News @ M-Media

Blog

  • Starbucks က အမေရိကန်ရှိ ၀န်ထမ်းများကို လူမျိုးရေးခွဲခြားမှု တိုက်ဖျက်ရေး အသိပညာပေးမည်

    Starbucks က အမေရိကန်ရှိ ၀န်ထမ်းများကို လူမျိုးရေးခွဲခြားမှု တိုက်ဖျက်ရေး အသိပညာပေးမည်

    ဧပြီ ၁၈၊ ၂၀၁၈
    M-Media

    ဆိုင်အတွင်း ပြည်သူများ ဆန္ဒပြနေမှုကို ရဲတပ်ဖွဲ့ဝင်များ စောင့်ကြပ်နေပုံ

    – ကမ္ဘာကျော် ကော်ဖီဆိုင်တစ်ခုဖြစ်တဲ့ Starbucks ဟာ အမေရိကန်မှာရှိတဲ့ သူ့ဆိုင်ခွဲ ၈၀၀၀ ကို မေလ ၂၉ ရက်နေ့မှာ နေ့တစ်ဝက်ပိတ်ပြီး ၀န်ထမ်းတွေကို လူမျိုးရေးခွဲခြားမှုတိုက်ဖျက်ရေး အသိပညာပေးအစီအစဉ် ပြုလုပ်သွားမယ်လို့ ကြေငြာလိုက်ပါတယ်။

    ဖီလာဒဲလ်ဖီးယားက Starbucks ကော်ဖီဆိုင်မှာ လူမည်းနှစ်ယောက် လာထိုင်တာကို မန်နေဂျာက ရဲခေါ်ဖမ်းခိုင်းတဲ့ကိစ္စအတွက် ပြည်သူလူထုရဲ့ဝေဖန်မှုတွေ ညံသွားတဲ့နောက်ပိုင်း ဒီလိုဆောင်ရွက်မှု ပေါ်ထွက်လာတာပါ။

    Starbucks ရဲ့ ၀န်ထမ်းပေါင်း ၁၇၅၀၀၀ ကို လူမျိုးရေးခွဲခြားမှု တိုက်ဖျက်ရေး ထိပ်တန်း တက်ကြွလှုပ်ရှားသူတွေက အသိပညာပေးသွားမှာ ဖြစ်ပါတယ်။ အခြား လက်ခွဲယူထားတဲ့ ဆိုင် ၆၀၀၀ အတွက် အသိပညာပေးရေးဆိုင်ရာ ပစ္စည်းတွေကို Starbucks ပင်မကုမ္ပဏီက ထောက်ပံ့ပေးသွားမယ်လို့ ဆိုပါတယ်။

    “ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း ကျွန်တော့်ရဲ့ ခေါင်းဆောင်မှုအဖွဲ့နဲ့အတူ ကျွန်တော်ဟာ ဖီလာဒဲလ်ဖီးယားမှာ လူထုအသံကို နားထောင်ခဲ့ပြီး ကျွန်တော်တို့လုပ်တာ မှားသွားကြောင်း၊ ဒီအတွက် ပြန်လည်ဖာထေးဖို့လိုကြောင်း သဘောပေါက်ခဲ့ပါတယ်။ ဒီကိစ္စဟာ Starbucks တစ်ခုတည်းနဲ့သာ သက်ဆိုင်တာမျိုး မဟုတ်ဘဲ ကျွန်တော်တို့ဟာ ဖြေရှင်းမှုမှာ တစ်စိတ်တစ်ပိုင်း ပါဝင်ချင်ပါတယ်” လို့ Starbucks စီအီးအို ကီဗင်ဂျွန်ဆင်က ပြောကြားခဲ့ပါတယ်။

    ပြီးခဲ့တဲ့ကြာသာပတေးနေ့ ဖီလာဒဲလ်ဖီးယားကဆိုင်မှာ ဘာမှမမှာဘဲ လာထိုင်နေတဲ့ လူမည်းနှစ်ယောက်ကို ဆိုင်မန်နေဂျာက ရဲခေါ်ဖမ်းခိုင်းတဲ့ကိစ္စအတွက်လည်း ဂျွန်ဆန်က တောင်းပန်ခဲ့ပါတယ်။ အဲဒီလူမည်းနှစ်ယောက်က သူတို့ဟာ သူငယ်ချင်းတစ်ဦးကို စောင့်နေတာလို့ ပြောကြားခဲ့ပါတယ်။

    သူတို့ဖမ်းဆီးခံရတဲ့ ဗီဒီယိုဟာ ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့ခဲ့ပြီးတဲ့နောက် အမေရိကန်ပြည်သူတွေဟာ Starbucks ကို ဝေဖန်ပြစ်တင်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

    ကုမ္ပဏီရဲ့ ရှေ့နေအဖွဲ့က ဂျွန်ဆင်ဟာ ဒီလူမည်းနှစ်ယောက်နဲ့ တွေ့ဆုံခဲ့ပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ လုပ်ခဲ့ကြတယ်လို့ ပြောကြားခဲ့ပါတယ်။

    ရဲခေါ်ဖမ်းခိုင်းတဲ့ ဆိုင်မန်နေဂျာကိုလည်း အလုပ်ဖြုတ်လိုက်တယ်လို့ Starbucks က ကြေငြာခဲ့ပါတယ်။

    Ref: RT

  • ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအို ကြိုးဝိုင်းအတွင်းသို့ ပြန်လာမည်

    ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအို ကြိုးဝိုင်းအတွင်းသို့ ပြန်လာမည်

    ဧပြီ ၁၈၊ ၂၀၁၈
    M-Media

    – တစ်နှစ်ကျော်ကြာ အနားယူနေတဲ့ ဖိလစ်ပိုင်လက်ဝှေ့ကျော် မန်နီ ပက်ကွီအိုဟာ လက်ဝှေ့ကြိုးဝိုင်းထဲ ပြန်လည်ဝင်ရောက်မယ်လို့ ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    အာဂျင်တီးနားက WBA ၀ယ်သာဝိတ်ချိန်ပီယံ လူးကက်စ် မက်သိုင်ဆီနဲ့ ဇူလိုင်လ ၁၅ ရက်နေ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ထိုးသတ်မှာဖြစ်တယ်လို့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ခဲ့ပါတယ်။

    “ကျွန်တော့်ခေတ် မကုန်သေးပါဘူး။ ဒါကို ဇူလိုင်လ ၁၅ ရက်နေ့မှာ သက်သေပြဖို့ ကြိုးစားသွားမှာပါ။ ကျွန်တော် မခန့်မှန်းတတ်ဘူး။ ဒါပေမယ့် အလဲထိုးအနိုင်ရအောင် ကျွန်တော် အကောင်းဆုံး လုပ်သွားမှာပါ” လို့ အသက် ၃၉ နှစ်အရွယ် ပက်ကွီအိုက ပြောကြားခဲ့ပါတယ်။

    ပက်ကွီအိုရဲ့ နောက်ဆုံးပွဲဟာ လွန်ခဲ့တဲ့ ၉ လက သြစတေးလျ ဘောက်ဆာသမား ဂျက်ဖ်ဟွန်းနဲ့ ထိုးသတ်ခဲ့တဲ့ပွဲဖြစ်ပြီး ပက်ကွီအိုက အံ့ဖွယ် ရှုံးနိမ့်ခဲ့ပါတယ်။

    သူဟာ ၂၀၁၅ ခုနှစ် မေလမှာလည်း အမေရိကန်လက်ဝှေ့သမား ဖလွိုဒ် မေ၀ယ်သာကို ရှုံးနိမ့်ခဲ့ပါတယ်။ ပက်ကွီအိုနဲ့ မေ၀ယ်သာတို့ရဲ့ပွဲဟာ ကမ္ဘာ့လက်ဝှေ့သမိုင်းမှာ ကြေးအကြီးဆုံး ပွဲတွေထဲက တစ်ပွဲအဖြစ် စာရင်းဝင်ခဲ့ပါတယ်။

    ပက်ကွီအိုဟာ လက်ရှိမှာ ဖိလစ်ပိုင် လွှတ်တော်အမတ်လည်း ဖြစ်ပါတယ်။

    Ref: Aljazeera

  • ကမ္ဘာ့ပထမဆုံး Hyperloop စနစ်ကို ယူအေအီးတွင် အကောင်အထည်ဖော်မည်

    ကမ္ဘာ့ပထမဆုံး Hyperloop စနစ်ကို ယူအေအီးတွင် အကောင်အထည်ဖော်မည်

    ဧပြီ ၁၈၊ ၂၀၁၈
    M-Media

     


    – ကမ္ဘာ့နောက်ဆုံးပေါ် ပို့ဆောင်ရေးစနစ်ဖြစ်တဲ့ Hyperloop စနစ်ကို တည်ဆောက်နိုင်ဖို့အတွက် ယူအေအီးနိုင်ငံ အဘူဒါဘီအခြေစိုက် အိမ်ခြံမြေလုပ်ငန်း Aldar Properties PJSC နဲ့ ပြင်သစ်အခြေစိုက် Hyperloop နည်းပညာကုမ္ပဏီ HyperloopTT တို့အကြား သဘောတူစာချုပ်တစ်ခု ဒီကနေ့မှာ ချုပ်ဆိုလိုက်ပါတယ်။

    ယူအေအီးရဲ့ ဒီစီမံကိန်းမှာ အဘူဒါဘီနဲ့ ဒူဘိုင်းအကြား ပြေးဆွဲမယ့် ၁၀ ကီလိုမီတာအရှည် Hyperloop လမ်းကြောင်းအပြင် တီထွင်ဖန်တီးမှုစင်တာ XO Square Innovation Center၊ ဧည့်သည်တွေ လေ့လာနိုင်မယ့် Hyperloop Visitor Center တို့လည်း ပါဝင်မှာ ဖြစ်ပါတယ်။

    ဒီ ၁၀ ကီလိုမီတာ စီးပွားဖြစ်လမ်းကြောင်း ၂၀၂၀ မှာ ပြီးစီးသွားရင် အဘူဒါဘီနဲ့ ဒူဘိုင်းမြို့ကို ၁၂ မိနစ်နဲ့ အရောက်သွားနိုင်မှာ ဖြစ်ပါတယ်။ နောက်ပိုင်း ယူအေအီးနိုင်ငံတစ်ဝှမ်းလုံးမှာ ဒီစနစ်ကို ထပ်မံတိုးချဲ့သွားဖို့လည်း ရှိနေပါတယ်။

    Hyperloop ဆိုတာ ကြီးမားတဲ့ လှိုင်ခေါင်းကြီးထဲမှာ ရထားတွဲလို အတွဲမျိုးကို သံလိုက်အားအသုံးပြုကာ မောင်းနှင်ပေးတဲ့စနစ်ဖြစ်ပြီး တစ်နာရီကို မိုင် ၇၅၀ လောက် သွားနိုင်မှာဖြစ်ပါတယ်။ ဒီနည်းပညာကို ၂၀၁၃ ခုနှစ်မှာ ဘီလီယံနာ အေလွန်မက်စ်က ချပြခဲ့တာပါ။

    HyperloopTT ဟာ အခုလအစောပိုင်းမှာ လူတင်ဆောင်နိုင်မယ့် ပထမဆုံး Hyperloop အတွဲကို စတင်တည်ဆောက်ခဲ့ပြီး ပြင်သစ်နိုင် တူးလော့စ်မြို့မှာ စမ်းသပ်ပြခဲ့ပါတယ်။ အခုနှစ်ကုန်ပိုင်းမှာတော့ လူတင်ပြီး စမ်းသပ်ဖို့ ရှိနေပါတယ်။ အဲဒီအတွဲတွေကို ယူအေအီးမပို့ခင် တူးလော့စ်မှာပဲ တည်ဆောက်မှာ ဖြစ်ပါတယ်။

    “ဒီသဘောတူညီချက်ဟာ ကမ္ဘာ့ပထမဆုံး Hyperloop စနစ် ယူအေအီးမှာ စတင်ဖို့ ဖောင်ဒေးရှင်းဖြစ်ပြီး တစ်ဖြည်းဖြည်းနဲ့ အဘူဒါဘီကနေ အလ်အိန်း၊ ဒူဘိုင်း၊ ဆော်ဒီက ရီယာ့ဒ်မြို့အထိ ဆက်သွယ်ဖို့ ရှိပါတယ်။ ပုံမှန် ပံ့ပိုးမှုနဲ့အတူ ပထမဆုံးလမ်းပိုင်းကို Expo 2020 အမီ ပြေးဆွဲနိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်” လို့ HyperloopTT ရဲ့ ဥက္ကဌ ဘီဘော့ပ် ဂရက်စ်တာက ပြောကြားခဲ့ပါတယ်။

    Ref: Khalej Times

  • လက်နက်ထုတ်လုပ်ရန် မည်သူ့ခွင့်ပြုချက်မှ စောင့်မနေဟု အီရန်ပြော

    လက်နက်ထုတ်လုပ်ရန် မည်သူ့ခွင့်ပြုချက်မှ စောင့်မနေဟု အီရန်ပြော

    ဧပြီ ၁၈၊ ၂၀၁၈
    M-Media

    စစ်ရေးပြအခမ်းအနားတွင် တွေ့ရှသည် ရူဟာနီ

    – နိုင်ငံကာကွယ်ရေး လိုအပ်သည့် လက်နက်များကို ထုတ်လုပ်ရန်အတွက် မည်သူ့ထံကမှ ခွင့်ပြုချက်ကို စောင့်နေမည်မဟုတ်ဟု အီရန်သမ္မတ ဟာဆန် ရူဟာနီက ယနေ့တွင် ကျင်းပပြုလုပ်သည့် အီရန်တပ်မတော်နေ့ အခမ်းအနား၌ ပြောကြားလိုက်သည်။

    “လိုအပ်တဲ့လက်နက်တွေ ရှိလာရင် ဖန်တီးတာ၊ ထုတ်လုပ်တာတွေ လုပ်သွားမှာပါ။ ကမ္ဘာကြီးရဲ့ခွင့်ပြုချက်ကို ကျွန်တော်တို့ စောင့်နေမှာ မဟုတ်ပါဘူး”

    ထို့ပြင် ပြည်တွင်းမှလုပ်နိုင်စွမ်းအပေါ် မှီခိုအားထားမှုသည်သာ တိုင်းပြည်၏ စစ်မှန်သော အချုပ်အခြာ အာဏာ၊ စစ်မှန်သောစွမ်းအားအဖြစ် ခံစားရသည်ဟုလည်း ရူဟာနီက ထည့်သွင်းပြောကြားခဲ့သည်။

    ၂၀၁၅ ခုနှစ်က အီရန်နှင့် အင်အားကြီး ၆ နိုင်ငံတို့အကြား ရရှိခဲ့သည့် နျူသဘောတူညီချက်မှ အမေရိကန် ထွက်မသွားရေး ဆွဲဆောင်ရန်အတွက် အီရန်၏ တိုက်ချင်းပစ်ဒုံးကျည် စီမံကိန်းကို ပိတ်ဆို့တားဆီးရန် ဥရောပနိုင်ငံများက စဉ်းစားနေသည်ဟု ပြီးခဲ့သည့်ရက်ပိုင်းအတွင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

    အီရန်ကမူ ၎င်းတို့၏ ဒုံးကျည်စီမံကိန်းနှင့် ပတ်သက်၍ ဆွေးနွေးမည်မဟုတ်ဟု ဆိုပြီး အဆိုပါစီမံကိန်းမှာ တိုင်းပြည်ကာကွယ်ရေးအတွက်ဖြစ်ကြောင်း၊ နျူထိပ်ဖူးသယ်ဆောင်ရန် မဟုတ်ကြောင်း ပြောကြားထားသည်။

    မြို့တော်တီဟီရန်၌ ယနေ့ပြုလုပ်သည့် စစ်ရေးပြအခမ်းအနားတွင် အီရန်မှာ ပြည်တွင်းဖြစ်ဒုံးကျည် Kamin-2 ကို ပြသခဲ့သည်။ အဆိုပါဒုံးကျည်မှာ အနိမ့်ပျံဒရုန်းများကို ပစ်ချနိုင်ရန် ဖန်တီးထားခြင်းဖြစ်သည်။

    ထို့ပြင် အခြားဒုံးကျည်များ၊ ရေဒါစနစ်များ၊ တင့်ကားများ၊ စစ်သုံးယာဉ်များ၊ စနိုက်ပါရိုင်ဖယ်များကိုလည်း အီရန်က စစ်ရေးပြပွဲတွင် ပြသခဲ့သည်။

    ရူဟာနီက အီရန်စစ်တပ်မှာ ဒေသတွင်းနှင့် ကမ္ဘာတစ်ဝှမ်းတွင် မည်သည့်အခါကမှ လွှမ်းမိုးခဲ့ခြင်း မရှိကြောင်း၊ အနောက်နိုင်ငံများက အရှေ့အလယ်ပိုင်းသို့ လက်နက်များ ပိုမို ပေးပို့ကာ ပဋိပက္ခဖြစ်အောင် ဖန်တီးနေကြောင်း၊ ဒေသတွင်း ငြိမ်းချမ်းရေးအတွက် တစ်ခုတည်းသောလမ်းကြောင်းမှာ သံတမန်နှင့် ငြိမ်းချမ်းသော နည်းလမ်းများသာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Aljazeera

  • အမေရိကန်ထောက်လှမ်းရေးအကြီးအကဲ မြောက်ကိုရီးယားခေါင်းဆောင်နှင့် လျှို့ဝှက်တွေ့ဆုံ

    အမေရိကန်ထောက်လှမ်းရေးအကြီးအကဲ မြောက်ကိုရီးယားခေါင်းဆောင်နှင့် လျှို့ဝှက်တွေ့ဆုံ

    ဧပြီ ၁၈၊ ၂၀၁၈
    M-Media

    ပွမ်ပီယို၊ ကင်ဂျုံအန်နှင့် ထရမ့် (၀ဲမှယာ)

    – အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ CIA အကြီးအကဲ မိုက် ပွမ်ပီယိုဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ လျှို့ဝှက်တွေ့ဆုံဖို့အတွက် ပြုံးယမ်ကို သွားရောက်ခဲ့တယ်လို့ အမေရိကန်မီဒီယာတွေက ဖော်ပြပါတယ်။

    ဧပြီ ၁ ရက်နေ့က အဲဒီတွေ့ဆုံမှုဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ကင်ဂျုံအန်တို့ တိုက်ရိုက်ဆွေးနွေးမှုအတွက် ပြင်ဆင်ဖို့ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ ထရမ့်ကလည်း မြောက်ကို ရီးယားနဲ့ အဆင့်မြင့် တိုက်ရိုက်တွေ့ဆုံမှု လုပ်ခဲ့တယ်လို့ စောစောပိုင်းမှာ အတည်ပြုထားပါတယ်။

    အခုလို ပွမ်ပီယို လျှို့ဝှက်သွားရောက်မှုဟာ ၂၀၀၀ ခုနှစ်နောက်ပိုင်း မြောက်ကိုရီးယားနဲ့ အမေရိကန်တို့အကြား အဆင့်အမြင့်ဆုံး ဆက်သွယ်မှု ဖြစ်ပါတယ်။

    “ကျွန်တော်တို့ တိုက်ရိုက်ဆွေးနွေးမှုလုပ်ခဲ့တယ်။ တကယ့်ကို အဆင့်မြင့်ပုဂ္ဂိုလ်အဆင့်ပါ” လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကို ဖလော်ရီဒါမှာ လက်ခံတွေ့ဆုံဖို့ရှိနေတဲ့ ထရမ့်က ပြောကြားခဲ့ပါတယ်။

    ၁၉၅၀-၁၉၅၃ ခု ကိုရီးယားစစ်ပွဲ တရားဝင်အဆုံးသတ်ပြီး ငြိမ်းချမ်းရေး သဘောတူညီချက်ရရေး ကိုရီးယားနှစ်နိုင်ငံအကြား ဆွေးနွေးဖို့ စကားပါးခဲ့တယ်လို့လည်း ထရမ့်က ပြောပါတယ်။

    တောင်ကိုရီးယားကလည်း ဒီပဋိပိက္ခပြေလည်ရေး ဆောင်ရွက်သွားမယ်ဆိုပြီး ပြောကြားထားပါတယ်။

    တောင်ကိုရီးယားသမ္မတ မွန်ဂျယ်အင်နဲ့ ကင်ဂျုံအမ်တို့ဟာ လာမယ့်တစ်ပတ်မှာ တွေ့ဆုံဖို့ရှိနေပြီး ဒီတွေ့ဆုံမှု တစ်စိတ်တစ်ပိုင်းကို တိုက်ရိုက်ထုတ်လွှင့်ဖို့ သဘောတူထားပါတယ်။

    စီအိုင်အေအကြီးအကဲ ပွမ်ပီယို မြောက်ကိုရီးယားကို လျှို့ဝှက်သွားရောက်ခဲ့တယ်ဆိုတဲ့သတင်းကို ၀ါရှင်တန်ပို့စ် သတင်းဌာနက ပထမဆုံး ဖော်ပြခဲ့တာပါ။

    နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန်နေရာမှာ အစားထိုးဖို့အတွက် ပွမ်ပီယိုကို ထရမ့်က အမည်စာရင်းတင်သွင်းပြီး မကြာခင်မှာပဲ ဒီခရီးစဉ် သွားရောက်ခဲ့တာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်နှစ်ခုက ၀ါရှန်ပို့စ်ကို ပြောကြားခဲ့ပါတယ်။

    နောက်ပိုင်းမှာ ဒီသတင်းကို အမေရိကန်အစိုးရရဲ့ အကြီးတန်းတာဝန်ရှိသူနှစ်ဦးက အတည်ပြုကြောင်း Reuters သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အိမ်ဖြူတော်ကတော့ ဒီကိစ္စအတွက် မှတ်ချက်မပေးသေးပါဘူး။

    Ref: BBC