News @ M-Media

Blog

  • မှတ်ပုံတင် စမတ်ကဒ်စီမံကိန်းတွင် ဒေါ်လာ သန်းချီ ခိုးခဲ့သည့် လွှတ်တော်အမတ်ကို အင်ဒို ထောင်ချ

    မှတ်ပုံတင် စမတ်ကဒ်စီမံကိန်းတွင် ဒေါ်လာ သန်းချီ ခိုးခဲ့သည့် လွှတ်တော်အမတ်ကို အင်ဒို ထောင်ချ

    ဧပြီ ၂၄၊ ၂၀၁၈
    M-Media

    ပြည်သူ့ဘဏ္ဍာမှ ကန်ဒေါ်လာ သန်း ၁၇၀ ခိုးခဲ့သည့် လွှတ်တော်အမတ်ဟောင်း နိုဗန်တို

    – ပြည်သူ့ဘဏ္ဍာကနေ ကန်ဒေါ်လာ သန်း ၁၇၀ ခိုးယူမှုနဲ့ လွှတ်တော်အမတ်တစ်ဦးကို အင်ဒိုနီးရှားက ထောင် ၁၅ နှစ်ချမှတ်လိုက်ပြီး ခြစားမှုတိုက်ဖျက်ရေး အင်ဒိုနီးရှားရဲတပ်ဖွဲ့ရဲ့ အောင်မြင်မှုတစ်ခုလည်း ဖြစ်ပါတယ်။

    ဆက်ယာ နိုဗန်တိုဖြစ်ပြီး Golkar ပါတီရဲ့ ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သူပါ။

    တရားသူကြီးတွေက နိုဗန်တိုဟာ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အတွင်း ပြုလုပ်ခဲ့တဲ့ ကန်ဒေါ်လာ သန်းပေါင်း ၄၄၀ တန် အီလက်ထရောနစ် မှတ်ပုံတင်စီမံကိန်းမှာ ရန်ပုံငွေရဲ့ သုံးပုံတစ်ပုံကို ခိုးယူခဲ့တဲ့ အစိုးရတာဝန်ရှိသူ ၈၀ မှာ ပါဝင်တယ်လို့ ဒီကနေ့ အမိန့်ချမှတ်မှုမှာ ပြောကြားခဲ့ပါတယ်။

    နိုဗန်တိုကတော့ သူ့အနေနဲ့ အပြစ်မရှိကြောင်း ငြင်းဆိုခဲ့ပြီး ပူးပေါင်းကြံစည်မှုကို ထုတ်ဖော်ကာ ဖော်ကောင်အဖြစ် သက်ညှာမှုရရေး ကြိုးပမ်းခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ပါဘူး။

    တရားသူကြီးအဖွဲ့က နိုဗန်တိုအနေနဲ့ ဒဏ်ငွေ အင်ဒိုရူပြား သန်း ၅၀၀ (ကန်ဒေါ်လာ ၃၆၀၀၀) ပေးဆောင်ဖို့နဲ့ ထောင်ကထွက်ပြီး နောက်ထပ် ၅ နှစ် အစိုးရအဖွဲ့မှာ တာဝန်ထမ်းမှုမလုပ်ဖို့ အမိန့်ချခဲ့ပါတယ်။

    နိုဗန်တိုကတော့ အယူခံဝင်မလားဆိုတာကို စဉ်းစားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • စင်ကာပူတွင်ကျင်းပမည့် အာဆီယံအစည်းအဝေး ဒေါ်အောင်ဆန်းစုကြည် တက်မည်မဟုတ်

    စင်ကာပူတွင်ကျင်းပမည့် အာဆီယံအစည်းအဝေး ဒေါ်အောင်ဆန်းစုကြည် တက်မည်မဟုတ်

    ဧပြီ ၂၄၊ ၂၀၁၈
    M-Media

    – နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုတစ်ပတ်နှောင်းပိုင်း စင်ကာပူမှာကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးကို တက်မှာမဟုတ်ဘူးလို့ မြန်မာအစိုးရ တာဝန်ရှိတစ်ဦးက မနေ့မှာ ပြောကြားလိုက်ပါတယ်။

    ဒါဟာ ၂၀၁၆ ခုနှစ် အာဏာရပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဒေါ်အောင်ဆန်းစုကြည် အာဆီယံအစည်းအဝေးကို မတက်တာပါ။

    အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက စနေနေ့မှာ စတင်မယ့် အာဆီယံအစည်းအဝေးကို ပြီးခဲ့တဲ့လမှာ ကျမ်းကျိန်ခဲ့တဲ့ သမ္မတသစ် ဦးဝင်းမြင့် တက်ရောက်လိမ့်မယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် ဘာ့ကြောင့် မသွားတာလဲ ဆိုတာကိုတော့ ဦးဇော်ဌေးက ပြောကြားခဲ့ခြင်း မရှိပါဘူး။

    ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ ကိစ္စအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာရဲ့ ဝေဖန်မှုကို ခံနေရပြီး ပြီးခဲ့တဲ့လက ပြုလုပ်ခဲ့တဲ့ အာဆီယံ-သြစတေးလျ အစည်းအဝေးမှာလည်း ဒီ ကိစ္စအတွက် ဖိအားပေးခြင်း ခံခဲ့ရပါတယ်။

    အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကိုင်တွယ်စရာတွေ အများအပြား ရှိနေတဲ့အတွက် အပြင်ကို ထွက်လို့မရဘူးလို့ ပြောကြားခဲ့ပါတယ်။

    ပြီးခဲ့ရက်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ ဗီယက်နမ်နိုင်ငံကို ၂ ရက်ကြာခရီးအဖြစ် သွားရောက်ခဲ့ပြီး၊ ပြီးခဲ့တဲ့နှစ် ဖိလစ်ပိုင်မှာလုပ်ခဲ့တဲ့ အာဆီယံအစည်းအဝေးနှစ်ခုနဲ့ ၂၀၁၆ ခုနှစ် လာအိုနိုင်ငံမှာလုပ်တဲ့ အာဆီယံအစည်းအဝေး ၂ ခုတို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တက်ရောက်ခဲ့ပါတယ်။

    Ref : SCMP

  • အင်္ဂါနေ့မနက် နိုင်ငံတကာသတင်းများ

    အင်္ဂါနေ့မနက် နိုင်ငံတကာသတင်းများ

    ဧပြီ ၂၄၊ ၂၀၁၈
    M-Media

    တိုရွန်တိုတွင် ဗန်ကားဖြင့်ဝင်တိုက်ပြီးနောက် မြင်ကွင်း

    ကနေဒါမြို့ကြီးတစ်ခုတွင် ဗန်ကားဖြင့် လူအုပ်ထဲဝင်တိုက်မှု ဖြစ်ပွား
    ==================
    မနေ့က ကနေဒါနိုင်ငံ တိုရွန်တိုမြို့မှာ အမျိုးသားတစ်ဦးက ဗန်ကားနဲ့ လူအုပ်ကို ၀င်တိုက်တဲ့အတွက် အနည်းဆုံး လူ ၉ ဦးသေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ရဲကတော့ ဖြစ်ပွားရတဲ့ နောက်ကွယ်က အကြောင်းအရင်းကိုပြောဖို့ စောနေသေးတယ်လို့ ပြောကြားခဲ့ပါတယ်။ ကားမောင်းသမားကို ဖမ်းမိခဲ့ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

    အာဆီယံအစည်းအဝေးကို ဒူတာတေး လေယာဉ်ငယ်ဖြင့်သွားမည်
    ====================
    အခုတစ်ပတ်အတွင်း စင်ကာပူမှာကျင်းမယ့် ၃၂ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကို သမ္မတ ဒူတာတေးဟာ လေယာဉ်ငယ်တစ်စီးနဲ့ သွားရောက်မှာဖြစ်ပြီး ပြည်သူ့ငွေတွေကို ချွေတာဖို့ဖြစ်တယ်လို့ သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက မနေ့မှာ ပြောကြားခဲ့ပါတယ်။ ဒူတာတေးဟာ လူ ၈ ဦးသာ စီးလို့ရတဲ့လေယာဉ်နဲ့ သွားမှာဖြစ်ပြီး ကိုယ်စားလှယ်အဖွဲ့ကိုလည်း နည်းနည်းပဲခေါ်သွားမှာပါ။

    ပြည်သူမကြိုက်သည့် အာမေးနီးယားဝန်ကြီးချုပ် နှုတ်ထွက်
    ==============
    ပြီးခဲ့တဲ့ရက်တွေမှာ ပြည်သူတွေက အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် အာမေးနီးယားဝန်ကြီးချုပ် ဆာဇာ ဆာဂ်ျယန်ဟာ မနေ့က ရာထူးကနေ နှုတ်ထွက်သွားခဲ့ပါတယ်။ သူဟာ ခြစားမှုတွေ၊ အာဏာရှင်ဆန်ဆန် ပြုမူမှုတွေ ရှိတယ်လို့ စွပ်စွဲခံခဲ့ရသူပါ။ အတိုက်အခံခေါင်းဆောင် နီကို ပါရှင်ယန်းက ရွေးကောက်ပွဲ မြန်မြန်လုပ်ဖို့အတွက် တောင်းဆိုခဲ့ပါတယ်။

    ယီမင်တွင် ဆော်ဒီ၏ တိုက်ခိုက်မှုအတွင်း ဟူသီနိုင်ငံရေးခေါင်းဆောင်း သေဆုံး
    ====================
    ယီမင်နိုင်ငံ ဟူဒိုင်ဒါပြည်နယ်မှာ ဆော်ဒီဦးဆောင်တဲ့အဖွဲ့ရဲ့ ပြီးခဲ့တဲ့တစ်ပတ် လေကြောင်းတိုက်ခိုက်မှုတွေအတွင်း ဟူသီသူပုန်အဖွဲ့က နိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဆာလေဟ် အလ်-ဆမဒ် သေဆုံးသွားပါတယ်။ ဟူသီခေါင်းဆောင် အဘ်ဒူလ် မာလစ် အလ်-ဟူသီကတော့ အမေရိကန်နဲ့ ဆော်ဒီဦးဆောင်တဲ့အဖွဲ့တွေဟာ ဒီလို ကျူးကျော်တိုက်ခိုက်မှုအတွက် တာဝန်ရှိပြီး သူတို့တိုင်းပြည်နဲ့ ပြည်သူကို ဘယ်တော့မှ သွေးခွဲလို့ရမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera, CNA

  • တနင်္လာနေ့ ဘောလုံးသတင်း

    တနင်္လာနေ့ ဘောလုံးသတင်း

    ဧပြီ ၂၃၊ ၂၀၁၈
    M-Media

    မန်စီးတီးအသင်းဘတ်စ်ကားကို လီဗာပူးလ်ပရိတ်သတ်များ နှောက်ယှက်ခဲ့မှု

    လာမည့်နွေရာသီ လူအနည်းငယ်သာဝယ်မည်ဟု မော်ရင်ဟိုဖွင့်ဟ
    ================
    လာမယ့် နွေရာသီအပြောင်းအရွှေ့မှာ အသင်းအတွက် အခြေခံလောက်ပဲ ကစားသမားတွေ ၀ယ်ယူသွားမယ်လို့ မန်ယူနည်းပြ မော်ရင်ဟိုက ပြောပါတယ်။ မန်ယူဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့နှစ်ခုမှာ ပေါ့ဘာကို ပေါင် ၈၉ သန်း၊ လူကာကူကို ပေါင် ၇၅ သန်းနဲ့ ခေါ်ယူမှုတွေအပါအ၀င် ငွေကြေးတော်တော်များများသုံးစွဲကာ အသင်းကို ဖြည့်တွင်း မှုတွေ လုပ်ခဲ့တာပါ။ လာမယ့် နွေရာသီမှာတော့ အသင်းက ထွက်ဖို့ရှိနေတဲ့ ကာရစ်နဲ့ ဖယ်လိုင်နီတို့နေရာမှာသာ အစားထိုးဖို့ လိုအပ်မယ်လို့ မော်ရင်ဟိုက ဆိုပါတယ်။

    ရိုးမားပရိတ်သတ်များကို လေးစားရန် လီဗာပူးလ်နည်းပြ ကလော့ပ် ပန်ကြား
    ===================
    မနက်ဖြန်မှာကစားမယ့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ရိုးမား ပရိတ်သတ်တွေကို လေးစားကြဖို့ လီဗာပူးလ်ပရိတ်သတ်တွေကို နည်းပြ ယာဂန်ကလော့ပ်က ပန်ကြားလိုက်ပါတယ်။ အခုလအစောပိုင်း မန်စီးတီးနဲ့ ကွာတားဖိုင်နယ် ပထမအကျော့ ကစားရာမှာ လီဗာပူးလ်ပရိတ်သတ်တွေဟာ သံဘူးတွေ၊ ပုလင်းတွေ၊ မီးရှူးမီးပန်းတွေနဲ့ မန်စီးတီးအသင်းကားကို ပစ်ပေါက်မှုတွေရှိခဲ့တာကြောင့် မာဆေးဆိုက်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေသလို ယူအီးအက်ဖ်အေကလည်း လီဗာပူးလ်ကို စည်းကမ်းပိုင်ဆိုင်ရာ အရေးယူဖို့ စီစဉ်နေပါတယ်။

    FA က စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ပြန်တောင်းပန်
    ======================
    FA ဖလား ဆီးမီးဖိုင်နယ်အပြီး Twitter က ပို့စ်မှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို စော်ကားသလိုဖြစ်တဲ့အတွက် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA က ပြန်လည်တောင်းပန်လိုက်ပါတယ်။ မန်ယူနောက်ခံလူ စမောလင်းက ‘ဟယ်ရီကိန်း’ လို့ ပြောကြားထားတဲ့ ဗီဒီယိုကို FA က သူတို့ရဲ့စာမျက်နှာမှာ What’s in your pocket? (မင်းခါးပိုက်ထဲမှာ ဘယ်သူ့ကိုပိုက်ထားလဲ) ဆိုတဲ့ စာသားနဲ့ တင်ခဲ့တာပါ။ ဒါဟာ ဟယ်ရီကိန်းကို စော်ကားသလိုဖြစ်တယ်ဆိုတဲ့ ဝေဖန်မှုတွေ ထွက်ခဲ့တာကြောင့် FA က နှစ်သင်းစလုံးကို တောင်းပန်ခဲ့ပါတယ်။

    အသင်းအောင်မြင်ဖို့ အဓိကဟု ဆာလာဟ်ဖွင့်ဟ
    =============
    PFA ရဲ့ တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆုကို ရရှိထားတဲ့ လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်က သူ့ရဲ့ ရည်မှန်းချက်ဟာ အသင်းနဲ့အတူ အောင်မြင်မှုရဖို့ ဖြစ်ပြီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို ရောက်နေတာကြောင့် ဗိုလ်စွဲဖို့ မျှော်လင့်တယ်လို့ ပြောကြားလိုက်ပါတယ်။ ဆာလာဟ်ဟာ ပရီးမီးယားလိဂ်မှာ ၃၁ ဂိုး သွင်းထားပြီး ရော်နယ်ဒို၊ ဆွာရက်ဇ်နဲ့ ရှီးယားရားတို့ရဲ့ တစ်နှစ်အတွင်း ဂိုးသွင်းအများဆုံးစံချိန်ကို လိုက်မီကာ စံချိန်သစ်တင်ဖို့လည်း နီးစပ်နေပါတယ်။

    Ref: Goal, BBC

  • ရိုဟင်ဂျားများခံစားရသည့် ကြမ်းကြုတ်မှုများကို လုံခြုံရေးကောင်စီအဖွဲ့အား ပြသမည်ဟု ဘင်္ဂလားဒေ့ရှ် ပြော

    ရိုဟင်ဂျားများခံစားရသည့် ကြမ်းကြုတ်မှုများကို လုံခြုံရေးကောင်စီအဖွဲ့အား ပြသမည်ဟု ဘင်္ဂလားဒေ့ရှ် ပြော

    ဧပြီ ၂၃၊ ၂၀၁၈
    M-Media

    ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာဒုက္ခသည်စခန်း

    – အခုလအကုန်ပိုင်း ကုလလုံခြုံရေးကောင်စီအဖွဲ့ လာရောက်တဲ့အခါမှာ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာတွေ ခံစားခဲ့ရတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ သူတို့အစိုးရရဲ့ ဆောင်ရွက်ထားမှုတွေကို ပြသသွားမယ်လို့ ဘင်္ဂလားဒေ့ရှ်က ပြောကြားလိုက်ပါတယ်။

    လုံခြုံရေးကောင်စီအဖွဲ့ဟာ ဧပြီလ ၂၆ ရက်နေ့က မေလ ၂ ရက်နေ့အထိ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကို လာရောက်ကာ ရိုဟင်ဂျာကိစ္စအတွက် အချက်အလက်တွေ ရှာဖွေသွားမှာ ဖြစ်ပါတယ်။

    ကုလအတွင်းရေးမှူး အန်တိုနီယိုဂူတာရက်စ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ စတီဖနီ ဒူဂျာရစ်က လုံခြုံရေးကောင်စီရဲ့ ဒီလိုလာရောက်မှုဟာ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ ဒုက္ခသုက္ခတွေကို နိုင်ငံတကာအသိုင်းအ၀ိုင်းက ပိုမိုအာရုံစိုက်လာစေရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းတွေအတွက် ရန်ပုံငွေရရှိရေး အထောက်အကူ ဖြစ်လိမ့်မယ်လို့ အတွင်းရေးမှူးက မျှော်လင့်နေကြောင်း ပြောကြားခဲ့ပါတယ်။

    လုံခြုံရေးကောင်စီရဲ့ အခုလိုသွားရောက်မှုဟာ ရိုဟင်ဂျာပြဿနာ ဖြေရှင်းရေးအတွက် ကုလအတွင်းရေးမှူးဟောင်း ကိုဖီအန်နန် ဦးဆောင်တဲ့ ကော်မရှင်က ပေးထားအတဲ့ အကြံပြုချက်တွေကို မြန်မာအစိုးရက ဖော်ဆောင်ရာမှာ အထောက်အကူဖြစ်စေပြီး အခြေအနေကို တိုးတက်ကောင်းမွန်စေလိမ့်မယ်လို့ ဂူတာရက်စ်က မျှော်လင့်နေပါတယ်။

    ကိုယ်စားလှယ်အဖွဲ့ဟာ ဧပြီလ ၂၉ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်ကိုသွားရောက်ကာ ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။ ၃၀ ရက်နေ့မှာတော့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာ အပါအ၀င် ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံသွားမှာပါ။

    မြန်မာနိုင်ငံခရီးစဉ်အတွင်း အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာဖြစ်သလို ရခိုင်ပြည်နယ်က အခြေအနေကိုလည်း သွားရောက်ကြည့်ရှုမှာ ဖြစ်ပါတယ်။

    Ref: The Daily Star