲ့ ၀တ်ပြုသူတွေကို စောင့်ကြည့်ထိန်းသိမ်းဖို့အတွက် ပထမဆုံးအကြိမ် ဒရုန်းလေယာဉ်တွေ အသုံးပြုသွားမယ်လို့ အွမ္မရာဟ်ဆိုင်ရာ အကြီးအကဲ ဗိုလ်ချုပ် မိုဟာမက် အလ်-အဟ်မဒီက ပြောကြားလိုက်ပါတယ်။

    ဒါဟာ ကမ္ဘာတစ်ဝှမ်းက အွမ္မရာဟ်ဘုရားဖူး လာရောက်ကြသူတွေရဲ့ လုံခြုံရေး၊ အဆင်ပြေချောမွေ့စေရေးနဲ့ စီမံခန့်ခွဲရေးဆိုင်ရာ အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။

    ဒရုန်းတွေ၊ လေယာဉ်ငယ်တွေနဲ့ စောင့်ကြည့်မှုအပြင် မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်အတွင်း လူတွေရဲ့ သွားလာလှုပ်ရှားမှုကို ကြည့်ရှုနိုင်ဖို့ လုံခြုံရေးကင်မရာ ၂၅၀၀ တပ်ဆင်ထားပါတယ်။

    ဒါ့အပြင် ရဲတပ်ဖွဲ့ဝင် ၂၄၀၀၊ လုံခြုံရေးအဖွဲ့ဝင် ၁၃၀၀ တို့ကို ချထားမှာဖြစ်ပြီး ဗလီဝတ်ကျောင်းတော် ပရဝုဏ်အတွင်း အ၀င်အထွက်လုပ်တဲ့ ယာဉ်ငယ်တွေ ရပ်နားရာနေရာ ၆ ခုကိုလည်း ထားပေးထားပါတယ်။

    “ဘုရားဖူးတွေနဲ့ ဗလီဝတ်ကျောင်းတော်ကို လာရောက်ကြသူတွေရဲ့ အ၀င်အထွက်ကို ရဲတပ်ဖွဲ့က စီစဉ် ကြီးကြပ်ပေးသွားမှာပါ” လို့ မက္ကာဟ်ရဲချုပ် ဗိုလ်ချုပ် ဖဟဒ် ဘင် မူတ်လက် အလ်-အိုဆိုင်မီက ပြောကြားခဲ့ပါတယ်။

    Ref: Alarabiya

  • Air Asia လေကြာင်းလိုင်း မြန်မာနိုင်ငံတွင်ပြေးဆွဲရန် ဆွေးနွေးမှု ပျက်ပြယ်

    Air Asia လေကြာင်းလိုင်း မြန်မာနိုင်ငံတွင်ပြေးဆွဲရန် ဆွေးနွေးမှု ပျက်ပြယ်

    မေ ၁၇၊ ၂၀၁၈
    M-Media

    – မြန်မာနိုင်ငံမှာ ၀င်ရောက်ကာ ၀န်ဆောင်မှုပေးနိုင်ရေး ပြည်တွင်း စီးပွားရေး မိတ်ဖက်တစ်ဦးနဲ့ဆွေးနွေးမှု ရပ်ဆိုင်းသွားပြီလို့ Air Asia လေကြောင်းလိုင်း အကြီးအကဲ တိုနီဖာနန်ဒက်ဇ်က ပြောကြားလိုက်ပါတယ်။

    စားရိတ်နည်းလေကြောင်းလိုင်းဖြစ်တဲ့ Air Asia ဟာ မြန်မာနိုင်ငံမှာ ပျံသန်းပြေးဆွဲနိုင်ရေးအတွက် စီးပွားရေး မိတ်ဖက်တစ်ဦးနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်နေတယ်လို့ ဖာနန်ဒက်ဇ်က မတ်လအတွင်းမှာ ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။ ဒီဆွေးနွေးမှုသာ အကောင်အထည်ပေါ်လာရင် Air Asia ရဲ့ ပို့ဆောင်ရေးလုပ်ငန်းဟာ အာဆီယံရဲ့ ၉၅ ရာခိုင်နှုန်းလောက်အထိ ဖြန့်ကျက်နိုင်မှာ ဖြစ်ပါတယ်။

    ဒါပေမယ့် အင်္ဂါနေ့ ဘန်ကောက်မှာပြုလုပ်ခဲ့တဲ့ အခမ်းအနားတစ်ခုမှာ ဖာနန်ဒက်ဇ်က ဆွေးနွေးမှုတွေကို ရပ်ဆိုင်းလိုက်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “လတ်တလောမှာ မြန်မာဈေးကွက်ကို ကျွန်တော်တို့ မ၀င်သေးပါဘူး။ နောက်ပိုင်းတော့ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ မြန်မာနိုင်ငံကို မ၀င်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်”

    မြန်မာနိုင်ငံက ဘယ်သူနဲ့ ဆွေးနွေးခဲ့သလဲဆိုတာကိုတော့ သူက ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။

    ဖာနန်ဒက်ဇ်က ဗီယက်နမ်မှာ ဒီနှစ်ကုန် ဒါမှမဟုတ် ၂၀၁၉ ခုနှစ် အစောပိုင်းမှာ သူတို့လေကြောင်းလိုင်း စတင်ပျံသန်းဖို့ရှိတယ်လို့လည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    Ref: Ruters