News @ M-Media

Blog

  • မလေးရှားတွင် IS နှင့်ဆက်နွယ်သူ ၄ ဦး ထွက်ပြေးနေပြီး အန္တရာယ်ရှိသည်ဟု အစိုးရက ကြေငြာထား

    မလေးရှားတွင် IS နှင့်ဆက်နွယ်သူ ၄ ဦး ထွက်ပြေးနေပြီး အန္တရာယ်ရှိသည်ဟု အစိုးရက ကြေငြာထား

    ဧပြီ ၁၆၊ ၂၀၁၈
    M-Media

    ထွက်ပြေးလွတ်မြောက်နေသူများ

    – ရဲတပ်ဖွဲ့ကို ပြန်ပေးဆွဲ သတ်ဖြတ်ဖို့နဲ့ မွတ်စလင်မဟုတ်သူတွေရဲ့ ၀တ်ပြုရာနေရာတွေကို တိုက်ခိုက်ဖို့ ကြံစည်မှုမှာ ပါဝင်ပြီး IS အကြမ်းဖက်အဖွဲ့နဲ့ ဆက်စပ်သူ ၄ ဦးကို လိုက်ရှာနေတယ်လို့ မလေးရှားရဲတပ်ဖွဲ့က ဒီကနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

    ဖေဖော်ဝါရီ ၂၇ ရက်နေ့ကနေ မတ်လ ၁ ရက်နေ့အတွင်း ဂျိုဟိုးပြည်နယ်က အကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့ဟာ IS အဖွဲ့ခွဲက လူ ၆ ဦးကို ဖမ်းဆီးနိုင်ခဲ့ပေမယ့် ၄ ဦးက ထွက်ပြေးလွတ်မြောက်နေပြီး အန္တရာယ်ရှိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

    အဲဒီထဲက နှစ်ယောက်ဟာ ကလန်တန်းပြည်နယ်က မလေးရှားနိုင်ငံသား အသက် ၂၉ နှစ်အရွယ် မိုဟာမက် ဖိုက်ဇဲလ် မိုဟာမက် ဟန်နဖီနဲ့ သူ့ရဲ့ဖခင် အသက် ၅၁ နှစ်အရွယ် မိုဟာမက် ဟန်နဖီ ယာဟ် ဆိုသူတွေ ဖြစ်ပါတယ်။ နောက်တစ်ယောက် အသက် ၃၁ နှစ်အရွယ် မလေးရှားနိုင်ငံသား နူရ် ဖာရ်ခန်း မိုဟာမက် အီဆာ ဖြစ်ပြီး ဂျိုးဟိုးကဖြစ်တယ်လို့ ဆိုပါတယ်။

    စတုတ္ထမြောက်တစ်ယောက် ထိုင်နိုင်ငံသား အသက် ၃၇ နှစ်အရွယ် အဝေ ဝေအီယာဆိုသူ ဖြစ်ပါတယ်။

    ရဲတပ်ဖွဲ့က ဒီ လူတွေကို တွေ့ရှိရင် နီးစပ်ရာ ရဲစခန်းကို သတင်းပေးဖို့ ပြည်သူလူထုကို အသိပေးထားပြီး၊ သူတို့ကို ကူညီတာ၊ ဖွက်ပေးထားတာမျိုး လုပ်မယ်ဆိုရင်တော့ ၇ နှစ်ကနေ နှစ် ၃၀ အထိ ထောင်ချခံရမယ်လို့ ဆိုပါတယ်။

    Ref: CNA

  • တနင်္လာနေ့ ဘောလုံးသတင်းတို

    တနင်္လာနေ့ ဘောလုံးသတင်းတို

    ဧပြီ ၁၆၊ ၂၀၁၈
    M-Media

    – မိမိအသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်တော့မယ်ဆိုတာ စက်တင်ဘာလကတည်းက သိခဲ့တယ်လို့ မန်စီးတီးနည်းပြ ဂွာဒီယိုလာက ပြောကြားလိုက်ပြီး၊ ပရီးမီးယားလိဂ်မှာ သူ့အသင်းဟာ လာမယ့်နှစ်တွေကို ဆက်လက် မင်းမူထားနိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။ မန်စီးတီးဟာ ရာသီပြီးဆုံးဖို့ ၅ ပွဲအလို မနေ့ညက ချန်ပီယံ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

    – ပြင်သစ်လိဂ်ဝမ်းမှာ ပီအက်စ်ဂျီအသင်းဟာ မနေ့က အိမ်ကွင်းမှာ လက်ရှိချန်ပီယံ မိုနာကိုအသင်းကို ၇ ဂိုး ၁ ဂိုးနဲ့ အနိုင်ရကာ ရာသီပြီးဆုံးဖို့ ၅ ပွဲအလိုမှာပဲ ချန်ပီယံ ဖြစ်သွားခဲ့ပါတယ်။ အသင်းသမိုင်းတစ်လျှောက် ဈေးအကြီးဆုံး ကစားသမားတစ်ဦးဖြစ်တဲ့ ဘရာဇီးလ်တိုက်စစ်မှူး နေးမာက အသင်းကို ချီးကျူးခဲ့ပြီး ပရိတ်သတ်နဲ့ ပိုမိုနီးကပ်ချင်ကြောင်း Instagram စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    – မန်ယူဟာ ရီးယဲလ်တောင်ပံကစားသမား ဂါရသ်ဘေးလ်ကို ရရှိဖို့အတွက် ကွင်းလယ်လူ ပေါ့ဘာကို အလိုက်ပေးပြီး ကြိုးစားဖို့ ရှိနေတယ်လို့ သတင်းထွက်လာပါတယ်။ ဘေးလ်ဟာ အခုနှစ်နွေရာသီမှာ ရီးယဲလ်ကထွက်ဖို့ ရှိနေပြီး မန်ယူနည်းပြ မော်ရင်ဟိုက ခေါ်ဖို့ ကြိုးစားနေတာပါ။ ရီးယဲလ်အသင်း ဥက္ကဌကတော့ ဘေးလ်နဲ့ လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်တို့ကို လဲချင်နေပါတယ်။

    – လီဗာပူးလ်တိုက်စစ်မှူး ဆာလာဟာ မနေ့က ဘုန်းမောက်ကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲမှာ ဒီရာသီ ပရီးမီးယားလိဂ် သွင်းဂိုး ၃၀ မြောက်ကို သွင်းယူနိုင်ခဲ့ပါတယ်။ ဒ့ါကြောင့် ဆာလာဟ်ဟာ ပရီးမီးယားလိဂ်မှာ တစ်ရာသီအတွင်း ဂိုး ၃၀ သွင်းနိုင်တဲ့ ပထမဆုံး အာဖရိက ကစားသမားဖြစ်လာပြီး၊ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်မှာလည်း ဒီလို သွင်းနိုင်တဲ့ ၈ ယောက်မြောက်ကစားသမား ဖြစ်သွားပါတယ်။

    Ref: Goal, BBC

  • ကမ္ဘာနှင့်တူသော ဂြိုဟ်အမြောက်များရှာဖွေရန် နာဆာက ဂြိုဟ်တုတစ်စင်း တနင်္လာနေ့တွင် လွှတ်မည်

    ကမ္ဘာနှင့်တူသော ဂြိုဟ်အမြောက်များရှာဖွေရန် နာဆာက ဂြိုဟ်တုတစ်စင်း တနင်္လာနေ့တွင် လွှတ်မည်

    ဧပြီ ၁၆၊ ၂၀၁၈
    M-Media

    – အမေရိကန်အာကာသအေဂျင်စီ နာဆာဟာ ကြယ်ပတ်ဂြိုဟ် (Exoplanet) တွေကို ရှာဖွေဖော်ထုတ်ပေးနိုင်မယ့် ဂြိုဟ်တု TESS ကို တနင်္လာနေ့မှာ လွှတ်တင်ဖို့ ရှိနေပြီး သက်ရှိသတ္တ၀ါတွေ နေထိုင်နိုင်မယ့် ဂြိုဟ်တွေ ရှာဖွေရေး စာမျက်နှာသစ်တစ်ခု ဖွင့်လှစ်လိုက်တာလည်း ဖြစ်ပါတယ်။

    ဒီစီမံကိန်းမှာ TESS ဂြိုဟ်တုဟာ ကမ္ဘာနဲ့ အနီးအနားမှာရှိတဲ့ ထောင်နဲ့ချီတဲ့ ကြယ်တွေမှာ ပတ်နေတဲ့ ဂြိုဟ်တွေကို ရှာဖွေသွားမှာဖြစ်ပါတယ်။

    နာဆာကတော့ သိပ္ပံပညာရှင်တွေဟာ ကမ္ဘာအရွယ် ဂြိုဟ် အလုံး ၅၀ လောက်၊ ကမ္ဘာတည်ရှိရာ နေအဖွဲ့အစည်းမှာ စတုတ္ထမြောက်အကြီးဆုံးဖြစ်တဲ့ နက်ပကျွန်းဂြိုဟ်ထက် ကြီးမယ့် အခြား Exoplanet နှစ်သောင်းလောက် ရှာဖွေတွေ့ရှိမယ်လို့ မျှော်လင့်ထားကြောင်း ထုတ်ပြန်ပါတယ်။

    Exoplanet ဆိုတာဟာ နေထက် ကြယ်တွေကို လှည့်ပတ်နေတဲ့ ဂြိုဟ်တွေဖြစ်ပါတယ်။

    TESS ဂြိုဟ်တုကို Space X ရဲ့ Falcon 9 ဒုံးပျံနဲ့ ဖလော်ရီဒါကနေ တနင်္လာနေ့မှာ လွှတ်တင်မှာပါ။

    သတ်မှတ်ထားတဲ့ ပတ်လမ်းကြောင်း ဂြိုဟ်တုရောက်ဖို့အတွက် ၂ ပတ်လောက် ကြာမြင့်မှာဖြစ်ပြီး နောက်ဆုံးမှာနဲ့ နီးကပ်သွားမှာ ဖြစ်ပါတယ်။

    စမ်းသပ်ကာလ ၂ လပြီးတဲ့နောက် ၂ နှစ်တာကြာမြင့်မယ့် စီမံကိန်းကာလမှာ TESS ဟာ Exoplanet တွေကို ရှာဖွေဖို့အတွက် ကြယ်ပေါင်း ၂ သိန်းလောက်ကို သုတေသန လုပ်သွားမှာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • ထရမ့်တွင် သမ္မတဖြစ်ထိုက်သည့် ကိုယ်ကျင့်တရားမရှိဟု FBI ဒါရိုက်တာဟောင်း ပြော

    ထရမ့်တွင် သမ္မတဖြစ်ထိုက်သည့် ကိုယ်ကျင့်တရားမရှိဟု FBI ဒါရိုက်တာဟောင်း ပြော

    ဧပြီ ၁၆၊ ၂၀၁၈
    M-Media

    ထရမ့်နှင့် ကိုမေးတို့၏ တွေ့ဆုံမှုတစ်ခု

    – အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှာ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာအရ သမ္မတဖြစ်ထိုက်သူ မဟုတ်ဟု FBI အ ကြီးအကဲဟောင်း ဂျိမ်းစ်ကိုမေးက စွပ်စွဲလိုက်ပြီး အမျိုးသမီးများကို စားစရာ၊ ၀ါးစရာအဖြစ် ဆက်ဆံသူဟု ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်နှစ် ရာထူးမှ ထုတ်ပယ်ခံရပြီးနောက်ပိုင်း ပထမဆုံးအဖြစ် ABC သတင်းဌာန၏ ယမန်နေ့ ရုပ်သံအင်တာဗျူးတွင် ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

    “ဒီသမ္မတရဲ့ ပြဿနာက သူ့နားမှာရှိတဲ့သူတိုင်းကို ဂုဏ်သိက္ခာညှိုးနွမ်းအောင် လုပ်ဆောင်တာပါ”

    ထရမ့်မှာ ကျန်းမာရေးဆိုင်ရာကြောင့် သမ္မတမဖြစ်ထိုက်သူဟု မထင်ဘဲ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာကြောင့် သမ္မတမဖြစ်ထိုက်သူဟု ကိုမေးက ထည့်သွင်းပြောဆိုခဲ့သည်။

    “ချားလော့စ်ဗီလီမြို့က တန်းညှိပြောဆိုသွားတာတွေ၊ အမျိုးသမီးတွေကို စားစရာ၊ ၀ါးစရာအဖြစ် ပြောဆိုဆက်ဆံတာတွေ၊ ကိစ္စကြီးကြီးသေးသေး အမြဲတမ်း လိမ်နေပြီး အမေရိကန်ပြည်သူတွေက ဒါကို ယုံကြည်တယ်လို့ မျက်နှာပြောင်တိုက် ပြောကြားမှုတွေရှိတဲ့ ဒီလိုလူမျိုးဟာ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာအရ သမ္မတဖြစ်ထိုက်သူ မဟုတ်ပါဘူး”

    ပြီးခဲ့တဲ့နှစ် သြဂုတ်လအတွင်း ချားလော့စ်ဗီလီ၌ ပြုလုပ်သည့် လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်ဆန္ဒြ့ပမှုတွင် လူဖြူအစွန်းရောက်တစ်ဦးက လူအုပ်အတွင်း ကားဖြင့်ဝင်တိုက်မှု ဖြစ်ပွားခဲ့ပြီး ထရမ့်က ထိုကိစ္စတွင် နှစ်ဖက်စလုံးကို အပြစ်တင်ကာ လူဖြူအစွန်းရောက်များဘက်မှ ကာကွယ်ပြောကြားခဲ့မှုကို ကိုမေးက ရည်ညွှန်းခြင်းဖြစ်သည်။

    သမ္မတ အိုဘားမားလက်ထက် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ် ဟီလာရီကလင်တန်မှာ အီးမေးလ်ပေးပို့မှုတွင် ကိုယ်ပိုင်ဆာဗာ အသုံးပြုခဲ့သည်ဆိုသည့်ကိစ္စ စုံစမ်စစ်ဆေးမှုအတွက် ကိုမေးမှာ ဝေဖန်ခံခဲ့ရသည်။

    ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲ၌ ရုရှားက ၀င်ရောက်စွက်ဖက်ခဲ့သည်ဆိုသည့်ကိစ္စ စုံစမ်းစစ်ဆေးမှုတွင်လည်း ကိုမေးနှင့်ထရမ့်အကြား အချင်းများခဲ့ပြီး ထိုကိစ္စကြောင့်ပင် FBI အကြီးအကဲရာထူးမှ ထုတ်ပယ်ခံခဲ့
    ရသည်။

    ABC နှင့် အင်တာဗျူးတွင် ကိုမေးက ထရမ့်မှာ အမှန်တရားနှင့် တိုင်းပြည်၏ အဓိကတန်ဖိုးများကို အလေးထားခြင်းမရှိဟု ပြောကြားခဲ့သည်။

    “အရေးအကြီးဆုံးက ဖြောင့်မတ်နေဖို့ပါ။ ဒါပေမယ့် သမ္မတက ဒီလိုမလုပ်နိုင်ပါဘူး။ သူဟာ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာအရ သမ္မတမဖြစ်ထိုက်သူ တစ်ယောက်ပါ”

    ယခုအင်တာဗျူးမတိုင်ခင် ထရမ့်က Twitter စာမျက်နှာ၌ ကိုမေးမှာ ညံ့ဖျင်းပြီး FBI သမိုင်းတစ်လျှောက် အဆိုးဝါးဆုံး ဒါရိုက်တာအဖြစ် မှတ်တမ်းဝင်မည်ဟု ရေးသားခဲ့သည်။

    ကိုမေး၏ ယခုအင်တာဗျူးအတွက် အိမ်ဖြူတော်က မှတ်ချက်ပေးခြင်း မရှိသေးသော်လည်း ရီပက်ဘလစ်ကန် နိုင်ငံလုံးဆိုင်ရာကော်မတီက ကိုမေးမှာ ယုံကြည်ရသူမဟုတ်ဟု Twitter စာမျက်နှာမှတစ်ဆင့် တုန့်ပြန်ခဲ့သည်။

    Ref: Aljazeera

  • ရိုဟင်ဂျာမိသားစု နေရပ်ပြန်လာသည်ဆိုသည့် မြန်မာအစိုးရ၏ထုတ်ပြန်ချက် ၀ါဒဖြန့်မှုဟု ဘင်္ဂလားဒေ့ရှ်ပြော

    ရိုဟင်ဂျာမိသားစု နေရပ်ပြန်လာသည်ဆိုသည့် မြန်မာအစိုးရ၏ထုတ်ပြန်ချက် ၀ါဒဖြန့်မှုဟု ဘင်္ဂလားဒေ့ရှ်ပြော

    ဧပြီ ၁၆၊ ၂၀၁၈
    M-Media

    ပြန်လည်ဝင်ရောက်လာသူကို NVC ကဒ်ပြား ပေးနေစဉ်

    – လူ ၅ ဦးပါဝင်တဲ့ ရိုဟင်ဂျာမိသားစုတစ်စု နေရပ်ပြန်လည်ဝင်ရောက်တယ်ဆိုတဲ့ မြန်မာအစိုးရရဲ့ ထုတ်ပြန်ချက်ကို ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ကုလ UNHCR တို့က ပယ်ချလိုက်ပြီး ဒီကိစ္စမှာ သူတို့အနေနဲ့ ပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ ပြောကြားလိုက်ပါတယ်။

    ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်ဆိုင်ရာ ကယ်ဆယ်ရေးနဲ့ နေရပ်ပြန်လည်ပို့ဆောင်ရေး ကော်မရှင်နာမင်းကြီး အဘ်ဒူ ကလမ်က နှစ်နိုင်ငံကြား no man’s land ကနေ မြန်မာနိုင်ငံထဲ ပြန်လည်ဝင်ရောက်တဲ့ အဲဒီမိသားစုကို မြန်မာအစိုးရက စီစဉ်ထားတဲ့ ပြန်လည်လက်ခံရေးစင်တာကို ခေါ်ဆောင်သွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

    “ဒါဟာ နေရပ်ပြန်လည်ပို့ဆောင်တာမဟုတ်ပါဘူး။ ၀ါဒဖြန့်တာသာဖြစ်ပါတယ်” လို့ ကလမ်က ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    Dhaka Tribune ရဲ့မေးမြန်းမှုမှာလည်း ကလမ်က ဒီမိသားစုဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကို ၀င်ရောက်မှုမရှိတာကြောင့် နေရပ်ပြန်တယ်လို့ ပြောလို့မရကြောင်း ဖြေကြားခဲ့ပါတယ်။

    မနေ့ကထုတ်ပြန်တဲ့ UNHCR ရဲ့ ကြေငြာချက်မှာ သူတို့အနေနဲ့ ဒီကိစ္စကို တိုက်ရိုက် သိရှိခြင်းမရှိခဲ့ဘဲ၊ အကြံပေးတာ၊ ပါဝင်တာမျိုးလည်း မရှိကြောင်း ဖော်ပြခဲ့ပါတယ်။

    မြန်မာအစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဒါဟာ ၀ါဒဖြန့်တာမဟုတ်ဘဲ ဒီမိသားစုဟာ သူတို့ရဲ့ ကိုယ်ပိုင်သဘောဆန္ဒအတိုင်း ၀င်ရောက်လာခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကျွန်တော်တို့ သူတို့ကို စောင့်ရှောက်ထားပါတယ်”

    မြန်မာနိုင်ငံကတော့ သူတို့အနေနဲ့ ဘင်္ဂလားဒေ့ရှ်ဖက်ရောက်သွားတဲ့ လူတွေထဲက ပထမဆုံးအဖြစ် ဒီမိသားစုကို ပြန်လည်လက်ခံခဲ့တာဖြစ်ကြောင်း၊ NVC ထုတ်ပေးတာ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးတာ၊ လိုအပ်တဲ့ ပစ္စည်းတွေ ပေးအပ်တာတွေ လုပ်ဆောင်ကာ မောင်တောမြို့ပေါ်က သူတို့ရဲ့ ဆွေမျိုးတွေအိမ်မှာ နေရာချထားပေးခဲ့ကြောင်း စနေနေ့က သတင်းထုတ်ပြန်ပါတယ်။

    ပြီးခဲ့တဲ့နှစ် သြဂုတ်လက စတင်တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း မတည်ငြိမ်မှုတွေအတွင်း ရိုဟင်ဂျာ ၇ သိန်းနီးပါးလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ဒီလိုတွေ နေရပ်ပြန်နိုင်ရေး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းကတည်းက လက်မှတ်ထိုးထားပေမယ့် အခုအချိန်အထိ တရားဝင် ပို့ဆောင်တာမျိုး မရှိသေးပါဘူး။

    Ref: Reuters