News @ M-Media

Blog

  • ဗြိတိန်ရှိ မြန်မာသံအမတ်ဟောင်း ပိုင်နက်ကျူးလွန်မှုဖြင့် စုံစမ်းစစ်ဆေးခံနေရ

    ဗြိတိန်ရှိ မြန်မာသံအမတ်ဟောင်း ပိုင်နက်ကျူးလွန်မှုဖြင့် စုံစမ်းစစ်ဆေးခံနေရ

    သြဂုတ် ၁၉၊ ၂၀၂၃

    M-Media 


    -ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဟောင်း ဦးကျော်စွာမင်းဟာ လန်ဒန်မှာ ပိုင်နက်ကျူးလွန်မှုနဲ့ စုံစမ်းစစ်ဆေးခံနေရတယ်လို့ သိရပါတယ်။ 

    ၂၀၂၁ ခုနှစ် ဖေဖော်၀ါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လန်ဒန်မှာပြုလုပ်တဲ့ မြန်မာနိုင်ငံသားတွေရဲ့ အာဏာသိမ်းမှုဆန့်ကျင်တဲ့ ဆန္ဒပြပွဲမှာ ဦးကျော်စွာမင်းတစ်ယောက် မျက်နှာ ၀င်ပြခဲ့တာပါ။ 

    အဲဒီအတွက် စစ်ကောင်စီက ဒေါသထွက်ကာ သံအမတ်သစ်တစ်ဦး ချက်ခြင်း စေလွှတ်ခဲ့ပါတယ်။ 

    လက်ရှိအချိန်မှာ ဦးကျော်စွာမင်းဟာ လန်ဒန်က မြန်မာသံရုံးထဲ ၀င်ရောက်လို့ မရတော့ပေမယ့် သံအမတ်နေအိမ်မှာ ဆက်လက်နေထိုင်နေပြီး ထွက်ခွာပေးဖို့ ငြင်းဆိုနေပါတယ်။ 

    ဥပဒေအရ သံအမတ်အိမ်ဟာ မြန်မာနိုင်ငံရဲ့ တရား၀င်ပိုင်ဆိုင်မှုဖြစ်ပြီး စစ်ကောင်စီက ဦးကျော်စွာမင်းကို မောင်းထုတ်ဖို့ ဗြိတိန်အစိုးရကို ဖိအားပေးထားပါတယ်။ 

    သြဂုတ်လ ၁၅ ရက်နေ့မှာ လန်ဒန်ရဲတပ်ဖွဲ့က ဦးကျော်စွာမင်းကို ပိုင်နက်ကျူးလွန်မှုကိစ္စအတွက် မေးမြန်းမှု ပြုလုပ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ တရားစွဲမှုတော့ မလုပ်သေးပါဘူး။ 

    ဦးကျော်စွာမင်းရဲ့ ရှေ့နေကတော့ သူ့ရဲ့အမှုသည်ဟာ ဒီမိုကရေစီအစိုးရက ခန့်အပ်တဲ့ သံအမတ် ရောက်လာမှ ဒီနေအိမ်ကို ပြန်အပ်မယ်လို့ ပြောဆိုကြောင်း ထုတ်ပြန်ထားပါတယ်။ 

    ဗြိတိန်ရဲ့ အခုလိုလုပ်ဆောင်မှုကို အံ့အားသင့်မိတယ်လို့ Myanmar Accountability Project အဖွဲ့က တာ၀န်ရှိသူ ခရစ် ဂန်းနက်စ်က ပြောပါတယ်။ 

    “စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး၊ မြန်မာဗိုလ်ချုပ်တွေကို စီးပွားရေး ပိတ်ဆို့မှုတွေ ပြုလုပ်ထားတဲ့ ဗြိတိန်အစိုးရက တရားမ၀င် စစ်အာဏာရှင်ရဲ့ ဒီလုပ်ရပ်ကို ခွင့်ပြုတယ်ဆိုတာဟာ မယုံနိုင်စရာပါပဲ” 

    ဗြိတိန်ဖက်ကတော့ အခုကိစ္စအတွက် တိတိကျကျ ထုတ်ပြန်မှု မလုပ်သေးပါဘူး။ 

    Ref: The Star

  • လမ်းကြောင်းမှန်ပေါ် ရောက်လာပြီဖြစ်တဲ့ ဆော်ဒီ-အီရန် ဆက်ဆံရေး

    လမ်းကြောင်းမှန်ပေါ် ရောက်လာပြီဖြစ်တဲ့ ဆော်ဒီ-အီရန် ဆက်ဆံရေး

    သြဂုတ် ၁၈၊ ၂၀၂၃

    M-Media 


    -အရင်က ရန်ဖက်နိုင်ငံတွေဖြစ်တဲ့ ဆော်ဒီအာရေဗျနဲ့ အီရန်နိုင်ငံတို့ရဲ့ ဆက်ဆံရေးဟာ ခေတ်သစ်တစ်ခုကို ရောက်ရှိလာပြီဖြစ်ပါတယ်။ 

    အီရန်နိုင်ငံခြားရေး၀န်ကြီး ဟိုစိန် အမီရ်အဘ်ဒိုလာဟင် မနေ့က ဆော်ဒီအာရေဗျကို ရောက်ရှိလာခဲ့ပြီး နှစ်နိုင်ငံ ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မယ့်ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။ 

    “အီရန်နဲ့ ဆော်ဒီတို့ရဲ့ ဆက်ဆံရေးဟာ လမ်းကြောင်းမှန်ပေါ် ရောက်ရှိလာခဲ့ပြီး တိုးတက်မှုတွေကိုလည်း တွေ့လာရပါပြီ” လို့ ဆော်ဒီနိုင်ငံခြားရေး၀န်ကြီး မင်းသား ဖိုက်ဆဲလ် ဘင် ဖာရ်ဟန်နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဟိုစိန်က ပြောကြားခဲ့ပါတယ်။ 

    မင်းသား ဖိုက်ဆဲလ်ဟာ ဇွန်လအတွင်းက အီရန်နိုင်ငံကို သွားရောက်ခဲ့ပါတယ်။ 

    မနေ့က နိုင်ငံခြားရေး၀န်ကြီးနှစ်ဦးရဲ့ တွေ့ဆုံမှုမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတော်တော်များများကို ဆွေးနွေးခဲ့ကြတယ်လို့ ဟိုစိန်က ဆိုပါတယ်။ 

    မင်းသား ဖိုက်ဆဲလ်ကလည်း ဘုရင် ဆလ်မန်ရဲ့ ဖိတ်ကြားထားမှုနဲ့အတူ အီရန်သမ္မတ အီဘရာဟင် ရိုင်စီ လာရောက်လည်ပတ်ဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။ 

    ဆော်ဒီနဲ့ အီရန်တို့ဟာ ၂၀၁၆ ခုနှစ်က စတင်ကာ သံအဆက်အသွယ် ပြတ်တောက်သွားခဲ့တာပါ။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ဆက်ဆံရေး ပြန်လည်တည်ဆောက်ဖို့ ကြိုးစားခဲ့ပြီး တရုတ်ရဲ့ ကြား၀င်ဆောင်ရွက်ပေးမှုနဲ့အတူ အခုနှစ်အစောပိုင်းမှာ သဘောတူညီချက်တစ်ခု ရရှိခဲ့ပါတယ်။ 

    ဇွန်လတွင်းမှာတော့ နှစ်ဖက်သံရုံးတွေ အပြန်အလှန် ဖွင့်လှစ်ခဲ့ကြပါတယ်။ 

    “အစ္စလာမ့် ညီအစ်ကိုစိတ်ဓာတ်၊ ဘုံအကျိုးစီးပွား ပူးပေါင်းဆောင်ရွက်မှုတို့နဲ့အတူ ကျွန်တော်တို့ရဲ့ ဆက်ဆံရေး ကဏ္ဍသစ်တစ်ခု ရောက်ရှိလာဖို့ မျှော်လင့်ထားပါတယ်” လို့ မင်းသား ဖိုက်ဆဲလ်က ပြောကြားခဲ့ပါတယ်။ 

    Ref: Reuters 

  • နိုင်ဂျာအာဏာသိမ်းစစ်ခေါင်းဆောင်ကို စစ်အင်အားဖြင့် ဖြုတ်ချရန် ပတ်၀န်းကျင်နိုင်ငံများ အသင့်ဖြစ်နေ

    နိုင်ဂျာအာဏာသိမ်းစစ်ခေါင်းဆောင်ကို စစ်အင်အားဖြင့် ဖြုတ်ချရန် ပတ်၀န်းကျင်နိုင်ငံများ အသင့်ဖြစ်နေ

    သြဂုတ် ၁၈၊ ၂၀၂၃

    M-Media 


    -အာဏာသိမ်းထားတဲ့ နိုင်ဂျာနိုင်ငံကို စစ်ရေးအရ အရေးယူရင် ပါ၀င်ဖို့အတွက် အဖွဲ့နိုင်ငံအများစုက အဆင်သင့်ဖြစ်နေပြီလို့ အနောက်အာဖရိကနိုင်ငံများအဖွဲ့ (ECOWAS) က ပြောပါတယ်။ 

    သမ္မတအစောင့်တပ်အကြီးအကဲ ဗိုလ်ချုပ် အဘ်ဒူရဟ်မာနီ ချီယာနီဟာ ဇူလိုင် ၂၆ ရက်နေ့မှာ သမ္မတ မိုဟာမက် ဘာဇွမ်ကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့တာပါ။

    ECOWAS အဖွဲ့ကတော့ ချီယာနီအနေနဲ့ အရပ်သားအစိုးရကို သြဂုတ်လ ၆ ရက်နေ့ နောက်ဆုံးထားပြီ အာဏာမလွှဲပြောင်းပေးရင် စစ်ရေးအရ ၀င်ရောက်အရေးယူမယ့်အထိ ဖြစ်သွားနိုင်တယ်လို့ ရာဇသံပေးထားပါတယ်။ နောက်ဆုံးရက် ကျော်သွားပေမယ့် လက်ရှိအချိန်အထိ အရေးယူမှု မလုပ်သေးပါဘူး။ 

    အဖွဲ့ရဲ့ ကော်မရှင်နာ အဘ်ဒဲလ် ဖာတူ မူဆာက စစ်အာဏာရှင်အုပ်ချုပ်နေတဲ့ နိုင်ငံတစ်ချို့နဲ့ ကိပ်ဗာဒီနိုင်ငံတို့ကလွဲရင် အဖွဲ့၀င်နိုင်ငံအားလုံးဟာ နိုင်ဂျာကို စစ်အရေးအရ ၀င်ရောက်အရေးယူမယ့်ကိစ္စမှာ ပူးပေါင်းပါ၀င်ဖို့အတွက် အဆင်သင့်ဖြစ်နေပြီလို့ မနေ့က ပြောကြားခဲ့ပါတယ်။ 

    ECOWAS အဖွဲ့၀င်နိုင်ငံဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ စစ်အာဏာသိမ်းမှု ဖြစ်ထားတဲ့ ဘာကီနာဖာဆိုနဲ့ မာလီနိုင်ငံတွေက နိုင်ဂျာကို စစ်တပ်၀င်ရင် ဒါဟာ စစ်ကြေငြာတာမျိုးဖြစ်ပြီး ဒေသတွင်း အခြေအနေ ပိုဆိုးသွားမယ်လို့ သတိပေးထားပါတယ်။ 

    စစ်အာဏာရှင် အုပ်စိုးနေတဲ့ ဂီနီနိုင်ငံကလည်း စစ်ရေးနဲ့ ၀င်ရောက်ဖြေရှင်းမှုကို လက်မခံဘူးလို့ ပြောထားပါတယ်။ 

    နိုင်ဂျာ အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဘယ်အချိန်မှာ ဘယ်လိုပုံစံမျိုးနဲ့ ၀င်ရောက်အရေးယူမယ်ဆိုတာကိုတော့ ECOWAS 

    အဖွဲ့က တိတိကျကျ မထုတ်ပြန်ပါဘူး။ 

    Ref: Aljazeera 

  • အကူအညီများအား တားဆီးခြင်းမပြုရန် ကုလအကြီးအကဲက မြန်မာစစ်ခေါင်းဆောင်ကို တောင်းဆို

    အကူအညီများအား တားဆီးခြင်းမပြုရန် ကုလအကြီးအကဲက မြန်မာစစ်ခေါင်းဆောင်ကို တောင်းဆို

    သြဂုတ် ၁၈၊ ၂၀၂၃

    M-Media 


    -လိုအပ်နေသူတွေကို နိုင်ငံတကာက အကူအညီပေးရာမှာ တားမြစ်ဟန့်တားခြင်းမပြုဖို့ ကုလ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအဖွဲ့ ဒုတိယအကြီးအကဲ မာတင် ဂရစ်ဖစ်က မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ကို တိုက်တွန်းခဲ့ပါတယ်။ 

    ဂရစ်ဖစ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို ၃ ရက်ကြာ လာရောက်ခဲ့ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ပါ တွေ့ဆုံခဲ့ပါတယ်။ 

    မြန်မာလူဦးရေရဲ့ ၃ ပုံ ၁ ပုံဖြစ်တဲ့ လူပေါင်း ၁၈ သန်းလောက် အကူအညီတွေ လိုအပ်နေတယ်လို့ ဂရစ်ဖစ်က ပြောပါတယ်။ 

    “တစ်ခုပြီးတစ်ခု ဖြစ်နေတဲ့ ပြဿနာတွေကြောင့် မြန်မာနိုင်ငံ လူဦးရေရဲ့ ၃ ပုံ ၁ ပုံလောက်ဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေပါတယ်။ သူတို့ရဲ့ ခေါင်းဆောင်တွေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းဆီကနေ အကူအညီတွေပိုရဖို့ သူတို့ မျှော်လင့်နေကြပါတယ်” 

    ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီး ဖြစ်ပေါ်လာတဲ့ မတည်မငြိမ်မှုတွေကြောင့် နိုင်ငံအတွင်း အကူအညီလိုအပ်သူ အရေအတွက်ဟာ ၅ ဆ မြင့်တက်လာတယ်လို့ ကုလရဲ့ မှတ်တမ်းတွေက ဆိုပါတယ်။ 

    အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတကာ အကူအညီတွေကို တားဆီးပိတ်ပင်တာ၊ လုပ်ငန်းဆောင်ရွက်ဖို့ ခက်ခဲအောင်လုပ်ထားတာတွေရှိပြီး ဒါတွေကို ရပ်တန့်ဖို့နဲ့ အကူအညီပေးခွင့် ပိုမိုခွင့်ပြုဖို့ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံစဥ်မှာ ပြောကြားခဲ့ကြောင်း ဂရစ်ဖစ်က ပြောပါတယ်။ 

    နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်းတွေမှာ ရန်ပုံငွေ နည်းပါးမှုနဲ့ ကြုံတွေ့နေရပြီး ဒီအတွက် အလှူငွေ ပိုမိုထည့်၀င်ကြဖို့လည်း ကမ္ဘာ့နိုင်ငံတွေကို သူက ထည့်သွင်းတိုက်တွန်းခဲ့ပါတယ်။ 

    Ref: Reuters 

  • အာဆီယံဥက္ကဌရာထူးကို မြန်မာက စွန့်လွှတ်မည်

    အာဆီယံဥက္ကဌရာထူးကို မြန်မာက စွန့်လွှတ်မည်

    သြဂုတ် ၁၆၊ ၂၀၂၃

    M-Media 


    -၂၀၂၆ ခုနှစ် အာဆီယံ ဥက္ကဌနေရာကို မြန်မာနိုင်ငံက တာ၀န်ယူမှာမဟုတ်ကြောင်း အရှေ့တောင်အာရှ သံတမန်အသိုင်းအ၀ိုင်းကနေ သတင်းထွက်လာပါတယ်။ 

    လက်ရှိ အာဆီယံဥက္ကဌဟာ အင်ဒိုနီးရှားဖြစ်ပြီး ၂၀၂၄ ခုနှစ်မှာ လာအို၊ ၂၀၂၅ ခုနှစ်မှာ မလေးရှားတို့က အသီးသီး တာ၀န်ယူကြမှာပါ။ ၂၀၂၆ ခုနှစ်မှာ မြန်မာနိုင်ငံအလှည့် ကျရောက်မှာဖြစ်ပြီး ပြည်တွင်းရေး အခြေအနေကြောင့် ဥက္ကဌတာ၀န်ထမ်းဆောင်ဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ အာဏာသိမ်း စစ်ကောင်စီက ပြောပါတယ်။ 

    ဒါဟာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကြပ်အတည်းကို ၂၀၂၆ ခုနှစ်အထိ စစ်ကောင်စီက ဖြေရှင်းပေးမှာမဟုတ်ဘူးဆိုတဲ့ သဘောထားလည်း ဖြစ်ပါတယ်။ 

    ၂၀၂၆ ခုနှစ် အာဆီယံဥက္ကဌနေရာကို ဖိလစ်ပိုင်က တာ၀န်ယူမှာဖြစ်ပြီး ၂၀၂၇ ခုနှစ်ရောက်မှ မြန်မာက တာ၀န်ယူဖို့ ရှိနေပါတယ်။

    ၂၀၂၁ ခုနှစ် ဖေဖော်၀ါရီ ၁ ရက်နေ့ မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ အခြေအနေကို ဖြေရှင်းဖို့အတွက် အာဆီယံက ကြိုးပမ်းခဲ့ပေမယ့် စစ်ကောင်စီက ပူးပေါင်းဆောင်ရွက်ခြင်း မရှိပါဘူး။ 

    ဒါကို တုန့်ပြန်တဲ့အနေနဲ့ အာဆီယံက မြန်မာစစ်ခေါင်းဆောင်တွေကို အရေးပါတဲ့ အစည်းအ၀ေးတွေမှာ ကိုယ်စားပြုခွင့် မပေးခဲ့ပါဘူး။ 

    စစ်အာဏာရှင်ဟောင်းလက်ထက် ၂၀၀၆ ခုနှစ်ကလည်း မြန်မာနိုင်ငံဟာ အာဆီယံဥက္ကဌရာထူးကို လက်လွှတ်ခဲ့ဖူးပြီး လာအိုနိုင်ငံက အစားထိုး တာ၀န်ယူခဲ့ပါတယ်။ 

    Ref:Thai PBS