News @ M-Media

Blog

  • အစ္စလာမ်၏ အလတ်အလတ်လမ်းစဉ် ပြန်ဖော်ထုတ်ရေး ဆော်ဒီက စီမံကိန်း ၂၇ ခု ဆောင်ရွက်မည်

    အစ္စလာမ်၏ အလတ်အလတ်လမ်းစဉ် ပြန်ဖော်ထုတ်ရေး ဆော်ဒီက စီမံကိန်း ၂၇ ခု ဆောင်ရွက်မည်

    ဧပြီ ၂၂၊ ၂၀၁၈
    M-Media

    မက္ကာဟ် အုပ်ချုပ်ရေးမှူး မင်းသား ခါလစ် အလ်-ဖိုင်ဆယ် (၀ဲ)

    – အစ္စလာမ်သာသနာရဲ့ အလယ်အလတ်လမ်းစဉ် ပြန်လည်ထွန်းကားလာရေးနဲ့ ဘာသာရေးသည်းခံနိုင်စွမ်း မြင့်တက်လာရေးတို့အတွက် ဆော်ဒီမှာ တတ်သိပညာရှင်တွေက အလုပ်ရုံဆွေးနွေးပွဲတွေလုပ်ခဲ့ပြီး စီမံကိန်းတွေလည်း ချမှတ်ခဲ့ပါတယ်။

    အလုပ်ရုံဆွေးနွေးပွဲတွေဟာ ဆော်ဒီက မြင့်မြတ်ရာ ဗလီဝတ်ကျောင်းတော်တွေမှာ Mithaq ခေါင်းစဉ်နဲ့ စီမံကိန်းတစ်ခု စတင်ဖို့ ရည်ရွယ်ပြုလုပ်တာ ဖြစ်ပါတယ်။

    “အလယ်အလတ်လမ်းစဉ်နှင့် ဘာသာရေးသည်းခံမှု ပြန်ဖော်ထုတ်ရေး စီးမံကိန်းများ ဖော်ဆောင်ခြင်း” ခေါင်းစဉ်နဲ့ ပထမဆုံးလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ နိုင်ငံတစ်ဝှမ်းက တတ်သိပညာရှင်တွေ အများအပြား တက်ရောက်ခဲ့ပြီး အလယ်အလတ်လမ်းစဉ် ပြန်လည်ဖော်ထုတ်ရေးနဲ့ သည်းခံမှုမြင့်တင်ရေးအတွက် စီမံကိန်းပေါင်း ၂၇ ခု ချမှတ် ဆောင်ရွက်ဖို့ သဘောတူညီခဲ့ကြပါတယ်။

    ဒုတိယအလုပ်ရုံဆွေးနွေးပွဲဟာ ဟဂ်ျဘုရားဖူးရာသီအတွင်း မက္ကာက မတ်စ်ဂျစ်ဒ်ဗလီဝတ်ကျောင်းတော်မှာ ဘုရားဖူးတွေကို ထိန်းသိမ်းနိုင်ရေးနဲ့ ဘုရားဖူးတွေ လွယ်ကူအောင်၊ လုံခြုံရေးစနစ် ပိုမိုကောင်းမွန်အောင် နည်းလမ်းတွေ ရှာဖွေးကိစ္စအတွက် ဖြစ်ပါတယ်။

    တတိယအလုပ်ရုံဆွေးနွေးပွဲကတော့ မြင့်မြတ်ရာ ဗလီဝတ်ကျောင်းတော်တွေရဲ့ မီဒီယာကဏ္ဍနဲ့ ကမ္ဘာလုံးဆိုင်ရာ ဖြန့်ချီရေးကဏ္ဍတွေ ဖြစပါတယ်။ ဒီဆွေးနွေးပွဲကို မီဒီယာသမားနဲ့ တက္ကသိုလ်က ပရော်ဖက်ဆာ တော်တော်များများ တက်ရောက်ခဲ့ပါတယ်။ ဆွေးနွေးမှုတွေ အကြိတ်အနယ်ပြုလုပ်ပြီးတဲ့နောက် ခိုင်မာတဲ့ ရလဒ်တွက်ပေါ်လာရေး စီမံကိန်းတွေ ချမှတ်ဖော်ဆောင်ဖို့ သဘောတူညီချက် ရရှိခဲ့ပါတယ်။

    အခမ်းအနားကို မက္ကာဟ် အုပ်ချုပ်ရေးမှူး မင်းသား ခါလစ် အလ်-ဖိုင်ဆယ်က တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်ကို စောင့်ရှောက်ကာ ဘုရားဖူးခရီးသည်တွေကို ၀န်ဆောင်မှုပေးနေတဲ့ ၀န်ထမ်းတွေကိုလည်း ချီးကျူးခဲ့ပါတယ်။

    Ref : Arab News

  • ကြမ်းကြုတ်မှု၊ သတ်ဖြတ်မှုတွေ ပေါ်လာတာကြောင့် ဖိအားများလားတဲ့ မြန်မာနိုင်ငံက ကိုယ့်မင်းကိုယ့်ချင်းအဖွဲ့

    ကြမ်းကြုတ်မှု၊ သတ်ဖြတ်မှုတွေ ပေါ်လာတာကြောင့် ဖိအားများလားတဲ့ မြန်မာနိုင်ငံက ကိုယ့်မင်းကိုယ့်ချင်းအဖွဲ့

    ဧပြီ ၂၂၊ ၂၀၁၈
    M-Media


    – ထင်းခုတ်ဖို့ထွက်သွားတဲ့ လူငယ် ၃ ဦးဟာ ပြန်လမ်းမရှိခဲ့ပါဘူး။ ရက်နဲ့ချီ သောကရောက်ခဲ့ရတဲ့ သူတို့ရဲ့ မိ သားစုတွေဟာ ခပ်ဝေးဝေးက သေနတ်သံတွေကိုသာ ကြားခဲ့ရပါတယ်။

    နာရီပိုင်းအကြာမှာတော့ မိသားစုတွေဟာ အလျင်စလိုမြုပ်ထားတဲ့ ကိုယ်ခန္ဓာ အပိုင်းအစတွေကို တွေ့ခဲ့ရပါတယ်။ မြန်မာနိုင်ငံက တိုက်ပွဲတွေဖြစ်ပွားရာ ကချင်ပြည်နယ်မှာရှိတဲ့ Maikhawng ဒုက္ခသည်စခန်းက သူတို့နေထိုင်ရာ အိမ်နဲ့ ၅ မိုင်အကွာမှာပါ။

    ဒီသတ်ဖြတ်မှုအတွက် မြန်မာစစ်တပ်က စစ်သားတွေမှာ တာဝန်ရှိတယ်လို့ မိသားစုတွေက သံသယရှိနေကြပါတယ်။ ဒါပေမယ့် ကျူးလွန်သူတွေ အရေးယူခံရရေးကိုတော့ သူတို့ မမျှော်လင့်ပါဘူး။

    ပြီးခဲ့တဲ့တနင်္လာနေ့က ကုလရဲ့ နှစ်ပတ်လည်အစီရင်ခံစာမှာ ၂၀၁၇ ခုနှစ်အတွင်း မြန်မာစစ်တပ်က လုပ်ခဲ့တဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အသေးစိတ်ဖော်ပြထားပြီး မြန်မာစစ်တပ်ဟာ ဒီစာရင်းမှာ ပထမဆုံး ထည့်သွင်းခံရတာ ဖြစ်ပါတယ်။ ကုလလုံခြုံရေးကောင်စီကို တင်သွင်းခဲ့တဲ့ ဒီအစီရင်ခံစာမှာ “ရိုဟင်ဂျာလူ့အဖွဲ့အစည်းကို အရှက်တကွဲအကျိုးနည်းအောင်လုပ်ဖို့၊ အကြမ်းဖက်ဖို့နဲ့ သိမ်းကြုံအရေးယူဖို့ သူတို့ရဲ့ဗျူဟာမှာ ခြိမ်းခြောက်တာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေ ထည့်ထားတာ” တွေ့ရကြောင်း ဖော်ပြထားပါတယ်။

    ဒါဟာ ပြည်တွင်းမှာ တပ်မတော်လို့ခေါ်တဲ့ စစ်တပ်ရဲ့ အကြမ်းဖက်မှုပုံစံဖြစ်ပြီး အရပ်သားတွေကို ပြန်ပေးဆွဲတာ၊ နှိပ်စက်တာ၊ သတ်ဖြတ်တာတွေကို ဆယ်စုနှစ်ချီ ထပ်တလဲလဲ လုပ်ခဲ့ပေမယ့် အပြစ်ပေးအရေးယူမှုကို မခံရပါဘူး။

    ဒါပေမယ့် ဒီတစ်ကြိမ်ကတော့ မတူတော့ပါဘူး။ (Maikhawng မှာ) သတ်ဖြတ်မှုအပြီး သိပ်မကြာခင်မှာ ရှေ့နေအဖွဲ့တစ်ခုဟာ ကျန်ရစ်သူ ဆွေမျိုးတွေနဲ့ တွေ့ဆုံခဲ့ပြီး သေမှုသေခင်း စုံစမ်းရေးအရာရှိကို မေးမြန်းဖို့နဲ့ အလောင်းခွဲစိပ်မှု ရလဒ်ကို တောင်းခံဖို့ တိုက်တွန်းခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ လက်ရေးနဲ့ ရေးထားတဲ့ စာရွက်တစ်ရွက်ရခဲ့ပြီး အဲဒီမှာ ဦးခေါင်းခွံကြေမွဒဏ်ရာ၊ သေနတ်ဒဏ်ရာတွေ အကြောင်း အသေးစိတ် ဖော်ပြထားပါတယ်။ ဒါဟာ စစ်သားတွေကျူးလွန်တဲ့ ရာဇ၀တ်မှုကို မသိပါဘူးလို့ တပ်မတော်ကို ငြင်းမရအောင် ဖြစ်စေခဲ့ပါတယ်။

    သတ်ဖြတ်မှုဖြစ်ပွားအပြီး ၇ လအကြာ ဇန်န၀ါရီလမှာ စစ်ခုံရုံးက ဒီကိစ္စအတွက် စစ်သား ၆ ဦးကို ထောင် ၁၀ နှစ်စီ ချခဲ့ပါတယ်။

    “ဒီ(အလောင်းခွဲစိပ်မှု) အစီရင်ခံစာသာ မရှိဘူးဆိုရင် စစ်သားတွေဟာ ပြစ်မှုထင်ရှားမှာ မဟုတ်ပါဘူး” လို့ Shingnip လို့ခေါ်တဲ့ ကချင်ဥပဒေရေးရာ အကူအညီပေးရေးကွန်ယက်က ဥက္ကဌ Kung Naung က ပြောကြားခဲ့ပါတယ်။

    စစ်တပ်ကို သွားထိလို့မရဘူးလို့ ယူဆထားတဲ့တိုင်းပြည်မှာ လူ့အခွင့်အရေးချိုးဖောက်ခဲ့တဲ့ စစ်သားတွေထဲက လက်တစ်ဆုပ်စာလောက်ကို ရှေ့နေတွေကြောင့် ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ပြစ်ဒဏ်ချမှတ်နိုင်ခဲ့တာဟာ ဖြစ်တောင့်ဖြစ်ခဲ ကိစ္စပါ။ ရှေ့နေ အယောက် ၂၀ လောက်ပါဝင်တဲ့ ဒီအဖွဲ့ဟာ အခမဲ့ ရှေ့လိုက်ပေးကြသလို သူတို့ ရဲ့ရုံးခန်းအဖြစ် အသုံးပြုတဲ့ သစ်သားအိမ်အတွက် အိမ်ငှားခကိုလည်း သူတို့ရဲ့ အိတ်ထဲက ကျခံသုံးစွဲကြပါတယ်။

    စစ်တပ်နဲ့ ကချင်လက်နက်ကိုင်တွေအကြား ၁၇ နှစ်တာ ကြာမြင့်ခဲ့တဲ့ အပစ်ရပ်ရေး ကျိုးပျက်သွားပြီးတဲ့နောက် အစိုးရစစ်သားတွေက ကချင်ပြည်သူတွေအပေါ် ကျူးလွန်မှုတွေ မြင့်တက်လာပြီး သိပ်မကြာခင် ၂၀၁၁ ခုနှစ်မှာ Shingnip အဖွဲ့ကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တည်ထောင်ခဲ့တာဖြစ်တယ်လို့ Khun Naung က ပြောပါတယ်။

    “ဘယ်သူမှ မထိရဲတဲ့ အမှုတွေအားလုံးကို သူတို့ ကိုင်တာဗျ” လို့ Maihkawng က အမှုကို စောင့်ကြည့်နေတဲ့ Fortify Rights ရဲ့ မြန်မာအခြေစိုက် သုတေသနပညာရှင် ဒေးဗ် ဘော့လ်က်က ပြောပါတယ်။

    စစ်တပ်ဟာ အရေးယူခံရမှုကနေ လွတ်မြောက်နေတာကို တိုက်ဖျက်ဖို့အတွက် ဒီကိစ္စဟာ ပထမခြေလှမ်းဖြစ်ပေမယ့် တကယ့်တရားမျှတမှုကို ရဖို့ကတော့ အလှမ်းဝေးနေသေးတယ်လို့ သူက ဆိုပါတယ်။ တစ်ချက်က ကြားနာမှုတွေကို လျှို့ဝှက် ဆောင်ရွက်နေတာကြောင့်ပါ။

    “တပ်မတော်ဟာ အသတ်ခံရသူတွေရဲ့ မိသားစုတွေကို ဘာမှ ပေးမသိဘဲ ၅ လလောက် ပစ်ထားခဲ့တယ်”

    အာဏာပိုင်တွေက ပြစ်ဒဏ်ချခံရသူတွေကို ဘယ်မှာချုပ်ထားသလဲဆိုတာ မပြောတာကြောင့် ဒီကိစ္စနဲ့ အခြားအမှုတွေမှာ စစ်သားတွေဟာ တကယ်ပဲ ထောင်ဒဏ်ကျခံရသလားဆိုတဲ့ သံသယတွေလည်း ရှိနေပါတယ်။

    ရဲတပ်ဖွဲ့ဟာ စစ်တပ်ရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေတာကြောင့် Shingnip နဲ့ အခြားအဖွဲ့တွေရဲ့ စုံစမ်းစစ်ဆေးမှုဟာ ပဋိပက္ခဒေသတွေက ပြည်သူတွေအတွက် မစားဘဲစွန့်ရတဲ့ တာဝန်ခံမှုတစ်ခုပါ။

    Shingnip ဟာ ပြီးခဲ့တဲ့နှစ်မှာ စစ်သားတစ်ဦးကို လူသတ်မှုနဲ့ ထောင် ၂ နှစ်ကျသွားအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အဲဒီစစ်သားဟာ မြစ်ကြီးနားကလမ်းပေါ် လူမြင်ကွင်းမှာပဲ Gum Seng Awng ဆိုတဲ့ ကျောင်းသားတစ်ဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။ မျက်မြင်သက်သေ တော်တော်များများက ဒီအကြောင်းပြောပြဖို့ တော်
    တော်ကြောက်နေတာပါ။ ဒါပေမယ့် Shingnip က သက်သေထွက်ဆိုပေးလို့ လူနှစ်ယောက်ကို ရှာနိုင်ခဲ့ပါတယ်။

    ထောင်ဒဏ် ၂ နှစ်ဆိုတာဟာ မိသားစုက မျှော်လင့်ထားတဲ့ ပြစ်ဒဏ်ထက် အများကြီးကို နည်းပါတယ်။ Shingnip ဟာ အဲဒီစစ်သားကို လူသာမှုနဲ့ တရားစွဲနိုင်ရေး အကြိမ်ကြိမ် ကြိုစားခဲ့ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ဆောင်ရွက်မှုဟာ Gum Seng Awang သေဆုံးမှုကို ပုံပြောင်းတဲ့ကိစ္စမှာ ပါဝင်သွားတဲ့ သူ့သူငယ်ချင်းတွေ လွတ်မြောက်ဖို့ကို ဦးတည်ခဲ့ရပါတယ်။ စစ်တပ်က သူ့သူငယ်ချင်းတွေဟာ စစ်သားတွေဆီက သေနတ်ကို ခိုးပြီး ပစ်ဖို့ ကြိုးစားခဲ့တယ်လို့ ပြောကြားခဲ့ပြီး မျက်မြင်သက်သေတွေကတော့ ဒါဟာ မဟုတ်ဘူးလို့ ဆိုပါတယ်။

    အခြားထွက်ဆိုမှုတွေကလည်း ယုံကြည်စရာ သိပ်မရှိပါဘူး။

    “သတင်းစာရှင်းလင်းပွဲမှာ စစ်သားတစ်ယောက်က သူဟာ ဒီလမ်းကြောင်းအတိုင်း စခန်းကို ပြန်လာပြီး လမ်းမှာ Gum Seng Awng က တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်” လို့ Khun Naung က သူ့ရုံးန်းက ၀ှိုက်ဘုတ်မှာ အကြမ်းဆွဲထားတဲ့ မြစ်ကြီးနားမြေပုံကို ပြပြီး ပြောပါတယ်။

    ဒီလမ်းကြောင်းထက် ပိုပြီး တိုတဲ့လမ်းတွေရှိတာကြောင့် ဒီထွက်ဆိုချက်ဟာ အဓိပ္ပါယ်မရှိဘူးလို့ သူက ထပ်ပြောပါတယ်။

    “စစ်သားတွေက သူတို့နောက်လိုက်ပြီး ပြဿနာရှာတယ်ဆိုတာ ထင်ရှားပါတယ်”

    စစ်တပ်ဟာ တစ်ချို့အမှုတွေကိုသာရွေးပြီး ဘာ့ကြောင့် တရားစွဲဆိုတာလဲဆိုတာ မရှင်းပါဘူး။ ဒါပေမယ့် တက်ကြွလှုပ်ရှားသူတွေ၊ ရှေ့နေတွေနဲ့ ဂျာနယ်လစ်တွေရဲ့ အမှန်တရားဖော်ထုတ်မှုက အဓိကအခန်းကဏ္ဍကနေ ပါဝင်ပါတယ်။

    ကုလက လူမျိုးတုန်းသတ်ဖြတ်မှုမြောက်တယ်လို့ ပြောကြားထားတဲ့ ရခိုင်ပြည်နယ်က စစ်ဆင်ရေးအတွင်းမှာ ရိုဟင်ဂျာအမျိုးသား ၁၀ ဦးကို အစုလိုအပြုံလိုက် သတ်ဖြတ်မှုမှာ ပါဝင်ခဲ့တဲ့အတွက် စစ်သားနဲ့ အရာရှိ ၁၀ ဦးကို အခုလအစောပိုင်းမှာ စစ်တပ်က ထောင် ၁၀ နှစ်စီ ချခဲ့ပါတယ်။

    အဲဒီသတ်ဖြတ်မှုကို ရိုက်တာ သတင်းသမားနှစ်ဦးက ဖော်ထုတ်ခဲ့တာဖြစ်ပြီး သူတို့တွေကတော့ ထောင် ၁၄ နှစ်လောက် ကျခံရနိုင်တဲ့ အစိုးရ လျှို့ဝှက်ချက်အက်ဥပဒေနဲ့ တရားစွဲဆိုခံထားရပါတယ်။ အဲဒီအထဲက သတင်းထောက်တစ်ယောက်ဖြစ်တဲ့ ၀လုံးဟာ ၂၀၁၆ ခုနှစ်က ရှမ်းပြည်နယ်အရှေ့ပိုင်းက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခုကို သတင်းလိုက် ဖော်ထုတ်ခဲ့ပြီး အဲဒီအမှုအတွက် စစ်သား ၇ ဦး ထောင် ၅ နှစ်စီ ကျသွားခဲ့ပါတယ်။

    အဲဒီကိစ္စနှစ်ခုစလုံးမှာ စစ်တပ်ဟာ အရပ်သားတွေအပေါ် ကျူးလွန်နိုင်တဲ့ ဥပေဒတွေ၊ ပေါ်လစီတွေကို ပြောင်းလဲဖို့ ဘာမှ မလုပ်ခဲ့ဘူးလို့ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးကို မြှင့်တင်ပေးရေး ဆောင်ရွက်နေတဲ့ International Commission of Jurists က မြန်မာနိုင်ငံဆိုင်ရာ ဥပဒေအကြံပေး ရှောင်ဘိန်းက ပြောကြားခဲ့ပါတယ်။

    ငြင်းလို့မရတဲ့ အထောက်အထားတွေ ပေါ်လာမှသာ တပ်မတော်ဟာ အဖတ်ပြန်ဆယ်ဖို့ သတ်ဖြတ်မှုတွေဖြစ်ခဲ့ကြောင်း ၀န်ခံတာလို့ သူက ဆိုပါတယ်။

    “ဒါတွေအားလုံးဟာ လူမြင်ကောင်းအောင် လုပ်တာမျိုးပါ”

    Ref: The Guardian

    ( The Guardian သတင်းဌာနတွင် ဖော်ပြထားသည့် ‘Untouchable’ Myanmar army under fire over torture and murder claims ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  • ပါလက်စတိုင်းပညာရှင် လုပ်ကြံခံရမှု နိုင်ငံခြားထောက်လှမ်းရေးလက်ချက် ဖြစ်နိုင်ဟု မလေးရှားပြော

    ပါလက်စတိုင်းပညာရှင် လုပ်ကြံခံရမှု နိုင်ငံခြားထောက်လှမ်းရေးလက်ချက် ဖြစ်နိုင်ဟု မလေးရှားပြော

    ဧပြီ ၂၂၊ ၂၀၁၈
    M-Media

    လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် ဖာဒီ အလ်-ဘက်ရှ်

    – မနေ့က ကွာလာလမ်ပူမှာ ပါလက်စတိုင်း သိပ္ပံပညာရှင်တစ်ဦး လုပ်ကြံသတ်ဖြတ်ခံရမှုဟာ နိုင်ငံခြားအဖွဲ့အစည်းတစ်ခုရဲ့လက်ချက် ဖြစ်နိုင်တယ်လို့ မလေးရှားရဲတပ်ဖွဲ့က အတည်ပြုပြောကြားလိုက်ပါတယ်။

    ဖာဒီ အလ်-ဘက်ရှ်ဆိုသူဖြစ်ပြီး မနေ့က စတာပက်မှာရှိတဲ့ သူ့နေအိမ်ကနေ အာရုဏ်တက်ဝတ်ပြုဖို့ ဗလီကိုအသွား သေနတ်သမားနှစ်ဦးရဲ့ ပစ်ခတ်သတ်ဖြတ်မှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။ သူရဲ့ မိသားစုနဲ့ ဂါဇာကမ်းမြှောင်က ဟားမက်စ်အဖွဲ့တို့ကတော့ ဒါဟာ အစ္စရေးထောက်လှမ်းရေး မိုဆာ့ဒ်ရဲ့ လက်ချက်ဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။ အလ်-ဘက်ရှ်ဟာ ဟားမက်စ်အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ်။

    မလေးရှားရဲတပ်ဖွဲ့က သူတို့ဟာ အလောင်းခွဲစိပ်စစ်ဆေးမှုကို ဒီနေ့မနက်မှာ လုပ်ဆောင်ခဲ့ပြီး ရှုထောင့်ပေါင်းစုံကနေ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ရှုထောင့်ပေါင်းစုံကနေ ကျွန်တော်တို့ စုံစမ်းစစ်ဆေးမှု လုပ်နေပါတယ်။ ကျွန်တော်တို့ဟာ ဒီကိစ္စကို တော်တော်လေး သေသေချာချာ စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးရပါမယ်။ ဒါဟာ နိုင်ငံတကာပြဿနာပါ” လို့ ရဲတပ်ဖွဲ့အကြီးအကဲ မဇ်လန် လာဇင်းမ်က ပြောပါတယ်။

    မလေးရှား ဒုတိယ၀န်ကြီးချုပ် အဟ်မဒ် ဇာဟစ် ဟာမီဒီက သတ်ဖြတ်ခဲ့တယ်လို့ သံသယရှိသူတွေဟာ နိုင်ငံခြားထောက်လှမ်းရေးနဲ့ ဆက်စပ်နေတဲ့ ဥရောပသားတွေဖြစ်တယ်လို့ ယုံကြည်ရကြောင်း ပြောကြားခဲ့ပါတယ်။

    အလ်-ဘက်ရှ်ဟာ အစ္စရေးရဲ့ ပိတ်ဆို့မှုကြောင့် အတိဒုက္ခရောက်နေတဲ့ ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်က စွမ်းအင်ကဏ္ဍကို ကူညီပံ့ပိုးပေးနေသူတစ်ဦးဖြစ်တယ်လို့ ဟားမက်စ်အဖွဲ့က ပြောကြားထားပါတယ်။

    ၂၀၁၆ ခုနှစ် ဒီဇင်ဘာက ပါလက်စတိုင်း ဒရုန်းကျွမ်းကျင်သူ မိုဟာမက် အလ်-ဇာဝါရီဟာ တူနီးရှားမှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပြီး ဟားမက်စ်က အစ္စရေးလက်ချက်ဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။

    အစ္စရေးဟာ ပါလက်စတိုင်း တက်ကြွလှုပ်ရှားသူ တော်တော်များများကို လုပ်ကြံသတ်ဖြတ်မှုတွေ လုပ်ခဲ့တယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ထားကြပြီး အများစုဟာ နိုင်ငံရပ်ခြားမှာ နေထိုင်တဲ့သူတွေ ဖြစ်ပါတယ်။

    Ref: Aljazeera

  • ကလေးများအား အဓမ္မကျင့်သည့် မုဒိမ်းကောင်များကို သေဒဏ်ပေးရန် အိန္ဒိယ အတည်ပြု

    ကလေးများအား အဓမ္မကျင့်သည့် မုဒိမ်းကောင်များကို သေဒဏ်ပေးရန် အိန္ဒိယ အတည်ပြု

    ဧပြီ ၂၂၊ ၂၀၁၈
    M-Media

    ကလေးငယ်များအပေါ် ကျူးလွန်သူများကို ပြင်းပြင်းထန်ထန်အပြစ်ပေးရေး ဆန္ဒပြမှု

    – ကလေးငယ်တွေကို အဓမ္မကျင့်တဲ့ မုဒိမ်းကောင်တွေကို သေဒဏ်ပေးဖို့အတွက် အိန္ဒိယအစိုးရဟာ မနေ့မှာ အတည်ပြုလိုက်ပါတယ်။

    ဓနသဟာယနိုင်ငံများ ထိပ်သီးအစည်းအဝေးကနေ ပြန်ရောက်လာတဲ့ ၀န်ကြီးချုပ်မိုဒီဟာ အစိုးရအဖွဲ့ အစည်းအဝေး ခေါ်ဆိုကာ အသက် ၁၂ နှစ်အောက် ကလေးငယ်တွေအပေါ် ကျူးလွန်သူတွေကို သေဒဏ်လို ကြီးလေးတဲ့ ပြစ်ဒဏ်ပေးရေးအတွက် လက်ရှိ ကျင့်သုံးနေတဲ့ လိင်အကြမ်းဖက်မှုမှ ကလေးငယ်များအား ကာကွယ်ပေးရေး ဥပဒေကို ပြင်ဆင်ဖို့ အတည်ပြုခဲ့တာပါ။

    အိန္ဒိယကထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသမှာ အသက် ၈ နှစ်အရွယ် မွတ်စလင်မိန်းလေးငယ်တစ်ဦးကို ဟိန္ဒူအစွန်းရောက်တစ်စုက ပြန်ပေးစွဲကာ အုပ်စုဖွဲ့ အဓမ္မကျင့် သတ်ဖြတ်ခဲ့တဲ့ သတင်းပေါ်ထွက်လာခဲ့ပြီးတဲ့နောက် အိန္ဒိယပြည်သူတွေဟာ နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပြီး မုဒိမ်းကောင်တွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးရေး အစိုးရကို ဖိအားပေးခဲ့ပါတယ်။

    မနေ့က အစိုးရအဖွဲ့အစည်းအဝေးမှာ ကလေးငယ်တွေအပေါ် ကျူးလွန်တဲ့ မုဒိမ်းကောင်တွေအတွက် အနိမ့်ဆုံးပြစ်ဒဏ် တိုးမြှင့်ဖို့လည်း ဆုံးဖြတ်ခဲ့ပါတယ်။

    ၂၀၁၂ ခုနှစ်က မြို့တော်ဒေလီမှာ ကျောင်းသူတစ်ဦး ရက်ရက်စက်စက် အုပ်စုဖွဲ့ အဓမ္မကျင့်ခံရမှုနောက်ပိုင်း ၂၀၁၃ ခုနှစ်မှာ အိန္ဒိယဟာ အဓမ္မကျင့်မှုဆိုင်ရာ ဥပဒေတွေကို တင်းကြပ်ခဲ့ပါသေးတယ်။

    ဒါပေမယ့် ကလေးငယ်တွေအပေါ် အဓမ္မကျင့်မှုအပါအ၀င် လိင်အကြမ်းဖက်မှုဟာ နိုင်ငံတစ်ဝှမ်း ဆက်လက်ဖြစ်ပွားနေခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ကလေးငယ်တွေအပေါ် အဓမ္မကျင့်မှု ၁၁၀၀၀ လောက် ဖြစ်ခဲ့ပါတယ်။

    ကက်ရှ်မီးယားက မွတ်စလင်မိန်းကလေးငယ် အုပ်စုဖွဲ့အဓမ္မကျင့်ခံရမှုအပြင် မိုဒီရဲ့ BJP ပါတီက အကြီးတန်းတာဝန်ရှိသူတစ်ဦး အူတာပရာဒက်ရှ်ပြည်နယ်မှာ အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မကျင့်မှုတစ်ခုလည်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပေါ်လာခဲ့ပြီး လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ဖြစ်ခဲ့တဲ့ ဒီကိစ္စကို ရဲတွေနဲ့ အစိုးရအာ ဏာပိုင်တွေက ကာကွယ်ပေးခဲ့တယ်ဆိုတဲ့သတင်းကြောင့် ပြည်သူတွေက အကြီးအကျယ် ဝေဖန်ခဲ့ကြပါတယ်။

    Ref : CNA

  • တနင်္ဂနွေနေ့မနက် နိုင်ငံတကာသတင်းများ

    တနင်္ဂနွေနေ့မနက် နိုင်ငံတကာသတင်းများ

    ဧပြီ ၂၂၊ ၂၀၁၈
    M-Media

    ကွယ်လွန်သွားသည့် ကမ္ဘာ့အသက်အကြီးဆုံး အဘွားအို တာဂျီမာ

    ဆော်ဒီဘုရင့်နန်းတော်အနီး ဒရုန်းတစ်ခုကို ပစ်ချ
    ==========
    ဘုရင့်နန်းတော်အနီးမှာ ပျံဝဲနေတဲ့ ကစားစရာ ဒရုန်းတစ်ခုကို ပစ်ချလိုက်တယ်လို့ ဆော်ဒီအစိုးရက မနေ့မှာ သတင်းထုတ်ပြန်ခဲ့ပြီး ဒီအတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့လည်း ဆိုပါတယ်။ ဒရုန်းကို စက္ကန့် ၃၀ ကြာ ပစ်ခတ်ခဲ့တဲ့ ဗီဒီယိုတစ်ခု ဆိုရှယ်မီဒီယာတွေမှာ ပျံနှံ့ခဲ့တာကြောင့် ဆော်ဒီမှာ နိုင်ငံရေး မငြိမ်သက်မှုတွေ ဖြစ်ပြီလားဆိုတဲ့ ပြောကြားမှုတွေလည်း ပေါ်ထွက်လာပါတယ်။ ဒီအဖြစ်အပျက်ဖြစ်ပွားချိန် ဆော်ဒီဘုရင် ဆလ်မန်ဟာ နန်းတော်မှာ ရှိမနေပါဘူး။

    ဂျပန်နိုင်ငံမှ ကမ္ဘာ့အသက်အကြီးဆုံး အဘွားအို ကွယ်လွန်
    ===============
    ကမ္ဘာ့အသက်အကြီးဆုံးဖြစ်တဲ့ ဂျပန်နိုင်ငံက အသက် ၁၁၇ နှစ်အရွယ်အဖွားအို နဘီ တာဂျီမာဟာ မနေ့က သူမရဲ့ဇာတိမြို့ ကီကိုင်းမှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူမဟာ ဇန်န၀ါရီလကတည်းက ကျန်းမာရေးကြောင့် ဆေးရုံတက်ခဲ့ရတာ ဖြစ်ပါတယ်။ တာဂျီမာဟာ ၂၀၁၇ ခုနှစ် ဇူလိုင်လ အသက် ၁၁၇ နှစ်မှာ ကမ္ဘာ့အသက်အကြီးဆုံးအဖြစ် စာရင်းဝင်ခဲ့တာပါ။ ဂျပန်နိုင်ငံက အသက် ၁၁၆ နှစ်အရွယ် အမျိုးသမီး ချီယို ယိုရှီဒါဟာ လက်ရှိမှာ ကမ္ဘာ့အသက်အကြီးဆုံးလူသား ဖြစ်လာပါတယ်။

    တရုတ်တွင် နဂါးလှေမှောက်မှု ၁၇ ဦးသေဆုံး
    ===============
    တရုတ်နိုင်ငံတောင်ပိုင်းမှာ မနေ့က နဂါးလှေ ၂ စီး နစ်မြုပ်ခဲ့တဲ့အတွက် လူ ၁၇ ဦးသေဆုံးခဲ့တယ်ုလို့ Xhinhua သတင်းဌာနက ဖော်ပြပါတယ်။ ပြိုင်ပွဲဝင်ဖို့ လေ့ကျင့်နေတဲ့အချိန်မှာ ဒီလို တိမ်းမှောက်ခဲ့တာဖြစ်ပြီး လူ ၆၀ လောက် ရေနစ်ခဲ့ပေမယ့် ၄၀ ကို ကယ်တင်နိုင်ခဲ့ပါတယ်။ ရွာသားတွေဟာ ရဲတပ်ဖွဲ့ကိုအကြောင်းမကြားဘဲ လေ့ကျင်မှုလုပ်ခဲ့တဲ့အတွက် စီစဉ်သူ ၂ ဦးကိ အာဏာပိုင်တွေက ထိန်းသိမ်းခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ နဂါးလှေလှော်ပြိုင်ပွဲကို နှစ်စဉ် ကျင်းပလေ့ရှိပါတယ်။

    ကန်ဘဏ္ဍာရေးဝန်ကြီး တရုတ်သွားမယ်
    =====================
    တရုတ်နဲ့ အမေရိကန်အကြား လတ်တလောဖြစ်နေတဲ့ ကုန်သွယ်ရေတင်းမာမှုကိစ္စ ဆွေးနွေးဖို့အတွက် ဘေဂျင်းကိုသွားဖို့ စဉ်းစားနေတယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စတီဗင်မူချင်က မနေ့မှာ ပြောကြားခဲ့ပါတယ်။ ကမ္ဘာ့ စီးပွားရေးအင်အားကြီးနိုင်ငံနှစ်ခုဟာ သွင်းကုန်တွေအပေါ် အခွန်တွေ တိုးကောက်မယ်လို့ အပြန်အလှန်ကြေငြာခဲ့ပြီး ကမ္ဘာ့စီးပွားရေး ကမောက်ကမ ဖြစ်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

    Ref: CNA, Aljazeera