News @ M-Media

Blog

  • စနေနေ့ ဘောလုံးသတင်းတိုများ

    စနေနေ့ ဘောလုံးသတင်းတိုများ

    ဧပြီ ၁၄၊ ၂၀၁၈

    M-Media

    – PFA ရဲ့ တစ်နှစ်တာ ပရီးမီးယားလိဂ် အကောင်းဆုံး ဘောလုံးသမားဆု စကာတင်စာရင်း ဒီကနေ့မှာ ထွက်ပေါ်လာခဲ့ပြီး လီဗာပူးလ်ဂိုးသွင်းစက် မိုဟာမက် ဆာလာ၊ မန်စီးတီးကစားသမားတွေဖြစ်တဲ့ ဒီဘရူနီ၊  လီရွိုင်း ဆာနေးနဲ့ ဒေးဗစ်ဆေးလ်ဗား၊ စပါးတိုက်စစ်မှူး ဟယ်ရီကိန်း၊ မန်ယူဂိုးသမား ဒေးဗစ်ဒီဂီယာတို့ ပါဝင်လာပါတယ်။

    – ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့မှာ ရီးယဲလ်ဟာ ဂျူဗင်တပ်စ်ထံကနေ အနိုင်ရလဒ်ကို ဓားမြတိုက်ယူခဲ့တယ်ဆိုတဲ့ ပြောကြားမှုတွေကို နည်းပြ ဇီဒိန်းက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး ရီးယဲလ်ဆန့်ကျင်ရေးသမားတွေအနေနဲ့ ရီးယဲလ်ဟာ ကမ္ဘာ့ အကြီးအကျယ်ဆုံး အသင်းဖြစ်တယ်ဆိုတဲ့ သမိုင်းမှတ်တမ်းကို ဘယ်တော့မှ ပြောင်းလဲနိုင်မှာ မဟုတ်ဘူးလို့ တုန့်ပြန်ခဲ့ပါတယ်။

    – ပီအက်စ်ဂျီမှာ မပျော်တော့ဘူးလို့ သတင်းထွက်နေတဲ့ ဘရာဇီးလ်တိုက်စစ်မှူး နေးမာဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ မန်ယူကို ယူရိုသန်း ၄၀၀ နဲ့ ရောက်လာမယ်လို့ သတင်းတွေ ထွက်လာပါတယ်။ နေးမာဟာ ရီးယဲလ်က အလိုရှိနေတဲ့ နံပါတ်တစ် ဦးစားပေး ကစားသမားလည်း ဖြစ်နေပါတယ်။

    – ယူရိုပါလိဂ် ဆီးမီးဖိုင်နယ်မှာ တွေ့ဆုံရမယ့် အာဆင်နယ်အသင်းဟာ အင်မတန်မှ တောင့်တင်းတဲ့ ပြိုင်ဘက်ဖြစ်ပြီး မိမိရဲ့ မန်နေဂျာအရည်အသွေး နောက်ထပ် အစမ်းသပ်ခံရမယ့် ပွဲတစ်ခုဖြစ်တယ်လို့လည်း အက်သလက်တီကိုမက်ဒရစ်နည်းပြ ဆီမြွန်နီက ပြောကြားလိုက်ပါတယ်။

    Ref : Goal

  • ရေတပ် စီမံခန့်ခွဲမှုစနစ် ပူးတွဲဖော်ဆောင်ရေး ဆော်ဒီနှင့် စပိန်တို့ လက်မှတ်ရေးထိုး

    ရေတပ် စီမံခန့်ခွဲမှုစနစ် ပူးတွဲဖော်ဆောင်ရေး ဆော်ဒီနှင့် စပိန်တို့ လက်မှတ်ရေးထိုး

    ဧပြီ ၁၄၊ ၂၀၁၈

    M-Media

    – ဆော်ဒီအာရေဗျရဲ့ စစ်လက်နက်ပစ္စည်း ထုတ်လုပ်မှုစက်ရုံ SAMI နဲ့ စပိန်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Navantia တို့ဟာ ရေတပ် တိုက်ပွဲဝင် စီမံခန့်ခွဲမှု စနစ်တစ်ခု ပူးတွဲဖော်ဆောင်ဖို့အတွက် ကြာသာပတေးနေ့မှာ နားလည်မှုစာချွန်လွှာတစ်ခုကို လက်မှတ်ရေးထိုးလိုက်ပါတယ်။

    ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန် မက်ဒရစ်ကို တရားဝင် လည်ပတ်မှုအတွင်း လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

    SAMI ရဲ့ ဥက္ကဌ အဟ်မဒ် အလ် ခါတီဘ်နဲ့ Navantia ကုမ္ပဏီအကြီးအကဲ အက်စတီဘန် ဂါစီယာ ဗီလာဆန်းချက်တို့ လက်မှတ်ရေးထိုးတဲ့ အခမ်းအနားမှာ မင်းသား ဆလ်မန်နဲ့ စပိန်ဝန်ကြီးချုပ် မာရီယာနို ရာယွိုင်းတို့ တက်ရောက်ခဲ့ကြပါတယ်။

    နားလည်မှုစာချွန်လွှာမှာ စစ်ရေယာဉ်တွေ တည်ဆောက်ရေး၊ တိုက်ပွဲ စီမံခန့်ခွဲမှုဆိုင်ရာ စနစ်ပူးပေါင်းဖန်တီးရေးတို့ ပါဝင်ပြီး အလ်-ခါတစ်ဘ်က ဒီသဘောတူညီချက်ဟာ ဆော်ဒီရဲ့ vision 2030 စီမံကိန်း တစိတ်တစ်ပိုင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ကလည်း ဆော်ဒီဟာ ၂၀၃၀ ခုနှစ်ရောက်ရင် နိုင်ငံကာကွယ်ရေးရဲ့ လိုအပ်တဲ့ စစ်လက်နက်ပစ္စည်း ၅၀ ရာခိုင်နှုန်းကို ပြည်တွင်းမှာပဲ ထုတ်လုပ်ဖို့ ရည်မှန်းထားတယ်လို့ ပြောကြားထားပါတယ်။

    Ref : Alarabiya

     

  • ဉာဏ်ရည်တုသုံး မောင်းသူမဲ့ဒရုန်းကို အမေရိကန် ဖန်တီးနေ

    ဉာဏ်ရည်တုသုံး မောင်းသူမဲ့ဒရုန်းကို အမေရိကန် ဖန်တီးနေ

    ဧပြီ ၁၄၊ ၂၀၁၈

    M-Media

    – ဉာဏ်ရည်တု (AI) နည်းပညာကို အသုံးပြုထားပြီး ယာဉ်တွေ၊ လူတွေကို လိုအလျောက် ရှာဖွေပစ်ခတ်နိုင်မယ့် ပထမဆုံး မောင်းသူမဲ့ ဒရုန်းလေယာဉ်တွေကို တီထွင်ဖန်တီးနေတယ်လို့ အမေရိကန်ဟာ မကြာသေးခင်က ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

    လက်ရှိ ဒရုန်းလေယာဉ်တွေဟာ လူတွေက ကိုင်တွယ်ထိန်းချုပ် မောင်းနှင်ရတာဖြစ်ပြီး အခု နည်းပညာသစ်က လူသားတွေ ပါဝင်ပတ်သက်စရာလိုဘဲ ဘယ်သူ့ကို ရှာဖွေ သုတ်သင်ရမလဲဆိုတာကို အလိုအလျောက် ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။

    ဒါပေမယ့် AI ကို စစ်ဖက်မှာ အပြည့်အ၀ အသုံးချတာနဲ့ ပတ်သက်ပြီး ဥပဒေပိုင်းဆိုင်ရာ၊ ကျင့်ဝတ်ပိုင်းဆိုင်ရာ ဆွေးနွေးငြင်းခုံမှုတွေ ရှိလာမှာ ဖြစ်ပါတယ်။

    MQ-9 Reaper လို လက်ရှိအသုံးပြုနေတဲ့ တိုက်ပွဲဝင်ဒရုန်းတွေကို လူတွေက ဂြိုဟ်တုကနေတစ်ဆင့် သေသေချာချာ ထိန်းချုပ်ရပြီး၊ တိုက်ခိုက်မှုတွေအတွက် ဒီဒရုန်းကို ကိုယ်တွယ်တဲ့ လူသားပိုက်လော့မှာ တာဝန်ရှိမှာဖြစ်ပါတယ်။

    တစ်ချို့ ကျွမ်းကျင်သူတွေက AI ဒရုန်းတွေဟာ လူသားတွေ ထိန်းချုပ်ဖို့ မလိုတာကြောင့် စိတ်ကျရောဂါတစ်မျိုးဖြစ်တဲ့ PTSD လို စစ်သားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုတွေရဲ့ လွှမ်းမိုးမှုတွေ တိုက်ပွဲမှာ မပါဝင်နိုင်တော့တဲ့အတွက် ကောင်းမွန်တဲ့ အရွေ့တစ်ခု ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

    Ref : Business Insider

  • လိင်အကြမ်းဖက်မှုအတွက် ကုလ၏ အမည်ပျက်စာရင်းတွင် မြန်မာစစ်တပ်ပါဝင်လာ

    လိင်အကြမ်းဖက်မှုအတွက် ကုလ၏ အမည်ပျက်စာရင်းတွင် မြန်မာစစ်တပ်ပါဝင်လာ

    ဧပြီ ၁၄၊ ၂၀၁၈

    M-Media

    –  ပဋိပက္ခတွေမှာ အဓမ္မကျင့်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ လုပ်ဆောင်တယ်လို့ သံသယရှိတဲ့ အစိုးရစစ်တပ်တွေ၊ လက်နက်ကိုင် သူပုန်အုပ်စုတွေကို ထည့်သွင်းထားတဲ့ အမည်ပျက်စာရင်းမှာ မြန်မာစစ်တပ်ဟာ ပထမဆုံးအကြိမ် ပါဝင်လာတယ်လို့ သိရပါတယ်။

    တနင်္လာနေ့မှာ လုံခြုံရေးကောင်စီကို ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က တင်သွင်းမယ့် အစီရင်ခံစာ မိတ္တူကို AP သတင်းဌာနက ရရှိခဲ့ပြီး အဲဒီအစီရင်ခံစာမှာ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာ ၇ သိန်းနီးပါးက အများစုမှာ ‘ကြမ်းကြုတ်တဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု လက္ခဏာတွေ’ ကို တွေ့ရှိ မှတ်တမ်းတင်ခဲ့တယ်ဆိုတဲ့ ဘင်္ဂလားဒေ့ရှ်က နိုင်ငံတကာ ဆေးဖက်ဆိုင်ရာ ၀န်ထမ်းတွေ၊ အခြားသူတွေရဲ့ ပြောကြားမှုကို ဖော်ပြထားပါတယ်။

    ဂူတာရက်စ်က ဒီလိုကျူးလွန်မှုတွေဟာ ၂၀၁၆ ခုနှစ် အောက်တိုဘာနဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လက နယ်မြေရှင်းလင်းရေး လုပ်ငန်းတွေမှာ ဒေသတွင်း ပြည်သူ့စစ်တွေနဲ့ပေါင်းပြီး တပ်မတော်လို့ခေါ်တဲ့ မြနမာအစိုးရစစ်တပ်ရဲ့ လက်ချက်ဖြစ်တယ်လို့ စွပ်စွဲမှုတွေရှိကြောင်း ပြောကြားခဲ့ပါတယ်။

    “ခြိမ်းခြောက်မှုတွေ၊ လိင်အကြမ်းဖက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်တာဟာ ရိုဟင်ဂျာလူ့အဖွဲ့အစည်းကို အရှက်ရစေဖို့၊ ကြောက်လန့်နေစေဖို့၊ သိမ်းကျုံး အပြစ်ပေးဖို့ဆိုတဲ့ ဗျူဟာမှာ ပါဝင်နေပြီး ဒီလူတွေ သူတို့ရဲ့ ဇာတိမြေကို စွန့်ခွာထွက်ပြေးကာ၊ ပြန်မလာစေဖို့ ရည်ရွယ်တွက်ချက် လုပ်ဆောင်မှုတစ်ခု ဖြစ်ပါတယ်”

    ပြီးခဲ့တဲ့နှစ် သြဂုတ်လနှောင်းပိုင်းမှာ ရိုဟင်ဂျာလက်နက်ကိုင်တွေက ရခိုင်ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ ရဲကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း စစ်တပ်ကပြုလုပ်တဲ့ စစ်ဆင်ရေးအတွင်း ရိုဟင်ဂျာအရပ်သားတွေအပေါ် တရားလက်လွတ် သတ်ဖြတ်မှုတွေ၊ အဓမ္မကျင့်မှုတွေ၊ ရွာလုံးကျွတ်မီးရှို့မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်ခဲ့ပြီး မြန်မာအစိုးရနဲ့ စစ်တပ်တို့ကတော့ ဒီသတင်းတွေကို ငြင်းဆိုထားပါတယ်။

    ဂူတာရက်စ်က အကြမ်းဖက်မှုတွေဟာ ကိုယ်ဝန်ဆောင်တွေအပါအ၀င် မျိုးဆက်သစ်တွေကို ကာကွယ်စောင့်ရှောက်သူတွေဖြစ်တဲ့ လူမျိုးရေးအမှတ်သညာကို ဆက်လက်တည်တံ့စေတဲ့ အမျိုးသမီးတွေ၊ လူ့အဖွဲ့အစည်းရဲ့ အနာဂတ်ဖြစ်တဲ့ ငယ်ရွယ်တဲ့ကလေးငယ်တွေအပေါ် တမင်ကျူးလွန်တဲ့ ပုံစံမျိုး ဖြစ်တယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “ဒီလုပ်ရပ်တွေဟာ ရိုဟင်ဂျာတွေရဲ့ မွေးဖွားနှုန်းက မြင့်မားနေပြီး လူများစုအပေါ် ခြိမ်းခြောက်မှု ဖြစ်နေတယ်ဆိုတဲ့ စွပ်စွဲပြောဆို လှုံ့ဆော်မှုတွေနဲ့ ဆက်စပ်နေပါတယ်”

    ပဋိပက္ခတွေမှာ လိင်အကြမ်းဖက်မှု တားဆီးရေးအတွက် တနင်္လာနေ့ လုံခြုံရေးကောင်စီမှာ အဓိကထားဆွေးနွေးမယ့် ဂူတာရက်စ်ရဲ့ ဒီအစီရင်ခံစာက အမည်ပျက်စာရင်းမှာ အစိုးရတပ်တွေ၊ သူပုန်တွေ၊ အစွန်းရောက်အုပ်စု စုစုပေါင်း ၅၁ ဖွဲ့ကို ထည့်သွင်းထားပါတယ်။

    အစိုးရစစ်တပ်နဲ့ ရဲတပ်ဖွဲ့အပါအ၀င် ကွန်ဂိုနိုင်ငံက ၁၇ ဖွဲ့၊ ဆီးရီးယား အစိုးရတပ်နဲ့ ထောက်လှမ်းရေးအဖွဲ့ အပါအ၀င် ဆီးရီးယားနိုင်ငံက ၇ ဖွဲ့ ဗဟိုအာဖရိကနိုင်ငံနဲ့ တောင်ဆူဒန်တို့က ၆ ဖွဲ့စီ၊ မာလီက ၅ ဖွဲ့၊ ဆိုမာလီယာက ၄ ဖွဲ့၊ ဆူဒန်က ၃ ဖွဲ့၊ အီရတ်နဲ့ မြန်မာတို့က တစ်ဖွဲ့နဲ့ နိုက်ဂျီးရီးယားမြောက်ပိုင်းမှာ အခြေစိုက်တဲ့ ဘိုကိုဟရမ် အကြမ်းဖက်အဖွဲ့တွေ ပါဝင်ပါတယ်။

    ဂူတာရက်စ်က ပဋိပက္ခတွေ၊ အစွန်းရောက်ဝါဒတွေ မြင့်တက်လာခြင်းကြောင့် လက်နက်တွေ ပြန့်နှံ့တာ၊ လူတွေ အစုလိုက်အပြုံလိုက် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတာနဲ့ လိင်အကြမ်းဖက်မှုခံရတာတွေကို ပိုမိုဖြစ်ပွားစေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ၂၀၁၇ ခုနှစ်အတွင်း ဒီလို အခြေအနေတွေကို ဗဟိုအာဖရိက၊ ကွန်ဂိုနိုင်ငံ အရှေ့ပိုင်းနဲ့ အလယ်ပိုင်း၊ တောင်ဆူဒန်၊ ဆီးရီးယား၊ ယီမင်က ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေ၊ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က နယ်မြေရှင်းလင်းရေးခေါင်းစဉ်တပ် လူမျိုးစုလိုက် သုတ်သင်ရှင်းလင်းမှုတွေမှာ တွေ့ခဲ့ရကြောင်း၊ ထိခိုက်ခံစားရသူ အများစုဟာ နိုင်ငံရေးနဲ့ စီးပွားရေးအရ ဖယ်ကျဉ်ခံထားရတဲ့ အမျိုးသမီးတွေ၊ မိန်းကလေးတွေဖြစ်ကြောင်း၊ လိင်အကြမ်းဖက်မှုကို စစ်ပွဲ၊ အကြမ်းဖက်မှု၊ ညှင်းပမ်းမှု၊ ဖိနှိပ်ချုပ်ချယ်မှုတွေမှာ နည်းလမ်းတစ်ခုအနေနဲ့ အသုံးပြုနေတာကို ၂၀၁၇ ခုနှစ်အတွင်းမှာ တွေ့ရကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    လိင်အကြမ်းဖက်မှုရဲ့ နောက်ဆက်တွဲရလဒ်တွေဖြစ်တဲ့ စိတ်ဒဏ်ရာ၊ ဆင်းရဲမွဲတေမှု၊ ကျန်းမာရေးချို့တဲ့မှု၊ မလိုချင်တဲ့ ကိုယ်ဝန်ဆောင်မှုတွေကို မျိုးဆက်နဲ့ချီ ခံစားရလိမ့်မယ်လို့လည်း ကုလအတွင်းရေးမှူးက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref : VOA

  • အမေရိကန်ကပစ်သည့် ဒုံးကျည်အများအပြားကို ဆီးရီးယားက ကာကွယ်နိုင်ခဲ့သည်ဟု ရုရှားပြော

    အမေရိကန်ကပစ်သည့် ဒုံးကျည်အများအပြားကို ဆီးရီးယားက ကာကွယ်နိုင်ခဲ့သည်ဟု ရုရှားပြော

    ဧပြီ ၁၄၊ ၂၀၁၈

    M-Media

    ဒုံးကျည်များအား ပစ်ချသည့်မြင်ကွင်း

    – အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်တို့ ပူးပေါင်းပြီး ပစ်လွှတ်လိုက်တဲ့ ဒုံးကျည် ၁၀၀ ကျော်က တော်တော်များများကို ဆီးရီးယား လေကြောင်းရန် ကာကွယ်ရေးစနစ်တွေက ပစ်ချနိုင်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

    အမေရိကန်နဲ့ သူတို့ရဲ့ မဟာမိတ်တွေဟာ လေယာဉ်တွေ၊ မြေထဲပင်လယ်က သင်္ဘောတွေကနေတစ်ဆင့် ခရုဇ်ဒုံးကျည်တွေ၊ ဝေဟင်က မြေပြင်ပစ် ဒုံးကျည်တွေကို ဆီးရီးယားအစိုးရရဲ့ စစ်ဖက်နဲ့ အရပ်ဖက်ပစ်မှတ်တွေကို ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

    ဒတ်မတ်စကတ် အရှေ့မြောက်ပိုင်း ကီလိုမီတာ ၄၀ အကွာမှာရှိတဲ့ အလ် ဒူမိုင်ယာ စစ်လေယာဉ်ကွင်းကို ခရုဇ်ဒုံးကျည် ၁၂ စင်း ပစ်ခဲ့ပြီး အားလုံးကို ဆီးရီးယား လေကြောင်းရန် ကာကွယ်ရေးစနစ်က ပစ်ချနိုင်တယ်တို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    အာဆတ်အစိုးရတပ်ဟာ S-125၊ S-200၊ 2K12Kub နဲ့ Buck အပါအ၀င် ဆိုဗီယက်လုပ် မြေပြင်က ဝေဟင်ပြစ် ဒုံးကျည်တွေနဲ့ ကာကွယ်ခဲ့တာဖြစ်ပါတယ်။

    ဒီနေ့မနက်အစောပိုင်း အမေရိကန်ဦးဆောင်တဲ့ တိုက်ခိုက်မှုတွေဟာ ရုရှားရဲ့ လေကြောင်းကာကွယ်ရေးဇုန်အတွင်း မရောက်ခဲ့တဲ့အတွက် ဆီးရီးယားမှာရှိနေတဲ့ သူတို့ရဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေကို ရုရှားက အသုံးမပြုခဲ့ပါဘူး။

    ဒမတ်စကတ်အနီး သူပုန်တွေ ထိန်းချုပ်ထားတဲ့ ဒူးမားမြို့မှာ ဆီးရီးယားအစိုးရတပ်ရဲ့ ပြီးခဲ့တဲ့တစ်ပတ် တိုက်ခိုက်မှာ ဓာတုလက်နက်တွေ အသုံးပြုခဲ့တယ်ဆိုတဲ့ ကိစ္စအတွက် အမေရိကန်နဲ့ အပေါင်းအပါတွေက အခုလို တုန့်ပြန် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

    ကုလအထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်က နိုင်ငံအားလုံးဟာ ကုလရဲ့ သဘောတူညီချက်တွေ၊ နိုင်ငံတကာ ဥပဒေတွေကို အလေးထားဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

     

    Ref : RT