News @ M-Media

Blog

  • အင်္ဂါနေ့ ဘောလုံးသတင်းများ

    အင်္ဂါနေ့ ဘောလုံးသတင်းများ

    မေ ၁၊ ၂၀၁၈
    M-Media

    လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်

    FWA ၏ တစ်နှစ်တာအကောင်းဆုံးဆုကို မိုဟာမက် ဆာလာဟ် ဆွတ်ခူး
    ==============
    အင်္ဂလိပ် ဘောလုံးဂျာနယ်လစ်များအသင်း (FWA) က မဲပေးရွေးချယ်တဲ့ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုကို လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက်ဆာလာဟ်က ဒီဘရူနီ၊ ဟယ်ရီကိန်းတို့ကို ကျော်ဖြတ်ပြီး ရရှိခဲ့ပါတယ်။ လီဗာပူးလ်အတွက် ၄၈ ပွဲကစားပြီး ၄၃ ဂိုး သွင်းပေးထားတဲ့ ဆာလာဟ်ဟာ ပြီးခဲ့တဲ့တစ်ပတ်က ပရော်ဖက်ရှင်နယ် ဘောလုံးသမားများအသင်း (PFA) ကချီးမြှင့်တဲ့ အကောင်းဆုံး ဘောလုံးသမားဆုကို ရရှိထားသူပါ။

    ဗိုလ်လုပွဲနှင့်ထိုက်တန်ကြောင်းပြမည်ဟု ရီးယဲလ်နည်းပြပြော
    =================
    ဘိုင်ယန်နဲ့ ဒီနေ့ညပွဲမှာ မိမိတို့ဟာ ဗိုလ်လုပွဲနဲ့ ထိုက်တန်ကြောင်း ပြသသွားမယ်လို့ ရီးယဲလ်နည်းပြ ဇီဒိန်းက ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ် ဘိုင်ယန်အိမ်ကွင်းက ဆီးမီးဖိုင်နယ် ပထမကျော့မှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရထားတဲ့ ရီးယဲလ်ဟာ နောက်တစ်ဆင့်တက်ဖို့အတွက် အလားအလာကောင်းနေတာပါ။ ဘိုင်ယန်နည်းပြကတော့ အမှားတွေကို ပြန်လည်ဖာထေးပြီး တိုက်စစ်ဆင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    မဖြစ်နိုင်တာ လုပ်ပြမည်ဟု ရိုးမားနည်းပြ ကြုံးဝါး
    ===============
    မနက်ဖြန်မှာကစားမယ့် လီဗာပူးလ်နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ တိုက်စစ်မှူး ဂျက်ကိုဟာ မိမိတို့အသင်းရဲ့ ဆာလာဟ် ဖြစ်လာမယ်လို့ မျှော်လင့်ကြောင်း ရိုးမားနည်းပြက ဖရန်ဆက်စကိုက ပြောကြားလိုက်ပါတယ်။ ရိုးမားဟာ ပထမအကျော့ လီဗာပူးလ်အိမ်ကွင်းမှာ ၅ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး မနက်ဖြန်ပွဲမှာ ၃ ဂိုးပြတ်နဲ့ အနိုင်ရမှ ဗိုလ်လုပွဲတက်နိုင်မှာ ဖြစ်ပါတယ်။ ဖရန်ဆက်စကိုကတော့ သူတို့အသင်းအနေနဲ့ မဖြစ်နိုင်တာကို လုပ်ပြသွားမယ်လို့ ဆိုပါတယ်။

    ချယ်ဆီးလူငယ်အသင်း FA ဖလား ၅ ကြိမ်ဆက်ချန်ပီယံဖြစ်
    ===============
    မနေ့ကကစားခဲ့တဲ့ လူငယ် FA ဖလား ဗိုလ်လုပွဲ ဒုတိယအကျော့မှာ ချယ်ဆီးက အာဆင်နယ်ကို ၄ ဂိုးပြတ်နဲ့ အနိုင်ရပြီး နှစ်ကျော့ပေါင်း ၇ ဂိုး ၁ ဂိုးနဲ့ FA ဖလားကို ၅ ကြိမ်ဆက် ဆွတ်ခူးသွားပါတယ်။ ဒီပြိုင်ပွဲမှာ ၂၀၁၃ ခုနှစ်ကစလို့ ချယ်ဆီးဟာ ရှုံးပွဲမရှိသေးပါဘူး။ ၁၉၅၀ ပြည့်နှစ်တွေမှာ မန်ယူလူငယ်အသင်း ၅ ကြိမ်ဆက် ဆွတ်ခူးပြီးတဲ့နောက်ပိုင်း ချယ်ဆီးက ပထမဆုံး ၅ ကြိမ်ဆက်ချန်ပီယံ ဖြစ်ခဲ့တာပါ။

    Ref: Goal, BBC

  • ကလေးများအပေါ် အဓမ္မကျင့်မှုအတွက် ထူးခုံရုံးဖွဲ့စစ်ဆေးရန် အိန္ဒိယတရားရုံးချုပ် ညွှန်ကြား

    ကလေးများအပေါ် အဓမ္မကျင့်မှုအတွက် ထူးခုံရုံးဖွဲ့စစ်ဆေးရန် အိန္ဒိယတရားရုံးချုပ် ညွှန်ကြား

    မေ ၁၊ ၂၀၁၈
    M-Media

     

    မုဒိမ်းကောင်များကို ပြင်းပြင်းထန်ထန် အပြစ်ပေးရေး အိန္ဒိယပြည်သူများ၏ ဆန္ဒပြမှုတစ်ခု

    – ကလေးငယ်တွေအပေါ် အဓမ္မကျင့်မှုအတွက် လျင်လျင်မြန်မြန်စစ်ဆေး အပြစ်ပေးနိုင်မယ့် အထူးခုံရုံးတွေ ဖွဲ့စည်းဖို့ အိန္ဒိယတရားရုံးချုပ်က ဒီကနေ့မှာ တိုက်တွန်းလိုက်ပြီး နိုင်ငံအတွင်း ဆိုးရွားတဲ့ လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှုတွေ မြင့်တက်လာမှုကို တားဆီးဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

    ကက်ရှ်မီးယားက အသက် ၈ နှစ်အရွယ် မွတ်စလင်မိန်းကလေးငယ်တစ်ဦးကို ဟိန္ဒူတစ်စုက ပြန်ပေးဆွဲပြီး အုပ်စုဖွဲ့အဓမ္မကျင့် သတ်ဖြတ်ခဲ့မှုအပါအ၀င် ပြီးခဲ့တဲ့တဲ့သီတင်းပတ်တွေအတွင်း ကလေးငယ်တွေ အဓမ္မကျင့်ခံရမှု ခပ်စိပ်စိပ် ဖြစ်ခဲ့တာကြောင့် အစိုးရအာဏာပိုင်တွေအပေါ် ဖိအားတွေ မြင့်မားနေတဲ့အချိန် တရားရုံးချုပ်ရဲ့ ဒီတိုက်တွန်းမှု ပေါ်ထွက်လာတာပါ။

    ကျူးလွန်သူတွေထဲမှာ အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP က တာဝန်ရှိသူတွေ ပါဝင်ခဲ့သလို၊ ရဲတွေ၊ အစိုးရတာဝန်ရှိသူတွေနဲ့ ဟိန္ဒူအစွန်းရောက်တွေဟာ မုဒိမ်းကောင်တွေကို ကာကွယ်ပေးခဲ့တယ်လို့ သတင်းတွေထွက်ခဲ့တာကြောင့် အိန္ဒိယပြည်သူတွေဟာ အခုလအစောပိုင်းမှာ နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပါတယ်။

    တရားရုံးချုပ်ရဲ့ ဒီကနေ့ကြားနာမှုမှာ တရားသူကြီးချုပ် ဒီပက် မစ္စရာက ဒီအမှုတွေကို စစ်ဆေးရာမှာ မလိုအပ်ဘဲ ရွှေ့ဆိုင်းတာမလုပ်ဖို့၊ ပြည်နယ်ရဲတပ်ဖွဲ့အကြီးအကဲတွေက ဒီကိစ္စတွေအတွက် အထူးခုံရုံးဖွဲ့စစ်ဆေးဖို့ ညွှန်ကြားခဲ့ပါတယ်။

    “ကလေးတွေနဲ့ သင့်တော်တဲ့ ခုံရုံးတွေ ဖြစ်လာဖို့အတွက် အထက်တရားရုံးတွေက အားထုတ်ကြိုးပမ်းရပါမယ်”

    ၂၀၁၂ ခုနှစ် ဒေလီက ဘတ်စ်ကားတစ်ခုပေါ်မှာ ကျောင်းသူတစ်ဦး အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခံရကာ သေဆုံးခဲ့ပြီးတဲ့နောက် နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုတွေဖြစ်ခဲ့ပြီး မုဒိမ်းမှုတွေကို ပြတ်ပြတ်သားသားကိုင်တွယ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

    အိန္ဒိယအစိုးရကလည်း ဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ၊ တင်းကြပ်မှုတွေ လုပ်ခဲ့ပေမယ့် နိုင်ငံအတွင်း အဓမ္မကျင့်မှု အရေအတွက်ကတော့ ကျဆင်းမသွားပါဘူး။

    Ref: CNA

  • ဗာတီကန်မှ ထိပ်တန်းခရစ်ယာန်ဘုန်းကြီး လိင်စော်ကားမှုဖြင့် တရားရင်ဆိုင်ရမည်

    ဗာတီကန်မှ ထိပ်တန်းခရစ်ယာန်ဘုန်းကြီး လိင်စော်ကားမှုဖြင့် တရားရင်ဆိုင်ရမည်

    မေ ၁၊ ၂၀၁၈
    M-Media

    ကာဒီနယ် ဂျော့ဂ်ျပဲလ်

    – ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ ထိပ်တန်းအကြံပေးဟောင်းဖြစ်သူ ကာဒီနယ် ဂျော့ဂ်ျပဲလ်အနေဖြင့် ယခင်က ကျူးလွန်ခဲ့သည်ဟုဆိုသော လိင်ပိုင်းဆိုင်ရာစော်ကားမှု စွဲချက်များအတွက် တရားရင်ဆိုင်ရန် သြစတေးလျတရားရုံးက ယနေ့တွင် ဆုံးဖြတ်ခဲ့သည်။

    အသက် ၇၆ နှစ်အရွယ်ရှိ ပဲလ်မှာ ဗာတီကန်၏ ဘဏ္ဍာရေးအကြီးအကဲဟောင်းဖြစ်ပြီး ခရစ်ယာန် ကက်သလစ်အသင်းတော်၌ လိင်ပိုင်းဆိုင်ရာ စော်ကားမှုအတွက် တရားစွဲဆိုခံရသည့် ဘုန်းကြီးများတွင် ရာထူးအကြီးဆုံး ဖြစ်လာခဲ့သည်။

    မဲလ်ဘုန်းတရားရုံးတွင် တစ်လတာ ကနဦးကြားနာမှုများ ပြုလုပ်ခဲ့ပြီးနောက် တရားသူကြီး ဘီလင်ဒါ ၀ယ်လင်တန်က လိင်ပိုင်းဆိုင်ရာ စော်ကားမှုများအတွက် ပဲလ်အနေဖြင့် တရားရင်ဆိုင်ရေး တင်ပြသော အထောက်အထားများကို အားရကျေနပ်မှုရှိခဲ့သည်ဟု ပြောကြားခဲ့သည်။

    လျှောက်လှဲချက်ပေးရန် အခွင့်ပေးသောအခါ ပဲလ်က ‘အပြစ်မရှိ’ ဟု အော်ဟစ်ခဲ့သည်။ ပဲလ်မှာ ပြီးခဲ့သည့်နှစ် ဇွန်လ တရားစွဲဆိုခံရကတည်းက အပြစ်မရှိကြောင်း ကာကွယ်ခဲ့သည်။

    ကာဒီနယ်ပဲလ်မှာ လက်ရှိတွင် ဗာတီကန်မှ ခွင့်ဖြင့် သြစတေးလျသို့ တရားရင်ဆိုင်ရန် ရောက်ရှိနေခြင်းဖြစ်သည်။

    ပဲလ်အပါ် ပြုလုပ်ထားသည့် စွဲချက်များနှင့် ရာဇ၀တ်မှုများအတွက် တရားရုံးက အများပြည်သူသို့ ထုတ်ပြန်ခြင်း မပြုသေးဘဲ လျှို့ဝှက်ထားသည်။

    Ref: Aljazeea

  • အီရန်နှင့် ဆော်ဒီကို အမေရိကန်က ရန်တိုက်ပေးနေသည်ဟု အီရန်အဓိပတိ ပြော

    အီရန်နှင့် ဆော်ဒီကို အမေရိကန်က ရန်တိုက်ပေးနေသည်ဟု အီရန်အဓိပတိ ပြော

    မေ ၁၊ ၂၀၁၈
    M-Media

    အီရန်အဓိပတိ အယာတိုလာ ခါမေနီ

    – အမေရိကန်ဟာ ဆော်ဒီနဲ့ အီရန်ကို လှည့်တိုက်ပေးပြီး ဒေသတွင်းမှာ ပြဿနာတစ်ခု ထပ်ဖြစ်လာအောင် ဆောင်ရွက်နေတယ်လို့ အီရန်အဓိပတိ အယာတိုလာ ခါမေနီက ပြောကြားလိုက်ပါတယ်။

    မနေ့က ရုပ်သံမိန့်ခွန်းမှာ ခါမေနီက အရှေ့အလယ်ပိုင်းကနေ အမေရိကန်ထွက်သွားဖို့ ထပ်မံတောင်းဆိုခဲ့ပြီး အီရန်ကိုစိန်ခေါ်တဲ့ ဘယ်လိုအင်အားကြီးနိုင်ငံမျိုးမဆို အရှုံးနဲ့ရင်ဆိုင်ရမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

    “အီရန်ကိုရန်စဖို့ နည်းလမ်းတွေထဲကတစ်ခုဟာ ဒေသတွင်းက အတွေ့အကြုံမရှိတဲ့ အုပ်စိုးသူတွေကို မြှောက်ပေးတာမျိုးပါ။ အမေရိကန်ဟာ ဆော်ဒီနဲ့ အီရန်ကို ရန်တိုက်ပေးဖို့ ကြိုးစားနေပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က ဒေသတွင်းမှာ နောက်ထပ် ပြဿနာတစ်ခုဖန်တီးကာ မွတ်စလင်အချင်းအချင်း တိုက်ပေးဖို့ ဖြစ်ပါတယ်။ အဲဒီ အစိုးရအနေနဲ့ အသိဉာဏ်သာရှိမယ်ဆို အီရန်ကို လာစမ်းမှာ မဟုတ်ပါဘူး။ လာစမ်းရင်တော့ အရှုံးနဲ့ ကြုံတွေ့ရပါလိမ့်မယ်”

    အတွေ့အကြုံမရှိတဲ့ အုပ်စိုးသူဆိုတာ ဆော်ဒီက အသက် ၃၂ နှစ်အရွယ် အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ကို ခါမေနီက ရည်ညွှန်းခဲ့တာဖြစ်ပါတယ်။

    အီရန်အနေနဲ့ အရှေ့အလယ်ပိုင်း သြဇာသက်ရောက်မှုကို ကန့်သတ်သွားမှာမဟုတ်ဘူးလို့လည်း ခါမေနီက ပြောပါတယ်။

    “အမေရိကန်ကသာ ထွက်သွားသင့်သူပါ။ အရှေ့အလယ်ပိုင်း၊ အနောက်အာရှနဲ့ ပါရှန်ပင်လယ်ကွေ့ဟာ ငါတို့မြေပါပဲ”

    ဆော်ဒီဟာ အမေရိကန်ရဲ့ အဓိကမဟာမိတ်ဖြစ်ပြီး ဒေသတွင်း ပဋိပက္ခတွေမှာ အီရန်နဲ့ အားပြိုင်မှုတွေ ရှိနေပါတယ်။

    အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဘဟ်ရမ် ကာဆီမီက အမေရိကန်အနေနဲ့ အီရန်ရဲ့သြဇာကို တားဆီးဖို့ ကြိုးစားပေမယ့်လည်း ဒေသတွင်း မိတ်ဆွေတွေကို မိမိတို့က ဆက်လက် ပံ့ပိုးကူညီသွားမယ်လို့ ပြောကြားကြောင်း နိုင်ငံပိုင်သတင်းဌာနကနေ ဖော်ပြခဲ့ပါတယ်။

    Ref: Aljazeera

  • အင်္ဂါနေ့မနက် နိုင်ငံတကာသတင်းများ

    အင်္ဂါနေ့မနက် နိုင်ငံတကာသတင်းများ

    မေ ၁၊ ၂၀၁၈
    M-Media

    အီရန်မှာ နျူစီမံကိန်းကို လျှို့ဝှက်လုပ်ဆောင်နေသည်ဟု နေတန်ယာဟု ပြော
    ================
    အီရန်ဟာ နျူကလီးယားစီမံကိန်း လျှို့ဝှက်လုပ်ဆောင်နေတယ်ဆိုတဲ့ အထောက်အထားတွေ သူတို့ ထောက်လှမ်းရေးက ရထားတယ်ဆိုပြီး အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက မနေ့မှာ ရှင်းလင်းပွဲတစ်ခု လုပ်ခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းမှာ အစ္စရေးဟာ တစ်ခုတည်းသော နျူပိုင်ဆိုင်တဲ့နိုင်ငံဖြစ်ပြီး ပတ်ဝန်းကျင်နိုင်ငံတွေမှာ ဒီလိုလက်နက်ရှိလာမှာကို မလိုလားပါဘူး။ ကျွမ်းကျင်သူတွေကတော့ နေတန်ယာဟုဟာ သတင်းတွေကို ချဲ့ကားပြောဆိုပြီး နိုင်ငံရေးအမြတ်ထုတ်တတ်သူတစ်ဦး ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အီရန်နိုင်ငံခြားရေးဝန်ကြီးကလည်း နေတန်ယာဟုဟာ သိုးရေခြုံထားတဲ့ ၀ံပုလွေဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

    Telegram ပိတ်သည့်အတွက် ရုရှားပြည်သူများ ဆန္ဒပြ
    =================
    ဖုန်းမက်ဆေ့ app တစ်ခုဖြစ်တဲ့ Telegram ကို အစိုးရက ပိတ်ပင်မှုအတွက် ထောင်နဲ့ချီတဲ့ ရုရှားပြည်သူတွေဟာ မနေ့က မြို့တော်မော်စကိုမှာ အကြီးအကျယ် ဆန္ဒပြခဲ့ကြပါတယ်။ ရုရှားတရားရုံးက Telegram ဟာ လုံခြုံရေးဌာနတွေကို ၀င်ရောက်ကြည့်ရှုခွင့် မပေးတဲ့အတွက် အစိုးရက ပိတ်ပင်သင့်တယ်လို့ လွန်ခဲ့တဲ့ ၂ ပတ်မှာ ဆုံးဖြတ်ခဲ့ပါတယ်။ Telegram ဟာ ရုရှားမှာ လူသုံးများတဲ့ app တစ်ခုဖြစ်ပြီး ဆန္ဒပြသူတွေကတော့ အစိုးရရဲ့ ဒီလုပ်ရပ်ဟာ နောက်ပြန်သွားတဲ့လုပ်ရပ်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ကဘူးလ်တွင် IS ၏ ဗုံးခွဲမှုကြောင့် လူ ၃၀ နီးပါး သေဆုံး
    ===============
    အာဖဂန်နစ္စတန်မြို့တော် ကဘူးလ်မှာ မနေ့မနက်ပိုင်းက ပေါက်ကွဲမှုနှစ်ခုအတွင်း ဂျာနယ်လစ် ၉ ဦး အပါအ၀င် အနည်းဆုံး လူ ၂၉ ဦး သေဆုံးခဲ့ပြီး တော်တော်များများ ဒဏ်ရာရခဲ့ပါတယ်။ IS အကြမ်းဖက်အဖွဲ့ကတော့ ဒါဟာ သူတို့လက်ချက်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ပထမပေါက်ကွဲမှုဖြစ်တဲ့နေရာကို သတင်းယူနေရင်း ဒုတိယပေါက်ကွဲမှု ထပ်ဖြစ်တဲ့အတွက် သတင်းထောက်တွေ သေဆုံးခဲ့ရတာဖြစ်ပါတယ်။

    လက်တင်အမေရိကန်တွင် အင်တာပိုလ်က လူကုန်ကူးခံရသူများကို ကယ်တင်
    ==================
    လက်တင်အမေရိကနဲ့ ကာရစ်ဘီယံက နိုင်ငံ ၁၃ နိုင်ငံမှာ မိမိတို့ဟာ လူကုန်ကူးခံရသူပေါင်း ၃၅၀ နီးပါးလောက်ကို ကယ်တင်ခဲ့တယ်လို့ နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုလ်က မနေ့မှာ ထုတ်ပြန်ပါတယ်။ ကယ်တင်ခဲ့ရသူတွေထဲမှာ လိင်အမြတ်ထုတ်မှု၊ အဓမ္မ လုပ်အားခိုင်းစေမှုတွေကို ခံရနိုင်သူတွေ၊ ညကလပ်၊ လယ်လုပ်ငန်း၊ စက်ရုံတွေ၊ ပျံကျဈေးတွေမှာ အလုပ်လုပ်နေရတဲ့ ကလေးငယ်တွေ၊ အရွယ်ရောက်သူတွေလည်း ပါဝင်ပါတယ်။ အဲဒီ ၁၃ နိုင်ငံထဲမှာ ဘရာဇီးလ်၊ ဂျမေကကာ၊ ထရီနီဒတ်နှင့် တိုဘာကို၊ ဗင်နီဇွဲလားနိုင်ငံတို့လည်း ပါဝင်ပါတယ်။

    Ref: Aljazeera