News @ M-Media

Blog

  • ကြာသာပတေးနေ့မနက် နိုင်ငံတကာသတင်း

    ကြာသာပတေးနေ့မနက် နိုင်ငံတကာသတင်း

    ဧပြီ ၂၆၊ ၂၀၁၈
    M-Media

    ဆန္ဒပြနေကြသည့် ဘရာဇီးလ်တိုင်းရင်းသားများ

    ကူဝိတ်-ဖိလစ်ပိုင် သံတမန် တင်းမာမှုဖြစ်
    =================
    နိုင်ငံအတွင်းက ဖိလစ်ပိုင် သံအမတ်ကို တစ်ပတ်အတွင်း ထွက်သွားဖို့အတွက် ကူဝိတ်က မနေ့မှာ အမိန့်ပေးလိုက်ပြီး မနီလာက သူတို့သံအမတ်ကိုလည်း ပြန်ခေါ်သွားမယ်လို့ ဆိုပါတယ်။ ကူဝိတ်နိုင်ငံမှာရှိတဲ့ ဖိလစ်ပိုင် အိမ်အကူတွေကို ဖိလစ်ပိုင်သံရုံးဝန်ထမ်းတွေက စနနေ့မှာ အိမ်တိုင်ရာရောက် သွားရောက်ခေါ်ထုတ်ခဲ့ပြီးတဲ့နောက်ပိုင်း နှစ်နိုင်ငံ တင်းမာမှု မြင့်တက်လာတာပါ။ ကူဝိတ်က ဒါဟာ အချုပ်အခြာ ချိုးဖောက်မှုဖြစ်တယ်လို့ ပြောဆိုထားပြီး ဖိလစ်ပိုင်ကလည်း မနေ့မှာ ပြန်တောင်းပန်ခဲ့ပါတယ်။

    မြောက်ကိုရီးယား နျူစမ်းသပ်ရာနေရာ ပြိုကျပျက်ဆီး
    ================
    တရုတ်နယ်စပ်မှာရှိတဲ့ မြောက်ကိုရီးယားရဲ့ နျူစမ်းသပ်ရာနေရာ ပြိုကျသွားတာကြောင့် ကင်ဂျုံအန်က လက်နက်စမ်းသပ်မှုတွေ ရပ်တန့်မယ်လို့ ပြောတာဖြစ်ကြောင်း ဟောင်ကောင်အခြေစိုက် South China Morning Post သတင်းစာက မနေ့မှာ ဖော်ပြပါတယ်။ Punggye-ri လို့ခေါ်တဲ့ အဲဒီနေရာဟာ ပြင်ဆင်လို့မရအောင် ပျက်ဆီးသွားပြီး ရေဒီယိုသတ္တိကြွမှုပြဿနာကို တရုတ်နိုင်ငံကပါ ကြုံတွေ့ရမယ့် အခြေအနေရှိနေတယ်လို့လည်း ဆိုပါတယ်။ ကင်ဟာ တောင်ကိုရီးယားသမ္မတနဲ့ မနက်ဖြန် တွေ့ဆုံမှာဖြစ်ပါတယ်။

    ပါလက်စတိုင်းလူငယ်အား ပစ်သတ်ခဲ့သည့် တပ်ဖွဲ့ဝင်ကို အစ္စရေးက ထောင်ဒဏ်အနည်းဆုံးချ
    ============
    လွန်ခဲ့တဲ့ ၄ နှစ်က အသက် ၁၇ နှစ်အရွယ် လက်နက်မဲ့ ပါလက်စတိုင်း ဆယ်ကျော်သက်တစ်ဦးကို ပစ်သတ်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်ကို အစ္စရေးက ထောင်ဒဏ် ၉ လသာ ချမှတ်ခဲ့ပြီး တရားစီရင်ရေး ဘက်လိုက်မှုအတွက် ဝေဖန်မှုတွေ ပေါ်ထွက်လာခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်က ဖြစ်ခဲ့တဲ့ အဲဒီဖြစ်စဉ်မှာ အသက် ၁၆ နှစ်အရွယ် နောက်ထပ် ပါလက်စတိုင်းတစ်ဦးလည်း ပစ်သတ်ခံခဲ့ရပြီး အထောက်အထားမပြည့်စုံဘူးလို့ပြောကာ ကျူးလွန်သူကို အစ္စရေးက ဖမ်းဆီးခြင်း မပြုခဲ့ပါဘူး။

    ဘိုးဘွားပိုင်မြေ ထိန်းသိမ်းခွင့်ရရေး ဘရာဇီးလ်တိုင်းရင်းသားများ ဆန္ဒပြ
    ==============
    သူတို့ရဲ့မြေယာတွေ ကာကွယ်ပိုင်ခွင့်ရရေးအတွက် ဘရာဇီးလ်က ထောင်သောင်းချီတဲ့ တိုင်းရင်းသားတွေဟာ မနေ့က မြို့တော် ဘရာစီလီယာမှာ ဆန္ဒပြခဲ့ကြပါတယ်။ တိုင်းရင်းသားတွေ သူတို့မြေပိုင်ဆိုင်ခွင့်ကို ဘရာဇီးလ်ရဲ့ အခြေခံဥပဒေမှာ အာမခံထားပေမယ့် သစ်ခုတ်သမားတွေ၊ မိုင်းသမားတွေနဲ့ အခြား စီးပွားရေးလုပ်ငန်းရှင်တွေက သိမ်းယူမှုတွေရှိနေပြီး အစိုးရက ကာကွယ်မပေးတဲ့အတွက် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

    ချန်ပီယံလိဂ်ဆီမီး ပ-ကျော့တွင် ရီးယဲလ်က အိမ်ရှင်ဘိုင်ယန်ကို အနိုင်ရ
    =================
    ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် ဘိုင်ယန်နဲ့ ရီးယဲလ်တို့ ဒီကနေ့မနက်ပိုင်းက ယှဉ်ပြိုင်ကစားရမှာ ဘိုင်ယန်က ဦးဆောင်ဂိုးသွင်းနိုင်ခဲ့ပေမယ့် ရီးယဲလ်က နောက်ကလိုက်ပြီး ၂ ဂိုးသွင်းခဲ့တဲ့အတွက် အနိုင်ရခဲ့ပါတယ်။ မေလ ၁ ရက်နေ့မှာကစားမယ့် ဒုတိယအကျော့မှာတော့ ဘိုင်ယန်ဟာ ရီးယဲလ်ကွင်းမှာ ၂ ဂိုးပြတ်နဲ့နိုင်မှ ဗိုလ်လုပွဲကို တက်နိုင်မှာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းများ

    ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းများ

    ဧပြီ ၂၅၊ ၂၀၁၈
    M-Media

    လီဗာပူးလ်အသင်း၏ အန်ဖီးလ်ကွင်း

    ဘိုင်ယန်ပွဲအတွက် စိတ်ဓာတ်ပိုင်း ၁၅၀ ရာခိုင်နှုန်းဖြစ်နေဟု ဇီဒိန်းပြော
    =================
    ဒီနေ့ညကစားမယ့် ဘိုင်ယန်နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုးနယ် ပထမအကျော့မှာ နိုင်ဖို့ရေပန်းစားတဲ့အသင်း မရှိပေမယ့် မိမိအသင်းကတော့ စိတ်ဓာတ်ပိုင်းမှာ ၁၅၀ ရာခိုင်နှုန်း အသင့်ဖြစ်နေတယ်လို့ ရီးယဲလ်နည်းပြ ဇီဒိန်းက ပြောကြားလိုက်ပါတယ်။ ဘိုင်ယန်နည်းပြ ဟင်းကက်စ်ကလည်း ဒီပွဲကို သူ့အနေနဲ့ စိတ်လှုပ်ရှားမှုမရှိဘဲ ရင်ဆိုင်သွားမှာဖြစ်ပြီး ဘောလုံးပရိတ်သတ်တွေအတွက် ရသမြောက်တဲ့ပွဲ ဖြစ်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    လူးဝစ် အန်ရီကေး အာဆင်နယ်နည်းပြဖြစ်မည်ဟု ၀င်းဂါး တစ်ပေး
    =============
    အာဆင်နယ်အသင်းရဲ့ နည်းပြသစ်အတွက် သူ မခန့်မှန်းချင်ပေမယ့် ဘာစီလိုနာနည်းပြဟောင်း လူးဝစ် အန်ရီကေး ဖြစ်လာမယ်လို့ ထင်ကြောင်း ရာသီကုန်မှာထွက်ခွာတော့မယ့် နည်းပြ အာဆင်ဝင်းဂါးက ဒီနေ့မှာ ပြောကြားလိုက်ပါတယ်။ ၀င်းဂါးဟာ အသင်းကထွက်ခွာတော့မယ်လို့ သောကြာနေ့က ကြေငြာခဲ့ပေမယ့် ဒီနှစ်ကုန်ထွက်ဖို့ဆိုတာဟာ သူ့ဆုံးဖြတ်ချက်မဟုတ်ဘူးလို့ ဆိုပါတယ်။ အနာဂတ် ဘောလုံးလာကမှာ ဆက်ရှိသွားမှာဖြစ်ပြီး အခုအချိန်မှာတော့ အရင်လိုပဲ အာဆင်နယ်မှာ အလုပ်လုပ်နေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

    ရိုးမားပရိတ်သတ် တိုက်ခိုက်ခံရမှု UEFA ရှုတ်ချ
    ================
    ဒီနေ့မနက်က လီဗာပူးလ်နဲ့ ချန်ပီယံဆီးမီးဖိုင်နယ် ပထမအကျော့မတိုင်ခင် ရိုးမားပရိတ်သတ်တစ်ယောက် မျက်နှာဖုံးစွပ်လူတစ်ဦးရဲ့ တိုက်ခိုက်မှု ခံခဲ့ရတဲ့ကိစ္စကို ဥရောပဘောလုံးအဖွဲ့ချုပ် ယူအီးအက်ဖ်အေက ရှုတ်ချလိုက်ပါတယ်။ ပွဲမကန်ခင် နှစ်ဖက်ပရိသတ်အချို့ ရန်ဖြစ်ခဲ့ကြပြီး မာဆေးဆိုက်ရဲတပ်ဖွဲ့က ဒီကိစ္စအတွက် စုံစမ်းစစ်ဆေးနေတယ်လို့ ပြောကြားခဲ့ပါတယ်။ ကွာတားဖိုင်နယ် ပထမအကျော့ မန်စီးတီးနဲ့ပွဲမှာလည်း လီဗာပူးလ်ပရိတ်သတ်တွေဟာ မန်စီးတီးအသင်းရဲ့ကားကို တိုက်ခိုက်ခဲ့ကြပါတယ်။

    ဘိုင်ယန်ပြောင်းမည်ဆိုသည့် သတင်းကို ဘေးလ်မငြင်း
    ==================
    ဒီရာသီမှာ ရုန်းကန်နေရတာကြောင့် လာမယ့်နွေရာသီမှာ အသင်းကထွက်ခွာဖို့ရှိနေတဲ့ ရီးယဲလ်တိုက်စစ်မှူး ဂါရက်ဘေးလ်က ဘိုင်ယန်ကိုပြောင်းဖို့ရှိတယ်ဆိုတဲ့ သတင်းတွေကို မငြင်းဆိုခဲ့ဘဲ ဘောလုံးမှာ ဘယ်အရာကိုမှ အပြတ်မပြောနိုင်ဘူးလို့ ပြောကြားလိုက်ပါတယ်။ ရီးယဲလ်ကလည်း ဘိုင်ယန်က ပိုလန်တိုက်စစ်မှူး လီဝန်ဒေါ့စကီးကို ခေါ်ယူဖို့ ဆက်သွယ်နေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

    Ref: Goal, BBC

  • အမေရိကန်၏ကာကွယ်မှုအတွက် အရှေ့အလယ်ပိုင်းနိုင်ငံများ ပိုက်ဆံပေးရမည်ဟု ထရမ့်ပြော

    အမေရိကန်၏ကာကွယ်မှုအတွက် အရှေ့အလယ်ပိုင်းနိုင်ငံများ ပိုက်ဆံပေးရမည်ဟု ထရမ့်ပြော

    ဧပြီ ၂၅၊ ၂၀၁၈
    M-Media

    မာခရွန်နှင့်အတူ တွေ့ရသည့် ထရမ့်

    – အရှေ့အလယ်ပိုင်းက အလွန့်အလွန် ချမ်းသာတဲ့နိုင်ငံတွေအနေနဲ့ အမေရိကန်ရဲ့ ကာကွယ်မှုအတွက် ပိုက်ဆံပေးချရမှာဖြစ်ပြီး၊ မပေးချင်ဘူးဆိုရင် ကိုယ်ပိုင်တပ်ဖွဲ့တွေ ချထားဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။

    မနေ့က ပြင်သစ်သမ္မတ အီမန်နျူယဲလ်မာခရွန်နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထရမ့်က ဒီလို ပြောကြားလိုက်တာဖြစ်ပြီး အမေရိကန်သာ မထောက်ပံ့ပေးထားရင် ဒီနိုင်ငံတွေဟာ တစ်ပတ်တောင်ခံမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

    “အဲဒီဒေသက အလွန်ချမ်းသာတဲ့ နိုင်ငံတစ်ချို့ဟာ အမေရိကန်သာမရှိဘူး၊ အနည်းဆုံး ပြင်သစ်သာမရှိဘူးဆိုရင် ဒီလိုအနေအထားမျိုး ဖြစ်လာမှာ မဟုတ်ပါဘူး။ အမေရိကန်မရှိရင် ဒီလိုအခြေအနေ ရောက်လာမှာ မဟုတ်ဘူး။ သူတို့ တစ်ပတ်တောင်ခံမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့က သူတို့ကို ကာကွယ်ပေးနေတာပါ။ ဒီအတွက် အခု သူတို့ ပိုက်ဆံပေးဖို့ စီစဉ်ရပါမယ်”

    ဒီလိုမှမဟုတ်ရင် ကိုယ်ပိုင်တပ်တွေ ချထားဖို့ ထရမ့်က ပြောကြားခဲ့ပေမယ့် ဘယ်နိုင်ငံတွေကို ရည်ညွှန်းလဲဆိုတာကိုတော့ ပြောကြားခဲ့ခြင်း မရှိပါဘူး။

    ဆီးရီးယားကနေ အမေရိကန်တပ်တွေ ဆုတ်ခွာမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ထရမ့်က ပြန်ရုပ်သိမ်းဖို့ရှိနေပြီး၊ သူတို့ထွက်ခွာသွားရင် အီရန်က ဒေသတွင်း သြဇာကြီးထွားသွားလိမ့်မယ်လို့ အင်္ဂါနေ့မှာ ထရမ့်က ပြောကြားခဲ့ပါတယ်။

    ထရမ့်ရဲ့ ဒီစကားထွက်လာခဲ့ပြီးတဲ့နောက် ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး အဒဲလ် အလ်-ဂျူဘိုင်းက အမေရိကန်ဟာ ကာတာကို ကာကွယ်မှု မရုပ်သိမ်းခင် ဆီးရီးယားမှာ အမေရိကန်တပ်တွေ ရှိနေမှုအတွက် ကာတာက ပိုက်ဆံရမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ဥရောပသွင်းဂိုးစံချိန်တစ်ခုကို လီဗာပူးလ်တိုက်စစ်မှူးဆာလာဟ် ချိုးဖျက်

    ဥရောပသွင်းဂိုးစံချိန်တစ်ခုကို လီဗာပူးလ်တိုက်စစ်မှူးဆာလာဟ် ချိုးဖျက်

    ဧပြီ ၂၅၊ ၂၀၁၈
    M-Media

    ရိုးမားအား ဂိုးသွင်းပြီးနောက် တွေ့ရသည့် ဆာလာဟ်

    – ဥရောပက ပြိုင်ပွဲပေါင်းစုံမှာ ဂိုးသွင်းအများဆုံးအဖြစ် ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို တင်ထားတဲ့စံချိန်ကို လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်က ချိုးဖျက်လိုက်ပါတယ်။

    ဒီနေ့မနက် အန်ဖီးလ်မှာ ကစားခဲ့တဲ့ ရိုးမားနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာ ဆာလာဟ်ဟာ ၂ ဂိုးသွင်းယူပေးခဲ့ပြီး အခုရာသီ ပြိုင်ပွဲအားလုံးမှာ ဆာလာဟ်ရဲ့သွင်းဂိုးဟာ ၄၃ ဂိုး ရှိလာခဲ့ပါတယ်။ ဒါဟာ တစ်ရာသီအတွင်း ဥရောပက ပြိုင်ပွဲပေါင်းစုံမှာ ဂိုးအများဆုံးအဖြစ် ၄၂ ဂိုးသွင်းခဲ့တဲ့ ရော်နယ်ဒိုရဲ့စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

    ဒီပွဲမှာ လီဗာပူးလ်က ရိုးမားကို ၅ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

    အသင်းနည်းပြ ယာဂန်ကလော့ပ်က ဆာလာဟ်ဟာ အင်မတန်ထူးချွန်ပြီး ပါရမီရှင်ကစာသမားတစ်ယောက် ဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။

    ဒီကနေ့ညမှာ ရီးယဲလ်ဟာ ဘိုင်ယန်နဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ကို ကစားရမှာဖြစ်ပြီး ရော်နယ်ဒိုဟာ ဆာလာဟ်စံချိန်ကို ကျော်ဖြတ်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

    ဆာလာဟ်ဟာ PFA ကပေးအပ်တဲ့ ယခုနှစ် ပရီးမီးယားလိဂ် အကောင်းဆုံးဘောလုံးသမားဆုကို ပူပူနွေးနွေး ရရှိထားသူ ဖြစ်သလို၊ ပရီးမီးယားလိဂ်မှာ ၃၁ ဂိုးသွင်းထားပြီး ရော်နယ်ဒို၊ ဆွာရက်ဇ်နဲ့ ရှီးယားရားတို့တင်ထားတဲ့ တစ်ရာသီ ဂိုးသွင်းအများဆုံးစံချိန်ကို လိုက်မီထားသူလည်း ဖြစ်ပါတယ်။

    Ref: Aljazeera

  • ဒကာမကို အဓမ္မကျင့်ခဲ့သည့် ဟိန္ဒူဘုန်းကြီးကို အိန္ဒိယ ထောင်တစ်သက်ချ

    ဒကာမကို အဓမ္မကျင့်ခဲ့သည့် ဟိန္ဒူဘုန်းကြီးကို အိန္ဒိယ ထောင်တစ်သက်ချ

    ဧပြီ ၂၅၊ ၂၀၁၈
    M-Media

    ထောင်တစ်သက်ကျခဲ့သည့် ဂုရု အေဆာရမ် ဘာဘူ

    – အသက် ၁၆ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့်မှုနဲ့ နာမည်ကျော် ဟိန္ဒူဘုန်းကြီးတစ်ပါးကို အိန္ဒိယက ဒီကနေ့မှာ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက်ပါတယ်။

    အသက် ၇၇ နှစ်အရွယ်ရှိတဲ့ ဂုရု အေဆာရမ် ဘာဘူဆိုသူဖြစ်ပြီး နိုင်ငံမြောက်ပိုင်း ဂျွဒ်ပူးမြို့ သူ့ရဲ့ကျောင်းဆောင်မှာ ၂၀၁၃ ခုနှစ်က ဒီအမှုကို ကျူးလွန်ခဲ့တာဖြစ်တယ်လို့ တရားရုံးက ပြောကြားခဲ့ပါတယ်။

    ဂုရုအေဆာရမ်ကို ယုံကြည်သူတွေဟာ ကမ္ဘာတစ်ဝှမ်း သန်းချီရှိပြီး သူ့ရဲ့ကျောင်းဆောင်ပေါင်းကလည်း ၄၀၀ လောက် ရှိပါတယ်။ သူဟာ ဂူဂျာရတ်ပြည်နယ်မှာလည်း အဓမ္မကျင့်မှုတစ်ခုအတွက် တရားရင်ဆိုင်နေရပါတယ်။

    ဂုရုကို ယုံကြည်သူတွေက အကြမ်းဖက်မှုတွေလုပ်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် ဂျွဒ်ပူးရ်မြို့မှာ လုံခြုံရေးကို တိုးမြှင့်ထားပါတယ်။

    တရာလိုရှေ့နေက သူ့အမှုသည်နဲ့ မိသားစု ခံစားခဲ့ရတဲ့ စိတ်ဒဏ်ရာတွေကို ဘာနဲ့မှ ကုစားလို့မရဘူးလို့ ပြောကြားခဲ့ပါတယ်။

    အခြား ဟိန္ဒူဘုန်းကြီးတစ်ပါးဖြစ်တဲ့ ဂုရု ဂူရ်မီတ် ရမ် ရာဟင်ဟာ အဓမ္မကျင့်မှုတစ်ခုအတွက် အပြစ်ရှိတယ်လို့ တရားရုံးက ပြီးခဲ့တဲ့နှစ်မှာ ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် သူ့ရဲ့နောက်လိုက်တွေက အကြမ်းဖက်မှုတွေ လုပ်ခဲ့တာကြောင့် လူ ၂၃ ဦး သေဆုံးခဲ့ပါတယ်။

    အေဆာရမ်ရဲ့ နောက်လိုက်နှစ်ဦးက ဂုရုဟာ သူတို့သမီးကို အဓမ္မကျင့်ခဲ့တယ်ဆိုပြီး ၂၀၁၃ ခုနှစ်မှာ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

    မိန်းကလေးငယ်ဟာ သရဲပူးနေပြီး သူရဲ့ကျောင်းဆောင်မှာ သရဲထုတ်ရမယ်လို့ ခေါ်ဆောင်ကာ ဂုရုက အဓမ္မပြုကျင့်ခဲ့တာဖြစ်ပြီး ပြန်ပြောရင် သတ်မယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

    Ref: BBC