News @ M-Media

Blog

  • ပြင်သစ်ကပေးထားသည့် ဂုဏ်ထူးဆောင်ဆုကို ဆီးရီးယားသမ္မတ ပြန်အပ်

    ပြင်သစ်ကပေးထားသည့် ဂုဏ်ထူးဆောင်ဆုကို ဆီးရီးယားသမ္မတ ပြန်အပ်

    ဧပြီ ၂၀၊ ၂၀၁၈
    M-Media

    – ပြင်သစ်နိုင်ငံ၏ အမြင့်ဆုံး ဂုဏ်ထူးဆောင်ဆုကို ဆီးရီးယားသမ္မတ ဘာာရှာ အလ်-အာဆတ်က ပြန်လည်အပ်နှံခဲ့ပြီး ဆီးရီးယားကို ဗုံးကြဲသော ကျွန်နိုင်ငံတစ်ခုမှ ပေးအပ်သည့် ဂုဏ်ပြုဆုကို လက်ခံထားမည်မဟုတ်ဟု ပြောကြားခဲ့သည်။

    Legion of Honor ဆုဖြစ်ပြီး ၂၀၀၁ ခုနှစ်က သမ္မတအာဆတ်ကို ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

    “သမ္မတအာဆတ်ကို ပေးအပ်ထားတဲ့ Grand Croix of the Légion d’honneur ဆုကို နိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်သစ်နိုင်ငံကို ပြန်ပေးခဲ့ပါတယ်” ဟု ဆီးရီးယားသမ္မတရုံး၏ Twitter စာမျက်နှာတွင် ရေးသားခဲ့ပြီး နိုင်ငံအတွင်း ပြင်သစ်အကျိုးစီးပွားကို ကိုယ်စားပြုသည့် ရိုမေးနီးယားသံရုံးမှတစ်ဆင့် ပြန်အပ်ခဲ့သည်ဟု ဆိုသည်။

    ထိုကဲ့သို့ ပြန်အပ်ရန် ဆုံးဖြတ်မှုမှာ ဧပြီလ ၁၄ ရက်နေ့က ဆီးရီးယားအား ၃ နိုင်ငံကျူးကျော်မှုတွင် ပါဝင်မှု၊ အကြမ်းဖက်သမားများအား ထောက်ပံ့ပေးပြီး နိုင်ငံကတကာ ဥပဒေ၏ အခြေခံကျသော စံနှုန်းများ၊ စည်းမျဉ်းများကို ဖောက်ဖျက်သည့် ‘အမေရိကန်၏ နောက်လိုက် ကျွန်နိုင်ငံတစ်ခု’က ပေးအပ်သည့် ဆုတံဆိပ်ကို သမ္မတ အာဆတ်က လက်မခံလိုမှုကြောင့် ဖြစ်ကြောင်း Twitter ကြေငြာချက်တွင် ဖော်ပြထားသည်။

    အာဆတ်အားပေးထားသည့် အဆိုပါဆုကို ပြင်သစ်က ပြန်ရုတ်သိမ်းတော့မည်ဟု ပြင်သစ်မီဒီယာများက အစောပိုင်းတွင် ဖော်ပြခဲ့ကြသည်။

    ပြင်သစ်မှာ အမေရိကန် စက်ဘီးသမား လန့်စ် အမ်းစထရောင်း၊ ဗြိတိသျှဒီဇိုင်နာ ဂျွန်ဂါလီယာနိုနှင့် ဟာဗေး ၀ိုင်စတိန်းတို့အား ပေးထားသည့် အဆိုပါဂုဏ်ထူးဆောင်ဆုများကိုလည်း ယခင်က ပြန်ရုပ်သိမ်းခဲ့ဖူးသည်။

    Ref: RT

  • ဂျာမနီတွင် နာဇီလက်သစ်များက ဟစ်တလာမွေးနေ့ ကျင်းပမည်

    ဂျာမနီတွင် နာဇီလက်သစ်များက ဟစ်တလာမွေးနေ့ ကျင်းပမည်

    ဧပြီ ၂၀၊ ၂၀၁၈
    M-Media

    ဖက်ဆစ်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြမှု

    – နာဇီခေါင်းဆောင် ဟစ်တလာရဲ့ မွေးနေ့ အထိမ်းအမှတ်အဖြစ် ဂျာမနီက နာဇီလက်သစ်တွေဟာ ချီတက်ဆန္ဒပြဖို့ စီစဉ်နေပြီး အစိုးရကလည်း လုံခြုံရေးကို တင်းကြပ်ထားပါတယ်။

    ပိုလန်နဲ့နီးတဲ့ နယ်စပ်မြို့ အော်စရစ်မှာ Shield and Sword (SS) ဆိုတဲ့ ခေါင်းစဉ်နဲ့ သောကြာ၊ စနေနေ့တွေမှာ ကျင်းပမှာဖြစ်ပြီး နိုင်ငံတစ်ဝှမ်းက နာဇီလက်သစ်နဲ့ လက်ယာသမား ၁၀၀၀ နီးပါးလောက် တက်ရောက်ဖို့ရှိနေပါတယ်။ ဒီအခမ်းအနားကို ဂျာမနီ လက်ယာစွန်း အမျိုးသားရေးပါတီ NPD က စီစဉ်တာဖြစ်ပါတယ်။

    ဂျာမနီနဲ့ ပိုလန်တို့က ဖက်ဆစ်ဆန့်ကျင်ရေးသမားတွေကလည်း SS အခမ်းအနားနဲ့ သိပ်မဝေးတဲ့နေရာမှာ “Rechts Rockt Nicht! ခေါင်းစဉ်နဲ့ ချီတက်ဆန္ဒပြမှု၊ ဂီတပွဲတွေ လုပ်ဖို့ စီစဉ်ထားပါတယ်။ တစ်ချိန်တည်းမှာပဲ အော့စရစ်မြို့လယ်ကောင် ရင်ပြင်မှာ ‘အော့စရစ် ငြိမ်းချမ်းရေးပွဲတော်’ ကို ကျင်းပမှာဖြစ်ပြီး လက်ယာသမားတွေကို ဆန့်ကျင်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

    ဒီနေ့ဟာ နာဇီခေါင်းဆောင် ဟစ်တလာရဲ့ ၁၂၉ နှစ်မြောက် မွေးနေ့ဖြစ်ပြီး လက်ယာသမားတွေက နှစ်စဉ် ဟစ်တလာမွေးနေ့ကို ကျင်းပကြပါတယ်။

    အော့စထရစ်မြို့ဟာ လူပေါင်း ၂၅၀၀ လောက်သာရှိတဲ့ မြို့ငယ်လေးဖြစ်ပြီး ဒေသတစ်ဝှမ်းက ရဲတပ်ဖွဲ့ဝင်ပေါင်း ၁၀၀၀ လောက် ဒီမြို့ကို ပို့ထားတယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။

    လမ်းတော်တော်များများကို ပိတ်ထားမှာဖြစ်ပြီး မြို့အ၀င်လမ်းတွေမှာလည်း ရဲတပ်ဖွဲ့ဝင်တွေ ချထားတယ်လို့ ဆိုပါတယ်။

    Shield and Sword ပွဲကို လက်ယာသမားတွေနဲ့နီးစပ်တဲ့ ဂျာမန်စီးပွားရေးသမား ဟန်-ပီတာ ဖစ်ရှာရဲ့ Neisseblick ဟိုတယ်မှာ ကျင်းပမှာပါ။ နိုင်ငံရေးမိန့်ခွန်းတွေ၊ လက်ယာသီချင်းဆိုပွဲတွေ၊ နပန်းပွဲတွေ၊ မင်ကြောင်ထိုးပွဲတွေနဲ့ အခြား အခမ်းအနားတွေ ပါဝင်မှာဖြစ်ပါတယ်။ လယ်ယာယိမ်း တံဆိပ်တွေကပ်ထားတဲ့
    ထုတ်ကုန်တွေကိုလည်း အခမ်းအနားမှာ ဆိုင်ခန်းငယ်လေးတွေနဲ့ ရောင်းချမှာပါ။

    အခမ်းအနားကို NPD ပါတီရဲ့ ဒေသတွင်းအကြီးအကဲ သော်စတန်ဟေဆီနဲ့ ဥရောပလွှတ်တော်က NPD အမတ် အူဒိုဗွိုက်တို့လည်း တက်ရောက်ဖို့ ရှိနေပါတယ်။

    ဂျာမနီမှာ ဖက်ဆစ်ဝါဒကို တရားမ၀င်အဖြစ် သတ်မှတ်ထားပေမယ့် အခမ်းအနားစီစဉ်သူတွေဟာ ဂျာမနီ အခြေခံဥပဒေမှာ အာမခံပေးထားတဲ့ လွတ်လပ်စွာစုဝေးခွင့်ကို အသုံးချပြီး အခမ်းအနာတွေ ပြုလုပ်နေကြတာ ဖြစ်ပါတ
    ယ်။

    ဒီလိုအခမ်းအနားမျိုးတွေဟာ သီးသန့်အဆောက်အဦးတွေမှာ ပြုလုပ်ကြပြီး အများပြည်သူတွေကို လာရောက်ခွင့်ပေးထားပေမယ့် ရုန်းရင်းဆန်ခတ်ဖြစ်တာမျိုး မရှိပါဘူး။

    Ref: Aljazeera

  • အာဖရိကနိုင်ငံတစ်ခု နိုင်ငံအမည်ပြောင်းလဲ

    အာဖရိကနိုင်ငံတစ်ခု နိုင်ငံအမည်ပြောင်းလဲ

    ဧပြီ ၂၀၊ ၂၀၁၈
    M-Media

    ဘုရင် အမ်ဆွာတီကို ရိုးရာဝတ်စုံနှင့် တွေ့ရစဉ်

    – အာဖရိကနိုင်ငံငယ်တစ်ခုဖြစ်သည့် ဆွာဇီလန်နိုင်ငံ၏ ဘုရင် အမ်ဆွာတီ ၃ က နိုင်ငံအမည်ပြောင်းလဲကြောင်း ယမန်နေ့တွင် ကြေငြာခဲ့သည်။

    ဗြိတိသျှကိုလိုနီအဖြစ်မှ လွတ်လပ်ရေးရသည့် နှစ် ၅၀ ပြည့်အဖြင် ဒုတိယမြို့တော် မန်ဇီနီရှိ ဘောလုံးကွင်းတွင် ပြုလုပ်သော အခမ်းအနား၌ ဘုရင် အမ်ဆွာတီက နိုင်ငံအား အီဆွာတီနီ (eSwatini) အဖြစ် အမည်ပြောင်းလဲကြောင်း ပြောကြားခဲ့သည်။

    “ဆွာဇီလန်ဟာ သူ့ရဲ့ မူရင်းအမည်ကို ပြောင်းလဲတော့မယ်ဆိုတာ ကျွန်တော် ကြေငြာချင်ပါတယ်။ အာဖရိကနိုင်ငံတွေ လွတ်လပ်ရေးရတဲ့အချိန်မှာ သူတို့ ကိုလိုနီအပြုမခံရခင်က ရှိခဲ့တဲ့အမည်တွေကို ပြောင်းပေးခဲ့ကြတယ်။ ဒါ့ကြောင့် အခုအချိန်ကစပြီး ကျွန်တော်တို့တိုင်းပြည်ကိုလည်း အီဆွာတီနီ ဘုရင့်နိုင်ငံလို့ တရားဝင်ခေါ်ဆိုသွားမှာပါ”

    အာဖရိကတောင်ပိုင်းရှိ ဆွာဇီလန်နိုင်ငံမှာ ၁၉၀၀ ပြည့်နှစ်များကတည်းက ဗြိတိသျှ၏ ကာကွယ်မှုအောက်တွင် နေထိုင်ခဲ့ရပြီး ၁၉၆၈ ခုနှစ်တွင် လွတ်လပ်ရေးရရှိခဲ့သည်။ သို့သော်လည်း လွတ်လပ်ရေးရသည့် အချိန်တွင် အခြားသော အာဖရိကနိုင်ငံများကဲ့သို့ ယခင်အမည်ကို ပြောင်းလဲခဲ့ခြင်းမရှိပေ။

    အီဆွာတီနီမှာ ဆွာဇီဘာသာစကားဖြစ်ပြီး ‘ဆွာတီလူမျိုးများ၏ ဌာနေ’ ဟု အဓိပ္ပါယ်ရသည်။

    နိုင်ငံသားများက ဆွာဇီလန်ဆိုသည့် အမည်မှာ အင်္ဂလိပ်နှောသည်ဟု ဝေဖန်မှုများ ရှိခဲ့ပြီး နာမည်ပြောင်းရန်အတွက် အစိုးရမှာ ပြီးခဲ့သည့် နှစ်အနည်းကတည်းက ကြိုးစားခဲ့သည်။

    ၁၉၈၆ ခုနှစ် အသက် ၁၈ နှစ်အရွယ်တွင် အာဏာရခဲ့သည့် ဘုရင်အမ်ဆွာတီမှာ ယခင်က မိန့်ခွန်းများတွင် အမည်အသစ်ကို အသုံးပြုခဲ့သည်။

    လူဦးရေ ၁.၃ သန်းသာရှိသည့် ဆွာဇီလန်မှာ အာဖရိကတိုက်တွင် ဘုရင်စနစ်ကို အပြည့်အ၀ကျင့်သုံးသည့် တစ်ခုတည်းသော နိုင်ငံဖြစ်သည်။

    ယခုကဲ့သို့ အမည်ပြောင်းမှုကြောင့် အခြေခံဥပဒေကို ပြန်လည်ရေးသားရမည်ဖြစ်ပြီး၊ ရဲတပ်ဖွဲ့၊ စစ်တပ်နှင့် တက္ကသိုလ်တို့၏ အမည်များကိုလည်း ပြောင်းလဲရမည်ဖြစ်သည်။

    Ref: Aljazeera

  • သောကြာနေ့မနက် နိုင်ငံတကာသတင်းတို

    သောကြာနေ့မနက် နိုင်ငံတကာသတင်းတို

    ဧပြီ ၂၀၊ ၂၀၁၈
    M-Media

    ပြင်သစ်ပြည်သူများ ဆန္ဒပြမှု

    – အီရတ်နဲ့ ကပ်နေတဲ့ ဆီးရီးယားနယ်စပ်က IS စခန်းတွေကို အခုတစ်ပတ်အတွင်း လေကြောင်းကနေ အကြီးအကျယ် တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ အီရတ်အစိုးရက မနေ့မှာ ကြေငြာလိုက်ပါတယ်။ အီရတ်ဟာ IS အပေါ် အောင်နိုင်ကြောင်း ပြီးခဲ့တဲ့နှစ်မှာ ကြေငြာနိုင်ခဲ့ပေမယ့် ခြိမ်းခြောက်မှုတွေတော့ ဆက်ရှိနေဆဲပါ။ အခု တိုက်ခိုက်မှုဟာ ဆီးရီးယားစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်တာ ဖြစ်ပါတယ်။

    – ကျူးဘားလွှတ်တော်ဟာ မနေ့က သမ္မတသစ် ဒီယာ့ဇ် ကာနယ်ကို ရွေးကောက်တင်မြှောက်ခဲ့ပြီး ၁၉၅၉ ခုနှစ် ကျူးဘားတော်လှန်ရေးနောက်ပိုင်း ကက်စထရိုညီအစ်ကိုရဲ့ တိုင်းပြည်ကို ၅၉ နှစ်ကြာ အုပ်စိုးမှု အဆုံးသတ်သွားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီခန့်အပ်မှုဟာ ကြိုတင်စီမံထားတာ ဖြစ်ပါတယ်။ သမ္မတသစ်ကတော့ သမိုင်းတွင်မယ့် ဒီလိုအချိန်မျိုးမှာ တော်လှန်ရေးစိတ်ဓာတ်ကို ဆက်လက်သယ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    – သမ္မတမာခရွန်ရဲ့ အလုပ်သမားရေးရာ ပြုပြင်ပြောင်းလဲမှုတွေကို မကျေနပ်တဲ့အတွက် ရထားအလုပ်သမားတွေ၊ အစိုးရ၀န်ထမ်းတွေနဲ့ ကျောင်းသားတွေအပါအ၀င် ပြင်သစ်ပြည်သူ ထောင်ပေါင်းများစွာဟာ မနေ့က နိုင်ငံတစ်ဝှမ်း မြို့ကြီးတွေမျာ အကြီးအကျယ် ဆန္ဒပြခဲ့ကြပါတယ်။ များသောအားဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြမှု ဖြစ်ခဲ့ပေမယ့် ရဲတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေလည်း ရှိခဲ့ပါတယ်။

    – ဒမတ်စကတ်တောင်ပိုင်းက IS တွေထိန်းချုပ်ထားတဲ့ဒေသကို ဆီးရီးယားအစိုးရတပ်က လေကြောင်းကနေ တိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့ ဆီးရီးယားနိုင်ငံပိုင်သတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။ သူပုန်တွေ ထိန်းချုပ်ထားတဲ့ အရှေ့ဂူတာကို ပြန်သိမ်းနိုင်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ ဆီးရီးယားအစိုးရဟာ ဒမတ်စကတ်နားက IS ဒေသတွေကို ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • ကြာသာပတေးနေ့ ဘောလုံးသတင်းတို

    ကြာသာပတေးနေ့ ဘောလုံးသတင်းတို

    ဧပြီ ၁၉၊ ၂၀၁၈
    M-Media

    ဗီဒီယိုအကူဒိုင်

    – မန်ယူနည်းပြ မော်ရင်ဟိုမှာ ကမ္ဘာ့အကောင်းဆုံး နည်းပြတစ်ယောက်ဖြစ်ကြောင်း သက်သေထပ်ပြရန်မလိုဘဲ ယခုရာသီတွင် အသင်းအတွက် အကောင်းဆုံး ဆောင်ရွက်ပေးနိုင်ခဲ့သည်ဟု စပါးနည်းပြ ပိုချက်တီနိုက ပြောကြားလိုက်သည်။ စပါးနှင့် မန်ယူတို့မှာ စနေနေ့တွင် FA ဖလား ဆီမီးဖိုင်နယ်ပွဲကို ကစားရမည်ဖြစ်သည်။

    – စပိန်ဘုရင့်ဖလားဖိုင်နယ် ဘာစီလိုနာနှင့်ပွဲတွင် မက်ဆီကို ကြမ်းကြမ်းတမ်းတမ်း ဟန့်တားမိပါက မိမိအနေဖြင့် အာဂျင်နီးနားသို့ ပြန်၍ရတော့မည်မဟုတ်ဟု ဆီးဗီးလား နောက်ခံလူ ဂါဘရီယဲလ် မာကာဒိုက ပြောကြားလိုက်သည်။ မက်ဆီနှင့် မာကာဒိုတို့မှာ အဂျင်တီးနားလက်ရွေးစင်အသင်းမှ အသင်းဖော်များဖြစ်သည်။

    – အသင်းရှိ အင်္ဂလန်ကွင်းလယ်လူ ၀ီလ်ရှိုင်းယားနှင့် နှစ်ရှည်စာချုပ် ချုပ်ဆိုနိုင်မည်ဟု ယုံကြည်ကြောင်း အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။ အခုနှစ်ကုန်တွင် အာဆင်နယ်နှင့် စာချုပ်သက်တမ်း ကုန်ဆုံးတော့မည့် ၀ီလ်ရှိုင်းယားမှာ သက်တမ်းတိုးရန် တုံ့ဆိုင်းနေပြီး လီဗာပူးလ်၊ အဲဗာတန်၊ မန်စီးတီးနှင့် ၀ု လ်ဗ်အသင်းတို့က ခေါ်ယူရန် စိတ်ဝင်စားနေသည်။

    – ယခုနှစ်အတွင်း ကျင်းပမည့် ရုရှားကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ဗီဒီယိုအကူဒိုင်က ပြန်လည်ကြည့်ရှုသုံးသပ်သည့် မြင်ကွင်းများကို ပထမဆုံးအဖြစ် ကွင်းအတွင်း စခရင်ကြီးများနှင့် ပြသသွားရန် စီစဉ်နေသည်။ လက်ရှိတွင် အဆိုပါ ဗီဒီယိုအကူဒိုင်နည်းလမ်းမှာ ဝေဖန်မှုများ ခံနေရပြီး အထူးသဖြင့် ပြန်လည်သုံးသပ်မှုများကို ပရိတ်သတ်က မမြင်ရသည့်အတွက်ကြောင့် ဖြစ်သည်။

    Ref: Goal,BBC