News @ M-Media

Blog

  • ဗာတီကန်မှ ထိပ်တန်း ကာဒီနယ်တစ်ပါး ဆော်ဒီသို့ လာရောက်လည်ပတ်

    ဧပြီ ၁၄၊ ၂၀၁၈

    M-Media

    – ပုပ်ရဟန်းမင်းကြီး ဖရန်စစ် သီတင်းသုံးရာ ဗာတီကန်က ထိပ်တန်း ကာဒီနယ် ရဟန်းမင်းတစ်ဦးနဲ့ ကိုယ်စားလှယ်တစ်ချို့ဟာ မနေ့က ဆော်ဒီအာရေဗျကို ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။

    ကာဒီနယ် ဂျီယန် လူးဝစ် ပီယာရီ တော်ရန်ဖြစ်ပြီး ဗာတီကန်ရဲ့ ဘာသာပေါင်းစုံ၊ညှိနှိုင်းဆွေးနွေးရေး ရဟန်းမင်းများကောင်စီရဲ့ အကြီးအကဲလည်း ဖြစ်ပါတယ်။

    ကာဒီနယ်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို မြို့တော်ရီယာ့ဒ်ရဲ့ ဒုတိယအုပ်ချုပ်ရေးမှူးနဲ့ ကမ္ဘာမွတ်စလင်လိဂ်ရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဆော်ဒီတော်ဝင်မင်းသား မိုဟာမက် ဘင် အဘ်ဒူရဟ်မန် ဘင် အဘ်ဒူအဇစ်က လက်ခံကြိုဆိုခဲ့ပါတယ်။

    ဆော်ဒီမင်းသား မိုဟာမက် ဘင် ဆလ်မန်နဲ့ အမေရိကန်ခရီးစဉ်အတွင်း ခရစ်ယာန်ခေါင်းဆောင်ဆောင်တွေက ဆော်ဒီမှာ ခရစ်ယာန်ဘာသာဝင်တွေအပေါ် ဘာသာရေးလွတ်လပ်ခွင့် ကန့်သတ်ထားတာကို ရုပ်သိမ်းပေးဖို့ တောင်းဆိုခဲ့ပြီး မင်းသား ဆလ်မန်ကလည်း ဆောင်ရွက်ပေးမယ်လို့ ကတိပြုခဲ့ပါတယ်။

    အခု ကာဒီနယ် လူးဝစ်ရဲ့ ဆော်ဒီခရီးစဉ်မှာ ဆော်ဒီ-ဗာတီကန် ဆက်ဆံရေးနဲ့ အစ္စလာမ်-ခရစ်ယာန် ဘာသာပေါင်းစုံ ညီညွတ်ရေး ကိစ္စတွေကို ဆွေးနွေးဖို့ ရှိနေပါတယ်။

    Ref : Arab News

  • ဆီးရီးယားရှိ နေရာအများအပြားကို အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်တို့ ပူးပေါင်းတိုက်ခိုက်

    ဆီးရီးယားရှိ နေရာအများအပြားကို အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်တို့ ပူးပေါင်းတိုက်ခိုက်

    ဧပြီ ၁၄၊ ၂၀၁၈

    M-Media

    – ဆီးရီးယားမှာ ဓာတုလက်နက်တွေနဲ့ သက်ဆိုင်တဲ့ နေရာတွေကို ယူကေ၊ ပြင်သစ်တို့နဲ့ပူးပေါင်းပြီး တိုက်ခိုက်ဖို့အတွက် အမိန့်ပေးခဲ့တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေငြာလိုက်ပါတယ်။

    ဒီကနေ့မနက်က ပြုလုပ်တဲ့ အဲဒီတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့တစ်ပတ်က ဆီးရီးယားမြို့တော် ဒမတ်စကတ်အနီး သူပုန်တွေ ထိန်းချုပ်ထားတဲ့ ဒူးမားရွာကို အစိုးရတပ်က ဓာတုလက်နက်နဲ့ တိုက်ခိုက်တယ်ဆိုတဲ့ အဖြစ်အပျက်ကို တုန့်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။

    ဒမတ်စကတ်မှာ ပေါက်ကွဲသံတွေကြားရတယ်လို့ သတင်းတွေက ဖော်ပြပြီး ပင်တဂွန်ကလည်း သူတို့ရဲ့ တိုက်ခိုက်မှုကို အသေးစိတ် စောင့်ကြည့်နေတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

    အမေရိကန် တာဝန်ရှိသူတစ်ဦးက ပစ်မှတ်အများအပြားကို ရည်ရွယ်တိုက်ခိုက်တာဖြစ်ပြီး တွမ်ဟော့ ခရုဇ်ဒုံးကျည်နဲ့ ပစ်ခတ်တာလည်း ပါဝင်တယ်လို့ပြောကြားခဲ့ပါတယ်။

    ယူကေ၀န်ကြီးချုပ် ထရီဇာမေက တိုက်ခိုက်မှုမှာ ဗြိတိန်ပါဝင်ကြောင်းအတည်ပြုခဲ့ပြီး အခြားနည်းလမ်းတစ်ခုကို ရွေးချယ်လိုပေမယ့် ဒီကိစ္စမှာ ရွေးစရာမရှိကြောင်း၊ ဒီတိုက်ခိုက်မှုဟာ ဆီးရီးယားအစိုးရ ပြောင်းလဲရေးအတွက်၊ ပြည်တွင်းစစ်မှာ ပါဝင်ဖို့အတွက် မဟုတ်ဘဲ ဆီးရီးယားအစိုးရက ဓာတုလက်နက် အသုံးပြုမှုကို ရပ်တန့်ရေး ရည်ရွယ်တာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

    ပြင်သစ်သမ္မတ အီမန်နျူယဲလ် မာခရွန်ကလည်း တိုက်ခိုက်မှုမှာ သူတို့ပါဝင်ကြောင် အတည်ပြုခဲ့ပါတယ်။

    ထရမ့်က တိုကခိုက်မှုရည်ရွယ်ချက်ဟာ ဓာတုလက်နက်ထုတ်လုပ်၊ ဖြန့်ဝေ၊ အသုံးပြုမှုကို ပြင်းပြင်းထန်ထန် တားဆီးဖို့ ဖြစ်တယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဆီးရီးယားနိုင်ငံပိုင်တင်းဌာနက ဆီးရီးယားလေကြောင်းကာကွယ်ရေးနစနစ်ဟာ ဒီတိုက်ခိုက်မှုကို တုန့်ပြန်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

    Ref – Aljazeera

  • ချန်ပီယံလိဂ် သတင်းတိုများ

    ချန်ပီယံလိဂ် သတင်းတိုများ

    ဧပြီ ၁၃၊ ၂၀၁၈
    M-Media

    – ချန်ပီယံလိဂ် ဆီးမီးဖိုင်နယ်အတွက် ဒီကနေ့မှာ မဲခွဲခဲ့ပြီး စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်က ဂျာမနီက ဘိုင်ယန်မြူးနစ်နဲ့ တွေ့ဆုံရမှာဖြစ်ပါတယ်။ ယာဂန်ကလော့ပ်ရဲ့ လီဗာပူးလ်ကတော့ ရိုးမားနဲ့ တွေ့ဆုံရမှာပါ။ လက်ရှိမှာ ရီးယဲလ်က ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးဖြစ်နေကာ လီဗာပူးလ်၊ ဘိုင်ယန်နဲ့ ရိုးမားတို့က သူ့နောက်မှာ အစဉ်အတိုင်း ရှိနေပါတယ်။ ဆီးမီးဖိုင်နယ်ပွဲတွေကို ဧပြီ ၂၄၊ ၂၅ နဲ့ မေ ၁၊ ၂ တွေမှာ ကစားမှာ ဖြစ်ပါတယ်။

    – လီဗာပူးလ်ဂိုးသွင်းစက် မိုဟာမက် ဆာလာဟ်ဟာ အသင်းဟောင်းရိုးမားကို ပြန်လည်ရင်ဆိုင်ရမှာဖြစ်ပြီး ဘယ်လိုပဲအဖြေထွက်ထွက် မိတ်ဆွေအဖြစ် ဆက်ရှိနေမယ်လို့ ရိုးမားက သူတို့ရဲ့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ ဆာလာဟ်ကလည်း ၁၀၀ ရာခိုင်နှုန်း သေချာတာပေါ့လို့ ရေးသားကာ ဒီပို့စ်ကို ပြန်လည် မျှဝေခဲ့ပါတယ်။

    – မဲခွဲမှုမှာ လီဗာပူးလ် ကံကောင်းခဲ့တယ်ဆိုတဲ့ ပြောကြားမှုတွေကို နည်းပြ ယာဂန်ကလော့ပ်က ပယ်ချလိုက်ပြီး ဘာစီလိုနာလိုအသင်းမျိုးကို ပထမအကျော့ ၄ ဂိုး ၁ ဂိုးအရှုံးကနေ ဒုတိယအကျော့မှာ ၃ ဂိုးပြတ်နဲ့ အနိုင်ကစားနိုင်တဲ့ ရိုးမားဟာ လွယ်ကူမယ့်အသင်းမျိုး မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    – ဘိုင်ယန်နည်းပြက ရီးယဲလ်နဲ့ပွဲဟာ ပွဲကောင်းတစ်ပွဲဖြစ်လာမှာဖြစ်ပြီး ဖလား ၃ လုံးရတဲ့ ၂၀၁၂-၁၃ ဘောလုံးရာသီက ဘိုင်ယန်ဟာ ချန်ပီယံလိဂ်မှာ ဂျူဗင်တပ်စ်၊ ဘာစီလိုနာတို့ကို အနိုင်ယူနိုင်ခဲ့တဲ့အတွက် ဒါဟာ နမိတ်ကောင်းဖြစ်မယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Goal, UEFA

  • ICC အကြီးအကဲကို ဖမ်းချုပ်မည်ဟု ဒူတာတေး ပြောပြန်

    ICC အကြီးအကဲကို ဖမ်းချုပ်မည်ဟု ဒူတာတေး ပြောပြန်

    ဧပြီ ၁၃၊ ၂၀၁၈
    M-Media

    – သူ့ရဲ့ မူးယစ်တိုက်ဖျက်ရေးကိစ္စကို စုံစမ်းစစ်ဆေးဖို့ နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (ICC) အကြီးအကဲ ဖိလစ်ပို င်ကိုလာရင် ဖမ်းချုပ်သွားမယ်လို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ပြောကြားလိုက်ပါတယ်။

    ဒူတာတေးရဲ့ မူးယစ်တိုက်ဖျက်ရေးအစီအစဉ်မှာ ရဲတပ်ဖွဲ့ဝင်တွေဟာ လူတွေကို တရားလက်လွတ် သတ်ဖြတ်မှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီးတဲ့နောက် လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုအတွက် ဒူတာတေးကို စုံစမ်းစစ်ဆေးနိုင်ရေး ICC အကြီးအကဲ ဖာတူ ဘန်ဆူဒါက စီစဉ်နေတာပါ။

    ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒူတာတေးက ဖိလစ်ပိုင်ဟာ ICC အဖွဲ့ဝင် မဟုတ်တာကြောင့် နောက်ထပ် ကုဋေကုဋာမက ကြာရင်လည်း ICC က သူ့အပေါ်မှာ တရားစီရင်ပိုင်ခွင့်မရှိဘူးလို့ ဆိုပါတယ်။

    “ကနဦး စုံစမ်းစစ်ဆေးမှုလုပ်ဖို့တောင်မှ ခင်ဗျားဟာ အခွင့်မရှိပါဘူး။ ဒါကြောင့် ခင်ဗျား ဒီကိုမလာပါနဲ့ မစ္စ ဖာတူရေ။ ခင်ဗျားကို ကျွန်တော် ဖမ်းချုပ်မှာ။ အခြေအမြစ်မရှိတဲ့ ဘယ်လိုလုပ်ရပ်ကိုမှ ခင်ဗျား ဒီမှာ လုပ်လို့မရပါဘူး။ ဒါဟာ တရားမ၀င်ပါဘူး။ ခင်ဗျားကို ဖမ်းချုပ်သွားမှာပါ”

    နိုင်ငံတကာအဖွဲ့တွေမှာ ဖိလစ်ပိုင်က အဖွဲ့ဝင်ထားတာဟာ မှားယွင်းမှုတစ်ခု ဖြစ်တာကြောင့် ဒီအဖွဲ့အစည်းတွေရဲ့ အကျုံးဝင်မှု ဖိလစ်ပိုင်မှာ မရှိတော့ဘူးလို့လည်း ဒူတာတေးက ဆိုပါတယ်။

    ကုလ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဇိုက် ရာအဒ် အလ်ဟူစိန်က ဒူတာတေးကို ‘စိတ်ကျန်းမာရေး စစ်ဆေးရမယ်’ လို့ တုန့်ပြန်ခဲ့ပါတယ်။

    မတ်လမှာ ဒူတာတေးက ICC ကနေ ဖိလစ်ပိုင်းဟာ ချက်ခြင်းနှုတ်ထွက်ကြောင်း ကြေငြာခဲ့ပါတယ်။

    ဖိလစ်ပိုင်ဟာ ICC ရဲ့ ရောမသဘောတူညီချက် (Rome Statue) ကို လက်မှတ်ရေးထိုးထားပြီး အဲဒီ သဘောတူညီချက်အရ နိုင်ငံတစ်နိုင်ငံဟာ အဖွဲ့ကနေ နှုတ်ထွက်ကြောင်း ကုလ အထွေထွေညီလာခံကို တရားဝင် အသိပေးပြီး တစ်နှစ်ကြာမှ နှုတ်ထွက်မှု အထမြောက်မယ်လို့ ဖော်ပြထားပါတယ်။

    အဖွဲ့ဝင်နိုင်ငံတစ်ခုနဲ့ပတ်သက်ပြီး ICC မှာ ထင်တားတဲ့ အမှုတွဲတွေကို ဒီနိုင်ငံ အဖွဲ့ဝင်အဖြစ်ကနေ မထွက်မချင်း ပလပ်လို့ မရပါဘူး။

    ဒူတာတေးရဲ့ မူးယစ်နှိမ်နှင်းရေးအစီအစဉ်ကြောင့် ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့ကနေ့ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၇ ရက်နေ့အထိ လူပေါင်း ၃၉၆၇ ဦးသေဆုံးခဲ့တယ်လို့ ဖိလစ်ပိုင်ရဲတပ်ဖွဲ့ရဲ့ အစီရင်ခံစာမှာ တွေ့ရပါတယ်။

    ဒါပေမယ့် အတိုက်အခံအမတ်တစ်ဦးက ဒူတာတေး အာဏာရလာတဲ့ ၂၀၁၆ ခုနှစ ဇွန်လ ၃၀ ရက်နေ့က အခုအချိန်အထိ မူးယစ်တိုက်ဖျက်ရေးမှာ လူပေါင်း ၂ သောင်းကျော်လောက် သေဆုံးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • အငြင်းပွား တောင်တရုတ်ပင်လယ်တွင် တရုတ်က ရေတပ်စစ်ရေးလေ့ကျင်မှုလုပ်

    အငြင်းပွား တောင်တရုတ်ပင်လယ်တွင် တရုတ်က ရေတပ်စစ်ရေးလေ့ကျင်မှုလုပ်

    ဧပြီ ၁၃၊ ၂၀၁၈
    M-Media

    စစ်ရေးလေ့ကျင့်မှုတွင် အမှာစကားပြောနေသည့် တရုတ်သမ္မတ ရှီကျင့်ဖျင်

    – ရေပိုင်နက်အငြင်းပွားမှုများ ရှိနေသည့် တောင်တရုတ်ပင်လယ်တွင် တရုတ်နိုင်ငံက နိုင်ငံ၏ အကြီးမားဆုံး ရေပ်စစ်ရေးလေ့ကျင့်မှုတစ်ခုကို ယနေ့တွင် စတင်လိုက်သည်ဟု သိရသည်။

    နိုင်ငံ၏ တစ်ခုတည်းသော လေယာဉ်တင်သင်္ဘော ပါဝင်မည့် အဆိုပါ စစ်ရေးလေ့ကျင့်မှုကို သမ္မတ ရှီကျင့်ဖျင်က တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။

    “တောင့်တင်းတဲ့ ရေတပ်တစ်ခု တည်ဆောက်ဖို့ဟာ အခုအချိန်မှာ အရင်ကထက် ပိုပြီး လိုအပ်လာပါတယ်။ ခေတ်သစ်မှာ ခိုင်မာတောင့်တင်းတဲ့ စစ်တပ်တစ်ခု တည်ဆောက်ရမယ်ဆိုတဲ့ သဘောထားမျိုး မိမိတို့က ဆက်လက်ထားရှိသွားမှာ ဖြစ်ပါတယ်” ဟု ရှီက စစ်သား၊ စစ်သမီးများကို ပြောကြားခဲ့သည်။

    ယခု စစ်ရေးလေ့ကျင်မှုတွင် စစ်သား တစ်သောင်း၊ တိုက်လေယာဉ် ၇၆ စင်း၊ ရေတပ်သင်္ဘော ၄၈ စင်း၊ နျူစွမ်းအင်သုံး ရေငုပ်သင်္ဘောတစ်စင်းတို့ ပါဝင်သည်ဟု တရုတ် ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

    တရုတ်ရေတပ်က မိမိတို့မှာ လာမည့် ဗုဒ္ဓဟူးနေ့တွင် ထိုင်ဝမ်ရေလက်ကြား၌ လက်နက်အစစ်များဖြင့် စစ်ရေးလေ့ကျင့်မှု ပြုလုပ်သွားမည်ဟု ယမန်နေ့တွင် ကြေငြာခဲ့ပြီး နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး လက်နက်အစစ်ဖြင့် စစ်ရေးလေ့ကျင့်မှုဖြစ်သည်။

    တောင်တရုတ်ပင်လယ်မှာ တရုတ်နှင့် အိမ်နီးချင်းနိုင်များအကြား ရေပိုင်နက် အငြင်းပွားရာ နေရာဖြစ်ပြီး၊ တရုတ်မှာ ထိုင်ဝမ်နှင့်လည်း ယခုနှစ်ပိုင်းအတွင်း ဆက်ဆံရေး တင်းမာလာခဲ့သည်။

    Ref: Aljazeera