News @ M-Media

Blog

  • ပါလက်စတိုင်းပညာရှင် လုပ်ကြံခံရမှု နိုင်ငံခြားထောက်လှမ်းရေးလက်ချက် ဖြစ်နိုင်ဟု မလေးရှားပြော

    ပါလက်စတိုင်းပညာရှင် လုပ်ကြံခံရမှု နိုင်ငံခြားထောက်လှမ်းရေးလက်ချက် ဖြစ်နိုင်ဟု မလေးရှားပြော

    ဧပြီ ၂၂၊ ၂၀၁၈
    M-Media

    လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် ဖာဒီ အလ်-ဘက်ရှ်

    – မနေ့က ကွာလာလမ်ပူမှာ ပါလက်စတိုင်း သိပ္ပံပညာရှင်တစ်ဦး လုပ်ကြံသတ်ဖြတ်ခံရမှုဟာ နိုင်ငံခြားအဖွဲ့အစည်းတစ်ခုရဲ့လက်ချက် ဖြစ်နိုင်တယ်လို့ မလေးရှားရဲတပ်ဖွဲ့က အတည်ပြုပြောကြားလိုက်ပါတယ်။

    ဖာဒီ အလ်-ဘက်ရှ်ဆိုသူဖြစ်ပြီး မနေ့က စတာပက်မှာရှိတဲ့ သူ့နေအိမ်ကနေ အာရုဏ်တက်ဝတ်ပြုဖို့ ဗလီကိုအသွား သေနတ်သမားနှစ်ဦးရဲ့ ပစ်ခတ်သတ်ဖြတ်မှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။ သူရဲ့ မိသားစုနဲ့ ဂါဇာကမ်းမြှောင်က ဟားမက်စ်အဖွဲ့တို့ကတော့ ဒါဟာ အစ္စရေးထောက်လှမ်းရေး မိုဆာ့ဒ်ရဲ့ လက်ချက်ဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။ အလ်-ဘက်ရှ်ဟာ ဟားမက်စ်အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ်။

    မလေးရှားရဲတပ်ဖွဲ့က သူတို့ဟာ အလောင်းခွဲစိပ်စစ်ဆေးမှုကို ဒီနေ့မနက်မှာ လုပ်ဆောင်ခဲ့ပြီး ရှုထောင့်ပေါင်းစုံကနေ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ရှုထောင့်ပေါင်းစုံကနေ ကျွန်တော်တို့ စုံစမ်းစစ်ဆေးမှု လုပ်နေပါတယ်။ ကျွန်တော်တို့ဟာ ဒီကိစ္စကို တော်တော်လေး သေသေချာချာ စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးရပါမယ်။ ဒါဟာ နိုင်ငံတကာပြဿနာပါ” လို့ ရဲတပ်ဖွဲ့အကြီးအကဲ မဇ်လန် လာဇင်းမ်က ပြောပါတယ်။

    မလေးရှား ဒုတိယ၀န်ကြီးချုပ် အဟ်မဒ် ဇာဟစ် ဟာမီဒီက သတ်ဖြတ်ခဲ့တယ်လို့ သံသယရှိသူတွေဟာ နိုင်ငံခြားထောက်လှမ်းရေးနဲ့ ဆက်စပ်နေတဲ့ ဥရောပသားတွေဖြစ်တယ်လို့ ယုံကြည်ရကြောင်း ပြောကြားခဲ့ပါတယ်။

    အလ်-ဘက်ရှ်ဟာ အစ္စရေးရဲ့ ပိတ်ဆို့မှုကြောင့် အတိဒုက္ခရောက်နေတဲ့ ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်က စွမ်းအင်ကဏ္ဍကို ကူညီပံ့ပိုးပေးနေသူတစ်ဦးဖြစ်တယ်လို့ ဟားမက်စ်အဖွဲ့က ပြောကြားထားပါတယ်။

    ၂၀၁၆ ခုနှစ် ဒီဇင်ဘာက ပါလက်စတိုင်း ဒရုန်းကျွမ်းကျင်သူ မိုဟာမက် အလ်-ဇာဝါရီဟာ တူနီးရှားမှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပြီး ဟားမက်စ်က အစ္စရေးလက်ချက်ဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။

    အစ္စရေးဟာ ပါလက်စတိုင်း တက်ကြွလှုပ်ရှားသူ တော်တော်များများကို လုပ်ကြံသတ်ဖြတ်မှုတွေ လုပ်ခဲ့တယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ထားကြပြီး အများစုဟာ နိုင်ငံရပ်ခြားမှာ နေထိုင်တဲ့သူတွေ ဖြစ်ပါတယ်။

    Ref: Aljazeera

  • ကလေးများအား အဓမ္မကျင့်သည့် မုဒိမ်းကောင်များကို သေဒဏ်ပေးရန် အိန္ဒိယ အတည်ပြု

    ကလေးများအား အဓမ္မကျင့်သည့် မုဒိမ်းကောင်များကို သေဒဏ်ပေးရန် အိန္ဒိယ အတည်ပြု

    ဧပြီ ၂၂၊ ၂၀၁၈
    M-Media

    ကလေးငယ်များအပေါ် ကျူးလွန်သူများကို ပြင်းပြင်းထန်ထန်အပြစ်ပေးရေး ဆန္ဒပြမှု

    – ကလေးငယ်တွေကို အဓမ္မကျင့်တဲ့ မုဒိမ်းကောင်တွေကို သေဒဏ်ပေးဖို့အတွက် အိန္ဒိယအစိုးရဟာ မနေ့မှာ အတည်ပြုလိုက်ပါတယ်။

    ဓနသဟာယနိုင်ငံများ ထိပ်သီးအစည်းအဝေးကနေ ပြန်ရောက်လာတဲ့ ၀န်ကြီးချုပ်မိုဒီဟာ အစိုးရအဖွဲ့ အစည်းအဝေး ခေါ်ဆိုကာ အသက် ၁၂ နှစ်အောက် ကလေးငယ်တွေအပေါ် ကျူးလွန်သူတွေကို သေဒဏ်လို ကြီးလေးတဲ့ ပြစ်ဒဏ်ပေးရေးအတွက် လက်ရှိ ကျင့်သုံးနေတဲ့ လိင်အကြမ်းဖက်မှုမှ ကလေးငယ်များအား ကာကွယ်ပေးရေး ဥပဒေကို ပြင်ဆင်ဖို့ အတည်ပြုခဲ့တာပါ။

    အိန္ဒိယကထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသမှာ အသက် ၈ နှစ်အရွယ် မွတ်စလင်မိန်းလေးငယ်တစ်ဦးကို ဟိန္ဒူအစွန်းရောက်တစ်စုက ပြန်ပေးစွဲကာ အုပ်စုဖွဲ့ အဓမ္မကျင့် သတ်ဖြတ်ခဲ့တဲ့ သတင်းပေါ်ထွက်လာခဲ့ပြီးတဲ့နောက် အိန္ဒိယပြည်သူတွေဟာ နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပြီး မုဒိမ်းကောင်တွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးရေး အစိုးရကို ဖိအားပေးခဲ့ပါတယ်။

    မနေ့က အစိုးရအဖွဲ့အစည်းအဝေးမှာ ကလေးငယ်တွေအပေါ် ကျူးလွန်တဲ့ မုဒိမ်းကောင်တွေအတွက် အနိမ့်ဆုံးပြစ်ဒဏ် တိုးမြှင့်ဖို့လည်း ဆုံးဖြတ်ခဲ့ပါတယ်။

    ၂၀၁၂ ခုနှစ်က မြို့တော်ဒေလီမှာ ကျောင်းသူတစ်ဦး ရက်ရက်စက်စက် အုပ်စုဖွဲ့ အဓမ္မကျင့်ခံရမှုနောက်ပိုင်း ၂၀၁၃ ခုနှစ်မှာ အိန္ဒိယဟာ အဓမ္မကျင့်မှုဆိုင်ရာ ဥပဒေတွေကို တင်းကြပ်ခဲ့ပါသေးတယ်။

    ဒါပေမယ့် ကလေးငယ်တွေအပေါ် အဓမ္မကျင့်မှုအပါအ၀င် လိင်အကြမ်းဖက်မှုဟာ နိုင်ငံတစ်ဝှမ်း ဆက်လက်ဖြစ်ပွားနေခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ကလေးငယ်တွေအပေါ် အဓမ္မကျင့်မှု ၁၁၀၀၀ လောက် ဖြစ်ခဲ့ပါတယ်။

    ကက်ရှ်မီးယားက မွတ်စလင်မိန်းကလေးငယ် အုပ်စုဖွဲ့အဓမ္မကျင့်ခံရမှုအပြင် မိုဒီရဲ့ BJP ပါတီက အကြီးတန်းတာဝန်ရှိသူတစ်ဦး အူတာပရာဒက်ရှ်ပြည်နယ်မှာ အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မကျင့်မှုတစ်ခုလည်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပေါ်လာခဲ့ပြီး လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ဖြစ်ခဲ့တဲ့ ဒီကိစ္စကို ရဲတွေနဲ့ အစိုးရအာ ဏာပိုင်တွေက ကာကွယ်ပေးခဲ့တယ်ဆိုတဲ့သတင်းကြောင့် ပြည်သူတွေက အကြီးအကျယ် ဝေဖန်ခဲ့ကြပါတယ်။

    Ref : CNA

  • တနင်္ဂနွေနေ့မနက် နိုင်ငံတကာသတင်းများ

    တနင်္ဂနွေနေ့မနက် နိုင်ငံတကာသတင်းများ

    ဧပြီ ၂၂၊ ၂၀၁၈
    M-Media

    ကွယ်လွန်သွားသည့် ကမ္ဘာ့အသက်အကြီးဆုံး အဘွားအို တာဂျီမာ

    ဆော်ဒီဘုရင့်နန်းတော်အနီး ဒရုန်းတစ်ခုကို ပစ်ချ
    ==========
    ဘုရင့်နန်းတော်အနီးမှာ ပျံဝဲနေတဲ့ ကစားစရာ ဒရုန်းတစ်ခုကို ပစ်ချလိုက်တယ်လို့ ဆော်ဒီအစိုးရက မနေ့မှာ သတင်းထုတ်ပြန်ခဲ့ပြီး ဒီအတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့လည်း ဆိုပါတယ်။ ဒရုန်းကို စက္ကန့် ၃၀ ကြာ ပစ်ခတ်ခဲ့တဲ့ ဗီဒီယိုတစ်ခု ဆိုရှယ်မီဒီယာတွေမှာ ပျံနှံ့ခဲ့တာကြောင့် ဆော်ဒီမှာ နိုင်ငံရေး မငြိမ်သက်မှုတွေ ဖြစ်ပြီလားဆိုတဲ့ ပြောကြားမှုတွေလည်း ပေါ်ထွက်လာပါတယ်။ ဒီအဖြစ်အပျက်ဖြစ်ပွားချိန် ဆော်ဒီဘုရင် ဆလ်မန်ဟာ နန်းတော်မှာ ရှိမနေပါဘူး။

    ဂျပန်နိုင်ငံမှ ကမ္ဘာ့အသက်အကြီးဆုံး အဘွားအို ကွယ်လွန်
    ===============
    ကမ္ဘာ့အသက်အကြီးဆုံးဖြစ်တဲ့ ဂျပန်နိုင်ငံက အသက် ၁၁၇ နှစ်အရွယ်အဖွားအို နဘီ တာဂျီမာဟာ မနေ့က သူမရဲ့ဇာတိမြို့ ကီကိုင်းမှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူမဟာ ဇန်န၀ါရီလကတည်းက ကျန်းမာရေးကြောင့် ဆေးရုံတက်ခဲ့ရတာ ဖြစ်ပါတယ်။ တာဂျီမာဟာ ၂၀၁၇ ခုနှစ် ဇူလိုင်လ အသက် ၁၁၇ နှစ်မှာ ကမ္ဘာ့အသက်အကြီးဆုံးအဖြစ် စာရင်းဝင်ခဲ့တာပါ။ ဂျပန်နိုင်ငံက အသက် ၁၁၆ နှစ်အရွယ် အမျိုးသမီး ချီယို ယိုရှီဒါဟာ လက်ရှိမှာ ကမ္ဘာ့အသက်အကြီးဆုံးလူသား ဖြစ်လာပါတယ်။

    တရုတ်တွင် နဂါးလှေမှောက်မှု ၁၇ ဦးသေဆုံး
    ===============
    တရုတ်နိုင်ငံတောင်ပိုင်းမှာ မနေ့က နဂါးလှေ ၂ စီး နစ်မြုပ်ခဲ့တဲ့အတွက် လူ ၁၇ ဦးသေဆုံးခဲ့တယ်ုလို့ Xhinhua သတင်းဌာနက ဖော်ပြပါတယ်။ ပြိုင်ပွဲဝင်ဖို့ လေ့ကျင့်နေတဲ့အချိန်မှာ ဒီလို တိမ်းမှောက်ခဲ့တာဖြစ်ပြီး လူ ၆၀ လောက် ရေနစ်ခဲ့ပေမယ့် ၄၀ ကို ကယ်တင်နိုင်ခဲ့ပါတယ်။ ရွာသားတွေဟာ ရဲတပ်ဖွဲ့ကိုအကြောင်းမကြားဘဲ လေ့ကျင်မှုလုပ်ခဲ့တဲ့အတွက် စီစဉ်သူ ၂ ဦးကိ အာဏာပိုင်တွေက ထိန်းသိမ်းခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ နဂါးလှေလှော်ပြိုင်ပွဲကို နှစ်စဉ် ကျင်းပလေ့ရှိပါတယ်။

    ကန်ဘဏ္ဍာရေးဝန်ကြီး တရုတ်သွားမယ်
    =====================
    တရုတ်နဲ့ အမေရိကန်အကြား လတ်တလောဖြစ်နေတဲ့ ကုန်သွယ်ရေတင်းမာမှုကိစ္စ ဆွေးနွေးဖို့အတွက် ဘေဂျင်းကိုသွားဖို့ စဉ်းစားနေတယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စတီဗင်မူချင်က မနေ့မှာ ပြောကြားခဲ့ပါတယ်။ ကမ္ဘာ့ စီးပွားရေးအင်အားကြီးနိုင်ငံနှစ်ခုဟာ သွင်းကုန်တွေအပေါ် အခွန်တွေ တိုးကောက်မယ်လို့ အပြန်အလှန်ကြေငြာခဲ့ပြီး ကမ္ဘာ့စီးပွားရေး ကမောက်ကမ ဖြစ်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

    Ref: CNA, Aljazeera

  • စနေနေ့ ဘောလုံးသတင်း

    စနေနေ့ ဘောလုံးသတင်း

    ဧပြီ ၂၁၊ ၂၀၁၈
    M-Media

    ရိုးမားနှင့် လီဗာပူးလ်တို့ ၁၉၈၄ ခုနှစ် ဖိုင်နယ်တွင် တွေ့ဆုံစဉ်က

    လီဗာပူးလ်တိုက်စစ်မှူးဆာလာဟ် စံချိန်သစ်တစ်ခုထပ်ရ
    ======================
    ဒီနေ့ ၂ ဂိုးစီသရေကျခဲ့တဲ့ ၀က်စ်ဘရွန်းနဲ့ပွဲမှာ တစ်ဂိုးသွင်းယူခဲ့တဲ့ တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်ဟာ အခုနှစ် ပရီးမီးယားလိဂ် သွင်းဂိုး ၃၁ ဂိုး ရှိလာခဲ့ပြီး ၃၈ ပွဲကစားတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲတွေမှာ တစ်ရာသီ ဂိုးသွင်းအများဆုံးဖြစ်ခဲ့တဲ့ ဆွာရက်စ်၊ ရော်နယ်ဒို၊ ရှီးယားရားတို့နဲ့ စံချိန်တူသွားခဲ့ပါတယ်။ ၄၂ ပွဲကစားတဲ့အချိန်တုန်းက အန်ဒီကိုးလ်နဲ့ ရှီးယားရားတို့ဟာ တစ်ရာသီအတွင်း ၃၄ ဂိုးသွင်းကာ စံချိန်တင်ထားတာ ဖြစ်ပါတယ်။

    အာဆင်နယ်နည်းပြ ဖြစ်လာမည်မဟုတ်ဟု ဗီယာရာဆို
    =====================
    အာဆင်နယ်နည်းပြအသစ်ဖြစ်လာမယ်ဆိုတဲ့ သတင်းတွေကို ကွင်းလယ်လူဟောင်း ဗီယာရာက ပယ်ချလိုက်ပါတယ်။ အာဆင်နယ်မှာ ၉ နှစ်တာကစားခဲ့တဲ့ ကာလဟာ သူ့အတွက် ထူးခြားတဲ့အချိန်ဖြစ်ပေမယ့် အသင်းကိုနည်းပြဖို့တော့ အရည်အချင်းမမီသေးဘူးလို့ သူက ဆိုပါတယ်။ လီဗာပူးနည်းပြဟောင်း ရော်ဂျာဟာလည်း အာဆင်နယ်နည်းပြဖြစ်မယ်လို့ ရေပန်းစားနေပြီး သူကတော့ လတ်တလော ဆဲလ်တစ်မှာပဲ စိတ်နှစ်ထားတယ်လို့ ပြောပါတယ်။

    FA ဖလား ရယူမည်ဟု ချယ်ဆီးဂိုးသမား မျှော်လင့်
    ====================
    ချယ်ဆီးဟာ FA ဖလားကို မဖြစ်မနေ ရယူသွားမယ်လို့ ဂိုးသမား ၀ီလီ ကာဘာလီရိုက ပြောကြားလိုက်ပါတယ်။ ပရီးမီးယားလိဂ်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ဆုံးရှုံးပြီး၊ ချန်ပီယံလိဂ်မှာလည်း ဘာစီလိုနာကိုရှုံးကာ ထွက်ခဲ့ရတဲ့ ချယ်ဆီးအတွက် FA ဖလားဟာ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်ပါတယ်။ ချယ်ဆီးဟာ မနက်ဖြန်မှာ FA ဖလား ဆီးမီးဖိုင်နယ်ပွဲအဖြစ် ဆောက်သက်တမ်နဲ့ ကစားရမှာဖြစ်ပါတယ်။ ဆီးမီးဖိုင်နယ် နောက်တစ်ပွဲကတော့ မန်ယူနဲ့ စပါးတို့ဖြစ်ပါတယ်။

    လီဗာပူးလ်ကို ဖိုင်နယ်ရှုံးကြွေးဆပ်မည်ဟု ရိုးမားနည်းပြကြုံးဝါး
    =====================
    ၁၉၈၄ ခုနှစ် ချန်ပီယံလိဂ်ဖိုင်နယ်ရှုံးကြွေးကို ပြန်ဆပ်သွားမယ်လို့ ရိုးမားနည်းပြ အန်ဆယ်လော့တီက ပြောကြားလိုက်ပါတယ်။ ရိုမားဟာ အဲဒီတုန်းက လီဗာပူးလ်အသင်းကို အိမ်ကွင်းမှာ ပင်နယ်တီနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး အန်ဆယ်လော့တီဟာ ရိုးမားကစားသမားတစ်ဦးဖြစ်ပေမယ့် ဒဏ်ရာကြောင့် ၀င်မကစားခဲ့ရပါဘူး။
    လီဗာပူးလ်နဲ့ ရိုးမားတို့ဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် အင်္ဂါနေ့မှာ ကစားရမှာ ဖြစ်ပါတယ်။

    Ref: Goal

  • ဒုရဲမှူးမိသားစုအား လိုင်းခန်းမှနှင်ချသည့်လုပ်ရပ် အမှန်မပြောရဲအာင် လုပ်ဆောင်မှုဟု ဝေဖန်ခံရ

    ဒုရဲမှူးမိသားစုအား လိုင်းခန်းမှနှင်ချသည့်လုပ်ရပ် အမှန်မပြောရဲအာင် လုပ်ဆောင်မှုဟု ဝေဖန်ခံရ

    ဧပြီ ၂၁၊ ၂၀၁၈
    M-Media

    ဒုရဲမှူး မိုးရန်နိုင်၏ ဇနီး

    – ရိုက်တာသတင်းဌာနက သတင်းထောက်နှစ်ဦးကို ရဲတပ်ဖွဲ့က အကွင်ဆင်ဖမ်းဆီးခဲ့တဲ့ကိစ္စကို ဖွင့်ချလိုက်တဲ့ ဒုရဲမှူးရဲ့ မိသားစုဟာ ရဲလိုင်းခန်းကနေ ဒီနေ့မှာ နှင်ချခံခဲ့ရပြီး ဒီလုပ်ရပ်အတွက် ပြည်သူတွေကြားထဲမှာ ဝေဖန်သံတွေလည်း ညံနေပါတယ်။

    သတင်းထောက်တွေဖြစ်တဲ့ ၀လုံးနဲ့ ကျော်စိုးဦးတို့ ဖမ်းဆီးခံခဲ့ရတဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့မှာပဲ ထိန်းသိမ်းခံရတဲ့ ဒုရဲမှူး မိုးရန်နိုင်က ဒီသတင်းထောက်တွေကို လျှို့ဝှက် စာရွက်စာတမ်းတွေပေးပြီး ထောင်ဖမ်းဖို့ ရဲချုပ် တင်ကိုကို ကိုယ်တိုင်က စီစဉ်ခဲ့တာဖြစ်တယ်လို့ မနေ့ကရုံးချိန်းမှာ ပြောကြားခဲ့ပါတယ်။

    ဒုရဲမှူးမိုးရန်နိုင်တဲ့ အခြားရဲတပ်ဖွဲ့ဝင်တစ်ဦးတို့ဟာ ရခိုင်ကိစ္စနဲ့ပတ်သက်ပြီး သတင်းထောက်နှစ်ယောက်နဲ့ တွေ့ဆုံမေးမြန်းခဲ့မှုအတွက် ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။

    မနေ့က ဒီလိုပြောကြားခဲ့ပြီးတဲ့နောက်ပိုင်း ဒုရဲမှူး မိုးရန်နိုင်ရဲ့ မိသားစုဟာ နေပြည်တော်က ရဲတပ်ဖွဲ့ဝန်ထမ်းအိမ်ယာကနေ ဖယ်ရှားခံခဲ့ရပါတယ်။

    “ဒီမနက်မှာ ရဲအရာရှိတစ်ယောက်က ကျွန်မတို့ကို ဖုန်းခေါ်ပြီး လိုင်းခန်းကနေ ချက်ခြင်းဖယ်ရမယ်လို့ ပြောပါတယ်။ အထက်က အမိန့်လို့လည်း ပြောပါတယ်” လို့ ဇနီးဖြစ်သူ ဒေါ်သူက ပြောကြားခဲ့ပါတယ်။

    ရဲတပ်ဖွဲ့ရဲ့ ဒီလုပ်ရပ်ကို ပြည်သူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခဲ့ကြပါတယ်။

    “ဒါက တော်တော်ဆိုးတဲ့လုပ်ရပ်ပါ။ ဒီတိုင်းပြည်မှာ အမှန်တရား ပြောလို့မရဘူးဆိုတာ အခြားရဲတပ်ဖွဲ့ဝင်တွေအတွက် ဒါက နမူနာပါပဲ” လို့ လူ့အခွင့်အရေး ရှေ့နေတစ်ဦးဖြစ်တဲ့ ရောဘတ်စန်းအောင်က ပြောကြားခဲ့ပါတယ်။

    Ref: Wahington Post