News @ M-Media

Blog

  • အမေရိကန်မှာ ဆီးရီးယားကို ခွဲခြမ်းရန် ကြိုးစားနေသည်ဟု ရုရှား စွပ်စွဲ

    အမေရိကန်မှာ ဆီးရီးယားကို ခွဲခြမ်းရန် ကြိုးစားနေသည်ဟု ရုရှား စွပ်စွဲ

    ဧပြီ ၂၉၊ ၂၀၁၈
    M-Media

    – အမေရိကန်ဟာ နိုင်ငံတကာဥပဒေကိုချိုးဖောက်ပြီး ဆီးရီးယားနိုင်ငံထဲ ဒုံးကျည်တွေပစ်ကာ ဆီးရီးယားကို နှစ်ခြမ်းခွဲဖို့ ကြိုးစားနေတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာဗရော့ဗ်က ပြောကြားလိုက်ပါတယ်။

    မနေ့က မော်စကိုမှာ တူရကီ၊ အီရန်တို့က နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ၇ နှစ်တာကြာမြင့်ပြီဖြစ်တဲ့ ဆီးရီးယားပြည်တွင်းအရေး ဆွေးနွေးစဉ်မှာ ဒီလိုပြောကြားလိုက်တာဖြစ်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ၃ ဦးရဲ့ တွေ့ဆုံမှုဟာ လာမယ့်လ ကာဇက်စတန်မှာလုပ်မယ့် ၉ ကြိမ်မြောက် ဆီးရီးယားအရေး အစည်းအဝေးအတွက် အခြေခံအချက်တွေ ညှိနှိုင်းတာဖြစ်ပါတယ်။

    လာမယ့်လအစည်းအဝေးမှာ နိုင်ငံရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေကို ဆွေးနွေးသွားဖို့ ရှိနေပါတယ်။

    ရုရှား၊ အီရန်နဲ့ တူရကီတို့က ဆီးရီးယားအစိုးရနဲ့ အတိုက်အခံတွေကြား ဆွေးနွေးမှုမှာ သူတို့ဟာ အာမခံပေးသူဖြစ်ကြောင်း၊ ကာဇက်စတန်က ညှိနှိုင်းမှုကသာ တင်းမာမှုတွေလျော့ကျရေး တစ်ခုတည်းသောနည်းလမ်းဖြစ်ကြောင်း ပြောကြားထားပါတယ်။

    မနေ့ကဆွေးနွေးမှုမှာ နိုင်ငံခြားရေးဝန်ကြီး ၃ ဦးက ဆီးရီးယားဟာ အချုပ်အခြာပိုင် နိုင်ငံတစ်ခုအဖြစ် ဆက်လက်တည်ရှိရမယ်ဆိုတာကို သဘောတူခဲ့ကြပါတယ်။ လာဗရော့ဗ်ကတော့ အမေရိကန်ရဲ့ ဆောင်ရွက်ချက်တွေဟာ အရှေ့အလယ်ပိုင်းကို ပုံပြောင်းဖို့နဲ့ ဆီးရီးယားကို ခွဲခြမ်းဖို့ ကြိုးစားမှုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    ဆီးရီးယားအစိုးရတပ်တွေက ဓာတုလက်နက် အသုံးပြုတယ်ဆိုတဲ့ စွဲချက်နဲ့ အမေရိကန်ဟာ ဧပြီလ ၁၄ ရက်နေ့မှာ ဆီးရီးယားကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပြီး လာဗရော့ဗ်က ဒီလုပ်ရပ်ဟာ ရှိပြီးသားအခြေအနေကို ပိုဆိုးစေတယလို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Aljazeera

  • တနင်္ဂနွေနေ့မနက် နိုင်ငံတကာသတင်းများ

    တနင်္ဂနွေနေ့မနက် နိုင်ငံတကာသတင်းများ

    ဧပြီ ၂၉၊ ၂၀၁၈
    M-Media

    ဆော်ဒီရောက် ကန်နိုင်ငံခြားရေးဝန်ကြီး

    နျူစမ်းသပ်ရာနေရာကို ပိတ်ပစ်ကာ နိုင်ငံတကာကို ခေါ်ပြမည်ဟု ကင် ကတိပြု
    ===============
    နိုင်ငံအတွင်းက နျူစမ်းသပ်ရာနေရာကို မေလမှာ ပိတ်ပစ်ကာ နိုင်ငံတကာကို အပြည့်အ၀ ၀င်ရောက်ကြည့်ရှုခွင့်ပေးမယ်လို့ သမ္မတ မွန်ဂျယ်အင်နဲ့ တွေ့ဆုံမှုအတွင်း ကင်ဂျုံအန်က ကတိပြုခဲ့ကြောင်း တောင်ကိုရီးယားသမ္မတရုံးက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။ နျူလက်နက်စမ်းသပ်မှုကို ရပ်တန့်ပြီး စမ်းသပ်ရာနေရာကို ပိတ်မယ်လို့ ကင်က ထိပ်သီးအစည်းအဝေးမတိုင်ခင် ပြောကြားခဲ့တာပါ။ ဒါပေမယ့် ပွင့်လင်းမြင်သာမှုရှိအောင် နိုင်ငံတကာက ကျွမ်းကျင်သူတွေ၊ ဂျာနယ်လစ်တွေကို ဖိတ်ခေါ်ပြသသွားမယ်လို့ ဆွေးနွေးပွဲမှာ ကင်က ထပ်လောင်း ပြောကြားခဲ့ပါတယ်။

    ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးသစ် အရှေ့အလယ်ပိုင်းရောက်
    ==============
    အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသစ် မိုက် ပွမ်ပီယိုဟာ ၃ ရက်တာ အရှေ့အလယ်ပိုင်း ခရီးစဉ်အဖြစ် ဆော်ဒီကို မနေ့က ရောက်ရှိခဲ့ပြီး ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး အဒဲလ် အလ်-ဂျူဘီးရ်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ပွမ်ပီယိုဟာ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန် တည့်ခင်းဧည့်ခံတဲ့ ညစာစားပွဲကိုလည်း တက်ရောက်ခဲ့ပါတယ်။ ဂျော်ဒန်နဲ့ အစ္စရေးတို့ကိုလည်း ကန်နိုင်ငံခြားရေးဝန်ကြီးက သွားရောက်ဖို့ရှိပြီး အမေရိကန်အစိုးရကတော့ ဒီခရီးစဉ်ဟာ အရှေ့အလယ်ပိုင်းမှာ ဆက်ဆံရေး ပိုမိုခိုင်မာစေဖို့ ရည်ရွယ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ပါလက်စတိုင်းဝန်ကြီးချုပ်ယာဉ်တန်းဗုံးခွဲခံရမှု PA လက်ချက်ဟု ဟားမက်စ်ပြော
    ================
    ပြီးခဲ့တဲ့လ ပါလက်စတိုင်းဝန်ကြီးချုပ် ရာမီ ဟမ်ဒဲလာဟ် ဂါဇာကိုလာရောက်စဉ် သူ့ရဲ့ယာဉ်တန်း ဗုံးခွဲခံရမှုမှာ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ (PA) ရဲ့ ထောက်လှမ်းရေးအကြီးအကဲ ပါဝင်နေတယ်လို့ ပြိုင်ဖက် ဟားမက်စ်အဖွဲ့က စွပ်စွဲပြောကြားလိုက်ပါတယ်။ ထောက်လှမ်းရေးအဖွဲ့ကြီးတစ်ခုလုံး ပါဝင်လားဆိုတာ မသေချာပေမယ့် အဲဒီမှာ တာဝန်ထမ်းဆောင်တဲ့သူတွေ ပါဝင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ပေါက်ကွဲမှုအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။

    မလေးရှားရွေးကောက်ပွဲတွင် မဟာသီက ယခင်အောင်မြေနေရာမှ ၀င်ရောက်ယှဉ်ပြိုင်မည်
    =================
    မေလ ၉ ရက်နေ့မှာပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲမှာ မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမက်ဟာ အရင်က သူရဲ့အောင်မြေဖြစ်တဲ့ လန်ကာဝီကနေ ၀င်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ကြေငြာခဲ့ပါတယ်။ ၀န်ကြီးချုပ် နာဂျစ်ရာဇတ်အစိုးရဟာ တိုင်းပြည်ဘဏ္ဍာတွေကို အလွဲသုံးစားလုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက်ပိုင်း အသက် ၉၂ နှစ်အရွယ် မဟာသီက အတိုက်အခံတွေဖက်ကနေ ရပ်တည်ကာ နာဂျစ်ကို ဖြုတ်ချဖို့ ကြိုးစားလာခဲ့တာ ဖြစ်ပါတယ်။ မဟာသီဟာ ၁၉၈၁ ကနေ ၂၀၀၃ ခုနှစ်အထိ ၂၂ နှစ်ကြာ ၀န်ကြီးချုပ်အဖြစ် တာဝန်ယူကာ မလေးရှားကို ခေတ်မီတိုးတက်အောင် ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။

    Ref: Aljazeera, CNA

  • အစ္စရေးလက်ချက်ကြောင့် ဂါဇာတွင် လူ ၄ ဦး ထပ်မံသေဆုံး

    အစ္စရေးလက်ချက်ကြောင့် ဂါဇာတွင် လူ ၄ ဦး ထပ်မံသေဆုံး

    ဧပြီ ၂၈၊ ၂၀၁၈
    M-Media

    ဆန္ဒပြမှု မြင်ကွင်းတစ်ခု

    – ဂါဇာကမ်းမြှောင်မှာ ဆက်လက်ဖြစ်ပွားနေတဲ့ ဆန္ဒပြမှုတွေမှာ အစ္စရေးရဲ့ ပစ်ခတ်မှုတွေကြောင့် ပါလက်စတိုင်း ၄ ဦး ထပ်မံသေဆုံးခဲ့ပြီး ၉၅၀ လောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

    ၁၉၄၈ ခုနှစ် အစ္စရေးက ပါလက်စတိုင်းပိုင်နက်တွေကို ကျူးကျော်သိမ်းပိုက်မှုအတွင်း ထွက်ပြေးခဲ့ရတဲ့ ပါလက်စတိုင်းတွေရဲ့ မျိုးဆက်တွေ နေရပ်ပြန်ခွင့်ရရေး Great March of Return ဆိုတဲ့ အမည်နဲ့ ပါလက်စတိုင်းတွေဟာ မတ်လ ၃၀ ရက်နေ့ကစလို့ အပတ်စဉ် သောကြာနေ့တိုင်း ဂါဇာကမ်းမြှောင်မှာ ဆန္ဒပြမှုတွေ ဆက်တိုက် လုပ်ဆောင်နေတာပါ။

    မနေ့ကဆန္ဒပြမှုမှာ အစ္စရေးလက်ချက်ကြောင့် အသက် ၁၅ နှစ်အရွယ် လူငယ်တစ်ဦးပါအ၀င် ၄ ဦး သေဆုံးခဲ့ပါတယ်။ ဒဏ်ရာရသူ ၉၅၀ ကျော်မှာ ၁၇၈ ဦးဟာ ကျည်အစစ်တွေနဲ့ ပစ်ခံခဲ့ရတာဖြစ်ပါတယ်။

    မတ်လ ၃၀ ရက်နေ့ကစလို့ အစ္စရေးရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသူ ပါလက်စတိုင်းအရေအတွက်ဟာ အနည်းဆုံး ၄၅ ဦး ရှိလာခဲ့ပြီး လူ ၆၀၀၀ ကျော်လောက် ဒဏ်ရာရရှိခဲ့ပါတယ်။

    သေဆုံးသူတွေထဲမှာ ဂျာနယ်လစ် ၂ ဦး ပါဝင်ပြီး ဆေးဖက်ဆိုင်ရာ ၀န်ထမ်းတွေနဲ့ ဂျာနယ်လစ် စုစုပေါင်း ၁၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

    ဂါဇာကမ်းမြှောင်က ဆန္ဒပြမှုမှာ အစ္စရေးက နယ်စပ်ကိုကျော်ပြီး ပစ်ခတ်မှုအတွက် ကုလ လူ့အခွင့်အရေး အကြီးအကဲအပါအ၀င် ကမ္ဘာ့ခေါင်းဆောင်တွေက ဝေဖန်ကာ ရပ်တန့်ဖို့ တောင်းဆိုပေမယ့် အစ္စရေးကတော့ ဆက်လက် ပစ်ခတ်သတ်ဖြတ်နေဆဲ ဖြစ်ပါတယ်။

    Ref: Aljazeera

  • ပီရူးတွင် ကလေးများအား ယစ်ပူဇော်မြှုပ်နှံထားရာ နေရာတစ်ခုတွေ့ရှိ

    ပီရူးတွင် ကလေးများအား ယစ်ပူဇော်မြှုပ်နှံထားရာ နေရာတစ်ခုတွေ့ရှိ

    ဧပြိ ၂၈၊ ၂၀၁၈
    M-Media

    – လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ ကျော်လောက်က ကလေးတွေကို ယစ်ပူဇော်ပြီး အစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့ နေရာတစ်ခုကို ပီရူးနိုင်ငံမှာ ရှေးဟောင်း သုတေသနပညာရှင်တွေက တွေ့ရှိခဲ့ကြပါတယ်။

    နိုင်ငံအနာက်မြောက်ပိုင်း ထရူဂျီလိုမြို့မှာ တွေ့ရှိခဲ့တာဖြစ်ပြီး အဲဒီမြို့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၅၀ အရင်က အသက် ၅ နှစ်ကနေ ၁၄ နှစ်ကြား ကလေးငယ်တွေကို သတ်ဖြတ်ကာ ပူဇော်တဲ့ဓလေ့ ထွန်းကားရာဒေသ ဖြစ်ပါတယ်။ ဒီဓလေ့ကို Chimu ဆိုတဲ့ လူ့အဖွဲ့အစည်းက ကျင့်သုံးခဲ့ကြတာပါ။

    အရိုးစုပေါင်း ၁၄၀ လောက်မှာ တွေ့ရတဲ့ ဓားခုတ်ရာတွေ အနီရောင်အ၀တ်အစတွေက သူတို့ဟာ ယစ်ပူဇော်ခံခဲ့ရတယ်ဆိုတာကို ပြသနေကြောင်း သုတေသနပညာရှင်တွေက ပြောကြားခဲ့ပြီး အဲဒီဓလေ့ထုံးတမ်းမှာ ကလေးငယ်တွေရဲ့နှလုံးသားကို ထုတ်ပစ်တာမျိုး ရှိတယ်လို့လည်း ဆိုပါတယ်။

    သိပ္ပံပညာရှင်တွေက ရရှိတဲ့ မြေအထောက်အထားအရ ဒီလို ယစ်ပူဇော်တာဟာ ရေကြီးတာလို ဆိုးရွားတဲ့ ရာသီဥတုတွေကို ရပ်တန့်ဖို့ဖြစ်တယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

    ကလေးငယ်တွေရဲ့ ရုပ်ကြွင်းအပြင် တောင်အမေရိက ကုလားအုတ် ၂၀၀ လောက်ရဲ့ ရုပ်ကြွင်းတွေကိုလည်း တွေ့ခဲ့ရပြီး တိရစ္ဆာန်အလောင်းတွေဟာ ဘက်တစ်ဖက်တည်းကို လဲလျောင်းနေတာကြောင့် ဒါဟာ ယစ်ပူဇော်မှုရဲ့ နောက်ထပ် ဖော်ပြချက်တစ်ခု ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

    အလ်နီညိုကြောင့် ဆိုးဆိုးဝါးဝါး ရေကြီးရေလျှံမှုက ဒီလို ယစ်ပူဇော်တာရဲ့ အကြောင်းအရင်း ဖြစ်နိုင်တယ်လို့လည်း သိပ္ပံပညာရှင်တွေက သုံးသပ်ကြပါတယ်။

    ထရူဂျီလိုက အဲဒီတူးဖော်မှုကို ၂၀၁၁ ခုနှစ်မှာ စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး အဲဒီနောက်ပိုင်း ကလေးငယ် ၁၅၀ လောက်နဲ့ တောင်အမေရိက ကုလားအုတ် ၁၅၀ ရဲ့ ရုပ်ကြွင်းတွေကို တွေ့ခဲ့ရပါတယ်။ အရွယ်ယောက်သူ ၃ ဦးရဲ့ အရိုးတွေလည်း ပါဝင်ပြီး သူတို့ဟာလည်း ယစ်ပူဇော်ခံလိုက်ရတာ ဖြစ်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

    Chimu လူမျိုးတွေဟာ ပီရူးက အင်အားအတောင့်အတင်းဆုံး လူ့အဖွဲ့အစည်းတွေထဲက တစ်ခုဖြစ်ပြီး သူတို့ရဲ့နယ်မြေဟာ နိုင်ငံရဲ့ ကမ်းရိုးတမ်းတစ်လျှောက်လုံးကို ပြန့်နှံ့ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူတို့ဟာ Incas လူမျိုးတွေရဲ့လက်အောက်ကို ရောက်သွားခဲ့ပါတယ်။

    ကလေးငယ်တွေကို ယစ်ပူဇော်ပြီး မြှုပ်နှံထားတဲ့နေရာတွေကို လက်တင်အမေရိကမှာ အရင်ကလည်း တွေ့ရှိခဲ့ရပေမယ့် အခု ပီရူးကနေရာကတော့ ကလေးသီးသန့်ပါဝင်တဲ့ အကြီးဆုံး အစုလိုက်အပြုံလိုက် မြှုပ်နှံထားရာေ နရာကြီး ဖြစ်ပါတယ်။

    Ref: Aljazeera

  • သောကြာနေ့ ဘောလုံးသတင်း

    သောကြာနေ့ ဘောလုံးသတင်း

    ဧပြီ ၂၇၊ ၂၀၁၈
    M-Media

    မျက်ရည်လည်ရွဲဖြင့် ပြောကြားနေသည့် အင်နီယေစတာ

    ဘာစီလိုနာကထွက်မည်ဟု အင်နီယေစတာ အတည်ပြု
    =================

    ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ဖန်တီးရှင် အသက် ၃၃ နှစ်အရွယ် အန်ဒရေ အင်နီယေစတာက ဒီနှစ်ကုန်ရင် အသင်းက ထွက်ခွာတော့မယ်လို့ ဒီကနေ့မှာ အတည်ပြုလိုက်ပါတယ်။ အင်နီယေစတာဟာ ဘာစီလိုနာအသင်းမှာ ၁၆ ရာသီကစားပြီး အဓိကဖလားပေါင်း ၃၁ လုံး ရရှိခဲ့သူဖြစ်ပါတယ်။ သူကတော့ ဒီဆုံးဖြတ်ချက်ဟာ ခက်ခဲတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ဆိုပါတယ်။ အင်နီယေစတာဟာ တရုတ်ကို ပြောင်းမယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်နေပေမယ့် အင်္ဂလန်နဲ့ ပြင်သစ်ကကလပ်တွေကို သွားနိုင်တယ်လို့လည်း ပြောကြားမှုတွေ ရှိနေပါတယ်။

    အာဆင်ဝင်းဂါးကို စော်ကားမိသည့်အတွက် မော်ရင်ဟို နောင်တရ
    ================
    အာဆင်ဝင်းဂါးနဲ့ ဖြစ်ခဲ့တဲ့ အပြန်အလှန်ဝေဖန်ပြောဆိုမှုတွေအတွက် နောင်တရမိတယ်လို့ မန်ယူနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်ပါတယ်။ မော်ရင်ဟို ချယ်ဆီးမန်နေဂျာဘ၀တုန်းက အာဆင်ဝင်းဂါးကို ဝေဖန်စော်ကားမှုတွေ လုပ်ခဲ့ပါတယ်။ ၀င်းဂါးဟာ အခုရာသီကုန်မှာ အာဆင်နယ်ကနေ ထွက်ခွာတော့မှာဖြစ်ပြီး မော်ရင်ဟိုက အာဆင်နယ်ဟာ အံ့သြစရာအသင်းဖြစ်ကာ သူတို့ရဲ့ကွင်းဟောင်း ဟိုက်ဘူရီမှာ ကစားခဲ့တဲ့ပွဲဟာ မေ့လို့မရတဲ့ပွဲဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အာဆင်နယ်နှင့် အသက်လက်တီကိုကို UEFA က တရားစွဲ
    =================
    ဒီနေ့မနက်က ကစားခဲ့တဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲမှာ ဖြစ်ပျက်ခဲ့တာတွေအတွက် အာဆင်နယ်နဲ့ အသက်လက်တီကို မက်ဒရစ် ၂ သင်းစလုံးကို ယူအီးအက်ဖ်အေက တရားစွဲလိုက်ပါတယ်။ ဒိုင်လူကြီးကို စောဒကတက်တဲ့ အက်သလက်တီကိုနည်းပြ ဆီမြွန်နီဟာ ဒိုင်ကိုစော်ကားမှုနဲ့ တရားစွဲခံရပြီး၊ အာဆင်နယ်ကတော့ ပရိတ်သတ်တွေ မီးပန်းဖောက်မှုအတွက် တရားစွဲခံခဲ့ရတာပါ။ အဲဒီပွဲမှာ အက်သလက်တီကိုဟာ ပွဲချိန်အားလုံးနီးပါးကို ၁ ယောက်လျော့နဲ့ ကစားခဲ့ရပေမယ့် ၁ ဂိုးစီ သရေကျအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ တရားစွဲဆိုမှုကို မေလ ၄ ရက်နေ့မှာ ကြားနာမှာ ဖြစ်ပါတယ်။

    ပီအက်ဂ်ျဂျီနည်းပြ ရာသီကုန်လျှင် ထွက်မည်
    ==================
    ပြင်သစ်လီဂူးချန်ပီယံ ပီအက်စ်ဂျီအသင်းရဲ့ နည်းပြ ယူနိုင် အီမရီက သူဟာ ရာသီကုန်ရင် အသင်းကနေ ထွက်ခွာတော့မယ်လို့ အတည်ပြု ပြောကြားလိုက်ပါတယ်။ အီမရီ အသင်းကိုရောက်ရှိလာတာဟာ ၂ နှစ်သာ ရှိသေးပြီး အခုနှစ်မှာ လိဂ်ချန်ပီယံနဲ့ ရှုံးထွက်ဖလားချန်ပီယံ ဖြစ်ခဲ့ပေမယ့် ချန်ပီယံလိဂ်ကျရှုံးမှုက အီမရီထွက်ဖို့အထိ ဦးတည်ခဲ့တာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီဟာ ပြီးခဲ့တဲ့ ၂ နှစ်စလုံးမှာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကနေ လှည့်ပြန်ခဲ့ရပါတယ်။

    Ref: Goal, BBC